မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၁

ယေရှု ရှင်ပြန်ထမြောက်လာ

ယေရှု ရှင်ပြန်ထမြောက်လာ

ယေရှု​သေပြီး​နောက် သူဌေး​ယောသပ်​ဟာ ယေရှု​အလောင်း​ကို သစ်တိုင်​ပေါ်ကနေ ယူသွား​ဖို့ ပိလတ်​ဆီမှာ ခွင့်တောင်း​တ​ယ်။ ယောသပ်​ဟာ ယေရှု​အလောင်း​ကို အမွေး​နံ့သာ​တွေ​လိမ်းကျံ၊ ပိတ်ချော​နဲ့ ပတ်ရစ်​ပြီး သင်္ချိုင်းဂူ​အသစ်​ထဲ ထည့်​လိုက်တယ်။ ကျောက်တုံး​ကြီး​နဲ့ ဂူ​ဝ​ကို ပိတ်ထားတယ်။ ပုရောဟိတ်ကြီး​တွေ​က ‘ယေရှု​တပည့်​တွေ အလောင်း​ခိုး​ပြီး ယေရှု​ထမြောက်ပြီလို့ ပြော​နေမယ်’ လို့ ပြော​ကြ​တော့ ပိလတ်​က ‘ဂူ​ဝ​မှာ အစောင့်​ထား’ ဖို့ ခွင့်ပြုတယ်။

သုံးရက်ကြာ​တော့ မနက်စောစော​မှာ သင်္ချိုင်းဂူ​ကို​သွားတဲ့ အမျိုးသမီး​တချို့ဟာ ကျောက်တုံး​ကြီး​ကို လှိမ့်ဖယ်​ထားတာ တွေ့​လိုက်တယ်။ ဂူ​ထဲ​ဝင်ကြည့်​တော့ ကောင်းကင်တမန်​တစ်ပါး​က ‘မကြောက်​ပါနဲ့။ ယေရှု ထမြောက်​ပြီ။ သူ့ကို ဂါလိလဲနယ်​မှာ သွား​တွေ့​ဖို့ တပည့်​တွေကို ပြောလိုက်​ပါ’ ဆိုပြီး အမျိုးသမီးတွေ​ကို မှာ​တ​ယ်။

မာဂဒလမာရိ​လည်း ပေတရု​နဲ့ ယောဟန်ဆီ မြန်မြန်​သွားပြီး ‘ယေရှု​အလောင်း မရှိတော့ဘူး’ လို့ပြောတယ်။ ပေတရု​နဲ့ ယောဟန်​လည်း သင်္ချိုင်းဂူ​ကို ပြေး​သွား​ကြည့်တယ်။ ဂူ​ထဲမှာ ဘာမှ​မ​ရှိတာ​မြင်​တော့ ပြန်သွား​ကြ​တ​ယ်။

သင်္ချိုင်းဂူ​ကို မာရိ​ပြန်ရောက်​တော့ အထဲ​မှာ ကောင်းကင်တမန်​နှစ်ပါး​ကို တွေ့​ပြီး ‘ကျွန်မ​သခင်​ကို သူတို့​ဘယ်​ယူသွား​မှန်း မသိ​ဘူး’ လို့ပြော​လိုက်တယ်။ ပြီးတော့ လူတစ်ယောက်​ကို တွေ့​တဲ့အခါ ဥယျာဉ်​စောင့်​ထင်​ပြီး ‘ဆရာ၊ အလောင်း​ကို ဘယ်​ယူသွား​သလဲ’ လို့​မေး​တော့ အဲဒီ​လူက “မာရိ” လို့ခေါ်​လိုက်တယ်။ ဒီ​အခါ မာရိ​က ယေရှု​ဖြစ်နေ​မှန်း သိသွား​ပြီး “ဆရာ” လို့​အံ့ဩ​တ​ကြီး​နဲ့ အော်​ပြီး ကိုင်ဆွဲ​ထား​လိုက်တယ်။ ယေရှုက ‘ခင်ဗျား ကျွန်တော့်ကို မြင်ခဲ့​တဲ့​အကြောင်း ကျွန်တော့်​ညီအစ်ကို​တွေကို သွား​ပြောပြပါ’ လို့​မှာ​တ​ယ်။ မာရိ​လည်း တပည့်​တွေဆီ ချက်ချင်း​ပြေး​သွားပြီး ယေရှုကို​တွေ့ခဲ့​တဲ့​အကြောင်း ပြောပြတယ်။

ညနေစောင်း​ပိုင်းမှာ တပည့်​နှစ်ယောက်​ဟာ ဂျေရုဆလင်မြို့​က​နေ ဧမောက်​ရွာ​ကို သွားနေကြတယ်။ လူတစ်ယောက် သူတို့နဲ့အတူ လမ်းလျှောက်​လာပြီး ဘာတွေ​ပြော​နေကြ​သလဲ​လို့ မေးတယ်။ သူတို့က ‘ခင်ဗျား​မကြား​ဘူး​လား။ လွန်ခဲ့တဲ့ သုံးရက်​လောက်​က ပုရောဟိတ်ကြီး​တွေဟာ ယေရှုကို သတ်ပစ်​လိုက်တယ်။ အခု အမျိုးသမီး​တချို့​က သူ​အသက်ပြန်ရှင်​ပြီ​လို့ ပြောနေကြတယ်’ လို့​ပြန်ဖြေ​တ​ယ်။ ဒါနဲ့ အဲဒီ​လူက ‘ပရောဖက်​တွေ​ပြောတာ မယုံ​ဘူး​လား။ ခရစ်တော်​သေပြီး ပြန်​ထမြောက်​မယ်လို့ ပြော​ထားတာ​ပဲ’ လို့ဆို​ပြီး ကျမ်းချက်​တွေကို ရှင်းပြပေးနေတယ်။ ဧမောက်​ရွာ​ကို ရောက်​တော့ တပည့်​နှစ်ယောက်​က သူတို့နဲ့​တည်း​ဖို့ သူ့ကို ဖိတ်ခေါ်တယ်။ ညစာ​စားချိန်​မှာ မုန့်​အတွက် ဆုတောင်းပြီး​နောက်​မှ ယေရှု​ဖြစ်နေ​မှန်း သိသွား​ကြတယ်။ အဲဒီအခါ ယေရှု ကွယ်ပျောက်​သွားတယ်။

တပည့်​နှစ်ယောက်​ဟာ တမန်တော်​တွေ အတူ​ရှိနေ​ကြတဲ့ ဂျေရုဆလင်မြို့​ကို အ​လောတကြီး ပြန်လာ​ပြီး ဖြစ်ကြောင်းကုန်စ​င် ပြောပြတယ်။ အိမ်​ထဲမှာ သူတို့​ရှိနေတုန်း​မှာပဲ တပည့်​အားလုံးရှေ့ ယေရှု ပေါ်လာတယ်။ အစ​တော့ တမန်တော်​တွေဟာ မယုံနိုင်​ကြ​လို့ ယေရှုက ‘ကျွန်တော့်​လက်တွေ​ကိုကြည့်ပါ၊ ကိုင်ကြည့်။ သေ​ရာ​က​နေ ခရစ်တော် ပြန်​ထမြောက်​လာမယ်​လို့ ကျမ်းစကား​ရှိ​တာပဲ’ ဆိုပြီး ပြောတယ်။

“ကျွန်တော်ဟာ လမ်းခရီး ဖြစ်တယ်။ အမှန်တရား​လည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်။ ကျွန်တော့်ကို မ​ဖြတ်သန်း​ဘဲ ဘယ်သူမှ အဖဘုရား​ဆီ မ​ရောက်​နိုင်​ဘူး။”—ယောဟန် ၁၄:၆