မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၆၈

ဧလိရှဗက် သားတစ်ယောက် မွေးဖွား

ဧလိရှဗက် သားတစ်ယောက် မွေးဖွား

ဂျေရုဆလင်မြို့​ရိုး ပြန်​တည်ဆောက်​ပြီး​ နှစ်ပေါင်း ၄၀​၀ ကျော် ကြာပြီး​တဲ့နောက် မြို့အနီးမှာ ပုရောဟိတ် ဇာခရိ​နဲ့ ဇနီး​ဖြစ်သူ ဧလိရှဗက် နေတယ်။ သူတို့​အိမ်ထောင်ပြု​ထားတာ နှစ်တော်တော်​ကြာနေ​ပေ​မဲ့ ကလေးမ​ရဘူး။ တစ်နေ့၊ ဗိမာန်တော်​ရဲ့ သန့်ရှင်းရာဌာန​မှာ ဇာခရိ နံ့သာပေါင်း​ပူဇော်​နေတုန်း ကောင်းကင်တမန် ဂါဗြေလ ပေါ်လာတယ်။ ဇာခရိ ထိတ်လန့်​သွားပေ​မဲ့ ဂါဗြေလ​က ‘မကြောက်​နဲ့၊ ယေဟောဝါ​ဆီက သတင်းကောင်းကို လာ​ပြောတာ။ ခင်ဗျား​ဇနီး ဧလိရှဗက် သားလေး မွေး​မယ်၊ သူ့ကို ယောဟန်​လို့ နာမည်​ပေး​ရမယ်။ ယေဟောဝါက ယောဟန်​ကို အထူး​အလုပ် လုပ်ဖို့ ရွေး​ထားတယ်’ လို့ပြော​တော့ ဇာခရိ​က ‘ဖြစ်နိုင်​ပါ့​မလား။ ကျွန်တော်တို့ ဇနီးမောင်နှံဟာ အသက်ကြီး​လွန်း​နေ​ပြီ’ လို့ပြော​တော့ ဂါဗြေလ​က ‘ခင်ဗျားကို ဒီ​သတင်းပေး​ဖို့ ဘုရားက ကျွန်တော့်ကို လွှတ်လိုက်​တာ။ ခင်ဗျား​မယုံ​တဲ့​အတွက် ကလေးမ​မွေး​မချင်း စကားပြော​နိုင်မှာ​မဟုတ်ဘူး’ တဲ့။

ဇာခရိ​ဟာ သန့်ရှင်းရာဌာန​မှာ ပုံမှန်​ထက် ကြာနေ​တ​ယ်။ အပြင်မှာ စောင့်နေတဲ့လူတွေက ဘာဖြစ်​လို့ ကြာနေ​တာလဲ​ဆိုတာ သိချင်​နေကြတယ်။ ဇာခရိ​ထွက်လာ​တဲ့အခါ စကား​မပြော​နိုင်ဘဲ အမူအရာ​နဲ့​ပြ​တ​ယ်။ ဇာခရိ​ဟာ ဘုရားဆီ​က သတင်းစကား ရခဲ့​ပြီ​ဆိုတာ လူတွေ သိလိုက်​ပြီ။

နောက်တော့ ကောင်းကင်တမန် ပြောတဲ့​အတိုင်း ဧလိရှဗက် ကိုယ်ဝန်​ရှိလာ​ပြီး သားလေး မွေး​တ​ယ်။ မိတ်ဆွေတွေ၊ ဆွေမျိုး​တွေ​က ကလေးကို လာ​ကြည့်ပြီး ပျော်​နေကြတယ်။ ဧလိရှဗက်​က ‘သူ့ကို ယောဟန်​လို့ မှည့်​မယ်’ လို့ပြော​တော့ သူတို့က ‘မင်း​ရဲ့​ဆွေမျိုး​ထဲမှာ ဒီ​နာမည်​မှ​မ​ရှိတာ၊ ဇာခရိ​လို့ ပေး​ပေါ့’ လို့ ပြောကြတယ်။ ဒါပေမဲ့ ဇာခရိ​က ‘သူ့​နာမည်ဟာ ယောဟန်​ပဲ’ လို့​ရေး​ပြ​တ​ယ်။ အဲဒီအချိန်​ကျ​မှ ဇာခရိ စကားပြန်​ပြောနိုင်​တ​ယ်။ ဒီ​ကလေး​သတင်း​က ယုဒပြည်တစ်လျှောက် ပျံ့သွား​ပြီး ‘ဒီ​ကလေး ကြီးလာ​ရင် ဘာဖြစ်​မလဲ’ လို့ စိတ်ဝင်စား​နေကြတယ်။

ဇာခရိ​ဟာ သန့်ရှင်းသောစွမ်းအားတော်​နဲ့ ပြည့်​ပြီး အခုလို ပရောဖက်ပြုတယ်– ‘ယေဟောဝါကို ချီးမွမ်း​ကြပါ။ ကယ်တင်​မယ့်​သူ မေရှိယ​ကို စေလွှတ်​မယ်လို့ အာဗြဟံ​ကို ကိုယ်တော် ကတိပေး​ခဲ့တယ်။ ယောဟန်​ဟာ ပရောဖက်​ဖြစ်လာ​ပြီး မေရှိယ​အတွက် လမ်း​ကို ပြင်ဆင်ပေး​လိမ့်မယ်။’

ဧလိရှဗက်​ရဲ့​ဆွေမျိုး မာရိ​လည်း အံ့ဩစရာ​အဖြစ် ကြုံခဲ့​တ​ယ်။ အဲဒီ​အကြောင်း နောက်အခန်းမှာ လေ့လာ​ကြည့်ရ​အောင်။

“လူတွေ​အတွက်​တော့ ဒါဟာ မဖြစ်​နိုင်တဲ့​အရာ​ပဲ။ ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်။”—မဿဲ ၁၉:၂၆