သင်ခန်းစာ ၈၆
ယေရှုက လာဇရုကို အသက်ပြန်ရှင်လာစေ
ဗေသနိရွာမှာ ယေရှုနဲ့ သိပ်ရင်းနှီးတဲ့ မိတ်ဆွေသုံးယောက်ရှိတယ်။ သူတို့ဟာ မောင်နှမတွေဖြစ်တဲ့ လာဇရု၊ မာရိနဲ့ မာသတို့ပဲ။ တစ်နေ့၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှာ ယေရှု ရှိနေတုန်း ဒီသတင်းရတယ်– ‘လာဇရု အရမ်းဖျားနေလို့ ကျေးဇူးပြုပြီး အမြန်ဆုံးလာပါ’ တဲ့။ ယေရှု ချက်ချင်းမသွားဘဲ နှစ်ရက်ကြာမှ တပည့်တွေကို ‘ဗေသနိရွာကို သွားကြရအောင်။ လာဇရု အိပ်ပျော်သွားပြီ။ သူ့ကိုနှိုးဖို့ သွားရအောင်’ တဲ့။ တမန်တော်တွေက ‘လာဇရု အိပ်ပျော်သွားပြီဆိုတော့ သက်သာမှာပါ’ လို့ပြောတယ်။ ဒါနဲ့ ယေရှုက ‘လာဇရု ဆုံးသွားပြီ’ လို့ ရိုးရိုးလေး ပြောတယ်။
ဗေသနိရွာကို ယေရှုရောက်လာချိန်မှာ လာဇရုကို သင်္ဂြိုဟ်ပြီးတာ လေးရက်ရှိနေပြီ။ ဂျူးအတော်များများက မာသနဲ့မာရိကို နှစ်သိမ့်ပေးဖို့ ရောက်နေကြတယ်။ ယေရှုရောက်နေမှန်း မာသကြားတဲ့အခါ ချက်ချင်းသွားတွေ့ပြီး “သခင်၊ သခင်သာ ဒီမှာရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာမဟုတ်ဘူး” လို့ပြောတယ်။ ယေရှုက ‘ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်။ ယုံသလား’ လို့မေးတော့ မာသက ‘ရှင်ပြန်ထမြောက်ရာကာလမှာ သူ အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မသိပါတယ်’ လို့ဖြေတယ်။ ယေရှုက ‘ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေသူပဲ’ လို့ ပြောတယ်။
အဲဒီနောက် မာသက မာရိဆီသွားပြီး ‘ယေရှုရောက်လာပြီ’ လို့ ပြောတယ်။ ယေရှုဆီ မာရိ သွားတဲ့အခါ လူအုပ်လည်း လိုက်လာတယ်။ ယေရှုခြေရင်းမှာ မာရိပျပ်ဝပ်ပြီး ငိုနေတော့တယ်။ ပြီးတော့ ‘သခင်သာရှိရင် ကျွန်မမောင် သေမှာမဟုတ်ဘူး’ လို့ပြောတယ်။ ဝမ်းနည်းနေတဲ့ မာရိကို ယေရှုမြင်ပြီး မျက်ရည်ကျတယ်။ ယေရှု မျက်ရည်ကျတာကို လူအုပ်မြင်တဲ့အခါ ‘လာဇရုကို ယေရှု တော်တော်ချစ်တာပဲ’ လို့ ပြောကြတယ်။ တချို့ကျတော့ ‘သူ့မိတ်ဆွေကို ဘာလို့မကယ်ပါလိမ့်’ ဆိုပြီး စဉ်းစားနေကြတယ်။ ယေရှု ဘာဆက်လုပ်မလဲ။
ကျောက်တုံးနဲ့ ပိတ်ထားတဲ့ သင်္ချိုင်းဂူဝကို ယေရှုရောက်တဲ့အခါ ‘ကျောက်တုံးကို ဖယ်လိုက်ပါ’ လို့ပြောတော့ မာသက ‘သူသေတာ လေးရက်တောင် ရှိပြီ၊ အခု နံနေလောက်ပြီ’ လို့သတိပေးတယ်။ ဒါပေမဲ့လည်း ကျောက်တုံးကို လှိမ့်ဖယ်လိုက်ကြတယ်။ ဒီနောက် ယေရှုက ‘အဖ၊ ကျွန်တော်ပြောတာကို နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ပြောတာကို အဖ အမြဲနားထောင်ပေးမှန်း သိပါတယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို အဖစေလွှတ်လိုက်မှန်း ဒီလူတွေ သိရအောင် အသံကျယ်ကျယ်နဲ့ ဆုတောင်းရတာပါ’ လို့
ပြောပြီးနောက် ‘လာဇရု၊ ထွက်လာခဲ့’ ဆိုပြီး အကျယ်ကြီး အော်ခေါ်လိုက်တယ်။ အဲဒီအခါ တကယ်အံ့သြစရာ မြင်လိုက်ကြတယ်။ လာဇရုဟာ ဂူထဲကနေ ခြေလက်တွေရော မျက်နှာမှာပါ အဝတ်တွေ ပတ်စည်းလျက်သား ထွက်လာတယ်။ ယေရှုက ‘သူသွားလို့ရအောင် အဝတ်တွေ ဖြေပေးလိုက်ပါ’ လို့ပြောတယ်။ဒါကိုတွေ့တဲ့ လူအတော်များများ ယေရှုကို ယုံကြည်လာကြတယ်။ တချို့ကတော့ အဲဒီအကြောင်းကို ဖာရိရှဲတွေဆီ သွားပြောတယ်။ အဲဒီအချိန်ကစပြီး ဖာရိရှဲတွေက ယေရှုနဲ့ လာဇရုကို သတ်ဖို့ ကြံစည်ကြတယ်။ တမန်တော် ၁၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ယုဒရှကာရုတ်က ဖာရိရှဲတွေဆီ ခိုးကြောင်ခိုးဝှက်သွားပြီး ‘ယေရှုကို ခင်ဗျားတို့လက်ထဲအပ်ရင် ဘယ်လောက်ပေးမလဲ’ ဆိုပြီးမေးတယ်။ ငွေပြား ၃၀ ပေးမယ်လို့ ကတိပေးတယ်။ အဲဒီနေ့ကစပြီး ယုဒဟာ ယေရှုကို ဖာရိရှဲတွေဆီအပ်ဖို့ အခွင့်ကောင်းရှာနေတော့တယ်။
“စစ်မှန်တဲ့ ဘုရားသခင်ဟာ ငါတို့ကိုကယ်တင်တဲ့ ဘုရားသခင်ပဲ။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက သေခြင်းကနေ လွတ်မြောက်စေတဲ့လမ်းကို ပြင်ဆင်ပေးတယ်။” —ဆာလံ ၆၈:၂၀