မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇၅

ယေရှုကို မာရ်နတ်စမ်းသပ်

ယေရှုကို မာရ်နတ်စမ်းသပ်

ယေရှု​နှစ်ခြင်းခံ​ပြီး​တဲ့အခါ စွမ်းအားတော်​က သူ့ကို တော​ထဲ​ခေါ်​သွားတယ်။ ရက် ၄၀ အစာ​မစား​ထား​လို့ ယေရှု သိပ်​ဆာ​နေတာ​ပေါ့။ အဲဒီအခါ မာရ်နတ်​ရောက်လာပြီး ယေရှုကို ‘မင်း တကယ်ပဲ ဘုရား​သား ဖြစ်တယ်​ဆိုရင် ဒီ​ကျောက်ခဲ​တွေကို မုန့်​ဖြစ်စေ​ပါ​လား’ ဆိုပြီး သွေးဆောင်​တ​ယ်။ ဒါပေမဲ့ ယေရှုက ကျမ်းစာကို​ကိုးကား​ပြီး ‘လူ​ဟာ အစားအစာ​နဲ့​ပဲ အသက်ရှင်​ရမှာ မဟုတ်ဘူး။ ယေဟောဝါ ပြော​သမျှကို နားထောင်​ရမယ်’ ဆိုပြီး ပြန်ဖြေတယ်။

အဲဒီနောက် မာရ်နတ်​က ယေရှုကို ‘မင်း တကယ်ပဲ ဘုရား​သား​ဖြစ်တယ်​ဆိုရင် ဗိမာန်တော်ရဲ့ အမြင့်ဆုံး​နေရာ​က​နေ ခုန်ချ​ပြ။ ဘုရားက ကောင်းကင်တမန်​တွေကို စေလွှတ်​ပြီး မင်း​ကို ဖမ်း​ပေးမယ်လို့ ရေးထား​တာပဲ’ လို့ ထပ်​စိန်ခေါ်​ပြန်​တ​ယ်။ ယေရှုက ကျမ်းစကား​ကို ပြန်​ကိုးကား​ပြီး ‘ယေဟောဝါကို မ​စမ်းသပ်​ရ​ဘူးလို့ ရေး​ထားတယ်’ ဆိုပြီး ဖြေ​လိုက်တယ်။

နောက်တော့ တိုင်းနိုင်ငံ​တွေနဲ့ လောက​စည်းစိမ်ချမ်းသာ၊ ဘုန်းတန်ခိုး​တွေကို စာတန်​ပြပြီး ‘မင်း ငါ့ကို တစ်ကြိမ်​ပဲ ရှိခိုး​ဦးချ​ရင် ဒါတွေ​အားလုံးကို ငါ​ပေးမယ်’ လို့ ယေရှုကို ပြောတယ်။ ယေရှုက ‘စာတန်၊ ထွက်သွား​စမ်း။ ယေဟောဝါကို​ပဲ ကိုးကွယ်ဝတ်ပြု​ရမယ်လို့ ရေး​ထားတယ်’ ဆိုပြီး ပြန်ပြော​လိုက်တယ်။

အဲဒီနောက် မာရ်နတ်ထွက်သွားတယ်။ ကောင်းကင်တမန်​တွေ ရောက်လာပြီး ယေရှုကို ကျွေးမွေးပြုစု​တ​ယ်။ အဲဒီအချိန်ကစပြီး ယေရှုဟာ နိုင်ငံတော်သတင်း​ကောင်း​ကို ဟောပြော​နေ​တော့​တ​ယ်။ ဒီ​အလုပ်လုပ်​ဖို့ ယေရှုကို မြေကြီး​ပေါ် စေလွှတ်​လိုက်တာ။ ယေရှု သွန်သင်ပေး​တာတွေကို လူတွေ သိပ်သဘောကျ​ကြ​တ​ယ်။ ဒါကြောင့် သူ ဘယ်ကိုပဲသွားသွား သူ့​နောက် တကောက်ကောက် လိုက်​ကြ​တ​ယ်။

‘မုသား​ပြော​သူ၊ မုသား​ရဲ့​အဖ မာရ်နတ် လိမ်ညာ​ပြောတဲ့အခါ သူ့ရဲ့​ပင်ကို​ဉာဉ်​အတိုင်း ပြောတာ။’ —ယောဟန် ၈:၄၄