မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၀

ဂေါလဂေါသအရပ်မှာ ယေရှု သေဆုံး

ဂေါလဂေါသအရပ်မှာ ယေရှု သေဆုံး

ပုရောဟိတ်မင်း​တွေဟာ ယေရှုကို ဘုရင်ခံ​နန်းတော်​ဆီ ခေါ်လာ​တ​ယ်။ ပိလတ်​က ‘ဒီ​လူကို ဘာ​အတွက် တရားစွဲ​တာလဲ’ လို့​မေး​တော့ သူတို့က ‘သူ့ကိုယ်သူ ဘုရင်​ဆိုပြီး ပြော​လို့​ပါ’ လို့ပြောတယ်။ ပိလတ်​က ယေရှုကို ‘မင်းဟာ ဂျူး​တွေရဲ့ ဘုရင်​လား’ လို့​မေး​တော့ ယေရှုက ‘ကျွန်တော့်​နိုင်ငံ​ဟာ ဒီလောက​နဲ့ မသက်ဆိုင်​ဘူး’ လို့​ပြန်ဖြေ​တ​ယ်။

ဒါနဲ့ ပိလတ်​က ယေရှုဆီ​မှာ အပြစ်ရှိ​မရှိ သိနိုင်ဖို့ ဂါလိလဲပြည်​ရဲ့ ဘုရင်ခံ ဟေရုဒ်မင်း​ဆီ ပို့လိုက်တယ်။ ဟေရုဒ်​ဟာ ယေရှုဆီ​မှာ အပြစ်​မ​တွေ့​လို့ ပိလတ်​ဆီ ပြန်ပို့​တ​ယ်။ ဒါနဲ့ ပိလတ်​က လူတွေကို ‘ငါ​ရော ဟေရုဒ်​ပါ ဒီ​လူ့​မှာ အပြစ်​မ​တွေ့​ဘူး။ သူ့ကို လွှတ်လိုက်​မယ်’ လို့ပြော​တော့ လူအုပ်​က ‘သူ့ကို သတ်​လိုက်၊ သတ်​လိုက်’ လို့အော်ဟစ်​ကြ​တ​ယ်။ စစ်သားတွေ​က ယေရှုကို ကျာပွတ်​နဲ့ ရိုက်၊ တံ​ထွေး​နဲ့​ထွေး​ပြီး လက်သီး​နဲ့ ထိုး​ကြ​တ​ယ်။ ယေရှု​ခေါင်း​ပေါ် ဆူး​နဲ့​လုပ်​ထားတဲ့ သရဖူ​ကို ဆောင်း​ပေးပြီး ‘ဂျူး​တို့ရဲ့​ဘုရင်၊ မင်္ဂလာ​ပါ’ လို့​လှောင်ပြောင်​ကြ​တ​ယ်။ ပိလတ်​က ‘ဒီလူ့မှာ ဘာ​အပြစ်​မှ မ​တွေ့​ဘူး’ လို့​ထပ်ပြော​ပေ​မဲ့ လူအုပ်​က ‘သူ့ကို သစ်တိုင်​ပေါ် တင်​လိုက်ပါ’ လို့​အော်ပြော​ကြ​တ​ယ်။ ပိလတ်​လည်း ယေရှုကို ကွပ်မျက်​ဖို့ အပ်​လိုက်ရ​တော့​တ​ယ်။

သူတို့ဟာ ယေရှုကို ဂေါလဂေါသ​အရပ်​ကို ခေါ်​သွားတယ်။ သစ်တိုင်​မှာ သူ့ကို သံ​နဲ့​ရိုက်​ပြီး သစ်တိုင်​ကို ထောင်​လိုက်တယ်။ ယေရှုက “အဖ၊ သူတို့ကို ခွင့်လွှတ်​ပါ။ သူတို့​ဘာ​လုပ်​နေမှန်း သူတို့​မ​သိ​ကြဘူး” လို့ ဆုတောင်း​တ​ယ်။ လူတွေ​က ‘မင်းဟာ ဘုရား​သား​မှန်​ရင် သစ်တိုင်​ပေါ်ကနေ ဆင်း​လာ​လေ။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်​ပါ​လား’ လို့ ယေရှုကို လှောင်​ကြ​တ​ယ်။

ယေရှု​ဘေးနား​က ရာဇဝတ်သား​တစ်ယောက်က​တော့ ‘နိုင်ငံ​တော်​ရောက်တဲ့​အခါ ကျွန်တော့်ကို သတိရပါ’ လို့ပြောတယ်။ ယေရှုက ‘ခင်ဗျား​ဟာ ကျွန်တော်​နဲ့အတူ ပရဒိသုမှာ ရှိမယ်’ လို့ ကတိ​ပေးတယ်။ နေ့ခင်း​ကြောင်​တောင်​အချိန်​မှာ တစ်ပြည်လုံး သုံးနာရီ​ကြာ​တဲ့​အထိ အမှောင်​ကျ​သွား​တော့​တ​ယ်။ ယေရှု​မိခင် မာရိ အပါအဝင် တပည့်​တချို့ဟာ သစ်တိုင်​အနီး​မှာ ရပ်​နေကြတယ်။ ယေရှုဟာ မိခင်​မာရိ​ကို စောင့်ရှောက်​ပေးဖို့ ယောဟန်​လက်ထဲ အပ်​လိုက်တယ်။

ဒီ​နောက် ယေရှုက ‘အဖ​ခိုင်း​သမျှ ကျွန်တော်​လုပ်ပြီး​ပါ​ပြီ’ လို့​ပြောပြီး ခေါင်းငိုက်စိုက်ကျ သေဆုံးသွားတယ်။ အဲဒီ​အခါ အင်အား​ပြင်းထန်တဲ့ ငလျင်ကြီး​လှုပ်​တ​ယ်။ ပြီးတော့ ဗိမာန်တော်ရဲ့ သန့်ရှင်း​ရာ​အခန်း​နဲ့ အသန့်ရှင်းဆုံး​အခန်း​ကြား​က ကန့်လန့်ကာ​ကြီး နှစ်ခြမ်းကွဲသွားတယ်။ ဒီ​အခါ ယေရှုကို စောင့်ကြပ်​နေတဲ့ တပ်မှူး​တစ်ယောက်က ‘သေချာ​တ​ယ်၊ သူဟာ ဘုရား​သခင်ရဲ့သား​ပဲ’ လို့ပြောတယ်။

“ဘုရားသခင်ရဲ့ ကတိတော်​တွေ ဘယ်လောက်​ပဲ များ​ပါစေ ခရစ်တော်အားဖြင့် ဟုတ်မှန်​ရာ ဖြစ်လာတယ်။”—၂ ကောရိန္သု ၁:၂၀