မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇၈

ယေရှု နိုင်ငံတော်သတင်း ဟောပြော

ယေရှု နိုင်ငံတော်သတင်း ဟောပြော

ယေရှုဟာ နှစ်ခြင်းခံ​ပြီး မကြာခင်​မှာ ‘ဘုရားသခင့်​နိုင်ငံ နီး​နေ​ပြီ’ လို့​စဟော​တ​ယ်။ ဂါလိလဲနယ်​နဲ့ ယုဒပြည်​မှာ ယေရှု ခရီးသွားတဲ့​အခါ တပည့်​တွေလည်း လိုက်​သွားတယ်။ သူ ကြီးပြင်း​လာတဲ့ နာဇရက်​မြို့​ကိုရော​က်​တော့ တရားဇရပ်​ကို သွားတယ်။ ဟေရှာယကျမ်း​လိပ်​ကို​ဖွင့်​ပြီး ‘သတင်းကောင်း​ဟောပြော​ဖို့ ယေဟောဝါက ကျွန်တော့်ကို စွမ်းအားတော် ပေးတယ်’ လို့​ဖတ်ပြ​တ​ယ်။ ဘာအဓိပ္ပာယ်လဲ။ လူတွေဟာ ယေရှု လုပ်ပြ​တဲ့​အံ့သြစရာ​တွေ မြင်​ချင်​ပေ​မဲ့ ယေရှု စွမ်းအားတော်​ရတဲ့ အကြောင်းရင်း​က သတင်းကောင်း​ဟော​ဖို့​ပဲ ဖြစ်တယ်။ ပြီးတော့ ‘အဲဒီ​ပရောဖက်ပြုချက် ဒီနေ့ ပြည့်စုံ​ပြီ’ လို့ ယေရှု ပြောတယ်။

ဂါလိလဲ​အိုင်​ကို ယေရှု သွားတဲ့​အခါ တံငါသည်​လေး​ယောက်ကို တွေ့​တော့ ‘ကျွန်တော့်​နောက် လိုက်ခဲ့​ပါ။ ခင်ဗျား​တို့​ကို လူ​ဖမ်း​တဲ့ တံငါသည်​တွေ ဖြစ်စေ​မယ်’ တဲ့။ သူတို့က ပေတရု၊ အန္ဒြေ၊ ယာကုပ်နဲ့ ယောဟန်​ပဲ။ တံငါ​လုပ်ငန်းကို သူတို့ ချက်ချင်း​ထားခဲ့​ပြီး ယေရှု​နောက် လိုက်သွား​ကြတယ်။ ဂါလိလဲနယ်တစ်လျှောက် ယေဟောဝါရဲ့ နိုင်ငံ​တော်​အကြောင်း ဟောပြော​ကြ​တ​ယ်။ တရားဇရပ်​တွေ၊ စျေး​တွေ၊ လမ်းဆုံ​လမ်းဝ​တွေမှာ သူတို့ ဟော​ကြ​တ​ယ်။ သွား​လေ​ရာမှာ လူအုပ်ကြီး လိုက်​လာတယ်။ ယေရှုရဲ့​သတင်း​က ဆီးရီးယား​ပြည်​အထိ​တောင် ပျံ့နှံ့​သွားတယ်။

နောက်ပိုင်းမှာ ယေရှုက တပည့်​တချို့ကို ရောဂါ​ကုပေး​နိုင်​ဖို့၊ နတ်ဆိုး​တွေကို နှင်ထုတ်ပေးနိုင်ဖို့ တန်ခိုး​ပေးတယ်။ ယေရှုနဲ့ တပည့်​တွေဟာ တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ သွားဟောတယ်။ ယေရှုနဲ့ နောက်လိုက်​တွေကို ကျွေးမွေးပြုစု​ဖို့ မာဂဒလမာရိ၊ ယောဟန္န၊ ရှုရှန္န​တို့​အပြင် တခြားအမျိုးသမီးတွေ​လည်း လိုက်​သွား​ကြ​တ​ယ်။

ယေရှုက တပည့်​တွေကို လေ့ကျင့်ပေး​ပြီးနောက် ဟောပြော​ဖို့ စေလွှတ်လိုက်တယ်။ ဂါလိလဲနယ်​မှာ သူတို့ သွား​ဟော​တဲ့အခါ လူအတော်များများ တပည့်ဖြစ်​လာပြီး နှစ်ခြင်းခံကြတယ်။ တပည့်ဖြစ်​ချင်​သူတွေ များ​လွန်း​လို့ ယေရှုက ရိတ်​စရာ​စပါး အများကြီး​ရှိတယ်လို့​ပြောပြီး ‘လုပ်သားတွေ စေလွှတ်​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ကြပါ’ တဲ့။ ပြီးတော့ တပည့်​တွေထဲက လူ ၇၀ ကို​ရွေး​ပြီး ယုဒပြည်​တစ်ဝန်း သွား​ဟောပြော​ဖို့ နှစ်ယောက်​စီ လွှတ်လိုက်​တ​ယ်။ လူအမျိုးမျိုး​ကို နိုင်ငံ​တော်​အကြောင်း သူတို့ ဟော​ကြ​တ​ယ်။ တပည့်​တွေ ပြန်ရောက်​လာတဲ့အခါ ဖြစ်ပျက်​ခဲ့​သမျှ​အားလုံး ယေရှုကို ဝမ်းသာအားရ ပြောပြ​ကြ​တ​ယ်။ မဟောပြော​ဖို့ မာရ်နတ် မတားဆီး​နိုင်​ပါဘူး။

ယေရှု ကောင်းကင်​ကို ပြန်​တက်​သွားပြီးနောက် ဒီ​အရေးကြီးတဲ့​အလုပ်ကို တပည့်တွေ ဆက်လုပ်​နိုင်​ဖို့ သေသေချာချာ စီစဉ်​ပေးခဲ့တယ်။ ‘သတင်းကောင်းကို မြေကြီး​တစ်ပြင်လုံး​မှာ ဟော​ကြ။ လူတွေကို တရားစကားတော် သွန်သင်ပေး​ပြီး နှစ်ခြင်းပေး​ကြ’ လို့ တာဝန်ပေးခဲ့တယ်။

“ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြား​မြို့ရွာ​တွေမှာလည်း ဟောရဦးမယ်။ အဲဒီ​အတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ။”—လုကာ ၄:၄၃