မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၀၃

“နိုင်ငံတော် လာပါစေ”

“နိုင်ငံတော် လာပါစေ”

ယေဟောဝါ ဒီလို ကတိပေး​ထားတယ်– ‘သေခြင်း​ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်​တမ်းတာ၊ အော်ဟစ်​တာ၊ နာကျင်​တာ​တွေလည်း ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရဲ့ မျက်ရည်​ရှိသမျှ​ကို သုတ်​ပေးမယ်။ အရင်က​ဖြစ်​ဖူးတဲ့ မကောင်း​တာ​တွေ​အားလုံး ကွယ်ပျောက်သွားစေမယ်။’

ယေဟောဝါက အာဒံနဲ့​ဧဝ​ကို ဧဒင်ဥယျာဉ်​ထဲမှာ ငြိမ်းချမ်း​ပျော်ရွှင်​စွာ နေထိုင်​ဖို့ နေရာချ​ပေးတယ်။ သူတို့ရဲ့ ကောင်းကင်​ဖခင်​ကို ကိုးကွယ်​ရင်း မြေကြီး​ပေါ်မှာ သားသမီး​တွေ ပြည့်စေ​ဖို့​ဖြစ်တယ်။ ယေဟောဝါ​စကားကို အာဒံနဲ့​ဧဝ နားမထောင်​ပေ​မဲ့ ဘုရား​ရည်ရွယ်ချက်​က မပြောင်းလဲ​ဘူး။ ဘုရားသခင် ကတိပေး​သမျှ ပြည့်စုံလာ​တာ​ကို ဒီစာအုပ်​ထဲမှာ ဖတ်​ခဲ့ရတယ်။ ယေဟောဝါက အာဗြဟံ​ကို ကတိပေး​ခဲ့​သလိုပဲ နိုင်ငံ​တော်​ဟာ ဒီကမ္ဘာမြေကြီး​ပေါ် တကယ့်ကို​ကောင်းတဲ့ ကောင်းချီးမင်္ဂလာ​တွေ ဆောင်ကြဉ်း​ပေး​လိမ့်မယ်။

မကြာခင်၊ စာတန်၊ သူ့​နတ်ဆိုး​တွေနဲ့ လူဆိုး​အားလုံး ရှိတော့မှာမဟုတ်ဘူး။ လူအားလုံး ယေဟောဝါကို​ပဲ ကိုးကွယ်​ကြ​တော့မယ်။ ဖျား​တာ၊ သေ​တာ ရှိတော့မှာမဟုတ်ဘူး။ အဲဒီအစား အားအင်အပြည့်​နဲ့ နေ့တိုင်း နိုးထ​လာမယ်။ အသက်ရှင်​ရ​ကျိုး​နပ်​လို့ ပျော်ရွှင်ရ​လိမ့်မယ်။ မြေကြီးဟာ ပရဒိသု ဖြစ်လာမယ်။ လူတိုင်း အာဟာရရှိတဲ့ အစာတွေ​စားပြီး ဘေးကင်းလုံခြုံ​မယ်။ လူတွေဟာ ရက်စက်ကြမ်းတမ်း​တော့မှာ​မဟုတ်ဘဲ သနားကြင်နာ​ကြ​လိမ့်မယ်။ သား​ရိုင်း​တိရစ္ဆာန်တွေ​က လူတွေကို ကြောက်​တော့မှာ မဟုတ်ဘူး။ လူတွေ​ကလည်း သူတို့ကို ကြောက်စရာ​မလို​တော့ဘူး။

ယေဟောဝါက လူတွေကို အသက်ပြန်ရှင်​လာ​စေတဲ့​အခါ ဘယ်လောက် ပျော်စရာကောင်း​မယ်​ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီအခါ ဟိုး​အရင်က အသက်ရှင်​ခဲ့တဲ့ အာဗေလ၊ နောဧ၊ အာဗြဟံ၊ စာရာ၊ မောရှေ၊ ရုသ၊ ဧသတာ​နဲ့ ဒါဝိဒ်​တို့​ကို ပြန်တွေ့ခွင့်ရ​မယ်။ သူတို့နဲ့အတူ ဒီကမ္ဘာမြေကြီး​ကို ပရဒိသု​ဖြစ်စေ​တော့မယ်။ စိတ်ဝင်စား​စရာ​ကောင်းတဲ့ အလုပ်​အမျိုးမျိုးကို အမြဲ​လုပ်​နေရ​တော့မယ်။

ယေဟောဝါက လူတွေကို အဲဒီမှာ ရှိနေ​စေချင်တယ်။ တစ်ခါ​မှ မစဉ်းစားဖူးတဲ့ နည်းတွေနဲ့ ယေဟောဝါ​အကြောင်း သိလာ​ရ​လိမ့်မယ်။ ဒါကြောင့် နေ့တိုင်း ယေဟောဝါနဲ့ ပို​ရင်းနှီးချစ်ခင်​လာအောင် ကြိုးစားကြ​စို့။

“ယေဟောဝါ ဘုရား၊ ကိုယ်တော်က အရာခပ်သိမ်း​ကို ဖန်ဆင်း​ခဲ့တယ်။ . . . ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှု​နဲ့ အစွမ်းခွန်အား​တွေကို ကိုယ်တော် ရထိုက်ပါတယ်။”—ဗျာဒိတ် ၄:၁၁