မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၆၁

သူတို့ ဦးမချကြ

သူတို့ ဦးမချကြ

ရုပ်တု​အကြောင်း နေဗုခဒ်နေဇာ​မင်းကြီး အိပ်မက်​မက်​ပြီးနောက်​ပိုင်းမှာ ရွှေရုပ်တု​ကြီးတစ်ခု သူ​လုပ်တယ်။ အဲဒီ​ရုပ်တု​ကို ဒုရ​လွင်ပြင်​မှာ သူ​တည်ထား​တ​ယ်။ ပြီးတော့ ရှာဒရက်၊ မေရှက်​နဲ့ အဗေဒနေဂေါ​တို့ အပါအဝင် တစ်နိုင်ငံလုံး​က အရေးပါတဲ့ မင်းအရာရှိ​တွေကို အဲဒီ​ရုပ်တု​ရှေ့ လာစုဝေးခိုင်းတယ်။ ပြီးတော့ ‘တံပိုး၊ ဗျပ်စောင်း၊ အိတ်ပလွေ​တွေ တီးမှုတ်​သံ​ကို မင်း​တို့​ကြားတဲ့အခါ ရုပ်တု​ကို ဦးချ​ရမယ်။ ဦး​မချ​တဲ့​သူ​မှန်သမျှ တောက်လောင်​နေတဲ့ မီးဖို​ကြီး​ထဲ ပစ်ချခံရမယ်’ လို့ ဘုရင်​မိန့်ဆို​တ​ယ်။ ဟီဘရူး​သုံးဦး​ဟာ ရုပ်တု​ကို ဦးချ​မလား။ ယေဟောဝါကို​ပဲ ဝတ်ပြုကိုးကွယ်​မလား။

ဒီ​နောက် တူရိယာ​တွေကို တီးမှုတ်​ဖို့ ဘုရင် အမိန့်ပေး​လိုက်တယ်။ ရှာဒရက်၊ မေရှက်​နဲ့ အဗေဒနေဂေါ​ကလွဲလို့ လူအားလုံး ရုပ်တု​ကို ဦးချ​ကြ​တ​ယ်။ သူတို့ကို လူတချို့ သတိထား​မိ​လို့ ဘုရင်​ကို ဒီလိုပြောတယ်– ‘မင်းကြီး​ရဲ့​ရုပ်တု​ကို ဟို​ဟီဘရူး​သုံးယောက် ဦး​မချ​ဘူး။’ ဒါနဲ့ သူတို့ကို လူ​လွှတ်​ခေါ်​ခိုင်း​ပြီး ဒီလိုပြောတယ်– ‘ရုပ်တု​ကို ဦးချ​ဖို့ မင်း​တို့​ကို အခွင့်အရေး ထပ်​ပေးမယ်။ ဦးမချရ​င် မီးဖို​ထဲ ပစ်ချ​မယ်။ ငါ့​လက်ထဲ​က​နေ မင်း​တို့​ကို ဘယ်​ဘုရား​မှ ကယ်​နိုင်မှာ မဟုတ်ဘူး။’ သူတို့က ‘နောက်ထပ် အခွင့်အရေး ပေး​စရာ​မလို​ပါဘူး။ ကျွန်တော်တို့ရဲ့ ဘုရားက ကျွန်တော်တို့ကို ကယ်တင်​နိုင်ပါတယ်။ အို​အရှင်မင်းကြီး၊ ကျွန်တော်တို့ကို ဘုရားမ​ကယ်​ရင်တောင် ရုပ်တု​ကို ဦး​မချ​နိုင်​ပါဘူး’ လို့ ပြန်ဖြေ​တ​ယ်။

နေဗုခဒ်နေဇာ အကြီးအကျယ် ဒေါသထွက်​သွားတယ်။ ဒါနဲ့ သူ့လူတွေကို ဒီလိုပြောတယ်– ‘မီးဖို​ကို ခါတိုင်းထက် ခုနစ်ဆ​ပူ​အောင် မီးထိုး​လိုက်။’ ပြီးတော့ စစ်သားတွေ​ကို ဒီလို အမိန့်​ပေးတယ်– ‘အဲဒီလူတွေကို ကြိုး​နဲ့​တုပ်​ပြီး မီးဖို​ထဲ ပစ်ချ​လိုက်။’ မီးဖို​က ပူ​လွန်း​လို့ စစ်သားတွေ မီးဖို​နား​ရောက်တဲ့​အခါ မီး​ဟပ်​ပြီး ချက်ချင်း​သေ​ကုန်​တ​ယ်။ ဟီဘရူး​သုံးယောက် မီးဖို​ထဲ ကျ​သွားတယ်။ မီးဖို​ထဲ​ကို နေဗုခဒ်နေဇာ ကြည့်​လိုက်တဲ့​အခါ လူလေးယောက် လမ်းလျှောက်​နေတာ တွေ့​လိုက်တယ်။ သူ အတော်လေး ထိတ်လန့်​သွားပြီး အရာရှိ​တွေကို ဒီလိုပြောတယ်– ‘မီးဖို​ထဲ​ကို ပစ်ချ​တာ လူ​သုံးယောက် မဟုတ်လား။ ဘ​ယ့်​နှ​ယ့် လူလေးယောက် တွေ့​နေရတာ​လဲ။ သူတို့​ထဲက တစ်ယောက်​ဟာ ကောင်းကင်တမန်​နဲ့ တူ​တ​ယ်။’

နေဗုခဒ်နေဇာ​က မီးဖို​နား​သွားပြီး ဒီလို အော်ခေါ်​လိုက်တယ်– ‘အမြင့်ဆုံး​ဘုရားရဲ့ ကျေးကျွန်တို့၊ မီးဖို​ထဲက ထွက်လာ​ကြပါ။’ လူအားလုံး အံ့သြတကြီး​နဲ့ ကြည့်​နေတုန်း ရှာဒရက်၊ မေရှက်​နဲ့ အဗေဒနေဂေါ​တို့ဟာ ထိခိုက်ဒဏ်ရာ ဘာမှ​မရှိဘဲ မီး​ထဲကနေ ထွက်​လာတယ်။ သူတို့ရဲ့ အသား၊ ဆံပင်၊ အဝတ်အစား​တွေ​က မီး​မ​လောင်​တဲ့အပြင် မီး​နံ့​တောင် မရဘူး။

ဒီ​နောက် နေဗုခဒ်နေဇာ ဒီလိုပြောတယ်– ‘ရှာဒရက်၊ မေရှက်​နဲ့ အဗေဒနေဂေါ​တို့ရဲ့ ဘုရား​ဟာ သိပ်​ကြီးမြတ်​တ​ယ်။ ကောင်းကင်တမန်​ကို စေလွှတ်​ပြီး သူတို့ကို ကယ်တင်​တ​ယ်။ သူတို့​ဘုရားနဲ့ တူ​တဲ့​ဘုရား လုံးဝ​မရှိဘူး။’

ဟီဘရူး​သုံးယောက်​လို ယေဟောဝါကို သစ္စာရှိ​မယ်လို့ ဆုံးဖြတ်ထား​သလား။

“ယေဟောဝါ​ဘုရားကို ကိုးကွယ်​ရမယ်။ ကိုယ်တော်​တစ်ပါးတည်း​ကိုပဲ ဝတ်ပြု​ရမယ်။” —မဿဲ ၄:၁၀