မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇၉

ယေရှု အံ့ဩစရာတွေ လုပ်ပြ

ယေရှု အံ့ဩစရာတွေ လုပ်ပြ

ယေရှု မြေကြီး​ပေါ်​ကို ဆင်း​လာ​တာ​က ဘုရားနိုင်ငံတော်​အကြောင်း ဟော​ဖို့​ပဲ။ ယေရှု အံ့ဩစရာ​တွေ လုပ်ပြ​နိုင်အောင် ယေဟောဝါ စွမ်းအားတော် ပေးတယ်။ ယေရှု ဘုရင်ဖြစ်လာတဲ့အခါ ဘာတွေ​လုပ်ပေး​မယ် ဆိုတာ​ကို သိ​စေဖို့​ဖြစ်တယ်။ ဘယ်​ရောဂါ​မဆို သူကုပေး​နိုင်တယ်။ ဘယ်​ကိုပဲ​သွား​သွား လူနာ​တွေကို ရောဂါ​ပျောက်စေ​တ​ယ်။ မျက်မမြင်​တွေ မြင်​လာတယ်၊ နားပင်း​သူတွေ ကြား​လာတယ်၊ လေဖြတ်​နေ​သူတွေ ပြန်​လှုပ်ရှား​နိုင်တယ်၊ နတ်ဆိုးစွဲ​သူတွေ​လည်း လွတ်မြောက်​လာကြတယ်။ ယေရှုရဲ့ အဝတ်​ကို ထိ​ရုံ​နဲ့ ရောဂါ ပျောက်ကုန်​ကြ​တ​ယ်။ ဒါကြောင့် လူတွေဟာ ယေရှု​နောက် တကောက်​ကောက် လိုက်ကြတော့တယ်။ ယေရှုဟာ နားချ​င်​ရင်တောင် လူတွေကို ပြန်​မလွှတ်​ရက်​ဘူး။

တစ်ကြိမ်​မှာ လူတွေ​က လေဖြတ်​နေ​သူ​တစ်ယောက်​ကို ယေရှု​တည်းနေ​တဲ့​အိမ်ဆီ ခေါ်လာတယ်။ ဒါပေမဲ့ အိမ်​ထဲမှာ လူတွေ​ပြည့်ကျပ်​နေလို့ ဝင်လို့​မရဘူး။ ဒါနဲ့ ခေါင်မိုး​ကို​ဖောက်ပြီး ယေရှု အရှေ့ လူနာကို ချ​ပေးတယ်။ ယေရှုက ‘ထပြီး လမ်းလျှောက်​ပါ’ လို့ပြော​လိုက်တာ​နဲ့ လူနာ​ထပြီး လမ်း​လည်း​လျှောက်သွားရော အားလုံး အံ့သြ​ကုန်​ကြ​တ​ယ်။

တစ်ကြိမ်​မှာလည်း၊ ယေရှု ရွာ​တစ်ရွာ​သွား​နေတုန်း နူနာစွဲသူ ၁၀ ယောက်​က အဝေးက​နေ ‘ယေရှု၊ ကူညီပေး​ပါ’ လို့ အော်​ပြောတယ်။ အဲဒီခေတ်​တုန်းက နူနာသည်​တွေဟာ လူတွေ​အနား​ကို သွား​ခွင့်​မရှိဘူး။ ယေရှုက နူနာသည်​တွေကို ဗိမာန်တော်​ဆီ သွား​ခိုင်း​တ​ယ်။ ရောဂါ​ပျောက်​တဲ့အခါ ဗိမာန်တော်​ဆီ သွားရမယ်​ဆိုပြီး ယေဟောဝါရဲ့ ပညတ်​မှာ ပြောထားတယ်။ အဲဒီ​ကို သူတို့​သွား​နေတုန်း ရောဂါ​ပျောက်​သွားတယ်။ ဒါကို သိတော့ ကျေးဇူးတင်စကား​ပြော​ဖို့၊ ဘုရားသခင်ကို​ချီးမွမ်း​ဖို့ နူနာသည်​တစ်ယောက် ယေရှုဆီ ပြန်လာ​တ​ယ်။

အမျိုးသမီး​တစ်ယောက်​ဟာ ၁၂ နှစ်​လုံးလုံး ရောဂါ​ခံစားနေရ​လို့ ရောဂါ သိပ်​ပျောက်ချင်တဲ့​အတွက် လူအုပ်​ကြား​ထဲ​ဝင်​ပြီး ယေရှုရဲ့ ဝတ်လုံအမြိတ်​ကို တို့လိုက်​တ​ယ်။ ချက်ချင်း​ပဲ သူ့​ရောဂါ ပျောက်​သွား​ရော။ ယေရှုက ‘ကျွန်တော့်ကို ဘယ်သူ​တို့​သလဲ’ လို့​မေး​တော့ အဲဒီ အမျိုးသမီး​က ကြောက်​အား​လန့်​အား​နဲ့ ရှေ့​ထွက်လာ​ပြီး အမှန်အတိုင်း ဝန်ခံ​တ​ယ်။ ယေရှုက ‘သမီး၊ စိတ်အေးလက်အေးသာ ပြန်​ပါ​တော့’ လို့ နှစ်သိမ့်​ပေးတယ်။

ယာအိရု​လို့ခေါ်တဲ့ တရားဇရပ်​မှူး​က ယေရှုဆီ​လာပြီး ‘ကျွန်တော့်​အိမ်​ကို လိုက်လာပါ။ သမီးလေး အသည်းအသန် ဖျားနေ​လို့​ပါ’ ဆိုပြီး အသနားခံ​တ​ယ်။ ဒါပေမဲ့ ယေရှု​မရောက်ခင်မှာဘဲ ကလေးမ​လေး ဆုံး​သွားတယ်။ ယေရှု​ရောက်​သွားတဲ့​အခါ ငိုကြွေး​နေတဲ့ မိသားစုနဲ့ လူတွေကို တွေ့​လိုက်ရတယ်။ ဒါနဲ့ ယေရှုက ‘မ​ငို​ကြပါ​နဲ့။ သူ အိပ်​နေ​တာပါ’ လို့​ပြောပြီး သူ့​လက်​ကို​ကိုင်​ရင်း ‘သမီးလေး၊ ထ​ပါ’ ဆိုပြီး​ပြောတာ​နဲ့ သူ ချက်ချင်း ထ​လာတယ်။ ကလေးမ​ကို စားစရာ​တစ်ခုခု​ကျွေး​ပါ​လို့ မိဘတွေ​ကို ယေရှု ပြောတယ်။ မိဘတွေ ဘယ်လောက် ဝမ်းသာ​လိုက်​မလဲ။

“ဘုရား​သခင်က သူ့ကို သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ပြီး တန်ခိုး​ပေးတယ်။ သူနဲ့​အတူ ဘုရားသခင်​ရှိတဲ့​အတွက် သူဟာ တစ်ပြည်လုံး လှည့်လည်​ရင်း ကောင်းမှုတွေပြုပြီး မာရ်နတ်ညှဉ်းဆဲတဲ့သူတွေကို ပြန်ကျန်းမာ​လာအောင် လုပ်ပေးခဲ့တယ်။” —တမန်တော် ၁၀:၃၈