မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇၁

ယေဟောဝါ ယေရှုကို ကာကွယ်ပေးခဲ့

ယေဟောဝါ ယေရှုကို ကာကွယ်ပေးခဲ့

အစ္စရေး​ပြည်​ရဲ့ အရှေ့​အရပ်​က လူတွေဟာ ကြယ်​တွေ လမ်းပြ​ပေးနိုင်​တယ်လို့ ယုံကြတယ်။ တစ်​ညမှာ လင်းလက်​တောက်ပ​တဲ့ ကြယ်​တစ်လုံး​ကို အရှေ့​အရပ်​က​လူတချို့ တွေ့​ပြီး အဲဒီ “ကြယ်” နောက် လိုက်​လာ​တာ ဂျေရုဆလင်မြို့​ကို ရောက်လာတယ်။ သူတို့က ‘ဂျူး​တွေရဲ့ ဘုရင်ဖြစ်လာ​မယ့် ကလေး ဘယ်မှာ​လဲ။ သူ့ကို ဦးညွှတ်​ချင်​လို့​ပါ’ လို့ မေးမြန်း​ကြ​တ​ယ်။

ဂျေရုဆလင်မြို့​ရဲ့​ဘုရင် ဟေရုဒ်​က ဘုရင်​အသစ်​အကြောင်းကြား​တော့ သိပ်​စိုးရိမ်​သွားတယ်။ ပုရောဟိတ်မင်း​တွေကို​ခေါ်​ပြီး ‘အဲဒီ​ဘုရင် ဘယ်မှာ​မွေး​မှာ​လဲ’ လို့မေးတော့ ‘ပရောဖက်​တွေ​ပြောတာ​တော့ ဘက်သလီဟင်​မြို့မှာ မွေး​မှာ​တဲ့’ လို့ပြန်ဖြေ​ကြ​တ​ယ်။ ဒါနဲ့ ဟေရုဒ်မင်း​ဟာ အရှေ့​အရပ်​က​လူတွေကို ခေါ်​ပြီး ‘ဘက်သလီဟင်​မြို့​ကို​သွား၊ အဲဒီ​ကလေးကို ရှာ​ပါ။ တွေ့ရ​င် ငါ့​ဆီ ပြန်​သတင်းပို့​ကြ။ ငါလည်း သွား​ဦးညွှတ်​မယ်’ လို့ပြောတယ်။ အဲဒါ လိမ်​နေတာ။

“ကြယ်” ပြန်​ရွေ့​သွားတာ​နဲ့ သူတို့ ကြယ်​နောက်လိုက်​သွားတာ ဘက်သလီဟင်မြို့ကို ရောက်လာတယ်။ အိမ်တစ်လုံး​ပေါ်မှာ “ကြယ်” ရပ်သွား​တော့ အဲဒီ​အိမ်ထဲ ဝင်​သွား​ကြ​တ​ယ်။ အဲဒီမှာ မိခင်​ဖြစ်သူ မာရိ​နဲ့အတူ ယေရှုကို​တွေ့​တ​ယ်။ ဒါနဲ့ ကလေးကို ဦးညွှတ်​ပျပ်ဝပ်ပြီး ရွှေ၊ တန်ဖိုးကြီး နံ့သာ​ခဲ၊ သစ်စေးမွှေး​တွေ​ပေးတယ်။ ယေရှုကို ဒီလူတွေ တွေ့​ဖို့ ယေဟောဝါ လွှတ်လိုက်​တာလား။ မဟုတ်ဘူး။

အဲဒီ​ညမှာ​ပဲ ယေဟောဝါက ယောသပ်​ကို အိပ်မက်​ပေးပြီး ‘ဟေရုဒ်​က ယေရှုကို သတ်ချင်​နေတယ်။ ဇနီး​နဲ့ သား​ကို​ခေါ်​ပြီး အီဂျစ်ပြည်​ကို​ပြေး​ပါ။ ပြန်လာ​ဖို့ မ​ခေါ်​မချင်း အဲဒီမှာ​နေ​ပါ’ လို့​မှာ​တ​ယ်။ ယောသပ်​လည်း သားနဲ့ မိန်းမ​ကို​ခေါ်​ပြီး အီဂျစ်ပြည်ကို ချက်ချင်း ထွက်​သွားတယ်။

ယေဟောဝါက ဟေရုဒ်​ဆီ ပြန်​မသွား​ဖို့ အရှေ့အရပ်ကလူတွေကို ပြောတယ်။ ဒီလူတွေ ပြန်မလာ​မှန်း ဟေရုဒ်​သိ​တဲ့အခါ စိတ်ဆိုး​သွားတယ်။ ယေရှု ဘယ်မှာ​ရှိမှန်း​မသိ​တော့ ဘက်သလီဟင်​မြို့​က ယေရှု​အရွယ် ယောက်ျားလေး​အားလုံးကို သတ်ဖို့ အမိန့်ပေး​လိုက်တယ်။ ယေရှုက​တော့ အီဂျစ်ပြည်​ကို ရောက်နေ​ပြီ။

နောက်ပိုင်းမှာ ဟေရုဒ်​သေသွား​တ​ယ်။ ယေဟောဝါက ယောသပ်​ကို ‘ပြန်လာ​လို့​ရ​ပြီ’ လို့ပြောတယ်။ ယောသပ်၊ မာရိ​နဲ့ ယေရှုဟာ အစ္စရေး​ပြည်​ကို ပြန်လာ​ပြီး နာဇရက်​မြို့မှာ အခြေချ​လိုက်တယ်။

‘ငါ့​နှုတ်ထွက်စကား ပြည့်စုံ​ရမယ်။ ငါ​စေခိုင်း​တဲ့​အတိုင်း ကျိန်းသေ အောင်မြင်​မယ်။’ —ဟေရှာယ ၅၅:၁၁