မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၆၇

ဂျေရုဆလင်မြို့ရိုး

ဂျေရုဆလင်မြို့ရိုး

နေဟမိ​ဟာ ပါးရှား​ပြည်၊ ရှုရှန်​မြို့မှာ​နေတဲ့ အစ္စရေးလူမျိုး​ဖြစ်ပြီး ဘုရင်​အာတဇေရဇ်ရဲ့ အမှုထမ်း​ဖြစ်တယ်။ ယုဒပြည်​က​နေ နေဟမိရဲ့​အစ်ကို ရောက်လာပြီး ဒီ​သတင်းဆိုး​ပြောပြတယ်– ‘ဂျေရုဆလင်မြို့​ကို ပြန်သွား​တဲ့​သူတွေ မ​လုံခြုံ​ကြဘူး။ ဗာဗုလုန်​တွေ​ဖျက်ဆီး​လိုက်တဲ့ မြို့ရိုးတွေနဲ့ မြို့တံခါး​တွေကိုလည်း ပြန်​မ​ဆောက်​ရ​သေး​ဘူး။’ နေဟမိ စိတ်မကောင်း​ဖြစ်သွားတယ်။ ဂျေရုဆလင်မြို့​ကို​ပြန်​ပြီး ကူညီပေး​ချင်​လို့ ဘုရင့်​ခွင့်ပြုချက်​ရဖို့ ဆုတောင်း​ခဲ့တယ်။

နေဟမိ စိတ်မကောင်း​ဖြစ်​နေတာကို ဘုရင်​သတိထား​မိတယ်။ ‘မင်း​အရင်က ဒီလို​မဟုတ်ပါဘူး။ ဘာဖြစ်​လို့လဲ’ လို့​မေး​တော့ နေဟမိ​က ‘ဂျေရုဆလင်မြို့ ပျက်စီး​နေ​တော့ ဘယ်ပျော်​နိုင်​ပါ့​မလဲ’ လို့ ပြန်ဖြေ​တ​ယ်။ ဘုရင်​က ‘ငါ ဘာ​လုပ်ပေး​ရ​မလဲ’ လို့​မေး​တော့ နေဟမိက ချက်ချင်း အသံတိတ် ဆုတောင်း​လိုက်တယ်။ ပြီးတော့ ‘မြို့ရိုး​ပြန်​ဆောက်​ဖို့ ဂျေရုဆလင်​ကို ပြန်ခွင့်​ပေးပါ’ လို့ ခွင့်တောင်း​တ​ယ်။ ဘုရင်​အာတဇေရဇ်​က သွား​ခွင့်​ပေးပြီး ခရီးတစ်လျှောက် လုံခြုံ​ဖို့ စီစဉ်​ပေး​လိုက်တယ်။ နေဟမိ​ကို ယုဒပြည် ဘုရင်ခံ​အဖြစ်​ခန့်​ပြီး မြို့ဂိတ်တံခါး​တွေအတွက် သစ်သား​တွေကိုလည်း ပေး​လိုက်တယ်။

နေဟမိ ဂျေရုဆလင်မြို့ ပြန်ရောက်​တဲ့အခါ မြို့ရိုး​တွေကို စစ်ဆေး​တ​ယ်။ ပြီးတော့ ပုရောဟိတ်တွေ၊ ခေါင်းဆောင်​တွေနဲ့ တွေ့​ပြီး ‘အခြေအနေ တော်တော်​ဆိုး​တာပဲ။ ချက်ချင်း အလုပ်​စ​ဖို့လိုတယ်’ ဆိုပြီး​ပြော​တော့ လူတွေ သဘောတူ​ကြ​တ​ယ်။ ဒါနဲ့ မြို့ရိုး​ကို စဆောက်ကြတယ်။

ဒါပေမဲ့ အစ္စရေးလူမျိုး​ရဲ့ ရန်သူ​တချို့​က ‘မင်း​တို့​ဆောက်​နေတဲ့ မြို့ရိုး​ဟာ မြေခွေး​တက်​ရင်တောင် ပြို​မှာ’ ဆိုပြီး လှောင်ပြောင်​တ​ယ်။ ဆောက်လုပ်​နေ​သူတွေဟာ လှောင်ပြောင်​တာ​ကို ဂရုမစိုက်​ဘဲ ဆက်​ဆောက်ကြတယ်။ တဖြည်းဖြည်း​နဲ့ ခိုင်ခံ့တဲ့​မြို့ရိုး ရုပ်လုံးပေါ်​လာတယ်။

ရန်သူ​တွေဟာ အရပ်ရပ်​ကလာ​ပြီး ဂျေရုဆလင်မြို့​ကို ရုတ်တရက်​တိုက်ခိုက်ဖို့ ကြံစည်တယ်။ ဒီ​သတင်း​ကို ကြား​တဲ့အခါ ဂျူးတွေ ကြောက်​ကုန်​ကြ​တ​ယ်။ ဒါပေမဲ့ နေဟမိက ‘မကြောက်​ကြ​နဲ့။ ယေဟောဝါ ငါ​တို့​နဲ့အတူ​ရှိတယ်’ လို့​အားပေး​တ​ယ်။ ဆောက်လုပ်​နေ​သူတွေကို ကာကွယ်​ပေးဖို့ အစောင့်​တွေ ချထား​ပေးတဲ့​အတွက် ရန်သူ​တွေ တိုက်ခိုက်​လို့​မရဘူး။

၅၂ ရက်​တည်း​နဲ့ မြို့ရိုး​တွေနဲ့ ဂိတ်တံခါး​တွေကို အပြီးအစီး ဆောက်လုပ်​နိုင်​ခဲ့ကြတယ်။ နေဟမိ​ဟာ အပ်နှံပွဲ​အတွက် လေဝိ​သား​အားလုံးကို ဂျေရုဆလင်မြို့​ဆီ လာဖို့​ခေါ်​လိုက်တယ်။ သူတို့ကို သီချင်းသည်​နှစ်​ဖွဲ့ ဖွဲ့​လိုက်တယ်။ ဒီ​အဖွဲ့​နှစ်​ဖွဲ့​က စမ်းရေတွင်း​တံခါး လှေကား​က​နေ မြို့ရိုး​ပေါ်​တက်​သွားပြီး လက်ယာရစ်၊ လက်ဝဲ​ရစ် ချီတက်​ကြ​တ​ယ်။ ချီတက်​နေရင်း တံပိုး၊ လင်းကွင်း၊ စောင်း​တွေ တီးခတ်​ပြီး ယေဟောဝါကို ချီးမွမ်းသီချင်း ဆို​ကြ​တ​ယ်။ တစ်ဖွဲ့​ကို ဧဇရ၊ နောက်တစ်ဖွဲ့ကို နေဟမိ ဦးဆောင်​ပြီး ဗိမာန်တော်​မှာ ပြန်ဆုံ​ကြ​တ​ယ်။ ယောက်ျား၊ မိန်းမ၊ ကလေး​ပါ​မကျန် အားလုံးဟာ ယေဟောဝါကို ပူဇော်သက္ကာ​တွေ ဆက်သ​ပြီး ပွဲခံ​ကြတယ်။ ရွှင်လန်းဝမ်းမြောက်​နေတဲ့ သူတို့ရဲ့​အသံ​ကို အဝေးကြီး​က​တောင် ကြား​ရတယ်။

“မင်း​ကို​တိုက်ခိုက်​ဖို့​လုပ်​တဲ့ လက်နက်​တစ်ခု​မှ အောင်မြင်​မှာ မဟုတ်ဘူး။”—ဟေရှာယ ၅၄:၁၇