မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၆၉

မာရိဆီ ဂါဗြေလ ရောက်လာ

မာရိဆီ ဂါဗြေလ ရောက်လာ

ဧလိရှဗက်​မှာ ညီမလေး​လို ချစ်​ရတဲ့ မာရိ ဆို​သူ ရှိတယ်။ သူက ဂါလိလဲပြည်၊ နာဇရက်မြို့မှာ နေ​ပြီး လက်သမား ယောသပ်​နဲ့ စေ့စပ်​ထားတယ်။ ဧလိရှဗက် ကိုယ်ဝန်​ခြောက်လ ရှိ​တော့ ကောင်းကင်တမန် ဂါဗြေလ​ဟာ မာရိ​ကို ကိုယ်ထင်ပြ​ပြီး ‘မင်္ဂလာ​ပါ၊ မာရိ။ ခင်ဗျား​ဟာ ယေဟောဝါရဲ့ မျက်နှာသာရ​သူ​ပါ’ လို့​နှုတ်ဆက်​တ​ယ်။ မာရိ​ခမျာ ဘာ​ကြောင့် အဲဒီလိုပြော​မှန်း မသိ​ရှာ​ဘူး။ ဂါဗြေလ​က ‘ခင်ဗျား​မှာ ကိုယ်ဝန်​ရှိလာ​ပြီး သားလေး​မွေး​လိမ့်မယ်။ အဲဒီ​ကလေးကို ယေရှု​လို့ နာမည်​ပေး​ရမယ်။ သူက ဘုရင်​ဖြစ်​လိမ့်မယ်။ သူ့​နိုင်ငံ​က အမြဲ​တည်မယ်’ လို့ပြောတယ်။

ဒါနဲ့ မာရိ​က ‘ကျွန်မ​ဟာ အပျိုစင်​ပါ။ ဘယ်လို​လုပ် ကလေး​ရမှာ​လဲ’ လို့​ပြန်ပြော​တော့ ဂါဗြေလ​က ‘ယေဟောဝါ​အတွက် ဘာ​မဆို​ဖြစ်နိုင်တယ်။ သန့်ရှင်းသောစွမ်းအားတော် ခင်ဗျား​အပေါ် သက်ရောက်​ပြီး သား​ရ​လိမ့်မယ်။ ခင်ဗျား ရင်းနှီးတဲ့​မိတ်ဆွေ ဧလိရှဗက်​လည်း ကိုယ်ဝန်​ရှိနေ​ပြီ’ လို့ ပြောပြတယ်။ ဒါနဲ့ မာရိ​က ‘ကျွန်မ​ဟာ ယေဟောဝါရဲ့ အစေခံ​ပါ။ သခင်​ပြောတဲ့​အတိုင်း ဖြစ်လာ​ပါစေ’ လို့ ပြန်ဖြေ​တ​ယ်။

မာရိ​ဟာ ဧလိရှဗက်​ရှိတဲ့ တောင်တန်း​မြို့​ဆီ ထွက်​လာတယ်။ မာရိ​နှုတ်ဆက်​တဲ့အခါ ဧလိရှဗက်​ရဲ့ ဗိုက်​ထဲက ကလေး​ခုန်​လိုက်တာ​ကို ဧလိရှဗက် ခံစား​လိုက်ရတယ်။ သန့်ရှင်းသောစွမ်းအားတော်​နဲ့ ပြည့်​ပြီး သူက ‘မာရိ၊ ညီမ​ကို ယေဟောဝါ ကောင်းချီးပေး​ပြီ။ ငါ့​သခင်ရဲ့ မိခင် လာလည်​တာ ဂုဏ်ယူ​စရာ​ပါ’ လို့ ပြောတယ်။ မာရိ​က ‘စိတ်နှလုံး​အပြည့်​နဲ့ ယေဟောဝါ​ဘုရားကို ဂုဏ်တင်ချီးမွမ်း​ပါတယ်’ လို့​ပြန်ဖြေ​တ​ယ်။ ဧလိရှဗက်နဲ့ သုံးလ​အတူနေ​ပြီး နာဇရက်​မြို့​ကို ပြန်လာ​တ​ယ်။

ယောသပ်​ဟာ မာရိ​ဆီမှာ ကိုယ်ဝန်​ရှိမှန်း​သိတော့ စေ့စပ်​ထားတာကို ဖျက်​လိုက်​ချင်​တ​ယ်။ ဒါပေမဲ့ အိပ်မက်​မှာ ကောင်းကင်တမန်​ပေါ်လာ​ပြီး ‘သူ့ကို လက်ထပ်​ဖို့ မစိုးရိမ်​ပါနဲ့။ သူ​ဘာ​အမှား​မှ မလုပ်​ပါဘူး’ လို့ပြောတယ်။ ဒါနဲ့ ယောသပ်​လည်း မာရိ​ကို ဇနီး​အဖြစ် လက်ထပ်​ယူပြီး အိမ်​ခေါ်​သွားတယ်။

‘ယေဟောဝါက ကောင်းကင်နဲ့ ကမ္ဘာမြေ​ပေါ်မှာ၊ အလိုရှိ​ရာ​မှန်သမျှ လုပ်ဆောင်​တ​ယ်။’—ဆာလံ ၁၃၅:၆