မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၄

တပည့်တွေ သန့်ရှင်းသောစွမ်းအားတော်ရ

တပည့်တွေ သန့်ရှင်းသောစွမ်းအားတော်ရ

ယေရှု ကောင်းကင်​ပြန်​တက်ပြီး ၁၀ ရက်​ကြာ​တဲ့အခါ တပည့်​တွေဟာ သန့်ရှင်းသောစွမ်းအားတော် ရရှိ​ခဲ့ကြတယ်။ အချိန်​က အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ​နေ့​မှာဖြစ်​ပြီး ဒေသအတော်များများ​က လူတွေဟာ ပွဲတော်​ကျင်းပ​ဖို့ ဂျေရုဆလင်မြို့​ကို ရောက်နေ​ကြတဲ့ အချိန်​ဖြစ်တယ်။ ယေရှုရဲ့ တပည့် ၁၂​၀ ဟာ အထက်ခန်း​မ​တစ်ခုမှာ စုဝေး​နေကြတယ်။ ရုတ်တရက်၊ အံ့ဖွယ်ဖြစ်ရပ်​တစ်ခု ဖြစ်ပေါ်လာတယ်။ တပည့်​တစ်ယောက်စီ​ရဲ့ ခေါင်း​ပေါ်မှာ မီးလျှံ​တွေ​ပေါ်လာ​ပြီး ဘာသာစကားအမျိုးမျိုးနဲ့ ပြော​ကြ​တော့​တ​ယ်။ လေပြင်း​တိုက်​သံ​လို အသံကြီးတစ်သံ​ဟာ တစ်အိမ်​လုံး ပျံ့သွား​တ​ယ်။

ဂျေရုဆလင်မြို့​ကို ရောက်နေ​တဲ့ ဧည့်သည်​တွေလည်း အဲဒီ​အသံ​ကို​ကြား​ပြီး ပြေး​လာ​ကြည့်​ကြတယ်။ တပည့်​တွေ စကား​အမျိုးမျိုး ပြော​နေကြ​တာ သူတို့​ကြား​တော့ ‘ဒီလူတွေ​ဟာ ဂါလိလဲနယ်​က​ပါ။ ငါ​တို့​စကားကို ဘယ်လို​လုပ် ပြောနိုင်​ကြ​တာလဲ’ ဆိုပြီး အံ့ဩ​တ​ကြီး ဖြစ်နေကြတယ်။

ပေတရု​နဲ့ တခြား​တမန်တော်​တွေဟာ လူအုပ်​ရှေ့မှာ ထွက်​ရပ်​ပြီး ပေတရု​က ယေရှု ဘယ်လို​အသတ်ခံရ​တ​ယ်၊ ယေဟောဝါက သူ့ကို သေ​ရာ​က​နေ ဘယ်လို​ထမြောက်​စေတဲ့​အကြောင်း​တွေ ပြောပြတယ်။ ပြီးတော့ ‘အခု ယေရှုဟာ ကောင်းကင်မှာ ရောက်နေ​ပြီး ဘုရားသခင်ရဲ့ ညာ​ဘက်မှာ ရှိနေတယ်။ ကတိပေး​ထားတဲ့ သန့်ရှင်းသောစွမ်းအားတော်​ကို သွန်းလောင်း​ပေး​လို့ အခုလို အံ့ဖွယ်ဖြစ်ရပ်​တွေကို ခင်ဗျား​တို့ ကြား​ရ၊ မြင်ရ​တာ’ လို့ပြောတယ်။

ပေတရု​စကား​တွေကြောင့် လူတွေ လှုံ့ဆော်ခံ​ရပြီး ‘ဒီလို​ဆို ဘာ​လုပ်​ရ​မလဲ’ လို့​မေး​ကြ​တ​ယ်။ ပေတရု​က ‘နောင်တရ​ကြပါ။ ယေရှု​နာမည်​နဲ့ နှစ်ခြင်းခံ​ကြပါ။ ခင်ဗျား​တို့လည်း သန့်ရှင်းသောစွမ်းအားတော် ရ​လိမ့်မယ်’ လို့ ပြောတယ်။ အဲဒီ​နေ့​မှာပဲ လူ ၃,၀​၀​၀ လောက် နှစ်ခြင်းခံ​ကြ​တ​ယ်။ အဲဒီအချိန်ကစပြီး ဂျေရုဆလင်​မြို့မှာ တပည့်​တွေ သိသိသာသာ တိုးများလာတယ်။ သန့်ရှင်းသောစွမ်းအားတော် အကူအညီ​နဲ့ တမန်တော်​တွေဟာ အသင်းတော်တွေ တည်ထောင်​ကြ​တ​ယ်။ ဒီလိုနဲ့ တပည့်အသစ်တွေကို ယေရှု​မိန့်မှာ​တာ​တွေ သွန်သင်ပေး​နိုင်ကြ​တ​ယ်။

“ယေရှုဟာ သခင်​ဖြစ်တဲ့​အကြောင်း လူသိရှင်ကြား ကြေညာ​မယ်ဆိုရင်၊ ယေရှုကို သေ​ရာ​က​နေ ဘုရားသခင် အသက်ပြန်ရှင်​စေပြီ​ဆိုတာ စိတ်​ထဲမှာ ယုံကြည်​မယ်ဆိုရင် ခင်ဗျား​တို့ ကယ်တင်ခံရ​လိမ့်မယ်။” —ရောမ ၁၀:၉