မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၆

ယေရှုက ရှောလုကို ရွေးချယ်

ယေရှုက ရှောလုကို ရွေးချယ်

ရှောလု​ဟာ တာ​ရှု​မြို့မှာ​မွေး​တဲ့ ရောမ​နိုင်ငံသား​ဖြစ်တယ်။ သူဟာ ဂျူးပညတ်ကို ကျွမ်းကျင်တဲ့ ဖာရိရှဲ​ဖြစ်ပြီး ခရစ်ယာန်တွေကို မုန်း​တ​ယ်။ ခရစ်ယာန်​အမျိုးသား၊ အမျိုးသမီးတွေ​ကို အိမ်​ထဲကနေ ဆွဲထုတ်​ပြီး ထောင်ချ​တ​ယ်။ တပည့်​တစ်ဦးဖြစ်တဲ့ သတေဖန်​ကို လူအုပ်​က ဒေါသတကြီး ကျောက်ခဲ​နဲ့​ပေါက်သတ်​နေချိန်​မှာ ရှောလု ရပ်ကြည့်​နေ​ခဲ့တယ်။

ရှောလု​ဟာ ဂျေရုဆလင်မြို့​က ခရစ်ယာန်တွေကို​ပဲ ထောင်ချ​ရတာ အားမရ​သေးဘူး။ ဒမတ်စကတ်​မြို့​က ခရစ်ယာန်တွေကို ဖမ်းဆီး​ဖို့ ပုရောဟိတ်မင်း​ဆီမှာ ခွင့်တောင်းတယ်။ မြို့နားရောက်တဲ့​အခါ အလင်းတန်း​တစ်ခု သူ့​အပေါ်​မှာ ထွန်းလင်း​သွားတဲ့​အခါ မြေပေါ် သူလဲကျသွားတယ်။ ‘ရှောလု၊ ငါ့ကို ဘာ​လို့​နှိပ်စက်​နေ​တာလဲ’ ဆိုတဲ့ အသံတစ်သံ ကြားလိုက်​တော့ ရှောလု​က ‘ဘယ်သူ​လဲ’ လို့​ပြန်​မေး​တာနဲ့ ‘ငါ​ဟာ ယေရှု​ပဲ။ ဒမတ်စကတ်​မြို့ထဲ ဝင်​သွား​ပါ။ အဲဒီမှာ ဘာ​လုပ်​ရမယ်​ဆိုတာ သိရ​လိမ့်မယ်’ တဲ့။ ဒီ​အခါ ရှောလု မျက်စိ​မမြင်​တော့​လို့ မြို့ထဲ​ကို တွဲခေါ်​သွားပေး​ရတယ်။

ဒမတ်စကတ်​မြို့မှာ အာနနိ​ဆိုတဲ့ သစ္စာရှိ​ခရစ်ယာန်​တစ်ဦး ရှိတယ်။ စိတ်အာရုံ​ထဲမှာ ယေရှုက သူ့ကို ‘လမ်း​ဖြောင့်​ကို​သွား​ပါ။ ရှောလု​ကို ယုဒ​အိမ်​မှာ သွား​ရှာ​ပါ’ လို့ပြော​တော့ သူက ‘သခင်၊ သူ့​အကြောင်း အားလုံး​ ကျွန်တော် သိတယ်။ သခင့်​ရဲ့​တပည့်​တွေကို ထောင်ချ​နေတာ’ လို့ပြောတယ်။ ယေရှုက ‘သွား​ပါ။ လူမျိုးခြား​တွေဆီ သတင်းကောင်း​သွား​ဟော​ဖို့ ရှောလု​ကို ရွေး​ထား​ပြီ’ လို့ပြောတယ်။

ဒါနဲ့ ရှောလု​ကို အာနနိ တွေ့​တဲ့အခါ ‘ညီအစ်ကို ရှောလု၊ ခင်ဗျား​မျက်စိ​ပြန်မြင်​လာဖို့ ကျွန်တော့်ကို ယေရှု လွှတ်လိုက်​တာ’ လို့ပြောတယ်။ ချက်ချင်း​ပဲ ရှောလု ပြန်မြင်​လာတယ်။ ယေရှု​အကြောင်း သင်ယူပြီး တပည့်ဖြစ်​လာတယ်။ နှစ်ခြင်းခံ​ပြီးတော့ ရှောလုဟာ ခရစ်ယာန်ချင်း​တွေနဲ့​အတူ တရားဇရပ်​တွေမှာ စဟော​တော့​တ​ယ်။ ယေရှုအကြောင်း သွန်သင်ပေး​နေတဲ့ ရှောလု​ကို ဂျူးတွေ​မြင်ပြီး ဘယ်လောက်​အံ့ဩ​မလဲ တွေးကြည့်​ပါ​ဦး။ သူတို့က ‘ဒီ​လူ​ဟာ ယေရှု​တပည့်​တွေကို ဒုက္ခပေးခဲ့တဲ့​သူ မဟုတ်လား’ လို့ ပြော​ကြ​တ​ယ်။

ဒမတ်စကတ်​မြို့​က​လူတွေကို သုံးနှစ်​လောက် ရှောလု ဟောပြော​တ​ယ်။ ဂျူး​တွေဟာ ရှောလု​ကို မုန်း​ပြီး သတ်ဖို့​ကြံစည်​ကြ​တ​ယ်။ ဒီ​အကြံ​ကို ညီအစ်ကိုတွေ​သိတော့ ရှောလု​ကို တောင်းထဲ​ထည့်​ပြီး မြို့ရိုး​ပြတင်းပေါက်​က​နေ လျှောချ​ပေး​လိုက်တယ်။

ဂျေရုဆလင်မြို့​ကို ရှောလု​ရောက်တဲ့​အခါ ညီအစ်ကို​တွေနဲ့ ပူးပေါင်း​ချင်​ပေ​မဲ့ ညီအစ်ကိုတွေ​က ရှောလု​ကို ကြောက်​ကြ​တ​ယ်။ ဗာနဗဆိုတဲ့ ကြင်နာတတ်တဲ့ တပည့်​တစ်ယောက်က ရှောလု​ကို တမန်တော်တွေဆီ​ခေါ်​သွားပြီး ရှောလု တကယ်​ပြောင်းလဲ​သွား​ပြီ​ဆိုတာ အာမခံ​ပေးတယ်။ ရှောလု​က ဂျေရုဆလင် အသင်းတော်​နဲ့အတူ သတင်းကောင်းကို ရဲရဲရင့်ရင့် စဟော​တော့​တ​ယ်။ နောက်ပိုင်း သူ့ကို ပေါလု​လို့ ခေါ်ကြတယ်။

‘အပြစ်ရှိ​သူတွေကို ကယ်တင်ဖို့ ဒီလောက​ကို ခရစ်တော်​ယေရှု ဆင်း​လာတယ်။ အပြစ်ရှိသူတွေထဲမှာ ငါဟာ အပြစ်​အများဆုံး​ပဲ။’—၁ တိမောသေ ၁:၁၅