မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၀၁

ရောမမြို့ကို ပေါလု အပို့ခံရ

ရောမမြို့ကို ပေါလု အပို့ခံရ

ပေါလု​ရဲ့ တတိယ သာသနာပြု ခရီးစဉ်​ဟာ ဂျေရုဆလင်​မြို့မှာ ပြီးသွား​တ​ယ်။ အဲဒီမှာ သူ အဖမ်းခံရ​ပြီး ထောင်ကျ​တ​ယ်။ တစ်ည​တော့ ယေရှုက ‘ရောမမြို့​မှာလည်း မင်း သွား​ဟောရ​လိမ့်မယ်’ လို့ စိတ်အာရုံ​ထဲမှာ ပြောတယ်။ ပေါလုဟာ ဂျေရုဆလင်မြို့​က​နေ ကဲသရိမြို့​ကို ရောက်လာပြီး အဲဒီမှာ နှစ်နှစ်​ထောင်ကျ​တ​ယ်။ ဘုရင်ခံ​ဖေတ္တု​ရှေ့ ရုံးတင်​စစ်ဆေးခံ​ရ​တဲ့အခါ ပေါလုက ‘ရောမမြို့​က ဆီ​ဇာ​ဆီမှာ ကျွန်တော် အယူခံဝင်​မယ်’ လို့ပြော​လိုက်တယ်။ ဖေတ္တု​က “ဆီ​ဇာ​ဆီမှာ အယူခံဝင်​လိုက်​ပြီ​ဆိုတော့ ဆီ​ဇာ​ဆီ​ကိုပဲ သွားရမယ်” လို့​ပြောပြီး ရောမမြို့ကို​သွားမယ့် သင်္ဘော​ပေါ် ပေါလု​ကို တင်​လိုက်တယ်။ သူနဲ့​အတူ ညီအစ်ကို လုကာ​နဲ့ အာရိတ္တာခု လိုက်​သွားတယ်။

ပင်လယ်​ထဲမှာ ရက်​အတော်ကြာ ပြင်းထန်တဲ့​မုန်တိုင်း​နဲ့​ကြုံ​လို့ အားလုံး​သေ​မယ် ထင်နေ​ကြတာ။ ဒါပေမဲ့ ပေါလုက ‘မိတ်ဆွေ​တို့၊ ည​တုန်းက အိပ်မက်​မှာ ကောင်းကင်တမန်​က “ပေါလု၊ မကြောက်​နဲ့။ ရောမမြို့​ကို မင်း ရောက်​ရ​လိမ့်မယ်။ မင်း​နဲ့အတူ ပါ​လာတဲ့​လူအားလုံး မသေ​ဘူး” လို့ပြောတယ်။ ဒါကြောင့် မိတ်ဆွေ​တို့၊ အားတင်း​ထားကြ​ပါ။ ကျွန်တော်တို့ သေ​မှာ​မဟုတ်ဘူး။’

မုန်တိုင်း​က ၁၄ ရက် ကြာ​တ​ယ်။ နောက်ဆုံး ကုန်းမြေကို တွေ့လိုက်တယ်။ အဲဒါက မော်လတာကျွန်း ဖြစ်တယ်။ သင်္ဘော​က သဲသောင်​ကို တိုက်မိ​ပြီး ပျက်စီး​သွားတယ်။ သင်္ဘောပေါ်ကလူ ၂၇​၆ ယောက်​စလုံး မသေ​ဘူး။ ရေကူး​နိုင်တဲ့​လူတွေ ကူးသွား​တ​ယ်။ တချို့က သင်္ဘော​အပိုင်းအစ​တွေကို ခို​ပြီး ကူးသွား​တ​ယ်။ မော်​လ​တာ​ကျွန်းသား​တွေက သူတို့နွေးသွားအောင် မီးဖို​ပေးပြီး သူတို့ကို ကြိုဆို​ဧည့်ခံ​ကြ​တ​ယ်။

သုံးလ​ကြာ​တော့ စစ်သားတွေ​က တခြား​သင်္ဘော​နဲ့ ပေါလု​ကို ရောမမြို့​ဆီ ခေါ်သွားတယ်။ အဲဒီ​ကိုရော​က်​တော့ ညီအစ်ကိုတွေ လာကြို​ကြ​တ​ယ်။ သူတို့​ကိုလည်း ပေါလု​တွေ့​ရော ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်း​ပြီး အားတက်​လာတယ်။ ပေါလုဟာ အကျဉ်းသား​ဖြစ်နေပေမဲ့ အိမ်ငှား​ပြီး အစောင့်စစ်သား​တစ်ယောက်နဲ့ နှစ်နှစ်​လုံးလုံး နေခွင့်​ရတယ်။ သူ့ဆီ လာ​သမျှ​လူတွေကို ကြိုဆိုလက်ခံ​ပြီး နိုင်ငံ​တော်​အကြောင်း၊ ယေရှု​အကြောင်း ဟောပြော​သွန်သင်​ပေးတယ်။ အာရှမိုင်းနား​နဲ့ ယုဒပြည်​က အသင်းတော်တွေ​ဆီ​ကိုလည်း စာရေး​တ​ယ်။ ယေဟောဝါက နေရာအနှံ့ သတင်းကောင်း​ပျံ့နှံ့​သွားဖို့ ပေါလု​ကို အသုံးပြု​ခဲ့တယ်။

“ဘုရားသခင်ရဲ့ အမှုဆောင်သူ​တွေ​ဖြစ်မှန်း ကျွန်တော်တို့ နည်း​အမျိုးမျိုး​နဲ့ ဖော်ပြတယ်။ စမ်းသပ်မှု​အမျိုးမျိုးကို ခံရပ်တယ်။ ဆင်းရဲဒုက္ခတွေ၊ နွမ်းပါး​မှုတွေ၊ အခက်အခဲတွေကို ခံရပ်​တ​ယ်။”—၂ ကောရိန္သု ၆:၄