မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၂

တံငါသည်တွေရှေ့ ယေရှု ကိုယ်ထင်ပြ

တံငါသည်တွေရှေ့ ယေရှု ကိုယ်ထင်ပြ

တမန်တော်​တွေကို ယေရှု ကိုယ်ထင်ပြ​ပြီးနောက်​ပိုင်း ပေတရု​ဟာ ငါးဖမ်း​ဖို့ ဂါလိလဲ​အိုင်​ကို သွားတယ်။ သော​မ၊ ယာကုပ်၊ ယောဟန်​နဲ့ တခြား​တပည့်​တွေလည်း ပါသွား​တ​ယ်။ တစ်ည​လုံး ငါးဖမ်း​ကြပေမဲ့ တစ်ကောင်​မှ မ​မိ​ဘူး။

နောက်​မနက်စောစော၊ ကမ်း​ပေါ်မှာ လူတစ်ယောက် ရပ်နေ​တာ သူတို့​တွေ့​လိုက်တယ်။ ‘ငါးမိလား’ လို့ သူ အော်​မေး​တော့ သူတို့က ‘မ​မိ​ဘူး’ လို့​ပြန်ဖြေ​တ​ယ်။ ‘လှေ​ရဲ့​ညာ​ဘက်မှာ ပိုက်ချလိုက်’ လို့ အဲဒီ​လူ ပြောတဲ့​အတိုင်း ပိုက်​ချတဲ့အခါ ငါး​အများကြီး​မိ​လို့ ပိုက်ကွန်​ကို ပြန်မဆွဲတင်​နိုင်​ဘူး။ ဒီတော့​မှ ယေရှု​ဖြစ်မှန်း ယောဟန် သိသွား​ပြီး ‘ဒါ သခင်​ပဲ’ လို့ပြောတယ်။ ဒါနဲ့ ပေတရု​က ရေ​ထဲ​ခုန်ချ​ပြီး ရေကူး​သွားတယ်။ တခြား​တပည့်​တွေကတော့ လှေ​နဲ့ လိုက်လာတယ်။

ကမ်း​ပေါ်​ရောက်တဲ့​အခါ မီးခဲ​ပုံ​ပေါ် ကင်​ထားတဲ့ ငါး​တွေနဲ့ မုန့်​ကို တွေ့​တ​ယ်။ ဖမ်း​လို့ရတဲ့ ငါးတချို့ ယူလာ​ပါ​လို့ ယေရှု​ပြောပြီး ‘မနက်စာ လာ​စား​ကြ’ လို့ခေါ်​တ​ယ်။

စား​ပြီး​တဲ့အခါ ယေရှုက ပေတရု​ကို ‘ငါးဖမ်း​တာ​ထက် ကျွန်တော့်ကို ပို​ချစ်​သလား’ လို့​မေး​တော့ ပေတရု​က ‘ကျွန်တော်​ချစ်​မှန်း သခင်​သိ​ပါတယ်’ လို့​ပြန်ဖြေ​တ​ယ်။ ယေရှုက ‘ဒါဆို၊ ကျွန်တော့်​သိုးသငယ်​တွေကို ကျွေးမွေး​ပါ’ လို့ပြောတယ်။ ‘ပေတရု၊ ကျွန်တော့်ကို ချစ်​သလား’ လို့ ယေရှု မေး​ပြန်​တ​ယ်။ ပေတရု​က ‘ကျွန်တော် ချစ်​မှန်း သခင်​သိ​ပါတယ်’ လို့ဖြေတယ်။ ယေရှုက ‘ကျွန်တော့်​သိုးကလေး​တွေကို ထိန်း​ပါ’ လို့​မှာ​တ​ယ်။ တတိယအကြိမ် မေး​တော့ ပေတရု ဝမ်းနည်း​သွားပြီး ‘သခင်၊ သခင် အားလုံး​သိ​တာပဲ။ သခင့်​ကို ကျွန်တော်​ချစ်​မှန်း​လည်း သိ​ပါတယ်’ လို့ပြော​တဲ့အခါ ယေရှုက “ကျွန်တော့်​ရဲ့​သိုးကလေး​တွေကို ကျွေးမွေး​ပါ၊” “ကျွန်တော့်​နောက် ဆက်​ပြီး​လိုက်ပါ” လို့ မှာ​တ​ယ်။

“‘ကျွန်တော့်​နောက်​ကို လိုက်ခဲ့​ပါ။ ခင်ဗျား​တို့​ကို လူ​ဖမ်း​တဲ့ တံငါသည်​တွေ ဖြစ်စေ​မယ်’ လို့ပြောတယ်။ သူတို့​လည်း ပိုက်ကွန်​တွေကို ချက်ချင်း​ထားရစ်​ပြီး ယေရှု​နောက်​ကို လိုက်​ကြ​တ​ယ်။”—မဿဲ ၄:၁၉၊ ၂၀