သင်ခန်းစာ ၆၃
နံရံပေါ်က စာ
နောက်ပိုင်းမှာ ဗေလရှာဇာဟာ ဗာဗုလုန်ဘုရင် ဖြစ်လာတယ်။ တစ်ညကျတော့ မင်းအရာရှိ တစ်ထောင်ကို ဖိတ်ခေါ်ပြီး စားသောက်ပွဲကြီး ကျင်းပတယ်။ ယေဟောဝါရဲ့ ဗိမာန်တော်ထဲက နေဗုခဒ်နေဇာ သိမ်းပိုက်ခဲ့တဲ့ ရွှေခွက်ဖလားတွေ ထုတ်လာဖို့ ကျေးကျွန်တွေကို အမိန့်ပေးတယ်။ ဗေလရှာဇာနဲ့ သူ့ဧည့်သည်တွေဟာ အဲဒီခွက်တွေနဲ့ သောက်စားပြီး သူတို့ ဘုရားတွေကို ချီးမွမ်းနေတုန်း လူ့လက်တစ်ဖက် ရုတ်တရက်ပေါ်လာပြီး စားသောက်ခန်းထဲက နံရံပေါ်မှာ နားမလည်တဲ့ စကားလုံးတွေ ရေးနေတော့တယ်။
ဗေလရှာဇာဟာ အတော်လေး ထိတ်လန့်သွားပြီး နက္ခတ်ဗေဒင်ဆရာတွေကို ဆင့်ခေါ်စေတယ်။ ပြီးတော့ ‘ဒီစာကိုဖတ်ပြီး အဓိပ္ပာယ် ပြောပြနိုင်သူကို ဗာဗုလုန်မှာ တတိယအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်စေမယ်’ လို့ ကတိပေးတယ်။ သူတို့ ကြိုးစားကြပေမဲ့ ဘယ်သူမှ အဓိပ္ပာယ် မပြောပြနိုင်ဘူး။ ဒီအခါ မိဖုရား ဝင်လာပြီး ‘နေဗုခဒ်နေဇာလက်ထက်မှာ နက်နဲတာကို ဖြေရှင်းပေးခဲ့တဲ့ ဒံယေလဆိုတဲ့လူရှိတယ်။ ဒီစာတွေရဲ့ အဓိပ္ပာယ်ကို သူပြောပြနိုင်ပါလိမ့်မယ်’ လို့ အကြံပေးတယ်။
ဒါနဲ့ ဒံယေလက ဘုရင့်ရှေ့ ရောက်လာတယ်။ ဗေလရှာဇာက ‘အခု၊ ဒီစာကိုဖတ်ပြီး အဓိပ္ပာယ် ရှင်းပြနိုင်မယ်ဆိုရင် မင်းကို ရွှေလည်ဆွဲ ဆွဲပေးမယ်။ ဗာဗုလုန်မှာ တတိယအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်စေမယ်’ လို့ ပြောတယ်။ ဒံယေလက ‘မင်းကြီးရဲ့ ဆုလက်ဆောင်တွေကို မလိုချင်ပါဘူး။ ဒီစကားရဲ့ အဓိပ္ပာယ်ကို ပြောပြပါ့မယ်။ မင်းကြီးရဲ့ခမည်းတော် နေဗုခဒ်နေဇာဟာ မာနကြီးတယ်။ ဒါကြောင့် ယေဟောဝါက သူ့ကို နှိမ့်ချခဲ့တယ်။ သူ့အဖြစ်အပျက်အားလုံးကို မင်းကြီး သိလျက်နဲ့ ယေဟောဝါကို မလေးစားဘဲ ကိုယ်တော့်ဗိမာန်တော်ထဲက ရွှေခွက်ဖလားတွေနဲ့ စပျစ်ဝိုင် သောက်ကြတယ်။ ဒါကြောင့် ဒီစကားတွေကို ဘုရားရေးတာ– မေနေ၊ မေနေ၊ တေကလ၊ ဖေရက် တဲ့။ အဓိပ္ပာယ်ကတော့ မီးဒီးယားနဲ့ ပါးရှားလူတွေဟာ ဗာဗုလုန်ကို အနိုင်ယူ သိမ်းပိုက်မယ်။ မင်းကြီးရဲ့နန်းသက်ကိုလည်း အဆုံးသတ်လိုက်ပြီ။’
ဗာဗုလုန်ကို ဘယ်သူမှ အနိုင်ယူနိုင်မယ့်ပုံ မပေါ်ဘူး။ ဒီမြို့ကို နံရံအထူကြီးတွေ၊ တကယ်နက်တဲ့ ကျုံးကြီးနဲ့ ကာကွယ်ထားတာ။
ဒါပေမဲ့ အဲဒီညမှာ မီးဒီးယားနဲ့ ပါးရှားလူတွေ မြို့ထဲဝင်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ ပါးရှားဘုရင် ဆိုင်းရပ်က မြစ်ရေကို လမ်းလွှဲလိုက်တယ်။ ဒီလိုနည်းနဲ့ သူ့စစ်သားတွေက မြို့ဂိတ်တံခါးတွေအထိ ချီတက်လာနိုင်တယ်။ ရောက်လာတဲ့အခါ တံခါးတွေ ပွင့်နေတာကို တွေ့ပါလေရော။ ဒါနဲ့ စစ်သားတွေက မြို့ထဲ ချက်ချင်းဝင်တိုက်တဲ့အခါ စစ်နိုင်တာပေါ့။ ဘုရင်ကိုလည်း သတ်ပစ်လိုက်တယ်။ အဲဒီနောက် ဆိုင်းရပ်ဟာ ဗာဗုလုန်ဘုရင် ဖြစ်လာတယ်။တစ်နှစ်အတွင်းမှာပဲ၊ ဆိုင်းရပ်က ‘ဂျေရုဆလင်မြို့မှာ အိမ်တော်တည်ဆောက်ပါလို့ ယေဟောဝါဘုရားက ငါ့ကို တာဝန်ပေးလိုက်ပြီ။ ပြန်သွားချင်တဲ့သူ ဘယ်သူမဆို သွားခွင့်ရှိတယ်’ လို့ ပြောတယ်။ ဒီလိုနဲ့ ယေဟောဝါ ကတိပေးခဲ့တဲ့အတိုင်းပဲ ဂျေရုဆလင်မြို့ ပျက်စီးပြီး အနှစ် ၇၀ ကြာတဲ့အခါ ဂျူးတော်တော်များများ ပြန်သွားနိုင်ကြတယ်။ သူတို့နဲ့အတူ ဗိမာန်တော်ထဲက နေဗုခဒ်နေဇာ သိမ်းပိုက်ခဲ့တဲ့ ရွှေ၊ ငွေ ခွက်ဖလားတွေကိုလည်း ပြန်ထည့်ပေးလိုက်တယ်။ ယေဟောဝါဟာ ဆိုင်းရပ်ကို အသုံးပြုပြီး သူ့လူမျိုးကို ကူညီပေးခဲ့တယ်။
‘မဟာဗာဗုလုန် ပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးတွေ နေထိုင်ရာ ဖြစ်သွားပြီ။’—ဗျာဒိတ် ၁၈:၂