မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၈

လူအမျိုးမျိုးဆီ ခရစ်ယာန်ဘာသာ ပျံ့နှံ့သွား

လူအမျိုးမျိုးဆီ ခရစ်ယာန်ဘာသာ ပျံ့နှံ့သွား

မြေကြီး​တစ်ခွင် သတင်းကောင်း​ဟော​ရမယ်​ဆိုတဲ့ ယေရှုရဲ့​အမိန့်​ကို တမန်တော်​တွေ နာခံခဲ့ကြတယ်။ အေဒီ ၄၇ မှာ အန္တိအုတ်​မြို့​က ညီအစ်ကို​တွေဟာ ဗာနဗ​နဲ့ ပေါလု​ကို လှည့်လည်ဟောဖို့ လွှတ်လိုက်​တ​ယ်။ ဒါနဲ့ ဒီ​ဇွဲရှိ​သူ​နှစ်ယောက်​ဟာ ဒေ​ရ​ဗေ၊ လုတ္တရ​နဲ့ အိကောနိမြို့ စတဲ့ အာရှမိုင်းနား​က မြို့​တွေကို သွားခဲ့တယ်။

ပေါလုနဲ့ ဗာနဗ​ဟာ ဆင်းရဲ​ချမ်းသာ၊ လူကြီးလူငယ်​မရွေး အားလုံးကို ဟောတယ်။ ခရစ်တော်နဲ့ဆိုင်တဲ့ အမှန်တရားကို လူအတော်များများ လက်ခံ​ကြ​တ​ယ်။ ဆိုက်​ပ​ရပ်​ကျွန်း​က နယ်စားမင်း သေ​ရ​ဂိ​ပေါလု​ကို ဟော​တဲ့အခါ မှော်ဆရာ​တစ်ယောက်က မ​ဟော​ဖို့ တားဆီး​ခဲ့တယ်။ ဒါနဲ့ မှော်ဆရာ​ကို ပေါလုက ‘ယေဟောဝါ မင်း​ကို ဒဏ်ခတ်​မယ်’ လို့ပြော​တာနဲ့ မှော်ဆရာ မျက်စိကန်း​သွားတယ်။ ဒါကို နယ်စားမင်း​တွေ့​ပြီး ယုံကြည်သူ ဖြစ်လာတယ်။

ပေါလုနဲ့ ဗာနဗ​ဟာ တစ်အိမ်​မှ​တစ်အိမ်၊ စျေး၊ လမ်းပေါ်၊ တရားဇရပ်​ပါ​မကျန် နေရာတကာ​မှာ ဟော​တ​ယ်။ လုတ္တရ​မြို့မှာ ခြေမသန်​သူ​တစ်ယောက်​ကို လမ်းလျှောက်​နိုင်အောင် လုပ်ပေး​လိုက်​တော့ မြင်​တဲ့​သူတွေက သူတို့ကို ဘုရားတွေ​လို့​မှတ်​ပြီး ပူဇော်ပသ​ဖို့ ကြိုးစား​တယ်။ အဲဒီအခါ ပေါလုနဲ့ ဗာနဗ​က ‘ဘုရားကို​ပဲ ကိုးကွယ်​ပါ။ ကျွန်တော်တို့ဟာ လူ​ပါပဲ’ ဆိုပြီး တားလိုက်တယ်။ ဒါပေမဲ့ ဂျူး​တချို့​ရောက်လာပြီး လူအုပ်​ကို သွေးထိုး​တဲ့အခါ ပေါလု​ကို ကျောက်ခဲ​နဲ့ ပေါက်​ပါ​လေ​ရော။ သူ့ကို​သေ​ပြီ​ထင်​လို့ မြို့ပြင်​ဆွဲထုတ်​သွားပြီး ပစ်ထား​ခဲ့တယ်။ တကယ်တော့ ပေါလု မသေ​ဘူး။ ညီအစ်ကိုတွေ​ရောက်လာပြီး သူ့ကို မြို့ထဲ​ပြန်​ခေါ်​သွားတယ်။ အဲဒီနောက် အန္တိအုတ်​မြို့​ကို ပေါလု​ပြန်သွား​တ​ယ်။

အေဒီ ၄၉ မှာ ပေါလုဟာ နောက်​တစ်ကြိမ် ခရီးလှည့်လည်တယ်။ အာရှမိုင်းနားက ညီအစ်ကိုတွေဆီ ပြန်သွား​ပြီးနောက် သတင်းကောင်းကို ဥရောပတိုက်​အထိ သွား​ဟော​တယ်။ အေသင်၊ ဧဖက်၊ ဖိလိပ္ပိ၊ သက်သာလောနိတ်​မြို့​တွေနဲ့ တခြားနေရာ​တွေကိုလည်း သွားသေးတယ်။ ပေါလုနဲ့​အတူ သိလ၊ လုကာ​နဲ့ လူငယ်​တိမောသေ လိုက်ပါသွားတယ်။ သူတို့က အသင်းတော်တွေ ဖွဲ့စည်း​ပြီး ခိုင်ခံ့မြဲမြံတဲ့​အထိ ကူညီ​ပေးကြတယ်။ ပေါလုက ကောရိန္သုမြို့​မှာ တစ်နှစ်​ခွဲနေ​ပြီး ညီအစ်ကိုတွေ ယုံကြည်ခြင်း​ခိုင်ခံ့​လာအောင် ကူညီပေးတယ်။ ဟောပြော​သွန်သင်ခြင်း အလုပ်​အပြင် အသင်းတော်တွေ​ဆီ စာ​တွေ ရေး​တ​ယ်။ တဲရှင်​ချုပ်​တဲ့ အလုပ်ကို​လည်း လုပ်တယ်။ အတော်ကြာမှ အန္တိအုတ်​မြို့​ကို ပေါလု ပြန်သွား​တ​ယ်။

အေဒီ ၅၂ မှာ ပေါလုဟာ တတိယ​ခရီးစဉ်​ကို အာရှမိုင်းနား​ပြည်​က​နေ စ​တ​ယ်။ ဒီ​တစ်ခေါက် မြောက်ဘက် ဖိလိပ္ပိ​မြို့ကနေ တောင်ဘက် ကောရိန္သုမြို့​အထိ သွားတယ်။ ဧဖက်​မြို့မှာ နှစ်နှစ်၊ သုံးနှစ်​နေ​ပြီး ဟောပြော​သွန်သင်၊ ရောဂါ​တွေ​ကု​ပြီး အသင်းတော်ကို ကူညီပေးတယ်။ ကျောင်းခန်း​မ​တစ်ခုမှာ ဟောပြောချက်တွေ နေ့တိုင်း​ပေးတယ်။ လူ​အတော်​များ​များ နားထောင်ပြီး သူတို့​အသက်တာ​ကို ပြောင်းလဲ​ခဲ့ကြတယ်။ ပေါလုဟာ ဒေသအတော်များများ​မှာ သတင်းကောင်း​ဟော​ပြီးတော့ နောက်ဆုံး ဂျေရုဆလင်မြို့​ကို ပြန်သွား​တ​ယ်။

“ဒါကြောင့် လူမျိုးတကာ​ဆီ သွားပြီး လူတွေကို ကျွန်တော့်​တပည့် ဖြစ်လာအောင် သွန်သင်ပေး​ကြပါ။” —မဿဲ ၂၈:၁၉