သင်ခန်းစာ ၆၂
သစ်ပင်ကြီးနဲ့တူတဲ့ နိုင်ငံ
တစ်ညမှာ နေဗုခဒ်နေဇာဟာ သိပ်ကြောက်စရာကောင်းတဲ့ အိပ်မက်တစ်ခု မက်တယ်။ အိပ်မက်အဓိပ္ပာယ်ကို သိချင်လို့ ပညာရှိတွေကို ခေါ်လိုက်ပေမဲ့ တစ်ယောက်မှ မရှင်းပြနိုင်ဘူး။ နောက်ဆုံးတော့ မင်းကြီးက ဒံယေလကို ခေါ်လိုက်တယ်။
ဒံယေလကို နေဗုခဒ်နေဇာက ‘ငါ့အိပ်မက်ထဲမှာ သစ်ပင်ကြီးတစ်ပင် မြင်တယ်။ အပင် ကြီးကြီးလာတာ မိုးတောင်ထိတယ်။ ဘယ်နေရာကပဲ ကြည့်ကြည့် အဲဒီအပင်ကို မြင်ရတယ်။ အရွက်တွေဝေဆာပြီး အသီးတွေသီးနေတယ်။ သစ်ပင်ကြီးအရိပ်အောက်မှာ တိရစ္ဆာန်တွေ ခိုနေကြတယ်။ ငှက်တွေက အကိုင်းအခက်တွေမှာ အသိုက်ဆောက်နေကြတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တစ်ပါး ကောင်းကင်ကနေ ဆင်းလာပြီး ဒီလိုကြွေးကြော်တယ်– “သစ်ပင်ကို ခုတ်လှဲပြီး ဖျက်ဆီးပစ်လိုက်။ မြေမှာအမြစ်စွဲနေတဲ့ သစ်ငုတ်ကိုတော့ သံကြိုး၊ ကြေးနီကြိုးနဲ့ ပတ်ချည်ပြီး ချန်ထားခဲ့ပါ။ လူစိတ်ပျောက်ပြီး တိရစ္ဆာန်စိတ် ဝင်ပါစေ။ ဒီလိုနဲ့ ခုနစ်ကာလ ကုန်လွန်သွားပါစေ။ ဘုရားသခင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်ပြီး နိုင်ငံကို သူပေးချင်တဲ့သူကို ပေးနိုင်မှန်း လူသားတွေ သိစေဖို့ ဖြစ်တယ်။”’
ယေဟောဝါက ဒံယေလကို အိပ်မက်အဓိပ္ပာယ် ဖော်ပြတယ်။ အိပ်မက်ကို ဒံယေလ သဘောပေါက်တဲ့အခါ သူထိတ်လန့်သွားတယ်။ ဒါနဲ့ သူက ‘အိုအရှင်မင်းကြီး၊ ဒီအိပ်မက်ဟာ မင်းကြီးရဲ့ ရန်သူတွေနဲ့ပဲ သက်ဆိုင်ရင် ကောင်းမှာ။ ဒါပေမဲ့ မင်းကြီးအကြောင်း ဖြစ်နေတယ်။ အဲဒီခုတ်လှဲခံရတဲ့ သစ်ပင်ဟာ အရှင်မင်းကြီးပါပဲ။ နိုင်ငံကို မင်းကြီး ဆုံးရှုံးရမယ်။ သားရဲလို မြက်ကို စားရလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်တမန်က မြေမှာအမြစ်စွဲနေတဲ့ သစ်ငုတ်ကိုတော့ ချန်ထားခဲ့ပါလို့ ပြောတဲ့အတွက် မင်းကြီးက ဘုရင်ပြန်ဖြစ်မှာပါ’ လို့ ရှင်းပြတယ်။
တစ်နှစ်ကြာတော့ နေဗုခဒ်နေဇာဟာ နန်းတော် အမိုးပြား ပေါ်မှာ လမ်းလျှောက်ရင်း ‘ဒီမြို့ဟာ ငါတည်ဆောက်တဲ့ မြို့ကြီးပဲ။ ငါ့ဘုန်းတန်ခိုး ထင်ရှားနေပါလား’ လို့ပြောတယ်။ ဒီလိုပြောနေတုန်းမှာပဲ ကောင်းကင်က အသံပေါ်လာပြီး ‘နေဗုခဒ်နေဇာ၊ အခု နိုင်ငံကို မင်းဆီကနေ ရုပ်သိမ်းလိုက်ပြီ’ တဲ့။
အဲဒီအချိန်မှာပဲ နေဗုခဒ်နေဇာဟာ လူစိတ်ပျောက်ပြီး သားရဲစိတ် ဝင်လာတယ်။ ဒါနဲ့ နန်းတော်ကနေ ထွက်ရပြီး လယ်တောက သားရဲတွေနဲ့ အတူနေရတယ်။ နေဗုခဒ်နေဇာရဲ့ ဆံပင်ဟာ လင်းယုန်ငှက်ရဲ့ အတောင်တွေလို ရှည်လာတယ်။ လက်သည်းခြေသည်းတွေလည်း ငှက်ခြေသည်းတွေလို ရှည်လာတယ်။
ဒီလိုနဲ့ ခုနစ်နှစ် ကုန်လွန်သွားတော့ နေဗုခဒ်နေဇာဟာ စိတ်ပုံမှန် ပြန်ဖြစ်လာတယ်။ ယေဟောဝါက သူ့ကို ဗာဗုလုန်ဘုရင် ပြန်ဖြစ်စေတယ်။ ဒီတော့မှ နေဗုခဒ်နေဇာက ‘ကောင်းကင်အုပ်စိုးရှင် ဘုရင်မင်းမြတ် ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ပါတယ်။ ဒီဘုရားဟာ မာနကြီးသူတွေကို နှိမ့်ချနိုင်တယ်။ အလိုတော်နဲ့တွေ့သူကို နိုင်ငံအပ်နှင်းနိုင်တယ်’ လို့ဝန်ခံတယ်။
“မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်။”—ပညာအလိမ္မာ ၁၆:၁၈