မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇၃

လမ်းကို ယောဟန် ပြင်ဆင်ပေး

လမ်းကို ယောဟန် ပြင်ဆင်ပေး

ဇာခရိ​နဲ့ ဧလိရှဗက်​ရဲ့​သား ယောဟန်​ဟာ ကြီးလာ​တဲ့အခါ ပရောဖက် ဖြစ်လာတယ်။ ယေဟောဝါက မေရှိယ ပေါ်လာ​တော့​မယ့်​အကြောင်း ယောဟန်​ကို ပြော​ခိုင်း​တ​ယ်။ ယောဟန်​ဟာ တရားဇရပ်​နဲ့ မြို့​တွေမှာ သွန်သင်ပေး​မယ့်အစား တောအရပ်​မှာ ဟောပြော​သွန်သင်​တ​ယ်။ လူတွေ​က ယောဟန်ဆီ​က​နေ သင်ယူ​ဖို့ ဂျေရုဆလင်မြို့​နဲ့ ယုဒပြည်​အရပ်ရပ်​က လာတယ်။ ဘုရားအလိုတော်​နဲ့ တွေ့​ဖို့ မကောင်း​တာ​တွေ မလုပ်​ရ​ဘူးလို့ သင်ပေး​ပြီး နောင်တယူ​တဲ့​သူတွေကို ဂျော်ဒန်​မြစ်​ထဲမှာ ယောဟန် နှစ်ခြင်းပေး​တ​ယ်။

ယောဟန်​က ရိုးရိုးလေး​ပဲ နေထိုင်တယ်။ ကုလားအုတ်​အမွေး​နဲ့​ရက်​တဲ့ အဝတ်​ကို​ဝတ်​ပြီး ကျိုင်းကောင်​နဲ့ သဘာဝ​ပျားရည်ကိုပဲ စား​တ​ယ်။ လူတွေ​က သူ့ကို သိပ်​စိတ်ဝင်စား​ကြ​တ​ယ်။ မာနကြီး​တဲ့ ဖာရိရှဲ​တွေနဲ့ ဇဒ္ဒုကဲ​တွေတောင် သူ့​ဆီ လာကြတယ်။ သူတို့ကို ယောဟန်​က ‘ခင်ဗျား​တို့ ပြောင်းလဲ​ပြီး နောင်တယူ​ရမယ်။ အာဗြဟံ​ရဲ့ သားမြေး​လို့ ပြောပြီး ထူးခြားတဲ့လူတွေ၊ ဘုရား​သားသမီး​တွေ ဖြစ်မယ်​လို့ မထင်​နဲ့’ လို့ပြောတယ်။

လူအတော်များများ ယောဟန်ဆီ​လာပြီး ‘ဘုရားအလိုတော်​နဲ့​တွေ့​ဖို့ ဘာ​လုပ်​ရ​မလဲ’ လို့ မေးကြတယ်။ ယောဟန်​က ‘ခင်ဗျား​မှာ ဝတ်ရုံ​နှစ်​ထ​ည်​ရှိရင် တစ်ထည်​ကို မ​ရှိသူ ပေးလိုက်’ လို့ ပြောတယ်။ အဲဒီလို ဘာကြောင့်​ပြောတာလဲ သိလား။ ဘုရားအလိုတော်​နဲ့ တွေ့ချင်​ရင် လူတွေကို ချစ်​ရမယ် ဆိုတာ သဘောပေါက်​စေချင်​လို့ပဲ။

အခွန်ခံ​တွေကို ‘ရိုးသား​ပါ။ ဘယ်သူ့​ကိုမှ မ​လိမ်ညာ​နဲ့။’ စစ်သားတွေ​ကို​ကျတော့ ‘လာဘ်မစားနဲ့။ လိမ်​မပြော​နဲ့’ လို့ ယောဟန် ပြောတယ်။

သူ့​ဆီ​ကို ပုရောဟိတ်တွေ လာပြီး ‘မင်း​က ဘယ်သူ​လဲ။ လူတိုင်း သိချင်​နေကြတယ်’ လို့မေးတော့ ယောဟန်​က ‘ပရောဖက်​ဟေရှာယ ဟောခဲ့​သလို ယေဟောဝါ​ဆီ လူတွေကို ပို့ဆောင်​တဲ့ တော​ထဲမှာ ကြွေးကြော်နေသူ​ဟာ ကျွန်တော်​ပဲ’ လို့ဖြေတယ်။

လူတွေ​က ယောဟန် သင်ပေး​တာတွေကို ကြိုက်​ကြ​တယ်။ တချို့က သူ့ကို မေရှိယ​များ ဖြစ်နေ​မလား​လို့ ထင်ကြ​တ​ယ်။ ဒါနဲ့ သူက ‘ကျွန်တော့်​ထက် ကြီးမြတ်​တဲ့​သူ ရောက်လာ​တော့မယ်။ သူ့​ဖိနပ်​ကြိုး​ကို ဖြေပေးဖို့တောင် ကျွန်တော် မထိုက်တန်ဘူး။ ကျွန်တော်က ရေ​နဲ့ နှစ်ခြင်းပေး​တာ။ သူက ခင်ဗျား​တို့​ကို သန့်ရှင်းသော စွမ်းအားတော်​နဲ့ နှစ်ခြင်းပေး​မှာ’ လို့ ပြောတယ်။

“သူက အဲဒီ​အလင်း​အကြောင်း လူတွေကို သက်သေခံ​ဖို့ ရောက်လာ​တာ။ သူ့စကားကိုကြားပြီး လူအမျိုးမျိုး ယုံကြည်လာစေဖို့ပဲ။”—ယောဟန် ၁:၇