မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၆၆

ဘုရားသခင့်ပညတ်တွေကို ဧဇရ သင်ပေး

ဘုရားသခင့်ပညတ်တွေကို ဧဇရ သင်ပေး

အစ္စရေး​လူအများ​စု ဂျေရုဆလင်မြို့​ကို ပြန်သွား​တာ အနှစ် ၇၀ ကြာနေ​ပြီ။ ဒါပေမဲ့ တချို့ကတော့ ပါးရှားအင်ပါယာ နယ်မြေ​တချို့​မှာ နေကြ​တုန်းပဲ။ သူတို့​ထဲက တစ်ယောက်က ယေဟောဝါရဲ့ ပညတ်​တွေကို သင်ပေး​တဲ့ ပုရောဟိတ် ဧဇရ​ပဲ။ ဂျေရုဆလင်မြို့က လူတွေဟာ ဘုရား​ပညတ်​ကို မလိုက်နာ​ကြ​မှန်း ဧဇရ​သိသွား​တဲ့အခါ ပြန်သွား​ပြီး ကူညီပေး​ချင်​တ​ယ်။ ဒါနဲ့ ပါးရှား​ဘုရင် အာတဇေရဇ်​က ‘ဘုရားက မင်း​ကို ဉာဏ်​ပညာပေး​လို့ ကိုယ်တော့်​ပညတ်​ကို မင်းသွန်သင်ပေး​နိုင်တာ။ သွား​ပါ၊ လိုက်​ချင်တဲ့​သူတွေကို​လည်း ခေါ်သွား​ပါ’ လို့​ခွင့်​ပေးတယ်။ ဧဇရ​လည်း ဂျေရုဆလင်မြို့​ကို ပြန်​ချင်​သူတွေနဲ့ တွေ့ဆုံ​တ​ယ်။ ခရီး​တစ်လျှောက် အန္တရာယ်ကင်းဖို့ ဆုတောင်းပြီး ထွက်​လာကြတယ်။

လေးလ​ကြာ​ပြီးနောက် ဂျေရုဆလင်မြို့​ကို ရောက်​သွားတယ်။ ဂျူးခေါင်းဆောင်​တွေဟာ ဧဇရ​ဆီ​လာပြီး ‘အစ္စရေး​တွေဟာ ဘုရား​စကား နားမထောင်ဘူး။ မှားယွင်းတဲ့​ဘုရားတွေ​ကို ဝတ်ပြု​တဲ့ မိန်းမ​တွေနဲ့ လက်ထပ်​ကြ​တ​ယ်’ လို့ပြောတယ်။ ဒါနဲ့ ဧဇရ ဘာ​လုပ်​သလဲ။ လူတွေရှေ့မှာ ဒူးထောက်ပြီး ဒီလို​ဆုတောင်း​တယ်– ‘ယေဟောဝါဘုရား၊ ကျွန်တော်တို့​အတွက် ကိုယ်တော်​အများကြီး လုပ်ပေး​ပေ​မဲ့ ကျွန်တော်တို့​က​တော့ ကိုယ်တော့်ကို ပြစ်မှား​ကြပါ​ပြီ။’ လူတွေဟာ နောင်တရ​ပေ​မဲ့ မှန်​တာ​ကို မလုပ်​ကြ​သေး​ဘူး။ ဧဇရ​ဟာ အကြီးအကဲတွေ၊ တရားသူကြီးတွေကို ရွေးချယ်​ပြီး အဲဒီ​ကိစ္စ​ကို စုံစမ်း​ခိုင်း​တ​ယ်။ နောက်​သုံးလ​အတွင်းမှာ ယေဟောဝါကို ဝတ်​မပြု​သူတွေကို နှင်ထုတ်​လိုက်တယ်။

တစ်ဆယ့်နှစ်​နှစ် ကြာ​သွား​ပြီ။ ဒီ​အတောအတွင်း ဂျေရုဆလင်မြို့ရိုးကို ပြန်တည်ဆောက်ကြတယ်။ ဧဇရ​ဟာ လူထု​ရင်ပြင်​မှာ လူတွေကို စုဝေး​စေပြီး ဘုရားသခင့်ပညတ်​ကို ဖတ်ပြ​တ​ယ်။ ပညတ်ကျမ်း​ကို ဧဇရ ဖွင့်​တဲ့အခါ လူတွေ မတ်တတ်ရပ်​နေကြတယ်။ ယေဟောဝါကို ဧဇရ ချီးမွမ်း​တဲ့အခါ လူတွေ​က သဘောတူကြောင်း ကောင်းကင်​ဘက် လက်​ဖြန့်​ပြီး တင်ပြ​ကြ​တ​ယ်။ ပညတ်ကျမ်း​ကို ဧဇရ​ဖတ်​ပြီး ရှင်းပြ​တဲ့အခါ လူတွေ အာရုံစိုက်​နားထောင်​ကြ​တ​ယ်။ ယေဟောဝါကို ပြစ်မှား​မိ​ပြန်​ပြီ​လို့ ဝန်ခံ​ပြီး ငိုကြွေး​ကြ​တ​ယ်။ နောက်​တစ်နေ့​မှာ ဧဇရ​ဟာ နောက်ထပ်​ပညတ်​တွေကို ဖတ်ပြ​ပြန်​တ​ယ်။ တဲ​နေ​ပွဲ ကျင်းပ​ရတော့​မယ်​ဆိုတာ သူတို့ သိသွား​တ​ယ်။ ချက်ချင်း​ပဲ ပွဲတော်​အတွက် စ​ပြင်ဆင်​ကြ​တော့​တ​ယ်။

ပွဲနေ့​ခုနစ်​ရက်​အတွင်း လူတွေ ပျော်ရွှင်​ကြပြီး သီး​ထွက်​ကောင်းတဲ့​အတွက် ယေဟောဝါကို ကျေးဇူးတင်​ကြ​တ​ယ်။ ယောရှု​အချိန်​မှာ ဒီလို​တဲ​နေ​ပွဲ​မျိုး​ကို နောက်ဆုံး​ကျင်းပ​ခဲ့​ကြတာ။ ပွဲတော်ပြီးလို့ လူတွေ စုဝေး​တဲ့အခါ ဧဇရ ဒီလို​ဆုတောင်း​တ​ယ်- ‘ယေဟောဝါဟာ ကျွန်ဘဝကနေ ကျွန်တော်တို့ကို ကယ်တင်​တ​ယ်၊ တောကန္တာရ​မှာ ကျွေးမွေး​တ​ယ်၊ ဒီပြည်ကိုလည်း ပေးတယ်။ ဒါပေမဲ့ ကိုယ်တော့်ကို ထပ်ခါထပ်ခါ ပြစ်မှား​နေကြတယ်။ ပရောဖက်တွေလွှတ်ပြီး သတိပေး​ပေ​မဲ့ နားမထောင်​ကြဘူး။ ဒါတောင်မှ၊ ကိုယ်တော် စိတ်ရှည်​တုန်းပဲ။ အာဗြဟံ​ကို ကိုယ်တော် ပေးခဲ့တဲ့​ကတိ မပျက်​ဘူး။ အခု ကိုယ်တော့်​စကား နားထောင်ပါ့မယ်လို့ ကတိပေး​ပါတယ်။’ ကတိခံဝန်ချက်​ကို ချရေး​ပြီး မှူးမတ်​တွေ၊ လေဝိသားတွေ​နဲ့ ပုရောဟိတ်တွေ​က တံဆိပ်ခတ်​ကြ​တ​ယ်။

“ဘုရားသခင်ရဲ့ တရားစကား​ကို ကြားနာ​ပြီး လိုက်လျှောက်တဲ့​သူဟာ ပိုပြီး​ပျော်ရွှင်ချမ်းမြေ့​တယ်။” —လုကာ ၁၁:၂၈