မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၆၅

ဧသတာ သူ့လူမျိုးကို ကယ်တင်

ဧသတာ သူ့လူမျိုးကို ကယ်တင်

ဧသတာ​ဟာ ပါးရှား​ပြည်၊ ရှုရှန်​မြို့မှာ နေထိုင်တဲ့ ဂျူး​မိန်းကလေး ဖြစ်တယ်။ နေဗုခဒ်နေဇာဟာ သူ့​မိသားစု​ကို ဂျေရုဆလင်မြို့​က​နေ ဖမ်း​လာ​ခဲ့လို့ ဒီ​ကို ရောက်နေ​တာ။ သူဟာ အစ်ကို​ဝမ်းကွဲ​ဖြစ်တဲ့ မော်ဒကဲ လက်ထဲ​မှာ ကြီးလာ​တ​ယ်။ မော်ဒကဲ​က ပါးရှား​ဘုရင် အာရွှေရု​ရဲ့ အမှုထမ်း​ဖြစ်တယ်။

ဘုရင်​အာရွှေရု​ဟာ မိဖုရား​အသစ် တင်မြှောက်​ချင်​တ​ယ်။ ဒါနဲ့ အမှုထမ်းတွေ​ဟာ ဧသတာ​အပါအဝင် တိုင်းပြည်​က အလှ​ဆုံး​မိန်းကလေး​တွေကို ခေါ်လာ​ပြ​တ​ယ်။ ဘုရင်​ဟာ ဧသတာ​ကို မိဖုရား တင်မြှောက်​လိုက်တယ်။ ဂျူးလူမျိုး​ဆိုတာ မပြော​ဖို့ ဧသတာ​ကို မော်ဒကဲ မှာ​ထားတယ်။

မာနကြီး​တဲ့ ဟာမန်​ဟာ မှူးမတ်​တွေရဲ့ ခေါင်းဆောင်​ဖြစ်တယ်။ လူတိုင်း သူ့ကို ဦးချတာ လိုချင်​တ​ယ်။ မော်ဒကဲ​က ဦး​မချ​တော့ စိတ်ဆိုး​ပြီး သူ့ကို သတ်ချင်​တ​ယ်။ မော်ဒကဲ​ဟာ ဂျူးလူမျိုး​ဖြစ်မှန်း ဟာမန်​သိသွား​တော့ တိုင်းပြည်​မှာရှိတဲ့ ဂျူး​အားလုံးကို သတ်ဖို့ ကြံစည်တယ်။ ‘ဂျူး​တွေဟာ အန္တရာယ်​ရှိသူ​တွေ။ သူတို့ကို ရှင်းပစ်​ရမယ်’ လို့ပြော​တော့ ဘုရင်အာရွှေရု​က ‘မင်း​ကြိုက်​သလို​လုပ်’ လို့​ပြောပြီး အာဏာ​ပေး​လိုက်တယ်။ ဒါနဲ့ ဟာမန်​က အာဒါလ ၁၃ ရက်​နေ့​မှာ ဂျူး​အားလုံးကို သတ်​ရမယ်​ဆိုတဲ့ အမိန့်ထုတ်​လိုက်တယ်။ ဒါကို ယေဟောဝါ စောင့်ကြည့်​နေတယ်။

ဧသတာ​ဟာ အဲဒီ​အမိန့်စာ​အကြောင်း မသိ​ဘူး။ ဒါနဲ့ မော်ဒကဲ​က အမိန့်စာ​ကို ဧသတာ​ဆီ​ပို့​လိုက်​ပြီး ‘ဘုရင်​ဆီ သွား​ပါ’ လို့ မှာ​တ​ယ်။ ဧသတာ​က ‘ဘုရင် မ​ခေါ်​ဘဲ ဝင်​တွေ့​သူ​မှန်သမျှ အသတ်ခံရ​မှာ။ ကျွန်မကို ဘုရင် မခေါ်​တာ ရက် ၃၀ ရှိပြီ။ ဒါပေမဲ့ ကျွန်မ သွား​တွေ့​မယ်။ သူ့​ရာဇလှံတံ​ကို ကမ်းပေး​ရင် ကျွန်မ အသက်ရှင်​မယ်။ မဟုတ်​ရင်​တော့ သေ​ရမှာ​ပဲ’ လို့ အကြောင်းပြ​န်​တ​ယ်။

ဧသတာ​ဟာ ဘုရင့်နန်းတော်​ဆီ သွား​တော့ ဘုရင်က ရာဇလှံတံ​ကို ကမ်းပေး​လိုက်တယ်။ ဘုရင်​က ‘ဘာလိုချင်​လို့လဲ၊ ဧသတာ’ လို့ မေးတဲ့​အခါ ‘ကိုယ်တော်နဲ့ ဟာမန်​ကို စားသောက်ပွဲ ဖိတ်ချင်​လို့​ပါ’ လို့ပြောတယ်။ စားသောက်ပွဲ​မှာ ဧသတာ​က နောက်​တစ်ခေါက် ထပ်​ဖိတ်​တ​ယ်။ ဒုတိယ​အကြိမ်​မှာ ဘုရင်​က ‘ဘာ​လိုချင်​သလဲ’ လို့ထပ်​မေးတဲ့​အခါ ‘ကျွန်မ​နဲ့ ကျွန်မလူမျိုး အသတ်ခံရ​ပါ​တော့မယ်။ ကျေးဇူးပြုပြီး ကယ်​ပါ’ လို့ အသနားခံ​တ​ယ်။ ဘုရင်က ‘မင်း​ကို ဘယ်သူ​သတ်ချင်​တာလဲ’ လို့​မေး​တော့ ‘ဒီလူဆိုး ဟာမန်​ပါပဲ’ လို့ ပြန်ဖြေ​တ​ယ်။ အာရွှေရု စိတ်ဆိုးသွားပြီး ဟာမန်​ကို ချက်ချင်း သတ်​ခိုင်း​လိုက်တယ်။

ဟာမန်​ထုတ်​တဲ့ အမိန့်စာ​ကို ဘုရင်​အပါအဝင် ဘယ်သူမှ ပြန်ရုပ်သိမ်း​လို့​မရဘူး။ ဒါကြောင့် ဘုရင်​က မော်ဒကဲ​ကို မှူးမတ်​တွေရဲ့​ခေါင်းဆောင်​အဖြစ် ခန့်​ထားပြီး အမိန့်စာ​အသစ် ထုတ်ခွင့်ပေးလိုက်တယ်။ ဂျူး​တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်​ဆိုတဲ့ အမိန့်စာ​ကို မော်ဒကဲ ထုတ်ပြန်​တ​ယ်။ အာဒါလ ၁၃ ရက်ရော​က်​တဲ့အခါ ဂျူး​တွေဟာ ရန်သူ​တွေကို အောင်ပွဲခံ​ရလို့ အာဒါလ ၁၄ ရက်မှာ နှစ်​တိုင်း ပွဲကျင်းပ​ကြ​တ​ယ်။

“ကျွန်တော့်​ကြောင့် ခင်ဗျား​တို့​ကို ဘုရင်ခံ​တွေ၊ ဘုရင်တွေ​ရှေ့ ပို့ဆောင်​ကြ​လိမ့်မယ်။ ဒီနည်းနဲ့ သူတို့ကို​ရော လူမျိုးခြား​တွေကို​ပါ သက်သေခံခွင့်​ရ​လိမ့်မယ်။” —မဿဲ ၁၀:၁၈