သင်ခန်းစာ ၅၉
ယေဟောဝါစကားကို နားထောင်တဲ့ လူငယ်လေးယောက်
နေဗုခဒ်နေဇာဟာ ဗာဗုလုန်နိုင်ငံကို ယုဒပြည်ကနေ မင်းညီမင်းသားလေးတွေ ခေါ်ဆောင်သွားတဲ့အခါ သူတို့အထဲက အကျန်းမာဆုံး၊ အထက်မြက်ဆုံးတွေကို ရှာရွေးထားဖို့ နန်းတွင်းအရာရှိချုပ် အာရှပေနတ်ကို ပြောတယ်။ အဲဒီလူငယ်လေးတွေကို ဗာဗုလုန်နိုင်ငံမှာ အရေးပါတဲ့ မင်းအရာရှိတွေ ဖြစ်လာဖို့ သုံးနှစ် လေ့ကျင့်ပေးမှာ ဖြစ်တယ်။ ဒီလူငယ်တွေဟာ ဗာဗုလုန် ဘာသာစကားကို ဖတ်တတ်၊ ရေးတတ်၊ ပြောတတ်ကြရမယ်။ ဘုရင့်ပွဲတော်စာကို စားကြရမယ်။ ဒီလူငယ်တွေထဲက လေးယောက်နာမည်က ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့ဖြစ်တယ်။ အာရှပေနတ်က သူတို့ကို ဗေလတရှာဇာ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုတဲ့ ဗာဗုလုန်နာမည်တွေ ပေးတယ်။ ဒီပညာရေးကြောင့် သူတို့ဟာ ယေဟောဝါကို မကိုးကွယ်သူတွေ ဖြစ်သွားမလား။
ဒီလူငယ်တွေက ယေဟောဝါစကား နားထောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဘုရင့်ပွဲတော်စာတွေထဲမှာ ယေဟောဝါပညတ်အရ မသန့်ရှင်းတာတွေပါလို့ မစားသင့်မှန်း သူတို့ သိတယ်။ ဒါကြောင့် အာရှပေနတ်ကို ‘ဘုရင့်ပွဲတော်စာကို ကျွန်တော်တို့ မစားပါရစေနဲ့’ လို့ ပြောတဲ့အခါ အာရှပေနတ်က ‘မင်းတို့မစားလို့ မကျန်းမာ မသန်စွမ်းဖြစ်နေတာကို မင်းကြီးတွေ့ရင် ငါ့ကို သတ်မှာ’ လို့ ပြန်ပြောတယ်။
ဒီအခါ ဒံယေလက အကြံတစ်ခုရတယ်။ အထိန်းတော်ကို ဒီလိုပြောတယ်– ‘ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသီးအရွက်နဲ့ ရေပဲ ဆယ်ရက်ကျွေးပြီး ဘုရင့်ပွဲတော်စာကိုစားတဲ့ တခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။’ အထိန်းတော်လည်း သဘောတူလိုက်တယ်။
ဆယ်ရက် စမ်းသပ်ပြီးတဲ့အခါ ဒံယေလနဲ့ သူ့သူငယ်ချင်း သုံးယောက်ဟာ တခြားလူငယ်တွေထက် ပိုကျန်းမာနေတယ်။ စကားနားထောင်တဲ့ ဒီလူငယ်တွေကို ယေဟောဝါ သဘောကျတာပေါ့။ ဒံယေလကို စိတ်အာရုံနဲ့ အိပ်မက်အမျိုးမျိုး နားလည်နိုင်စွမ်းကိုတောင် ပေးသေးတယ်။
သင်တန်းကာလ ပြီးသွားတဲ့အခါ အာရှပေနတ်က လူငယ်တွေကို နေဗုခဒ်နေဇာဆီ ခေါ်လာတယ်။ မင်းကြီးက အားလုံးနဲ့ စကားပြောကြည့်တဲ့အခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ဟာ ပိုဉာဏ်ကောင်းနေမှန်း သတိထားမိတယ်။ ဒါနဲ့ နန်းတော်မှာ သူတို့ကို အမှုထမ်းစေတယ်။ အရေးကြီးတဲ့ကိစ္စတွေပေါ်လာရင် ဘုရင်က သူတို့နဲ့ တိုင်ပင်ဆွေးနွေးတယ်။ ယေဟောဝါက သူတို့ကို ဘုရင်ရဲ့ မှော်ဆရာ၊ မျက်လှည့်ဆရာတွေ အားလုံးထက် ဉာဏ်ပညာ ပိုရှိစေတယ်။
ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ဟာ တခြားနိုင်ငံကို ရောက်နေပေမဲ့ ယေဟောဝါကိုပဲ ကိုးကွယ်ရမယ်ဆိုတာ သူတို့ သိတယ်။ ကလေးတို့ကော၊ မိဘတွေ အနားမှာမရှိရင်တောင် ယေဟောဝါကို အမြဲကိုးကွယ်မလား။
“ငယ်ရွယ်သူဖြစ်နေလို့ဆိုပြီး မင်းကို ဘယ်သူမှ အထင်မသေးပါစေနဲ့။ အဲဒီအစား အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတွေမှာ သစ္စာရှိသူတွေအတွက် စံနမူနာကောင်း ဖြစ်ရမယ်။”—၁ တိမောသေ ၄:၁၂