မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၆၄

ခြင်္သေ့တွင်းထဲက ဒံယေလ

ခြင်္သေ့တွင်းထဲက ဒံယေလ

ဗာဗုလုန်ဘုရင် နောက်​တစ်ယောက်က မီးဒီးယား​လူမျိုး ဒါရိ​ပဲ။ ဒံယေလ​ဟာ ထူးခြားတဲ့​သူ​ဖြစ်မှန်း ဒါရိ​သိ​လို့ သူ့ကို တိုင်းပြည်​က မင်းအရာရှိ​တွေကို အုပ်ချုပ်​စေတယ်။ ဒီ​မင်းအရာရှိ​တွေ​က ဒံယေလ​ကို မနာလို​ဖြစ်ပြီး သတ်ပစ်​ချင်​ကြ​တ​ယ်။ ဒံယေလ​ဟာ ယေဟောဝါကို တစ်နေ့​သုံးကြိမ် မှန်မှန်​ဆုတောင်း​မှန်း သူတို့​သိ​လို့ ‘ဒါရိ​မင်းကြီး၊ မင်းကြီး​ကလွဲလို့ တခြားသူ​ကို ဆုတောင်း​သူ​တိုင်း ခြင်္သေ့တွင်း​ထဲ ပစ်ချ​စေ​ဆိုတဲ့ အမိန့်စာ ထုတ်ပြန်​လိုက်ပါ’ လို့ အကြံ​ပေးတာကို ဒါရိ​မင်း သဘောကျ​တဲ့​အတွက် အမိန့်စာ​ကို လက်မှတ်ရေးထိုး​လိုက်တယ်။

​အမိန့်စာ​အသစ် ထွက်​တဲ့​အကြောင်း ဒံယေလ​ကြား​ပေ​မဲ့ သူ့အိမ်ကို ပြန်သွား​တ​ယ်။ ပွင့်​နေတဲ့ ပြတင်းပေါက်​ရှေ့မှာ ဒူးထောက်ပြီး ယေဟောဝါကို ဆုတောင်း​တ​ယ်။ မနာလို​တဲ့ မင်းအရာရှိ​တွေ​က သူ့​အိမ်ထဲ ဗြုန်းခနဲ​ဝင်​လာ​တော့ သူ ဆုတောင်း​နေတာကို တွေ့​ကြ​တ​ယ်။ ဒါနဲ့ ဒါရိ​ဆီ ပြေး​သွားပြီး ‘ဒံယေလ​ဆိုတဲ့​လူ​ဟာ မင်းကြီး​အမိန့်​ကို မနာခံ​ဘဲ သူ့​ဘုရားကို တစ်နေ့​သုံးကြိမ် နေ့တိုင်း ဆုတောင်း​နေပါတယ်’ လို့​တိုင်​တ​ယ်။ ဒါရိ​က ဒံယေလ​ကို သဘောကျ​တဲ့​အတွက် သူ့ကို မသေ​စေချင်ဘူး။ သူ့ကို ဘယ်လို​ကယ်​နိုင်မလဲ​လို့ တစ်​နေ​ကုန် စဉ်းစား​နေတယ်။ ဒါပေမဲ့ သူ​လက်မှတ်ထိုး​ထားတဲ့ အမိန့်စာ​ကို သူကိုယ်တိုင်​တောင် ပြန်ပြင်​လို့​မရဘူး။ ဒါနဲ့ ခြင်္သေ့တွင်း​ထဲ ဒံယေလ​ကို ပစ်ချ​ဖို့ အမိန့်ပေး​လိုက်ရတယ်။

အဲဒီ​ညမှာ ဒံယေလ​အတွက် ဒါရိ စိတ်ပူ​လွန်း​လို့ အိပ်မရဘူး။ မနက်မိုးလင်း​တော့ ခြင်္သေ့တွင်း​ဆီ အမြန်​ဆုံး​ပြေး​သွားပြီး တွင်းဝကနေ ဒံယေလ​ကို ‘မင်း​ရဲ့​ဘုရားက မင်း​ကို​ကယ်​ရဲ့​လား’ လို့​မေးလိုက်​တ​ယ်။

အဲဒီအခါ ဒါရိ အသံတစ်သံ ပြန်ကြား​လိုက်တယ်။ ဒံယေလရဲ့ အသံ​ပေါ့။ သူက ဒါရိ​ကို ‘ယေဟောဝါရဲ့ ကောင်းကင်တမန်​က ခြင်္သေ့​တွေရဲ့ ပါးစပ်​ကို ပိတ်​ထားတဲ့အတွက် ကျွန်တော့်ကို အန္တရာယ်​မပြု​ပါဘူး’ လို့ဖြေတယ်။ ဒါရိ ပျော်​လိုက်မယ် ဖြစ်​ခြင်း။ ဒါနဲ့ တွင်း​ထဲကနေ ဒံယေလ​ကို ဆွဲတင်​ဖို့ အမိန့်ပေး​လိုက်တယ်။ ဒံယေလ​မှာ ထိခိုက်ဒဏ်ရာ တစ်ခု​မှ မရှိဘူး။ အဲဒီနောက် မင်းကြီး​က ‘ဒံယေလ​ကို စွပ်စွဲသူ​တွေကို ခြင်္သေ့တွင်း​ထဲ ပစ်ချ​လိုက်’ လို့ အမိန့်​ပေးတယ်။ အဲဒီ​လူတွေကို တွင်း​ထဲ​ပစ်ချ​လိုက်တာ​နဲ့ ခြင်္သေ့​အစာ ဖြစ်သွား​ကြ​တ​ယ်။

အဲဒီနောက် ဒါရိ​က ‘လူအားလုံး ဒံယေလ​ကိုးကွယ်​တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ​ကြ​စေ။ အဲဒီ​ဘုရားက ဒံယေလ​ကို ခြင်္သေ့​တွေရဲ့ ရန်​က​နေ ကယ်တင်​လိုက်​ပြီ’ ဆိုတဲ့​အမိန့်​ကို ထုတ်ပြန်​လိုက်တယ်။

သင်ကော၊ ဒံယေလ​လို ယေဟောဝါကို နေ့တိုင်း ဆုတောင်းသလား။

“ယေဟောဝါက ဘုရားတရား​ကိုင်းရှိုင်းသူ​တွေကို ဒုက္ခ​တွေ​ကြား​က​နေ ဘယ်လို​ကယ်ရမလဲဆိုတာ သိတယ်။”—၂ ပေတရု ၂:၉