မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၈၄

ယေရှု ရေပေါ် လမ်းလျှောက်

ယေရှု ရေပေါ် လမ်းလျှောက်

ယေရှုဟာ လူနာ​တွေကို ရောဂါ​ကုပေး၊ လူသေ​တွေကို ထမြောက်​ပေးနိုင်တဲ့အပြင် လေနဲ့မိုးကိုပါ ထိန်းချုပ်​နိုင်တယ်။ ဆုတောင်းပြီး​နောက် တောင်ပေါ်​က​နေ ဂါလိလဲ​အိုင်​ကို ကြည့်လိုက်တဲ့​အခါ မုန်တိုင်း​ဖြစ်​နေတာကို ယေရှု တွေ့​လိုက်​တော့ တောင်​အောက်ဆင်း​ပြီး လှေကို​မနည်း​ထိန်း လှော်ခတ်​နေကြ​တဲ့ တမန်တော်​တွေဆီ ရေ​ပေါ်​လမ်းလျှောက် သွားတယ်။ လူတစ်ယောက် ရေ​ပေါ်​လမ်းလျှောက်​ပြီး သူတို့​ဆီ​လာ​နေတာကို တွေ့​လိုက်လို့ တမန်တော်​တွေ လန့်​သွား​ကြ​တ​ယ်။ ဒီ​အခါ ယေရှုက ‘ကျွန်တော်​ပါ။ မကြောက်​ကြပါ​နဲ့’ လို့ ပြောတယ်။

ပေတရု​က ‘သခင်၊ တကယ်ပဲ သခင်​ဟုတ်​တယ်ဆိုရင် ကျွန်တော် သခင့်​ဆီလာဖို့ အမိန့်ရှိပါ’ လို့ ပြော​တော့ ပေတရု​ကို ယေရှုက ‘လာ​ခဲ့​ပါ’ တဲ့။ ဒါနဲ့ ပေတရု​ဟာ မုန်တိုင်းထန်​နေတဲ့​ကြား​က လှေ​ပေါ်ကနေ ဆင်း​ပြီး ယေရှုဆီ ရေ​ပေါ် လမ်းလျှောက်​သွားတယ်။ အနား​ရောက်​တော့မှ မုန်တိုင်းထန်​နေတာကို ပေတရု ကြည့်​လိုက်​တော့ ကြောက်စိတ်​ဝင်​ပြီး နစ်​တော့​မလို ဖြစ်သွားတဲ့အခါ ‘သခင်၊ ကယ်​ပါ​ဦး’ လို့​အော်​လိုက်တယ်။ ယေရှုက သူ့ကို​လှမ်းဆွဲ​လိုက်​ပြီး ‘ယုံကြည်ခြင်း​နည်း​တဲ့​သူ၊ ဘာ​လို့ သံသယဝင်တာ​လဲ’ လို့ ပြောတယ်။

ယေရှုနဲ့​ပေတရု လှေ​ပေါ်​တက်​တာနဲ့ မုန်တိုင်း​ငြိမ်​သွားတယ်။ တမန်တော်​တွေ ဘယ်လို​နေ​မလဲဆိုတာ စဉ်းစား​ကြည့်။ သူတို့က “သခင်​ဟာ တကယ်ပဲ ဘုရားသခင်ရဲ့​သား​ပါ” လို့ပြောကြတယ်။

ရာသီဥတု​ကို ဒီ​တစ်ကြိမ်​ပဲ ယေရှု ထိန်းချုပ်​တာ မဟုတ်ဘူး။ တစ်ခါ​မှာ ယေရှုနဲ့ တမန်တော်တွေ အိုင်​တစ်ဖက်​ကမ်း​ကို ရွက်လွှင့်​သွား​နေတုန်း လှေ​ပဲ့ပိုင်း​မှာ ယေရှု အိပ်ပျော်​နေတယ်။ အဲဒီအခါ လေပြင်း​မုန်တိုင်း တိုက်ခတ်​လာပြီး လှေ​ထဲ ရေ​ဝင်​လာ​လို့ လှေ​နစ်​တော့​မလို ဖြစ်သွား​တော့ တမန်တော်​တွေ​က ယေရှုကို လာ​နှိုး​ပြီး “ဆရာ၊ ကျွန်တော်တို့ သေ​တော့မယ်၊ ကယ်​ပါ​ဦး” လို့ အကူအညီတောင်း​တ​ယ်။ ဒါနဲ့ ယေရှု ထပြီး လှိုင်း​နဲ့​လေ​ကို “တိတ်ဆိတ်​ငြိမ်သက်စေ” ဆိုပြီး အမိန့်ပေး​တဲ့အခါ မုန်တိုင်း​စဲ​ပြီး ငြိမ်​သွားတယ်။ ယေရှုက ‘ခင်ဗျား​တို့ရဲ့ ယုံကြည်ခြင်း ဘယ်​ရောက်​သွား​သလဲ’ လို့​မေးတယ်။ ‘လှိုင်း​နဲ့​လေ​တောင် သူ့​စကားကို နားထောင်ပါ​လား’ လို့ အချင်းချင်း ပြော​ကြ​တ​ယ်။ ယေရှုကို အပြည့်အဝ ယုံကြည်ကိုးစား​ရင် ဘာကို​မှ ကြောက်စရာ​မလို​မှန်း တမန်တော်​တွေ သိသွား​ကြ​တ​ယ်။

“သက်ရှိလောက​မှာ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်း​ကို ခံစားရ​မှာပါ​ဆိုတဲ့ ယုံကြည်ချက်​သာ မရှိ​ခဲ့ရင် ကျွန်တော် ဘယ်​ဆီ​ကို​များ ရောက်နေ​မလဲ။”—ဆာလံ ၂၇:၁၃