မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇၂

လူငယ် ယေရှု

လူငယ် ယေရှု

ယောသပ်​နဲ့ မာရိ​ဟာ နာဇရက်​မြို့မှာ ယေရှု​အပါအဝင် နောက်ထပ်​ရတဲ့ သားသမီး​တွေနဲ့​အတူ နေထိုင်တယ်။ ယောသပ်​ဟာ လက်သမား​လုပ်ပြီး မိသားစု​ကို ကျွေးမွေး​တ​ယ်။ ယေဟောဝါနဲ့ ပညတ်​တွေအကြောင်း သွန်သင်​ပေးတယ်။ မိသားစု​လိုက် တရားဇရပ်​မှာ ပုံမှန်သွား​ဝတ်ပြု​တ​ယ်။ နှစ်​တိုင်း​လည်း ပသခါပွဲ​တက်ဖို့ ဂျေရုဆလင်မြို့​ကို သွား​ကြ​တ​ယ်။

ယေရှု​အသက် ၁၂ နှစ်​အရွယ်မှာ ခါ​တိုင်း​လိုပဲ ဂျေရုဆလင်မြို့​ကို မိသားစုလိုက် ပသခါပွဲ သွားတက်တယ်။ မြို့ထဲ​မှာ လူတွေ ပြည့်ကျပ်​နေတာ။ ပွဲတော်​ကျင်းပ​ပြီးနောက် အိမ်ပြန်ကြတဲ့အခါ အုပ်စု​ထဲမှာ ယေရှု​ပါ​လာတယ်​လို့ပဲ ယောသပ်​နဲ့​မာရိ ထင်နေ​တာ။ ဒါပေမဲ့ ဆွေမျိုး​တွေ​ကြား​ထဲ သူ့ကို​လိုက်ရှာ​တော့ မ​တွေ့​ဘူး။

ဒါနဲ့ ဂျေရုဆလင်မြို့​ကို ပြန်သွား​ပြီး သုံးရက်​လုံးလုံး လိုက်ရှာ​ပြီးမှ ဗိမာန်တော်မှာ ဆရာတွေကြား ယေရှု​ထိုင်ပြီး မေးခွန်းတွေ​မေး၊ ကြား​သမျှကို ဂရုစိုက်​နားထောင်​နေတာ တွေ့လိုက်တ​ယ်။ အဲဒီ​ဆရာ​တွေ​က ယေရှုကို တကယ်​အထင်ကြီး​တ​ယ်။ မေးခွန်း​တိုင်း​ကို သူ ကောင်းကောင်း​ဖြေနိုင်​လို့ အံ့အားသင့်​ကြ​တ​ယ်။ ယေဟောဝါရဲ့ ပညတ်​ကို ယေရှု သဘောပေါက် နားလည်​ထားတာကိုး။

ယောသပ်​နဲ့​မာရိ​ဟာ အတော်လေး စိတ်ပူ​နေတာ။ ဒါကြောင့် မာရိ​က ‘သား​ရယ်၊ အမေတို့ နေရာအနှံ့ လိုက်ရှာ​နေတာ။ ဘယ်​ကို​သွား​နေ​တာလဲ’ လို့​မေး​တော့ ယေရှုက ‘အဖ​ရဲ့​အိမ်တော်မှာ သား​ရှိနေ​မယ်လို့ မသိ​ဘူး​လား’ လို့ဖြေတယ်။

ယေရှုက မိဘတွေ​နဲ့အတူ နာဇရက်​မြို့​ကို ပြန်သွား​တ​ယ်။ ယောသပ်​က သူ့ကို လက်သမား​အလုပ် သင်ပေးတယ်။ လူငယ်​အရွယ်မှာ ယေရှုဟာ ဘယ်လို​လူငယ် ဖြစ်မယ်​လို့ ထင်သလဲ။ ယေရှု​ကြီးလာ​လေ ဉာဏ်​ပညာရှိ​လာ​လေ၊ ဘုရား​ရှေ့၊ လူ​ရှေ့ မျက်နှာသာရ​သူ ဖြစ်လာ​လေ​ပဲ။

“အို ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်​အတွက် ကြည်နူးစရာပါ။ ပညတ်တော်ဟာ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပါတယ်။” —ဆာလံ ၄၀:၈