သင်ခန်းစာ ၇၀
ယေရှုမွေးဖွားတဲ့အကြောင်း ကောင်းကင်တမန်တွေ ကြေညာ
ရောမအင်ပါယာရဲ့ အုပ်ချုပ်သူ၊ ဆီဇာဩဂတ်စတပ်က ဂျူးအားလုံး ကိုယ့်မြို့ကိုယ့်ရွာပြန်ပြီး နာမည်စာရင်းပေးဖို့ အမိန့်ထုတ်တယ်။ ဒါနဲ့ ယောသပ်နဲ့ မာရိဟာ ယောသပ်မွေးရပ်မြေ ဘက်သလီဟင်မြို့ကို ခရီးထွက်လာကြတယ်။ အဲဒီအချိန်မှာ မာရိ ကိုယ်ဝန် နေ့စေ့လစေ့ ဖြစ်နေပြီ။
ဘက်သလီဟင်မြို့ ရောက်တဲ့အခါ တည်းဖို့ နွားတင်းကုပ်ပဲရှိတော့ အဲဒီမှာ ယေရှုကို မွေးလာတယ်။ ပြီးတော့ ကလေးကို အနှီးနဲ့ပတ်ပြီး နွားစားခွက်ထဲ သိပ်ထားလိုက်တယ်။
ဘက်သလီဟင်မြို့အနီးမှာ သိုးထိန်းတချို့ ကွင်းပြင်မှာ သိုးထိန်းနေကြတယ်။ ရုတ်တရက်၊ ကောင်းကင်တမန်တစ်ပါး ပေါ်လာပြီး ပတ်လည်မှာ ယေဟောဝါရဲ့ ဘုန်းအသရေကြောင့် လင်းနေတယ်။ သိုးထိန်းတွေ ကြောက်လန့်သွားလို့ ကောင်းကင်တမန်က ‘မကြောက်ပါနဲ့။ သတင်းကောင်း လာပြောတာ။ ဒီနေ့ ဘက်သလီဟင်မြို့မှာ မေရှိယ မွေးဖွားပြီ’ တဲ့။ အဲဒီအခါ
ကောင်းကင်တမန်အများကြီး ပေါ်လာပြီး ‘ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြ။ မြေကြီးမှာ ငြိမ်သက်ခြင်းရှိပါစေ’ လို့ ချီးမွမ်းပြီး ပျောက်ကွယ်သွားတယ်။ သိုးထိန်းတွေ ဘာလုပ်ကြသလဲ။‘အခုပဲ ဘက်သလီဟင်မြို့ကို သွားကြစို့’ လို့ပြောကြပြီး ခပ်သုတ်သုတ် သွားကြည့်တဲ့အခါ နွားတင်းကုပ်မှာရှိတဲ့ ယောသပ်၊ မာရိနဲ့ မွေးကင်းစကလေးကို တွေ့လိုက်ရတယ်။
သိုးထိန်းတွေကို ကောင်းကင်တမန်တွေ ပြောတဲ့စကားတွေအကြောင်း ကြားတဲ့သူတိုင်း အံ့ဩသွားကြတယ်။ မာရိက ကောင်းကင်တမန်ရဲ့ စကားတွေကို သေချာစဉ်းစားပြီး မှတ်ထားတယ်။ သိုးထိန်းတွေလည်း မြင်ရ၊ ကြားရသမျှအတွက် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းပြီး ပြန်သွားကြတယ်။
“ဘုရားသခင် စေလွှတ်လိုက်လို့ ကျွန်တော် ဒီမှာရှိနေတာ။ ကိုယ့်သဘောနဲ့ကိုယ် လာတာ မဟုတ်ဘူး။ ဘုရားသခင် စေလွှတ်လို့ပါ။”—ယောဟန် ၈:၄၂