မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၇

ကော်နေလိ သန့်ရှင်းသောစွမ်းအားတော် ရရှိ

ကော်နေလိ သန့်ရှင်းသောစွမ်းအားတော် ရရှိ

ကဲသရိမြို့​မှာ အီတလီ​တပ်​ရင်း​ထဲက တပ်​စု​မှူး ကော်နေလိ​ဆို​သူ ရှိတယ်။ သူဟာ ဂျူးမဟုတ်ပေမဲ့ ဂျူးတွေ​က သူ့ကို လေးစား​ကြ​တ​ယ်။ ဆင်းရဲသား​တွေ၊ လိုအပ်​နေ​သူတွေကို ရက်ရက်ရောရော ကူညီပေး​လို့ပဲ။ ကော်နေလိ​ဟာ ယေဟောဝါကို ယုံကြည်ပြီး အမြဲဆုတောင်းတယ်။ တစ်နေ့​မှာ ကော်နေလိ​ဆီ ကောင်းကင်တမန် ပေါ်လာ​ပြီး ‘မင်း​ရဲ့​ဆုတောင်းသံ​ကို ဘုရား​ကြားတယ်။ အခု​ပဲ ယုပ္ပေ​မြို့​ဆီ လူ​လွှတ်​ပြီး ပေတရု​ကို ခေါ်ဖိတ်​ပါ’ တဲ့။ ကော်နေလိ​က မိုင် ၃၀ ဝေး​တဲ့ ယုပ္ပေ​မြို့​ဆီ လူ​သုံးဦး ချက်ချင်း လွှတ်လိုက်​တ​ယ်။

အဲဒီအချိန်​မှာပဲ ယုပ္ပေ​မြို့မှာ​ရောက်နေ​တဲ့ ပေတရု​ဟာ စိတ်အာရုံ​တစ်ခုကို မြင်တယ်။ အဲဒီစိတ်အာရုံ​ထဲမှာ ဂျူးတွေ မစား​ရတဲ့​တိရစ္ဆာန်တွေ​ကို စား​ဖို့​ပြောတဲ့​အသံ​ကိုလည်း ကြားတယ်။ ပေတရု​က ‘မစင်ကြယ်​တဲ့ တိရစ္ဆာန်​အသား​တွေကို တစ်ခါ​မှ မစားဖူး​ဘူး’ လို့ ငြင်းတော့ အသံရှင်​က ‘ဒီ​တိရစ္ဆာန်တွေ​ကို မသန့်ရှင်း​ဘူးလို့ မပြော​နဲ့။ ဘုရားသခင် စင်ကြယ်စေပြီးသားပဲ။ မင်း​ကို တွေ့ချင်​တဲ့ လူ​သုံးယောက် ရောက်နေ​တ​ယ်။ သူတို့နဲ့ လိုက်သွားပါ’ လို့ပြောတယ်။ ပေတရု ဆင်း​သွားပြီး ဘာ​ကိစ္စ​ရှိလို့​လဲ​လို့ မေး​တော့ သူတို့က ‘အီတလီ​တပ်​စု​မှူး ကော်နေလိ ကျွန်တော်တို့ကို လွှတ်လိုက်​တာ။ ကဲသရိမြို့​က သူ့အိမ်ကို ခေါ်ဖိတ်​ဖို့ လာ​တာပါ’ လို့ဖြေတယ်။ ပေတရု​က သူတို့ကို ညအိပ်​ခိုင်း​တ​ယ်။ နောက်​နေ့​မှာ ယုပ္ပေ​မြို့​က ညီအစ်ကို​တချို့​နဲ့ လာ​ခေါ်တဲ့​လူတွေ​နောက် ကဲသရိမြို့​ကို လိုက်​သွားတယ်။

ပေတရု​ကို ကော်နေလိ​တွေ့​တဲ့အခါ ပျပ်ဝပ်​တော့ ပေတရုက ‘ထ​ပါ။ ကျွန်တော်​လည်း လူ​ပါပဲ။ ဂျူး​တွေဟာ လူမျိုးခြား​အိမ်​ကို မသွား​ကြပေမဲ့ ဘုရားက ခင်ဗျား​အိမ်​ကို လာ​ခိုင်း​တ​ယ်။ ကျွန်တော့်ကို ဘာအတွက် ဖိတ်ခေါ်​တာလဲ၊ ပြောပြပါ’ လို့ မေးလိုက်​တ​ယ်။

ကော်နေလိ​က ပေတရု​ကို ဒီလိုပြောတယ်– ‘လွန်ခဲ့တဲ့​လေး​ရက်တုန်းက ဆုတောင်းနေချိန်မှာ ကောင်းကင်တမန်​တစ်ပါး​က ခင်ဗျားကို ဖိတ်ခေါ်​ခိုင်း​တ​ယ်။ ယေဟောဝါ​မိန့်မှာ​သမျှ သင်ပေးပါ။’ ပေတရု​က ‘ဘုရားသခင် မျက်နှာမလိုက်​မှန်း ကျွန်တော် သိသွား​ပြီ။ သူ့ကို ဝတ်ပြု​ချင်​သူ​တိုင်း​ကို ကိုယ်တော် လက်ခံတယ်’ လို့​ပြောပြီး ယေရှု​အကြောင်း အများကြီး သင်ပေးတယ်။ အဲဒီနောက် ကော်နေလိ​နဲ့ ရှိနေ​ကြ​သူ​အားလုံး​အပေါ် သန့်ရှင်းသောစွမ်းအားတော် သက်ရောက်​လာပြီး နှစ်ခြင်းခံ​ကြ​တ​ယ်။

“ဘယ်​လူမျိုး​ဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ​ပြီး မှန်ရာ​လုပ်မယ်ဆိုရင် ဘုရားရဲ့နှစ်သက်လက်ခံမှု​ကို ရတာပဲ။”—တမန်တော် ၁၀:၃၅