မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

ချစ်လှစွာ​သော ယုံကြည်သူချင်း​များ–

ယေဟောဝါကို ကိုးကွယ်သူ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ နှုတ်ထွက်စကား၊ သမ္မာ​ကျမ်းစာကို တန်ဖိုးထား​ကြ​တ​ယ်။ ကျမ်းစာ​ထဲမှာ တိကျမှန်ကန်​တဲ့ သမိုင်းကြောင်း၊ အသက်ရှင်နေထိုင်ပုံနဲ့​ပတ်သက်တဲ့ လမ်းပြညွှန်ကြားချက်တွေအပြင် လူတွေကို ယေဟောဝါဘုရား တကယ်​ချစ်​တယ်​ဆိုတဲ့ သက်သေသာဓကတွေ ပါတယ်။ (ဆာလံ ၁၁၉:၁၀၅။ လုကာ ၁:၃။ ၁ ယောဟန် ၄:၁၉) ကျမ်းစာ​ထဲမှာ​ပါတဲ့ အမှန်တရားကို တခြား​လူတွေ​ကိုလည်း သိစေချင်တယ်။ ဒါကြောင့် ကျမ်းစာကနေ သင်ယူနိုင်​တဲ့ သင်ခန်းစာများ စာအုပ်ကို ထုတ်ဝေ​လိုက်တာ​ဖြစ်တယ်။ ဒီစာအုပ်​အကြောင်း နည်းနည်း​ပြောပြပါ​ရစေ။

တကယ်တော့ ကလေးတွေကို ရည်စူး​ပြီး ဒီစာအုပ်ကို ထုတ်ဝေထားတာ ဖြစ်ပေမဲ့ ကျမ်းစာကို ပို​သိနားလည်​ချင်တဲ့ လူကြီး​တွေလည်း ဖတ်နိုင်​ပါတယ်။ သမ္မာကျမ်းစာ​ဟာ လူတိုင်း​အတွက် စာအုပ်တစ်အုပ်​ဖြစ်လို့ ကျမ်းစာပါ သင်ခန်းစာတွေကို သုံးသပ်​မယ်ဆိုရင် အကျိုး​အပြည့် ရပါလိမ့်မယ်။

ဒီစာအုပ်​က ကျမ်းစာမှတ်တမ်း​ပါ လူ့သမိုင်း​ကြောင်းကို ဖန်ဆင်းခြင်းအချိန်​ကစပြီး ဖော်ပြတယ်။ ကျမ်းစာ​မှတ်တမ်းတွေ​ကို ရိုးရိုးရှင်းရှင်း​လေး တင်ဆက်ထားပါတယ်။ အဖြစ်အပျက်​တွေကို အစဉ်လိုက် ဖော်ပြထား​ပါတယ်။

ဒီစာအုပ်​က ကျမ်းစာ​မှတ်တမ်းတွေ​ကို ဖော်ပြထား​ရုံပဲ မဟုတ်ဘူး။ စာသားတွေ၊ ရုပ်ပုံ​တွေ​က ကျမ်းစာ​ဇာတ်ကောင်​တွေကို အသက်ဝင်​စေဖို့၊ ခံစားချက်တွေ ပေါ်လွင်​စေဖို့ ရေးသား၊ ပုံဖော်​ထားတယ်။

သမ္မာကျမ်းစာ​မှာပါတဲ့ ယေဟောဝါ​စကား နားထောင်သူ၊ နားမထောင်​သူတွေ​အကြောင်း ဒီစာအုပ်မှာ ဖော်ပြထားတယ်။ သူတို့ရဲ့ ပုံနမူနာကနေ သင်ခန်းစာ ယူနိုင်တယ်။ (ရောမ ၁၅:၄။ ၁ ကောရိန္သု ၁၀:၆) ဒီစာအုပ်ကို ၁၄ ပိုင်း ခွဲထားတယ်။ တစ်ပိုင်း​စီ​ရဲ့​အစမှာ သင်ခန်းစာ အကျဉ်း​ချုံး ပါတယ်။

မိဘ​ဖြစ်မယ်ဆိုရင် ကလေး​နဲ့ သင်ခန်းစာ​ကိုဖတ်​ပြီး သက်ဆိုင်တဲ့ ရုပ်ပုံကို ဆွေးနွေး​နိုင်တယ်။ ညွှန်း​ထားတဲ့ ကျမ်းချက်​တွေကို အတူတူ​ဖတ်​ကြည့်ရင် ကောင်းတယ်။ ကျမ်းပိုဒ်​နဲ့ စာအုပ်​ထဲက သင်ခန်းစာ​ဟာ ဘယ်လို​သက်ဆိုင်တယ်​ဆိုတာ ကလေးကို နားလည်စေ​ပါ။ လူကြီး​တွေလည်း ကျမ်းစာ​ရဲ့ ဆိုလိုရင်း​ကို ခြုံငုံ​သဘောပေါက်​နိုင်​ဖို့ ထပ်တူ​နည်း​ကို အသုံးပြုနိုင်တယ်။

စိတ်နှလုံး​ရိုးဖြောင့်​သူ လူကြီးလူငယ်​အားလုံး ဒီစာအုပ်ကို​ဖတ်​ပြီး ကျမ်းစာကို သဘောပေါက်​နားလည်​လာ​ရုံမက ရရှိတဲ့​သင်ခန်းစာ​တွေကို လက်တွေ့ကျင့်သုံး နိုင်ကြပါစေ။ ဘုရားသခင့် အိမ်သူအိမ်သား​တွေအဖြစ် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်သူ​တွေ ဖြစ်လာ​ပါစေ။

သင်တို့​ရဲ့ ညီအစ်ကို​များ၊

Go​ve​r​nin​g Body of Jehovah’s Witnesses

(ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့)