မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

“ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်”

“ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်”

မဿဲ ၄:၁၀

အာရုံစိုက်​ရာ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ဖို့ လိုအပ်​ရတဲ့ အကြောင်းရင်း

၁၊ ၂။ အေဒီ ၂၉၊ ဆောင်းဦး​မှာ ယုဒ​တော​ထဲ ယေရှု ဘယ်လို ရောက်လာ​သလဲ။ ဘာ​ဖြစ်ခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

အေဒီ ၂၉၊ ဆောင်းဦး​မှာ​ပေါ့။ ပင်လယ်သေ​မြောက်ဘက် ယုဒ​တော​မှာ ယေရှု ရှိနေတယ်။ နှစ်ခြင်းခံ၊ ဘိသိက်ပေး​ခံရပြီး​တဲ့​နောက် သန့်ရှင်းသော စွမ်းအားတော်​က ယေရှုကို တော​ထဲ သွားဖို့ ညွှန်ကြားတယ်။ ကျောက်ဆောင်​တွေ၊ လျှိုမြောင်​တွေ​ကြား ဆိတ်ငြိမ်​တဲ့​နေရာမှာ ရက် ၄၀ အစာရှောင်၊ ဆုတောင်း၊ တွေးတော​ဆင်ခြင်​ခဲ့​တယ်။ ဒီအတောအတွင်း ယေဟောဝါ​က သားတော်​ယေရှု ရှေ့မှာ ကြုံရမယ့်​အရာတွေ​အတွက် ပြင်ဆင်​ပေးဖို့ ဆက်သွယ်​ခဲ့​ပုံ​ရတယ်။

ဆာလောင်မှု​ကြောင့် ယေရှု အားနည်းနေ​ချိန်မှာ စာတန် ချဉ်းကပ်​လာတယ်။ သင်​အပါအဝင် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို မြတ်နိုးသူ​တိုင်း ပါဝင်​ပတ်သက်​နေတဲ့ အရေးကြီး​ကိစ္စ​ကို နောက်ထပ်​ဖြစ်ရပ်တွေက ဖော်ပြတယ်။

“မင်း ဘုရားသခင်ရဲ့​သား မှန်​ရင် . . . ”

၃၊ ၄။ (က) ဘယ်​စကားတွေနဲ့ ပထမ သွေးဆောင်မှု​နှစ်ခု​ကို စာတန် အစပြု​ခဲ့သလဲ။ ယေရှုကို ဘာနဲ့​ပတ်သက်ပြီး သံသယဝင်​စေ​ချင်​တာ ဖြစ်မလဲ။ (ခ) ဒီနေ့ တူညီတဲ့ နည်း​ပရိယာယ်တွေကို စာတန် ဘယ်လို သုံး​နေသလဲ။

မဿဲ ၄:၁-၇ ကိုဖတ်ပါ။ “မင်း ဘုရားသခင်ရဲ့​သား မှန်​ရင်” ဆိုတဲ့ ပါးနပ်​တဲ့ စကားတွေနဲ့ ပထမ​သွေးဆောင်မှု​နှစ်ခု​ကို စာတန် အစ​ပြုခဲ့တယ်။ ယေရှုဟာ ဘုရားရဲ့ သား ဟုတ်,မဟုတ် စာတန် သံသယဝင်​နေတာလား။ မဟုတ်ဘူး။ ယေရှုဟာ ဘုရားရဲ့ သားဦး ဖြစ်မှန်း ဘုရားရဲ့ သား ဖြစ်ခဲ့ဖူးတဲ့ အပြစ်​ကျူးလွန်​သူ ကောင်းကင်တမန်ဆိုး ကောင်းကောင်း သိတယ်။ (ကော. ၁:၁၅) ယေရှု နှစ်ခြင်း​ခံ​ချိန်မှာ “သူဟာ ငါ​မြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ” ဆိုပြီး ကောင်းကင်​ကနေ ယေဟောဝါ မိန့်ဆိုတာ​ကိုလည်း စာတန် သိမှာ သေချာတယ်။ (မ. ၃:၁၇) အဖဘုရား​ဟာ ယုံကြည်​စိတ်ချ​ထိုက်,မထိုက်၊ ယေရှုကို တကယ် ဂရုစိုက်,မစိုက် စာတန် သံသယဝင်​စေ​ချင်​ပုံ​ရတယ်။ ကျောက်ခဲတွေကို မုန့်​ဖြစ်စေပါ​ဆိုတဲ့ ပထမ​သွေးဆောင်မှုမှာ တကယ်တော့ ‘မင်း​က ဘုရား​သား​ပဲ။ ဒီ​တော​ထဲမှာ မင်းကို မင်း​အဖေ ဘာကြောင့် ဘာမှ မကျွေး​သလဲ’ လို့ စာတန် မေးခွန်းထုတ်​နေတာ။ ဗိမာန်တော်​အမိုးပေါ်​ကနေ ခုန်​ချပါ​ဆိုတဲ့ ဒုတိယ​သွေးဆောင်မှု​မှာလည်း စာတန်​က ‘မင်းက ဘုရား​သား​ဆိုတော့ မင်း​အဖေ ကာကွယ်​ပေးမယ်လို့ တကယ်​ယုံ​သလား’ ဆိုပြီး မေး​ချင်​ပုံ​ရတယ်။

ဒီနေ့လည်း အလားတူ နည်း​ပရိယာယ်​တွေ စာတန် သုံး​နေ​တယ်။ (၂ ကော. ၂:၁၁) ဖြားယောင်း​သွေးဆောင်​သူက စစ်မှန်တဲ့ ဝတ်ပြု​ကိုးကွယ်သူ​တွေ အားနည်း​သွား​ချိန်၊ စိတ်ဓာတ်ကျ​ချိန်​အထိ စောင့်​ပြီး ပါးနပ်​တဲ့​နည်းတွေနဲ့ မကြာခဏ တိုက်ခိုက်တယ်။ (၂ ကော. ၁၁:၁၄) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ ချစ်​မှာ မဟုတ်ဘူး၊ နှစ်သက်​လက်ခံ​မှာ မဟုတ်ဘူးလို့ စာတန် အယုံသွင်း​ချင်တယ်။ ယေဟောဝါဟာ ယုံကြည်​စိတ်ချ​ထိုက်​သူ မဟုတ်ဘူး၊ ကျမ်းစာမှာ ကတိ​ပေးထားတဲ့​အတိုင်း လုပ်ပေးမှာ မဟုတ်ဘူးလို့ ယုံ​သွား​အောင်​လည်း စာတန် ကြိုးစားတယ်။ တကယ့်​ယုတ်ညံ့တဲ့ လိမ်ညာမှု​တွေ​ပါပဲ။ (ယော. ၈:၄၄) ဒါတွေကို ဘယ်လို ငြင်းပယ်​နိုင်သလဲ။

၅။ ပထမ​သွေးဆောင်မှု​နှစ်ခု​ကို ယေရှု ဘယ်လို တုံ့ပြန်​ခဲ့သလဲ။

ပထမ​သွေးဆောင်မှု​နှစ်ခု​ကို ယေရှု တုံ့ပြန်ခဲ့ပုံ​အကြောင်း သုံးသပ်​ကြည့်ပါ။ အဖဘုရား​ရဲ့ မေတ္တာကို သံသယ မဝင်​ခဲ့​ဘူး။ အကြွင်းမဲ့ ယုံကြည်​စိတ်​ချခဲ့တယ်။ ကျမ်းစာ ကိုးကား​ပြီး စာတန်ကို မဆိုင်းမတွ ငြင်းပယ်ခဲ့​တယ်။ ဘုရား​နာမတော် ယေဟောဝါ ပါတဲ့ ကျမ်း​စကားကို ဆီလျော်​စွာ ကိုးကားခဲ့​တယ်။ (တရား. ၆:၁၆။ ၈:၃) ကတိတော်​မှန်သမျှ ပြည့်စုံ​စေမယ်လို့ အာမခံ​ထားတဲ့ ဘုရား​နာမတော်ကို သုံးတာ​ထက် အဖဘုရားကို ယုံကြည်​စိတ်ချကြောင်း ဖော်ပြဖို့ ပို​ကောင်းတဲ့​နည်း ဘာ​ရှိ​ဦး​မှာ​လဲ။ *

၆၊ ၇။ စာတန်ရဲ့ ပါးနပ်​တဲ့ တိုက်ခိုက်မှု​တွေကို ဘယ်လို တွန်းလှန်​နိုင်မလဲ။

ယေဟောဝါရဲ့ စကားတော် သမ္မာကျမ်းစာကို ယုံကြည်​အားထားခြင်း၊ ဘုရား​နာမတော် အဓိပ္ပာယ်​ကို တွေးတောခြင်း​အားဖြင့် စာတန်ရဲ့ ပါးနပ်​တဲ့ တိုက်ခိုက်မှု​တွေကို တွန်းလှန်နိုင်​ကြပါတယ်။ စိတ်ဓာတ်ကျ​နေ​သူတွေ အပါအဝင် ဝတ်ပြု​ကိုးကွယ်သူ​တွေ​အပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာတော်နဲ့ ဂရုစိုက်မှု​အကြောင်း ကျမ်းစာ​အဆိုကို အာရုံစိုက်​မယ်​ဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး၊ နှစ်သက်​လက်ခံ​မှာ မဟုတ်ဘူး​ဆိုတဲ့ စာတန်ရဲ့ မုသာ​စကားတွေကို ငြင်းပယ်​နိုင်မယ်။ (ဆာ. ၃၄:၁၈။ ၁ ပေ. ၅:၈) ယေဟောဝါဟာ နာမတော်​နဲ့​အညီ လုပ်ဆောင်​တတ်​ကြောင်း သတိရပါ။ ဒါဆိုရင် ကတိတော်​တွေ ပြည့်စုံ​စေတဲ့​အရှင်ဟာ ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ ယုံကြည်​စိတ်ချမှု​ကို ရထိုက်​ကြောင်း သံသယဝင်​မှာ မဟုတ်တော့ဘူး။—ပညာ. ၃:၅၊ ၆

စာတန်ရဲ့ အဓိက ရည်ရွယ်ချက်​က ဘာလဲ။ ကျွန်တော်တို့ဆီက​နေ တကယ်​လိုချင်တာ ဘာလဲ။ ယေရှုကို စာတန် တတိယ​အကြိမ် သွေးဆောင်​ချိန်မှာ အဖြေ ရှင်း​လာတယ်။

‘ငါ့ကို တစ်ကြိမ်ပဲ ရှိခိုး​ဦး​ချပါ’

၈။ စာတန်​က တတိယ​သွေးဆောင်မှုမှာ ရည်ရွယ်ချက်​အမှန်​ကို ဘယ်လို ဖော်ပြခဲ့သလဲ။

မဿဲ ၄:၈-၁၁ ကိုဖတ်ပါ။ တတိယ​သွေးဆောင်မှုမှာ​တော့ စာတန်​က ပါးနပ်​တဲ့​နည်း မ​သုံး​တော့ဘဲ ရည်ရွယ်ချက်​အမှန်​ကို ထုတ်​ပြပါ​တော့​တယ်။ ယေရှုကို လောကရဲ့ ပျက်စီး​ယိုယွင်း​နေတဲ့​အရာတွေ မပြ​ဘဲ “တိုင်းနိုင်ငံတွေ​နဲ့ ဘုန်းစည်းစိမ်​အားလုံးကို” ပြခဲ့တယ်။ (စိတ်အာရုံ​ထဲမှာ ဖြစ်နိုင်တယ်။) နောက်တော့ “ငါ့ကို တစ်ကြိမ်ပဲ ရှိခိုး​ဦးချ​မယ်​ဆိုရင် ဒါတွေ​အားလုံး မင်းကို ပေးမယ်” လို့ ပြောခဲ့​တယ်။ * စာတန် လိုချင်တာ ကိုးကွယ်မှု ဖြစ်နေတာ​ကိုး။ အဖဘုရားကို ယေရှု စွန့်ပြီး ဖြားယောင်း​သွေးဆောင်​သူကို​မှ ဘုရား​အဖြစ် အသိအမှတ်ပြု​တာ​မျိုး စာတန် လိုချင်​နေတာ။ ယေရှု​အတွက် လွတ်လမ်း​လို့ ထင်ရတဲ့​အရာကို စာတန် ကမ်းလှမ်း​နေတာ။ တိုင်းနိုင်ငံ​တွေရဲ့ ဘုန်းစည်းစိမ်​တွေ ရမယ်၊ ဆူးခက်​သရဖူ၊ ကျာပွတ်နဲ့ အရိုက်ခံရ​ခြင်း၊ သစ်တိုင်​မှာ အသတ်ခံရ​ခြင်း စ​တာ​တွေ​လည်း ခံစရာ မလိုဘူးလို့ ပြော​နေတာ။ တကယ့်​သွေးဆောင်မှု​ပါပဲ။ လောက​တိုင်းနိုင်ငံတွေ​ကို စာတန် မပိုင်​ဘူးလို့ ယေရှု မပြောခဲ့ဘူး။ (ယော. ၁၂:၃၁။ ၁ ယော. ၅:၁၉) အဖဘုရား​ရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကနေ ယေရှု လှည့်ထွက်​သွား​အောင် စာတန် ဘာမဆို ပေးမှာ သေချာတယ်။

၉။ (က) စစ်မှန်တဲ့ ဝတ်ပြု​ကိုးကွယ်သူ​တွေ​ဆီက စာတန် တကယ်​လိုချင်တာ ဘာလဲ။ ကျွန်တော်တို့ကို ဘယ်လို သွေးဆောင်​သလဲ။ (ခ) ဝတ်ပြုရေးမှာ ဘာ​ပါဝင်​သလဲ။ (“ဝတ်ပြု​ကိုးကွယ်မှု​ဆိုတာ ဘာလဲ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

ဒီနေ့လည်း စာတန်​က တိုက်ရိုက်​ဖြစ်စေ၊ သွယ်ဝိုက်​ဖြစ်စေ ဝတ်ပြု​ကိုးကွယ်ခံ​ချင်တယ်။ မဟာ​ဗာဗုလုန် ဘာသာတရား​တွေရဲ့ မှားယွင်းတဲ့ ဝတ်ပြု​ကိုးကွယ်မှု​အားလုံးကို “ဒီ​လောကစနစ်ရဲ့ ဘုရား” အနေနဲ့ ရထား​ပြီးပြီ။ (၂ ကော. ၄:၄) ဒါပေမဲ့ မှားယွင်းတဲ့ ဝတ်ပြု​ကိုးကွယ်သူ သန်း​ထောင်ချီ​နဲ့ မရောင့်ရဲ​နိုင်​သေး​ဘဲ စစ်မှန်တဲ့ ဝတ်ပြု​ကိုးကွယ်သူ​တွေပါ ဘုရားအလိုတော် ဆန့်ကျင်​သွား​အောင် စာတန် သွေးဆောင်​ချင်တယ်။ “ဖြောင့်မတ်သူတွေ ဖြစ်လို့” ဆင်းရဲဒုက္ခ ခံရနိုင်​တဲ့ ခရစ်ယာန်​လမ်းစဉ်​ကို လိုက်စား​တာ​ထက် လောက​စည်းစိမ်​နဲ့ အာဏာကို ရှာ​ဖို့ မက်လုံး​တွေ ပေး​တယ်။ (၁ ပေ. ၃:၁၄) တကယ်လို့​သာ ကျွန်တော်တို့​က သွေးဆောင်မှုတွေကို အလျှော့ပေး​လိုက်တယ်၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို စွန့်ပြီး စာတန့်​လောကရဲ့ အစိတ်အပိုင်း ဖြစ်လာတယ်​ဆိုရင် စာတန်ဟာ ကျွန်တော်တို့ရဲ့ ဘုရား ဖြစ်လာမယ်၊ စာတန်ကို ရှိခိုး​ဦးချ​ရာ ရောက်​သွားမယ်။ ဒီလို​သွေးဆောင်မှု​မျိုးကို ဘယ်လို တွန်းလှန်နိုင်​ကြ​မလဲ။

၁၀။ တတိယ​သွေးဆောင်မှု​ကို ယေရှု ဘယ်လို တုံ့ပြန်​ခဲ့သလဲ။ ဘာကြောင့်လဲ။

၁၀ တတိယ​သွေးဆောင်မှုမှာ ယေရှု​တုံ့ပြန်ပုံကို သတိပြုပါ။ “စာတန်၊ ထွက်သွား​စမ်း” လို့ ချက်ချင်း ပြောပြီး ယေဟောဝါအပေါ် အကြွင်းမဲ့ သစ္စာ​စောင့်သိကြောင်း ပြခဲ့တယ်။ ပထမ​သွေးဆောင်မှု​နှစ်ခု​မှာ​လို​ပဲ “‘ယေဟောဝါ​ဘုရားကို ကိုးကွယ်​ရမယ်။ ကိုယ်တော်​တစ်ပါးတည်းကိုပဲ ဝတ်ပြု​ရမယ်’ လို့ ကျမ်းစာမှာ ရေးထားတယ်” ဆိုပြီး တရားဟောရာကျမ်း​ထဲ​က ဘုရား​နာမတော် ပါတဲ့ ကျမ်း​တစ်ချက်​ကို ကိုးကားခဲ့​တ​ယ်။ (မ. ၄:၁၀။ တရား. ၆:၁၃) ထင်ပေါ်​ပေမဲ့ မတည်မြဲ​တဲ့ လောက​အခွင့်အရာ၊ ဆင်းရဲဒုက္ခ ခံစား​စ​ရာ မလို​တဲ့ သက်သောင့်သက်သာ​ဘဝကို ငြင်းပယ်ခဲ့​တယ်။ အဖဘုရားတစ်ပါး​တည်း​သာ ဝတ်ပြု​ကိုးကွယ်ခံထိုက်​ကြောင်း၊ စာတန်ကို တစ်ကြိမ်ပဲ “ရှိခိုး​ဦးချ” ရင်တောင် လက်အောက်ခံ​ရာ ရောက်​သွားကြောင်း သိထားတယ်။ ဒါကြောင့် ဆိုးညစ်​တဲ့ ဖြားယောင်း​သွေးဆောင်​သူကို ဘုရား​အဖြစ် အသိအမှတ်ပြု​ဖို့ ယေရှု ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့​တယ်။ ခါးခါးသီးသီး အငြင်း​ခံ​လိုက်​ရလို့ “မာရ်နတ် ထွက်​သွားတယ်။” *

“စာတန်၊ ထွက်သွားစမ်း” (စာပိုဒ် ၁၀ ကို ကြည့်ပါ)

၁၁။ စာတန်နဲ့ သူ့​သွေးဆောင်မှုတွေကို ဘယ်လို တွန်းလှန်​နိုင်မလဲ။

၁၁ ယေရှု​လို​ပဲ ကျွန်တော်တို့မှာ ရွေးချယ်ခွင့် ရှိတာမို့ စာတန်နဲ့ ဆိုးညစ်​တဲ့ လောကရဲ့ သွေးဆောင်မှုတွေကို တွန်းလှန်နိုင်​ကြပါတယ်။ ယေဟောဝါ​က ကျွန်တော်တို့ကို လွတ်လပ်​စွာ ရွေးချယ်ခွင့် အဖိုးတန် ဆုလက်ဆောင် ပေး​ထားတယ်။ ဒါကြောင့် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို စွန့်ဖို့ ဘယ်သူကမှ၊ တန်ခိုး​ရှိပြီး ဆိုးညစ်​တဲ့ ဖြားယောင်း​သွေးဆောင်​သူက​တောင်မှ ကျွန်တော်တို့ကို ဖိအားပေး​လို့ မရဘူး။ “ခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့ မာရ်နတ်ကို ခုခံ​တွန်းလှန်” တဲ့အခါ “စာတန်၊ ထွက်သွား​စမ်း” လို့ ပြောတာနဲ့ တူတယ်။ (၁ ပေ. ၅:၉) ယေရှု ပြတ်ပြတ်သားသား ငြင်းပယ်​လိုက်တာနဲ့ စာတန် ထွက်သွား​ကြောင်း သတိရပါ။ အလားတူပဲ “မာရ်နတ်ကို ခုခံ​တွန်းလှန်​ကြပါ။ ဒါဆိုရင် ခင်ဗျားတို့​ဆီကနေ သူ​ထွက်ပြေး​သွား​လိမ့်မယ်” ဆိုပြီး ကျမ်းစာမှာ အာမခံ​ထားတယ်။—ယာ. ၄:၇

စာတန့်လောကရဲ့ သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ ကျွန်တော်တို့ ရွေးချယ်နိုင် (စာပိုဒ် ၁၁၊ ၁၉ ကို ကြည့်ပါ)

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ ရန်သူ

၁၂။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ ရန်သူ ဖြစ်ကြောင်း ဧဒင်​ဥယျာဉ်မှာ စာတန် ဘယ်လို ဖော်ပြခဲ့သလဲ။

၁၂ နောက်ဆုံး​သွေးဆောင်မှုမှာ စာတန်​က မိမိဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုရဲ့ ကနဦး​ရန်သူ ဖြစ်ကြောင်း အတည်ပြု​လိုက်တယ်။ ယေဟောဝါရဲ့ ဝတ်ပြုရေး​ကို မုန်းတီး​ကြောင်း လွန်ခဲ့တဲ့ နှစ်​ထောင်ချီ​က ဧဒင်​ဥယျာဉ်မှာ စာတန် ဦးဆုံး​အကြိမ် ဖော်ပြခဲ့တယ်။ စာတန်​က ဧဝ​က​တစ်ဆင့် အာဒံ​ကို ယေဟောဝါရဲ့ ပညတ် ချိုးဖောက်​အောင် သွေးဆောင်ခြင်း​အားဖြင့် မိမိရဲ့ ဦးဆောင်မှုနဲ့ ထိန်းချုပ်မှု​အောက် ရောက်​စေခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅ ကိုဖတ်ပါ။ ၂ ကော. ၁၁:၃။ ဗျာ. ၁၂:၉) လှည့်စား​နေ​သူရဲ့ သရုပ်မှန်​ကို မသိကြပေမဲ့ စာတန်​က သူတို့ရဲ့ ဘုရား ဖြစ်လာတယ်။ သူတို့ဟာ စာတန်ကို ကိုးကွယ်သူ​တွေ ဖြစ်လာကြတယ်။ ဒီ့ပြင် ဧဒင်​ဥယျာဉ်မှာ ပုန်ကန်မှုကို စာတန် အစပျိုး​လိုက်တာ​ဟာ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ၊ အုပ်ချုပ်ပိုင်ခွင့်​ကို စိန်ခေါ်​ရုံ​သာမက စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို​ပါ စတင်​တိုက်ခိုက်​လိုက်တာပဲ။ ဘယ်လို​နည်းနဲ့လဲ။

၁၃။ အချုပ်အခြာအာဏာ​ပိုင်သ​မှု အရေးကိစ္စ​မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ဘယ်လို ပါဝင်​ပတ်သက်​သလဲ။

၁၃ အချုပ်အခြာအာဏာ​ပိုင်သ​မှု အရေးကိစ္စ​မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​လည်း ပါဝင်​ပတ်သက်​တယ်။ “အရာခပ်သိမ်း​ကို ဖန်ဆင်း” တဲ့​အရှင်၊ စစ်မှန်တဲ့ အချုပ်အခြာအာဏာပိုင်ရှင်​သာ​လျှင် ဝတ်ပြု​ကိုးကွယ်ခံထိုက်​ပါတယ်။ (ဗျာ. ၄:၁၁) စုံလင်တဲ့ အာဒံနဲ့ ဧဝကို ဖန်ဆင်းပြီး ဧဒင်​ဥယျာဉ်မှာ နေရာချ​ပေး​တုန်း​က ကမ္ဘာ​တစ်ခွင်လုံးမှာ စုံလင်တဲ့ လူသားတွေ ပြည့်နေ​ဖို့၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ စိတ်ရင်းမှန်စွာ တလိုတလား ပါဝင်​ကြဖို့ ဘုရား ရည်ရွယ်တယ်။ (က. ၁:၂၈) အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ​သာ ပိုင်ထိုက်တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို စာတန် တပ်မက်​တဲ့​အတွက် ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်​ခဲ့​တာ ဖြစ်တယ်။—ယာ. ၁:၁၄၊ ၁၅

၁၄။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို တိုက်ခိုက်​ရာ​မှာ စာတန် အောင်မြင်​ခဲ့​သလား။ ရှင်းပြပါ။

၁၄ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို တိုက်ခိုက်​ရာ​မှာ စာတန် အောင်မြင်​ခဲ့​သလား။ အာဒံနဲ့ ဧဝကို ဘုရား​ဆီကနေ လှည့်ထွက်​သွား​စေနိုင်ခဲ့တယ်။ အဲဒီ​အချိန်​က​စပြီး စစ်မှန်တဲ့ ဝတ်ပြုရေး​ကို စာတန် တိုက်ခိုက်​ခဲ့​တယ်။ လူများ​နိုင်သမျှ​များများ ယေဟောဝါ​ဘုရား​ဆီကနေ လှည့်ထွက်​သွား​အောင် ကြံစည်​တယ်။ ခရစ်ယာန်ခေတ် မတိုင်ခင်​က ဝတ်ပြု​ကိုးကွယ်​သူတွေကိုလည်း ဆက်​သွေးဆောင်ခဲ့တယ်။ အေဒီ ပထမရာစုမှာ အယူဖောက်ပြန်မှု ပေါ်လာ​စေခြင်း​အားဖြင့် ခရစ်ယာန်​အသင်းတော်ကို ယိုယွင်း​စေခဲ့တယ်။ ဒီလိုနဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပျောက်ကွယ်​လု​မတတ် ဖြစ်ခဲ့တယ်။ (မ. ၁၃:၂၄-၃၀၊ ၃၆-၄၃။ တ. ၂၀:၂၉၊ ၃၀) အေဒီ ဒုတိယရာစု​က​စပြီး ဝတ်ပြု​ကိုးကွယ်သူ​တွေဟာ မှားယွင်းတဲ့ ကမ္ဘာ့​ဘာသာရေး​အင်ပါယာ မဟာ​ဗာဗုလုန်​သုံ့ပန်း​ဘဝကို အချိန်အတော်ကြာ ကျရောက်ခဲ့တယ်။ ဒါပေမဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့​ပတ်သက်တဲ့ ဘုရား​ရည်ရွယ်ချက်ကို တိုက်ခိုက်​ရာ​မှာ​တော့ စာတန် မအောင်မြင်​ခဲ့​ပါဘူး။ ဘုရား​ရည်ရွယ်ချက် မပြည့်စုံ​အောင် ဘာကမှ မတားဆီး​နိုင်​ဘူး။ (ဟေရှာ. ၄၆:၁၀။ ၅၅:၈-၁၁) ဘုရား​နာမတော် အရေးကိစ္စ ပါဝင်​ပတ်သက်​နေပြီး ဘုရားက နာမတော်​နဲ့​အညီ အမြဲ ကြံစည်​လုပ်ဆောင်တယ်။ ယေဟောဝါဟာ ရည်ရွယ်တော်မူချက်​ကို မပျက်​မကွက် ပြည့်စုံ​စေတဲ့​အရှင် ဖြစ်ပါတယ်။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ဘက် ရပ်တည်​ကာကွယ်​သူ

၁၅။ ပုန်ကန်သူ​တွေကို ကိုင်တွယ်ဖို့၊ ရည်ရွယ်တော်မူချက် ပြည့်စုံ​စေဖို့ ဧဒင်မှာ ယေဟောဝါ ဘာတွေ လုပ်ဆောင်ခဲ့သလဲ။

၁၅ ပုန်ကန်သူ​တွေကို ကိုင်တွယ်​ဖို့၊ ရည်ရွယ်တော်မူချက် ကျိန်းသေ ပြည့်စုံဖို့ ဧဒင်မှာ ယေဟောဝါ ချက်ချင်း လုပ်ဆောင်ခဲ့တယ်။ (ကမ္ဘာဦး ၃:၁၄-၁၉ ကိုဖတ်ပါ။) အာဒံနဲ့ ဧဝ ဧဒင်​ဥယျာဉ်မှာ ရှိနေတုန်း​မှာ​ပဲ ယေဟောဝါ​က ပုန်ကန်သူ စာတန်၊ ဧဝ၊ အာဒံ​တို့ကို အပြစ်​ကျူးလွန်​တဲ့ အစဉ်လိုက်​အတိုင်း ပြစ်ဒဏ် ချမှတ်​ခဲ့​တယ်။ နောက်ကွယ်​က သွေးထိုး​သူ​စာတန်ကို ပြောတဲ့ စကားတွေမှာ ပုန်ကန်မှုရဲ့ ဆိုးကျိုး​အားလုံးကို ချေဖျက်​ပေးမယ့် “မျိုးနွယ်” ပေါ်ပေါက်​လာမယ့်​အကြောင်း ယေဟောဝါ ကြိုတင်​မိန့်ဆိုခဲ့တယ်။ ကတိထားရာ “မျိုးနွယ်” ဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်တော်မူချက် ပြည့်စုံ​စေ​ရေး​မှာ အဓိက အခန်းကဏ္ဍ​ကနေ ပါဝင်​မယ်။

၁၆။ ဧဒင်​ဥယျာဉ်မှာ ပုန်ကန်မှု ဖြစ်ပြီး​တဲ့​နောက် ယေဟောဝါ​က ရည်ရွယ်တော်မူချက် ပြည့်စုံရေး​အတွက် ဘယ်လို ဆက်လုပ်​ဆောင်ခဲ့​သလဲ။

၁၆ ဧဒင်​ဥယျာဉ်မှာ ပုန်ကန်မှု ဖြစ်ပြီး​တဲ့​နောက် ယေဟောဝါ​က ရည်ရွယ်တော်မူချက် ပြည့်စုံရေး​အတွက် ဆက်လုပ်​ဆောင်ခဲ့​တယ်။ ဘုရား လက်ခံနိုင်တဲ့​နည်းနဲ့ မစုံလင်သူ လူသားတွေ ဝတ်ပြု​ကိုးကွယ်​နိုင်ဖို့ စီစဉ်​ပေးခဲ့​ကြောင်း နောက်​အခန်းမှာ တွေ့​ရပါမယ်။ (ဟီ. ၁၁:၄–၁၂:၁) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ခြင်း​အကြောင်း စိတ်လှုပ်ရှားစရာ ပရောဖက်ပြုချက်တွေကို မှတ်တမ်း​တင်ဖို့ ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ​အပါအဝင် ကျမ်းရေးသူ​များစွာကို စွမ်းအားတော်​နဲ့ လမ်းညွှန်​ခဲ့​တယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ခြင်း​ဟာ ကျမ်းစာရဲ့ အဓိက​အကြောင်းအရာ​ပါ။ ကတိထားရာ “မျိုးနွယ်” ရဲ့ အဓိက​အပိုင်း ယေရှု​ခရစ်​အားဖြင့် ဒီ​ပရောဖက်ပြုချက်​တွေ ပြည့်စုံ​လာမယ်။ (ဂ​လ. ၃:၁၆) တတိယ​သွေးဆောင်မှု​ကို တုံ့ပြန်ပုံ​မှာ ရှင်းရှင်းလင်းလင်း တွေ့ရတဲ့​အတိုင်း ယေရှုဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ဘက် ရပ်တည်​ကာကွယ်​သူ ဖြစ်ပါတယ်။ မှန်ပါတယ်၊ ယေရှုဟာ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​တွေ ပြည့်စုံ​စေဖို့ ယေဟောဝါ ရွေးချယ်​ထားသူ​ပါ။ (ဗျာ. ၁၉:၁၀) ယေရှု​က ဘုရားလူမျိုးကို မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝကနေ ကယ်လွှတ်​ပေးမယ်၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ပြန်လည်​တည်ထောင်​ပေးမယ်။

သင် ဘာလုပ်မလဲ

၁၇။ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ကျမ်းစာ​ပရောဖက်ပြုချက်တွေကို ကျွန်တော်တို့ ဘာကြောင့် စိတ်ဝင်စားကြ​သလဲ။

၁၇ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ကျမ်းစာ​ပရောဖက်ပြုချက်တွေကို သုံးသပ်ခြင်းက စိတ်လှုပ်ရှားစရာ​ကောင်းပြီး ယုံကြည်ခြင်း ခိုင်ခံ့စေပါ​တ​ယ်။ အချုပ်အခြာ​အာဏာပိုင်ရှင် ယေဟောဝါကို ကောင်းကင်နဲ့ မြေကြီးပေါ်​က သက်ရှိ​အားလုံး စည်းလုံးစွာ ဝတ်ပြု​ကိုးကွယ်​ကြ​မယ့်​အချိန် ရောက်လာဖို့ ကျွန်တော်တို့ စောင့်မျှော်​နေကြ​လို့ ဒီ​ပရောဖက်ပြုချက်တွေကို စိတ်ဝင်စားကြ​ပါတယ်။ ဒီ​ပရောဖက်ပြုချက်​တွေ​မှာ စိတ်​ကြည်နူးစရာ​အကောင်းဆုံး အာမခံချက်​တချို့ ပါတာ​မို့ မျှော်လင့်ချက် ရှိစေတယ်။ သေဆုံးသွားတဲ့ ချစ်မြတ်နိုး​ရသူတွေ ရှင်ပြန်ထမြောက်​လာ​မှာ၊ ကမ္ဘာ့​ပရဒိသု၊ စုံလင်တဲ့ ကျန်းမာရေး၊ အဆုံးမဲ့ အသက်တာ အပါအဝင် ယေဟောဝါရဲ့ ကတိတော်​တွေ ပြည့်စုံ​လာမှာကို မတွေ့မြင်​ချင်တဲ့​သူ ရှိပါ့မလား။—ဟေရှာ. ၃၃:၂၄။ ၃၅:၅၊ ၆။ ဗျာ. ၂၀:၁၂၊ ၁၃။ ၂၁:၃၊ ၄

၁၈။ ဒီ​စာအုပ်မှာ ဘာ​အကြောင်း​တွေ ဆွေးနွေး​သွားမလဲ။

၁၈ ယေဇကျေလကျမ်းပါ စိတ်လှုပ်ရှားစရာ ပရောဖက်ပြုချက်တွေကို ဒီ​စာအုပ်မှာ ဆန်းစစ်​သွား​ကြမယ်။ ပရောဖက်ပြုချက်​အများစုက စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ခြင်း​အကြောင်း အလေးပေး​ထားတယ်။ ယေဇကျေလ ပရောဖက်ပြုချက်​တွေ​က တခြား​ပရောဖက်ပြုချက်တွေနဲ့ ဘယ်လို ဆက်စပ်​ကြောင်း၊ ခရစ်တော်​အားဖြင့် ဘယ်လို ပြည့်စုံ​လာမယ့်​အကြောင်း​နဲ့ ကျွန်တော်တို့ ပါဝင်​ပတ်သက်​ပုံ​တို့ကို လေ့လာ​သွားပါမယ်။—“ယေဇကျေလကျမ်း အကျဉ်း” လေးထောင့်ကွက်​ကို ကြည့်ပါ။

၁၉။ ဘာလုပ်ဖို့ သန္နိ​ဋ္ဌာန် ချထား​သလဲ။ ဘာကြောင့်လဲ။

၁၉ အေဒီ ၂၉၊ ယုဒ​တော​ထဲမှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ယေရှု ကျောခိုင်း​သွား​အောင် ကြိုးစားရာမှာ စာတန် ရှုံးနိမ့်​ခဲ့​တယ်။ ကျွန်တော်တို့ကို​ကော။ ကျွန်တော်တို့ကို စစ်မှန်တဲ့ ဝတ်ပြုရေး​ကနေ လမ်းလွဲ​သွား​စေဖို့ အရင်ကထက် စာတန် စိတ်ပိုင်းဖြတ်​ထားတယ်။ (ဗျာ. ၁၂:၁၂၊ ၁၇) ဆိုးညစ်​တဲ့ ဖြားယောင်း​သွေးဆောင်​သူကို တွန်းလှန်​မယ်​ဆိုတဲ့ သန္နိ​ဋ္ဌာန်​ကို ခိုင်ခံ့စေရာမှာ ဒီ​စာအုပ်​က ကူညီ​ပေးပါစေ။ “ယေဟောဝါ​ဘုရားကို ကိုးကွယ်​ရမယ်” ဆိုတဲ့ စကားတွေကို အပြည့်အဝ သဘောတူ​ကြောင်း ပြောဆို​ပြုမူပုံ​အားဖြင့် ပြ​နိုင်ကြပါစေ။ နောက်ဆုံးမှာ ယေဟောဝါရဲ့ ကြီးကျယ်ခမ်းနား​တဲ့ ရည်ရွယ်တော်မူချက် ပြည့်စုံ​လာတာကို မြင်တွေ့ခွင့် ရ​ကြပါမယ်။ အဲဒီအချိန်မှာ ကောင်းကင်နဲ့ မြေကြီးပေါ်​ရှိသူတိုင်းဟာ ယေဟောဝါ​သာ အပြည့်အဝ ရထိုက်တဲ့၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို စိတ်ရင်းမှန်​စွာ တစည်းတလုံးတည်း ပေးဆက်​ကြပါလိမ့်မယ်။

^ အပိုဒ်၊ 5 ယေဟောဝါရဲ့ နာမတော် အဓိပ္ပာယ်ဟာ “ကိုယ်တော် ဖြစ်လာ​စေတယ်” ဆိုပြီး နားလည်​ထား​ကြတယ်။ ဒီ​နာမည်ဟာ ဖန်ဆင်းရှင်၊ ရည်ရွယ်တော်မူချက်​တွေ ပြည့်စုံ​စေတဲ့​အရှင် ယေဟောဝါရဲ့ အခန်းကဏ္ဍ​နဲ့ သင့်လျော်​ပါတယ်။

^ အပိုဒ်၊ 8 စာတန့်​စကားတွေနဲ့​ပတ်သက်ပြီး ရည်ညွှန်း​ကျမ်း​တစ်စောင်​မှာ ဒီလို ဖော်ပြ​ထားတယ်– “အာဒံနဲ့ ဧဝ ကျရှုံး​ခဲ့​တဲ့ ပထမဆုံး စမ်းသပ်မှု​အကြောင်း ကျမ်း​မှတ်တမ်းမှာ တွေ့ရတဲ့​အတိုင်း . . . စာတန့်​အလို​နဲ့ ဘုရား​အလို​ကြား ရွေးချယ်ရာမှာ ဘယ်သူ့ကို အကြွင်းမဲ့ ဝတ်ပြု​ကိုးကွယ်​မလဲ​ဆိုတဲ့ အရေးကိစ္စ​လ​ည်း ပါဝင်​ပတ်သက်​တယ်။ တကယ်တော့ စာတန်​က တစ်ပါးတည်း​သော ဘုရား​နေရာမှာ ကိုယ့်ကိုယ်ကိုယ် ဘုရား​တင်​နေတာပါ။”

^ အပိုဒ်၊ 10 လုကာ​ခရစ်ဝင်ကျမ်း​မှာ သွေးဆောင်မှုတွေကို မတူညီတဲ့​ပုံစံ​နဲ့ ဖော်ပြ​ထားပေမဲ့ မဿဲကျမ်း​မှတ်တမ်းက​တော့ ဖြစ်ရပ်​စဉ်​အတိုင်း ဖော်ပြပေးတယ်။ အကြောင်းရင်း​သုံးခုကို သုံးသပ်​ကြည့်ပါ။ (၁) “ဒါနဲ့” ဆိုတဲ့ စကားနဲ့ ဒုတိယ​သွေးဆောင်မှု​ကို မဿဲ အစပြု​ဖော်ပြတဲ့​အတွက် သွေးဆောင်မှုတွေ ဆက်တိုက်​ဖြစ်ကြောင်း သိရတယ်။ (၂) “မင်း ဘုရားသခင်ရဲ့ သား မှန်​ရင်” ဆိုပြီး အစပြု​ထားတဲ့၊ ပါးနပ်​တဲ့ သွေးဆောင်မှု​နှစ်ခု ပြီးမှ ပထမ​ပညတ် ချိုးဖောက်​ဖို့ ဗြောင်ကျကျ သွေးဆောင်​တဲ့​အကြောင်း ဖော်ပြတာ ပို​လက်တွေ့ကျ​ပုံ​ပဲ။ (ထွ. ၂၀:၂၊ ၃) (၃) တတိယ​နဲ့ နောက်ဆုံး​သွေးဆောင်မှု အပြီးမှာမှ “စာတန်၊ ထွက်သွား​စမ်း” ဆိုတဲ့ ယေရှုရဲ့ စကားတွေကို ဖော်ပြတာ​က​လည်း ပို​သဘာဝ​ကျတယ်။—မ. ၄:၅၊ ၁၀၊ ၁၁