မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၈၉

ယေရှုကို ပေတရု ငြင်းပယ်

ယေရှုကို ပေတရု ငြင်းပယ်

ယေရှုဟာ တမန်တော်​တွေနဲ့ အထက်ခန်း​မှာ​ရှိနေတုန်း ‘ကျွန်တော့်ကို ခင်ဗျား​တို့ ဒီည စွန့်ပစ်ကြလိမ့်မယ်’ လို့ပြော​တော့ ပေတရု​က ‘တခြားသူတွေ စွန့်ပစ်​ရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှ မစွန့်ပစ်​ဘူး’ တဲ့။ ယေရှုက ‘ကြက်မ​တွန်​ခင် ကျွန်တော့်ကိုမသိဘူးလို့ ခင်ဗျား သုံးကြိမ်​ငြင်း​လိမ့်မယ်’ လို့ ပေတရု​ကို ပြောခဲ့တယ်။

ယေရှုကို ကယာဖ​ရဲ့​အိမ်​ဆီ ဖမ်းခေါ်​သွားတဲ့​အခါ တမန်တော်​အများစု ထွက်ပြေး​ကြတယ်။ နှစ်ယောက်​က​တော့ လူအုပ်နဲ့ လိုက်​သွားတယ်။ တစ်ယောက်က ပေတရု​ပဲ။ ကယာဖ​အိမ်ခြံဝင်းထဲ သူ​ဝင်​သွားပြီး မီးလှုံ​နေတဲ့​အခါ အစေခံ​မ​လေး​က ပေတရု​ကို မြင်သွားပြီး ‘ရှင့်​ကို ကျွန်မ​သိတယ်။ ရှင်​က ယေရှုနဲ့​တစ်ဖွဲ့​တည်း​ပဲ’ လို့ပြောတယ်။

အဲဒီအခါ ပေတရု​က ‘မဟုတ်ဘူး။ မင်း ဘာတွေ​ပြော​နေ​တာလဲ’ ဆိုပြီး ဂိတ်တံခါး​ဘက် ထွက်​သွားတယ်။ အစေခံမလေး​နောက်​တစ်ယောက် သူ့ကို တွေ့​ပြီး ‘ဒီ​လူ​ဟာ ယေရှုနဲ့​တစ်ဖွဲ့တည်းပဲ’ လို့ ပြောပြ​န်​ရော။ ပေတရု​က ‘ယေရှုကို သိတောင်မသိဘူး’ လို့ ပြန်ဖြေ​တ​ယ်။ လူတစ်ယောက်​ကလည်း ‘မင်း​က အဲဒီအဖွဲ့က တစ်ယောက်​ပဲ။ မင်း​ရဲ့ လေသံ​က ယေရှု​လို ဂါလိလဲနယ်​သား​ဖြစ်မှန်း သိနိုင်တယ်’ လို့ပြော​တဲ့အခါ ပေတရုက ‘ငါ သူ့ကို မသိ​ဘူး’ လို့​ပြောပြီး ကျိန်ဆို​တ​ယ်။

အဲဒီအချိန်​မှာပဲ ကြက်တွန်​ပါ​လေ​ရော။ ယေရှု သူ့ကို​လှည့်ကြည့်​လိုက်တာ ပေတရု မြင်​သွားတဲ့​အခါ ယေရှု​စကားကို သတိရ​ပြီး အပြင်ထွက်၊ ရှိုက်ကြီးတငင် ငို​တော့​တာပဲ။

အဲဒီ​အတောအတွင်း၊ ကယာဖ​ရဲ့ အိမ်​ခြံဝင်း​ထဲမှာ ဂျူး​တရားရုံးချုပ်​အဖွဲ့​ဟာ ယေရှုကို စစ်ဆေး​နေတယ်။ ယေရှုကို သတ်ဖို့ သူတို့ ဆုံးဖြတ်ပြီး​ပြီ။ အခု အကြောင်းပြချက် ရှာနေကြတယ်။ ဒါပေမဲ့ ဘာအကြောင်း​ပြချက်​မှ ရှာ​မ​တွေ့​ဘူး။ နောက်ဆုံး​တော့၊ ကယာဖ​က ယေရှုကို ‘မင်းဟာ ဘုရား​သား​လား’ လို့ တိုက်ရိုက် မေးလိုက်​တ​ယ်။ ယေရှုက ‘ဟုတ်​တ​ယ်’ လို့​ပြန်ဖြေ​တော့ ကယာဖ​က ‘ဘာ​သက်သေ​မှ မလို​တော့ဘူး။ ဒါဟာ ဘုရားကို​စော်ကား​တာပဲ’ လို့ပြောတယ်။ တရားရုံး​က ‘ဒီ​လူသေ​ထိုက်​တ​ယ်’ လို့ စီရင်ချက်ချ​တ​ယ်။ ယေရှုကို တံတွေး​နဲ့ ထွေး​တ​ယ်၊ မျက်နှာ​ကို​အုပ်​ပြီး လက်သီး​နဲ့​ထိုး၊ ပါးရိုက်​တဲ့အပြင် ‘မင်း​က ပရောဖက်​မှန်​ရင် မင်း​ကို ဘယ်သူ​ရိုက်​သလဲ၊ ပြော​စမ်း​ပါ’ လို့​လှောင်​ကြ​တ​ယ်။

နောက်​တစ်နေ့​မှာ ယေရှုကို ဂျူး​တရားရုံးချုပ်​ကို ခေါ်လာ​ပြီး ‘မင်းဟာ ဘုရား​သားလား’ လို့ထပ်​မေး​ပြန်​တ​ယ်။ ယေရှုက ‘ခင်ဗျား​ပြောတဲ့​အတိုင်း မှန်တယ်’ လို့​ပြန်ဖြေ​တ​ယ်။ ဒါနဲ့ ဘုရားကို​စော်ကားပြောဆို​တ​ယ်​ဆိုတဲ့ စွပ်စွဲချက်​နဲ့ ရောမ​ဘုရင်ခံ ပုန္တိပိလတ်​ရဲ့ နန်းတော်​ဆီ ခေါ်သွားတယ်။ ဘာ​ဆက်​ဖြစ်သလဲ။ ကြည့်ရ​အောင်။

“ခင်ဗျား​တို့ ကျွန်တော့်ကို တစ်ယောက်တည်း ပစ်ထား​ပြီး ကိုယ့်​အိမ်​ကိုယ် တ​ကွဲ​တ​ပြား ထွက်ပြေး​မယ့်​အချိန် ရောက်​တော့မယ်။ တကယ်တော့ အဲဒီအချိန်​ဟာ အခု​ပဲ ရောက်နေ​ပြီ။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အဖဘုရား​က ကျွန်တော်​နဲ့အတူ ရှိတယ်။”—ယောဟန် ၁၆:၃၂