အခန်း ၂
သူတို့ရဲ့ ပူဇော်သက္ကာတွေကို “ဘုရားသခင် နှစ်သက်”
အာရုံစိုက်ရာ။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် ယေဟောဝါရဲ့ အစီအစဉ် သမိုင်းကြောင်း
၁-၃။ (က) ဘယ်မေးခွန်းတွေ သုံးသပ်ကြမလဲ။ (ခ) စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ ဘယ်အဓိကအချက်လေးချက်ကို ဆွေးနွေးကြမလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။)
အာဗေလက သိုးအုပ်ကို ဂရုတစိုက် စစ်ဆေးနေတယ်။ သိုးတွေ စပေါက်ကတည်းက တယုတယ မွေးမြူခဲ့တာ။ အခု သိုးတချို့ကို ရွေးချယ်စီရင်ပြီး ဘုရားဆီ ပူဇော်သက္ကာ ဆက်သလိုက်တယ်။ မစုံလင်သူ လူသားတစ်ယောက်ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ လက်ခံပါ့မလား။
၂ အာဗေလနဲ့ပတ်သက်ပြီး “သူ့ပူဇော်သက္ကာကို ဘုရားသခင် နှစ်သက်တယ်” လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ ကာအိနရဲ့ ပူဇော်သက္ကာကိုတော့ ယေဟောဝါ ငြင်းပယ်ခဲ့တယ်။ (ဟီဘရူး ၁၁:၄ ကိုဖတ်ပါ။) သုံးသပ်ရမယ့် မေးခွန်းတချို့ ပေါ်လာတယ်။ ဘုရားက အာဗေလရဲ့ ဝတ်ပြုမှုကို လက်ခံပြီး ကာအိနရဲ့ ဝတ်ပြုမှုကိုတော့ ဘာကြောင့် ငြင်းပယ်ခဲ့သလဲ။ ကာအိန၊ အာဗေလနဲ့ ဟီဘရူး အခန်းကြီး ၁၁ ပါ တခြားသူတွေရဲ့ စံနမူနာတွေကနေ ဘာသင်ယူနိုင်သလဲ။ အဖြေတွေက စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ဘာပါဝင်ကြောင်း ပိုနားလည်စေပါလိမ့်မယ်။
၃ အာဗေလခေတ်ကနေ ယေဇကျေလခေတ်အထိ ဖြစ်ရပ်တွေကို အကျဉ်းချုပ် ဆွေးနွေးတဲ့အခါ ဘုရားသခင် နှစ်သက်လက်ခံတဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပါဝင်တဲ့ အဓိကအချက်လေးချက်ကို မှတ်သားပါ။ လက်ခံထိုက်သူဟာ ယေဟောဝါ ဖြစ်ရမယ်။ ပူဇော်သက္ကာ အရည်အသွေးဟာ အကောင်းဆုံး ဖြစ်ရမယ်။ ဘုရား နှစ်သက်တဲ့ ဝတ်ပြုကိုးကွယ်ပုံ ဖြစ်ရမယ်။ ဝတ်ပြုကိုးကွယ်သူရဲ့ ရည်ရွယ်ချက် စစ်မှန်ရမယ်။
ကာအိနရဲ့ ဝတ်ပြုမှု ဘာကြောင့် ငြင်းပယ်ခံရသလဲ
၄၊ ၅။ ပူဇော်သက္ကာ လက်ခံထိုက်သူဟာ ယေဟောဝါ ဖြစ်ကြောင်း ဘယ်အချက်တွေကြောင့် ကာအိန ကောက်ချက် ချခဲ့သလဲ။
၄ ကမ္ဘာဦး ၄:၂-၅ ကိုဖတ်ပါ။ ပူဇော်သက္ကာ လက်ခံထိုက်သူဟာ ယေဟောဝါ ဖြစ်ကြောင်း ကာအိန သိထားတယ်။ ယေဟောဝါအကြောင်း သင်ယူဖို့ အချိန်နဲ့ အခွင့်အရေး အများကြီး ကာအိနမှာ ရှိတယ်။ ကာအိနနဲ့ ညီအာဗေလ ပူဇော်သက္ကာ ဆက်သတဲ့အချိန်မှာ အသက် ၁၀၀ နီးပါး ရှိနေနိုင်ပြီ။ * နှစ်ယောက်လုံး ဧဒင်ဥယျာဉ်အကြောင်း သိပြီး ကြီးပြင်းလာကြတယ်။ မြေဩဇာကောင်းတဲ့ ဥယျာဉ်ကို အဝေးကနေတောင် လှမ်းမြင်ခဲ့ဖွယ်ရှိတယ်။ ဥယျာဉ်ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ ခေရုဗိမ်တွေကိုလည်း မြင်ခဲ့ကြမှာပဲ။ (က. ၃:၂၄) သက်ရှိအားလုံးကို ယေဟောဝါ ဖန်ဆင်းခဲ့ကြောင်း၊ လူသားတွေအတွက် မူလရည်ရွယ်ချက်ဟာ အခုလို သေခြင်းကို တဖြည်းဖြည်း သက်ဆင်းရတဲ့ အခြေအနေမျိုး မဟုတ်ကြောင်း မိဘတွေ ပြောပြခဲ့မှာ သေချာတယ်။ (က. ၁:၂၄-၂၈) ဒီအချက်တွေကို သိထားတာကြောင့် ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သသင့်တယ်ဆိုပြီး ကာအိန ကောက်ချက် ချခဲ့တာ ဖြစ်နိုင်တယ်။
၅ တခြားဘယ်အရာတွေကြောင့် ကာအိန ပူဇော်သက္ကာ ဆက်သခဲ့တာ ဖြစ်မလဲ။ ဧဝ ဆုံးဖြတ်ချက် မှားသွားအောင် လှည့်ဖြားခဲ့တဲ့ “မြွေ” ရဲ့ ခေါင်းကို ကြိတ်မယ့် “မျိုးနွယ်” ပေါ်လာမယ်ဆိုပြီး ယေဟောဝါ ကြိုတင်မိန့်ဆိုခဲ့တယ်။ (က. ၃:၄-၆၊ ၁၄၊ ၁၅) သားဦးကာအိနက ကိုယ့်ကိုယ်ကိုယ် ကတိထားရာ “မျိုးနွယ်” လို့ ထင်ခဲ့ပုံရတယ်။ (က. ၄:၁) ဒီ့ပြင် ယေဟောဝါက အပြစ်ရှိလူသားတွေနဲ့ ဆက်သွယ်မှုအားလုံး မဖြတ်တောက်ခဲ့ဘူး။ အာဒံ အပြစ်ကျူးလွန်ပြီးတဲ့နောက်မှာတောင် ကောင်းကင်တမန်ကတစ်ဆင့် ဘုရား စကားပြောခဲ့တယ်။ (က. ၃:၈-၁၀) ကာအိန ပူဇော်သက္ကာ ဆက်သပြီးတဲ့နောက်မှာလည်း ယေဟောဝါ စကားပြောခဲ့တယ်။ (က. ၄:၆) ယေဟောဝါဟာ ကိုးကွယ်ခံထိုက်ကြောင်း ကာအိန သိခဲ့မှာ သေချာတယ်။
၆၊ ၇။ ကာအိနရဲ့ ပူဇော်သက္ကာ အရည်အသွေး ဒါမှမဟုတ် ပူဇော်ပုံ မှားနေလို့လား။ ရှင်းပြပါ။
၆ ဒါဆိုရင် ကာအိနရဲ့ ပူဇော်သက္ကာကို ယေဟောဝါ ဘာကြောင့် လက်မခံသလဲ။ ပူဇော်သက္ကာ အရည်အသွေး မကောင်းလို့များလား။ ကျမ်းစာမှာ မဖော်ပြထားဘူး။ ကာအိန ‘သီးနှံတွေ’ ယူလာတယ်လို့ပဲ ဖော်ပြထားတယ်။ သီးနှံ ပူဇော်သက္ကာတွေကို လက်ခံကြောင်း နောက်ပိုင်း မောရှေကို ပေးခဲ့တဲ့ ပညတ်မှာ ယေဟောဝါ ဖော်ပြခဲ့တယ်။ (တော. ၁၅:၈၊ ၉) အခြေအနေတွေကို သုံးသပ်ကြည့်ပါ။ သမိုင်းအစမှာ လူသားတွေဟာ အသီးအနှံပဲ စားခဲ့ကြတာ။ (က. ၁:၂၉) ဧဒင်ဥယျာဉ် အပြင်ဘက်က မြေကြီးကို ဘုရား ကျိန်ဆိုထားတဲ့အတွက် သီးနှံ ဖြစ်ထွန်းဖို့ ကာအိန ပင်ပင်ပန်းပန်း စိုက်ပျိုးခဲ့ရတယ်။ (က. ၃:၁၇-၁၉) ပင်ပင်ပန်းပန်း စိုက်ပျိုးထားတဲ့ အသက်ဆက်စရာ အစာကို ပူဇော်ဆက်သခဲ့တာပဲ။ ဒါတောင်မှ ကာအိနရဲ့ ပူဇော်သက္ကာကို ယေဟောဝါ မနှစ်သက်ခဲ့ဘူး။
၇ ဒါဆိုရင် ပူဇော်သက္ကာ ဆက်သနည်း မှားနေလို့လား။ လက်ခံနိုင်တဲ့နည်းနဲ့ ကာအိန မပူဇော်ခဲ့လို့လား။ ဟုတ်ပုံမရဘူး။ ဘာကြောင့်လဲ။ ကာအိနရဲ့ ပူဇော်သက္ကာကို ယေဟောဝါ ငြင်းပယ်တုန်းက ပူဇော်ပုံနဲ့ပတ်သက်ပြီး အပြစ်မတင်ခဲ့လို့ပဲ။ တကယ်တော့ ကာအိနနဲ့ အာဗေလတို့ရဲ့ ပူဇော်ပုံအကြောင်း မှတ်တမ်း မရှိဘူး။ ပြဿနာက ဘာလဲ။
၈၊ ၉။ (က) ယေဟောဝါက ကာအိန ဒါမှမဟုတ် သူ့ပူဇော်သက္ကာကို ဘာကြောင့် မနှစ်သက်သလဲ။ (ခ) ကာအိနနဲ့ အာဗေလအကြောင်း ကျမ်းမှတ်တမ်းကနေ မှတ်သားစရာ ဘယ်အချက် တွေ့ရသလဲ။
ဟီ. ၁၁:၄။ ၁ ယော. ၃:၁၁၊ ၁၂) ဒါကြောင့် ယေဟောဝါက ပူဇော်သက္ကာကို မဟုတ်ဘဲ ကာအိနကို မျက်နှာသာ မပေးတာပေါ့။ (က. ၄:၅-၈) မေတ္တာရှင်ဖခင် ယေဟောဝါက သားကို ကြင်နာစွာ တည့်မတ်ပေးချင်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကို ကာအိန ငြင်းပယ်ခဲ့တယ်၊၊ ကာအိနရဲ့ စိတ်နှလုံးဟာ “ရန်လိုခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း” စတဲ့ မစုံလင်တဲ့ သွေးသားဆန္ဒတို့နဲ့ ဆိုးရွားလာခဲ့တယ်။ (ဂလ. ၅:၁၉၊ ၂၀) ကာအိနရဲ့ မကောင်းတဲ့ သဘောထားက သူ့ဝတ်ပြုမှုရဲ့ ကောင်းတဲ့ ဘယ်အသွင်အပြင်ကိုမဆို တန်ဖိုးမဲ့သွားစေတယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ယေဟောဝါဆီ အပြင်ပန်း ဆည်းကပ်ခြင်းထက်မက လိုအပ်ကြောင်း ကာအိနရဲ့ ပုံဥပမာက သင်ပေးတယ်။
၈ ကာအိန ပူဇော်တဲ့ ရည်ရွယ်ချက် မမှန်ဘူးဆိုပြီး ဟီဘရူးကျမ်းပါ ပေါလုရဲ့ စကားတွေက ဖော်ပြတယ်။ ကာအိနမှာ ယုံကြည်ခြင်း မရှိဘူး။ (၉ ကျမ်းမှတ်တမ်းမှာ ကာအိနအကြောင်း အများကြီး ဖော်ပြတယ်။ ကာအိနကို ယေဟောဝါ စကားပြောတာ၊ ကာအိန တုံ့ပြန်တာတွေ ဖတ်ရတယ်။ ကာအိနရဲ့ သားစဉ်မြေးဆက် နာမည်တွေ၊ သူတို့ရဲ့ လုပ်ရပ်တချို့အကြောင်းကိုတောင် သိရတယ်။ (က. ၄:၁၇-၂၄) ဒါပေမဲ့ ကျမ်းစာမှာ အာဗေလရဲ့ သားစဉ်မြေးဆက် မှတ်တမ်း မရှိတဲ့အပြင် သူ့စကားတွေကိုလည်း မဖော်ပြထားဘူး။ ဒါတောင်မှ အာဗေလရဲ့ လုပ်ရပ်တွေက ဒီနေ့အထိ ကျွန်တော်တို့ကို ဟောပြောနေတုန်းပါပဲ။ ဘယ်နည်းနဲ့လဲ။
စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် အာဗေလ စံနမူနာ ချမှတ်
၁၀။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် အာဗေလ စံနမူနာ ဘယ်လို ချမှတ်ခဲ့သလဲ။
၁၀ ယေဟောဝါ တစ်ပါးတည်းသာလျှင် ကိုးကွယ်ခံထိုက်မှန်း အာဗေလ သိလို့ ပူဇော်သက္ကာ ဆက်သခဲ့တယ်။ “သိုးအုပ်ထဲက သားဦးတချို့” ကို ရွေးချယ်ခဲ့တာမို့ ပူဇော်သက္ကာ အရည်အသွေးဟာ အကောင်းဆုံး ဖြစ်ခဲ့တယ်။ ပူဇော်ရာပလ္လင်ပေါ်မှာ အာဗေလ ဆက်သခဲ့သလား၊ မဆက်သခဲ့ဘူးလားဆိုတာ ကျမ်းမှတ်တမ်းမှာ မဖော်ပြထားပေမဲ့ လက်ခံနိုင်တဲ့နည်းနဲ့ ပူဇော်ခဲ့မှန်း ထင်ရှားပါတယ်။ နှစ်ပေါင်း ခြောက်ထောင်လောက် ကြာပြီးတာတောင် အာဗေလရဲ့ ပူဇော်သက္ကာကနေ သင်ယူရတဲ့ အချက်ကတော့ ပူဇော်သက္ကာ ဆက်သတဲ့ ရည်ရွယ်ချက်ပါပဲ။ ဘုရားကို ယုံကြည်ခြင်း၊ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို မြတ်နိုးခြင်းက အာဗေလကို လှုံ့ဆော်ပေးခဲ့တယ်။ ဘယ်လို သိရသလဲ။
၁၁။ အာဗေလဟာ ဖြောင့်မတ်သူ ဖြစ်တယ်လို့ ယေရှု ဘာကြောင့် ပြောခဲ့သလဲ။
၁၁ အာဗေလအကြောင်း ကောင်းကောင်း သိတဲ့ ယေရှုရဲ့ စကားကို ဦးဆုံး သုံးသပ်ကြည့်ရအောင်။ မြေကြီးပေါ် အာဗေလ ရှိခဲ့စဉ်မှာ ယေရှုက ကောင်းကင်မှာ။ အာဒံရဲ့ သားအကြောင်း ယေရှု တကယ် စိတ်ဝင်စားခဲ့တယ်။ (ပညာ. ၈:၂၂၊ ၃၀၊ ၃၁။ ယော. ၈:၅၈။ ကော. ၁:၁၅၊ ၁၆) ဒါကြောင့် အာဗေလဟာ ဖြောင့်မတ်သူ ဖြစ်တယ်လို့ ယေရှု ပြောတဲ့အခါ မျက်မြင်သက်သေအနေနဲ့ ထွက်ဆိုနေတာပါ။ (မ. ၂၃:၃၅) ဖြောင့်မတ်သူဆိုတာ အမှားအမှန် စံနှုန်းကို ယေဟောဝါသာ ချမှတ်သင့်ကြောင်း အသိအမှတ်ပြုသူ ဖြစ်တယ်။ ဒီထက်မက ဘုရားစံနှုန်းတွေကို သဘောတူကြောင်း ပြောဆိုပြုမူပုံနဲ့ ဖော်ပြတယ်။ (လုကာ ၁:၅၊ ၆ နဲ့ နှိုင်းယှဉ်ပါ။) ဖြောင့်မတ်သူဆိုတဲ့ နာမည်ကောင်း ရဖို့ အချိန်ယူရတယ်။ ဒါကြောင့် အာဗေလဟာ ပူဇော်သက္ကာ မဆက်သခင်ကတည်းက ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်နေထိုင်ခဲ့မှာ သေချာတယ်။ လွယ်တော့ မလွယ်ပါဘူး။ သဘောထား ဆိုးညစ်လာတဲ့ အစ်ကိုကာအိနဟာ အာဗေလအပေါ် ကောင်းတဲ့ဩဇာ သက်ရောက်ခဲ့မှာ မဟုတ်ဘူး။ (၁ ယော. ၃:၁၂) မိခင်က ဘုရားရဲ့ တိုက်ရိုက် မိန့်မှာချက်ကို မနာခံခဲ့ဘူး။ ဖခင်က အကောင်းအဆိုးကို ကိုယ်တိုင် ဆုံးဖြတ်ချင်တာကြောင့် ယေဟောဝါကို ပုန်ကန်ခဲ့တယ်။ (က. ၂:၁၆၊ ၁၇။ ၃:၆) မိသားစုနဲ့ မတူတဲ့ လမ်းစဉ် ရွေးချယ်ဖို့ အာဗေလ ဘယ်လောက်တောင် သတ္တိရှိခဲ့ရမလဲ။
၁၂။ ကာအိနနဲ့ အာဗေလရဲ့ အဓိကကွာခြားချက်က ဘာလဲ။
၁၂ ယုံကြည်ခြင်းနဲ့ ဖြောင့်မတ်ခြင်း အရည်အသွေးကို တမန်တော်ပေါလု ဆက်စပ်ခဲ့ပုံအကြောင်း သတိပြုပါ။ ပေါလု ဒီလိုရေးခဲ့တယ်– “ယုံကြည်ခြင်းကြောင့် အာဗေလက ကာအိနရဲ့ ပူဇော်သက္ကာထက် ပိုသာလွန်တဲ့ ပူဇော်သက္ကာကို ဘုရားသခင်ဆီ ဆက်သခဲ့တယ်။ အဲဒီယုံကြည်ခြင်းကြောင့် ဖြောင့်မတ်တယ်ဆိုတဲ့ သက်သေခံချက်ကို သူရရှိခဲ့တယ်။” (ဟီ. ၁၁:၄) ကာအိနနဲ့ မတူဘဲ အာဗေလဟာ ယေဟောဝါနဲ့ ဘုရားနည်းလမ်းတွေအပေါ် ဘဝတစ်လျှောက်လုံး အကြွင်းမဲ့ ယုံကြည်ခဲ့ကြောင်း ပေါလုရဲ့ စကားတွေက ဖော်ပြတယ်။
၁၃။ အာဗေလရဲ့ စံနမူနာက ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။
၁၃ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုဆိုတာ စိတ်ရင်းမှန်မှ ဖြစ်နိုင်ကြောင်း အာဗေလရဲ့ စံနမူနာက သင်ပေးတယ်။ စိတ်ရင်းမှန်တယ်ဆိုတာ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ခြင်း၊ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို အပြည့်အဝ သဘောတူခြင်းပါပဲ။ ဒီ့ပြင် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ဝတ်ပြုမှုလုပ်ရပ်တစ်ခုထက်မက ပါဝင်ကြောင်း သိရတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ရဲ့ ဘဝတစ်ခုလုံး၊ ပြုမူနေထိုင်ပုံအားလုံး ပါဝင်ပတ်သက်တယ်။
စံနမူနာကို ဘိုးဘေးတွေ လိုက်လျှောက်ကြ
၁၄။ နောဧ၊ အာဗြဟံ၊ ယာကုပ်တို့ရဲ့ ပူဇော်သက္ကာတွေကို ယေဟောဝါ ဘာကြောင့် လက်ခံခဲ့သလဲ။
၁၄ အာဗေလဟာ ယေဟောဝါကို စင်ကြယ်စွာ ဝတ်ပြုကိုးကွယ်ခဲ့တဲ့ ဦးဆုံး မစုံလင်သူ လူသား ဖြစ်တယ်။ ဒါပေမဲ့ နောက်ဆုံး ကိုးကွယ်သူတော့ မဟုတ်ဘူး။ ယေဟောဝါ လက်ခံတဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်ခဲ့တဲ့ နောဧ၊ အာဗြဟံ၊ ယာကုပ်တို့အကြောင်း တမန်တော်ပေါလု ဖော်ပြခဲ့တယ်။ (ဟီဘရူး ၁၁:၇၊ ၈၊ ၁၇-၂၁ ကိုဖတ်ပါ။) ဘိုးဘေးယောက်တိုင်းက မိမိတို့အသက်တာမှာ ယေဟောဝါဆီ ပူဇော်သက္ကာ ဆက်သခဲ့ကြပြီး ဘုရားကလည်း သူတို့ရဲ့ ပူဇော်သက္ကာတွေကို နှစ်သက်ခဲ့တယ်။ ဘာကြောင့်လဲ။ ဒီဘိုးဘေးတွေက ဝတ်ကျေတမ်းကျေ ဆည်းကပ်ခဲ့ကြတာ မဟုတ်လို့ပဲ။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် အဓိကတောင်းဆိုချက်အားလုံးကို ယောက်တိုင်း ပြည့်မီခဲ့ကြတယ်။ သူတို့ရဲ့ စံနမူနာကို သုံးသပ်ကြည့်ပါ။
၁၅၊ ၁၆။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ အဓိက တောင်းဆိုချက်လေးချက်ကို နောဧ ဘယ်လို ပြည့်မီခဲ့လဲ။
၁၅ အာဒံ သေဆုံးပြီး ၁၂၆ နှစ်အကြာမှာ နောဧ မွေးခဲ့တယ်။ ကမ္ဘာတစ်ခုလုံး မှားယွင်းတဲ့ ဝတ်ပြုကိုးကွယ်မှု ပျံ့နှံ့နေချိန်မှာ နောဧ ကြီးပြင်းခဲ့တယ်။ * (က. ၆:၁၁) ရေလွှမ်းမိုးဘေးမတိုင်ခင် မြေကြီးပေါ် အသက်ရှင်တဲ့ မိသားစုတွေထဲမှာ နောဧနဲ့ မိသားစုပဲ ယေဟောဝါ နှစ်သက်လက်ခံတဲ့နည်းနဲ့ ဝတ်ပြုခဲ့ကြတယ်။ (၂ ပေ. ၂:၅) ရေလွှမ်းမိုးဘေးကနေ အသက်ရှင် လွတ်မြောက်ပြီးတဲ့နောက် ပူဇော်ရာပလ္လင်တစ်ခု တည်ပြီး ယေဟောဝါဆီ ပူဇော်သက္ကာ ဆက်သခဲ့တယ်။ ဒါဟာ ကျမ်းစာမှာ ဦးဆုံးအကြိမ် ဖော်ပြတဲ့ ပူဇော်ရာပလ္လင် ဖြစ်တယ်။ ယေဟောဝါ တစ်ပါးတည်းသာ ကိုးကွယ်ခံထိုက်ကြောင်း သားစဉ်မြေးဆက်တွေကို နောဧ ရှင်းရှင်းလင်းလင်း သိစေခဲ့တယ်။ ပူဇော်သက္ကာ ဆက်သဖို့ ရနိုင်သမျှ တိရစ္ဆာန်အားလုံးထဲက “သန့်ရှင်းတဲ့ တိရစ္ဆာန်တွေနဲ့ ပျံတတ်တဲ့ သတ္တဝါတွေထဲကတချို့” ကို ရွေးခဲ့တယ်။ (က. ၈:၂၀) ပူဇော်သက္ကာတွေ သန့်ရှင်းတယ်လို့ ယေဟောဝါကိုယ်တိုင် မိန့်ဆိုခဲ့တာမို့ ပူဇော်သက္ကာ အရည်အသွေး ဟာ အကောင်းဆုံး ဖြစ်ခဲ့တယ်။—က. ၇:၂။
၁၆ နောဧက တည်ထားတဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရာ ပူဇော်သက္ကာတွေ ဆက်သခဲ့တယ်။ ဒီပူဇော်ဝတ်ပြုနည်းက နှစ်သက်လက်ခံဖွယ် ဖြစ်ခဲ့ပါသလား။ ဖြစ်ခဲ့ပါတယ်။ ပူဇော်သက္ကာရဲ့ မွှေးကြိုင်တဲ့ ရနံ့ကို ယေဟောဝါ နှစ်သက်လက်ခံတယ်၊ နောဧနဲ့ သားတွေကို ကောင်းချီးပေးခဲ့တယ်လို့ ကျမ်းမှတ်တမ်းမှာ ဖော်ပြထားတယ်။ (က. ၈:၂၁။ ၉:၁) အဓိက,ကတော့ ပူဇော်သက္ကာ ဆက်သတဲ့ ရည်ရွယ်ချက်ကြောင့် ယေဟောဝါ လက်ခံခဲ့တာပါ။ ယေဟောဝါနဲ့ ယေဟောဝါရဲ့ နည်းလမ်းတော်တွေကို နောဧ အခိုင်အမာ ယုံကြည်ကြောင်း ဒီပူဇော်သက္ကာတွေက ထပ်ဆင့်ဖော်ပြတယ်။ ယေဟောဝါကို အမြဲ နာခံပြီး ဘုရားစံနှုန်းတွေကို ကိုင်စွဲတဲ့အတွက် “ဘုရားသခင့် လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ ရလဒ်အနေနဲ့ နောဧဟာ ဖြောင့်မတ်သူအဖြစ် တည်မြဲတဲ့ နာမည်ကောင်း ရခဲ့တယ်။—က. ၆:၉။ ယေဇ. ၁၄:၁၄။ ဟီ. ၁၁:၇။
၁၇၊ ၁၈။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ အဓိက တောင်းဆိုချက်လေးချက်ကို အာဗြဟံ ဘယ်လို ပြည့်မီခဲ့သလဲ။
၁၇ အာဗြဟံရဲ့ ပတ်ဝန်းကျင်မှာ မှားယွင်းတဲ့ ဝတ်ပြုကိုးကွယ်မှုတွေချည်းပဲ။ ဇာတိမြို့ ဥရမှာ လနတ်ဘုရား နန္နကို ဂုဏ်တင်တဲ့ ဗိမာန် ရှိတယ်။ * အာဗြဟံရဲ့ ဖခင်တောင်မှ မှားယွင်းတဲ့ ဘုရားတွေကို တစ်ချိန်က ကိုးကွယ်ခဲ့တယ်။ (ယရ. ၂၄:၂) အာဗြဟံကတော့ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ရွေးချယ်ခဲ့တယ်။ အာဗြဟံဟာ နောဧသား ဘိုးဘေးရှေမဆီကနေ စစ်မှန်တဲ့ ဘုရားအကြောင်း သင်ယူခဲ့ပုံရတယ်။ ရှေမရဲ့ သက်တမ်း ၁၅၀ လောက်ကို မီခဲ့တယ်။
၁၈ အာဗြဟံက ဘဝတစ်လျှောက်လုံးမှာ ပူဇော်သက္ကာများစွာ ဆက်သခဲ့တယ်။ ဒါပေမဲ့ ကိုးကွယ်ခံထိုက်ရှင် ယေဟောဝါတစ်ပါးတည်းကိုပဲ ကိုးကွယ်ပူဇော်ခဲ့တယ်။ (က. ၁၂:၈။ ၁၃:၁၈။ ၁၅:၈-၁၀) ယေဟောဝါကို အရည်အသွေး အကောင်းဆုံး ပူဇော်သက္ကာ ဆက်သဖို့ အာဗြဟံ ပြင်ဆင်ခဲ့သလား။ ချစ်သားအိဇက်ကို ပူဇော်ဖို့ တလိုတလား ရှိခဲ့တာ ကြည့်မယ်ဆိုရင် အဖြေရှင်းပါတယ်။ အာဗြဟံ ပူဇော်သင့်တဲ့နည်း အတိအကျကို ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ (က. ၂၂:၁၊ ၂) အသေးစိတ်ကအစ လိုက်နာဖို့ အာဗြဟံ တလိုတလားရှိခဲ့တယ်။ သားကို တကယ် မသတ်ဖို့ အာဗြဟံကို ယေဟောဝါ တားခဲ့ရတယ်။ (က. ၂၂:၉-၁၂) စိတ်ရင်းစေတနာမှန်နဲ့ ပူဇော်ခဲ့တဲ့အတွက် အာဗြဟံရဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ လက်ခံခဲ့တယ်။ “အာဗြဟံက ယေဟောဝါကို ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်” ဆိုပြီး ပေါလု ရေးခဲ့တယ်။—ရော. ၄:၃။
၁၉၊ ၂၀။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ အဓိက တောင်းဆိုချက်လေးချက်ကို ယာကုပ် ဘယ်လို ပြည့်မီခဲ့သလဲ။
၁၉ အာဗြဟံနဲ့ သားစဉ်မြေးဆက်တွေအတွက် ယေဟောဝါ ကတိပေးထားတဲ့ ခါနန်ပြည်မှာ ယာကုပ်ရဲ့ သက်တမ်း အများစု ကုန်ဆုံးခဲ့တယ်။ (က. ၁၇:၁၊ ၈) အဲဒီပြည်မှာ မှားယွင်းတဲ့ ဝတ်ပြုကိုးကွယ်မှု ပျံ့နှံ့နေတဲ့အတွက် ပြည်သားတွေ “နှင်ထုတ်ခံရမယ်” ဆိုပြီး ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ဝတ်. ၁၈:၂၄၊ ၂၅) ယာကုပ် အသက် ၇၇ နှစ်မှာ ခါနန်ပြည်က ထွက်လာပြီး အိမ်ထောင်ပြုခဲ့တယ်။ နောက်ပိုင်းမှာ အိမ်ထောင်စုကြီးနဲ့ ခါနန်ပြည် ပြန်လာခဲ့တယ်။ (က. ၂၈:၁၊ ၂။ ၃၃:၁၈) ဒါပေမဲ့ မိသားစုဝင်တချို့ကို မှားယွင်းတဲ့ ဝတ်ပြုမှုက လွှမ်းမိုးသွားခဲ့တယ်။ ဗေသလမြို့ကို သွားပြီး ပူဇော်ရာပလ္လင် တည်ဖို့ ယေဟောဝါ မိန့်မှာတဲ့အခါမှာတော့ ယာကုပ် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်။ “မင်းတို့မှာရှိတဲ့ နတ်ဘုရား ရုပ်တုတွေကို လွှင့်ပစ်ကြ၊ ကိုယ်လက် သန့်စင်” ကြ ဆိုပြီး မိသားစုကို ပြောခဲ့တယ်။ ညွှန်ကြားချက်တွေကို သစ္စာရှိရှိ လိုက်နာခဲ့တယ်။—က. ၃၅:၁-၇။
၂၀ ကတိထားရာပြည်မှာ ပူဇော်ရာပလ္လင်အတော်များများကို ယာကုပ် တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ ကိုးကွယ်ခံထိုက်သူဟာ အမြဲ ယေဟောဝါ ဖြစ်ခဲ့တယ်။ (က. ၃၅:၁၄။ ၄၆:၁) ပူဇော်သက္ကာ အရည်အသွေး၊ ဘုရားကို ဝတ်ပြုကိုးကွယ်ပုံ၊ ပူဇော်တဲ့ ရည်ရွယ်ချက်တို့ကြောင့် ကျမ်းစာမှာ ယာကုပ်ကို “အပြစ်ပြောစရာ မရှိတဲ့သူ” လို့ ခေါ်ခဲ့တယ်။ ဒါက ဘုရားရဲ့ နှစ်သက်လက်ခံမှု ရသူတွေအတွက် သုံးတဲ့ အသုံးအနှုန်း ဖြစ်တယ်။ (က. ၂၅:၂၇) ယာကုပ်က မိမိကနေ ဆင်းသက်လာမယ့် အစ္စရေးလူမျိုးအတွက် ဘဝလမ်းစဉ်အားဖြင့် စံနမူနာကောင်း ချမှတ်ခဲ့တယ်။—က. ၃၅:၉-၁၂။
၂၁။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအကြောင်း ဘိုးဘေးတွေ ချမှတ်ခဲ့တဲ့ ပုံနမူနာတွေကနေ ဘာသင်ယူနိုင်သလဲ။
၂၁ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ပတ်သက်ပြီး ဘိုးဘေးတွေရဲ့ စံနမူနာတွေကနေ ဘာသင်ယူနိုင်သလဲ။ ဒီဘိုးဘေးတွေလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါကို အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်ခြင်းကနေ အာရုံလွဲသွားစေနိုင်တဲ့သူတွေ၊ မိသားစုဝင်တွေကြားမှာ နေကြရတယ်။ ဒီဖိအားတွေကို တွန်းလှန်နိုင်ဖို့ ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်မြဲနေရမယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေဟာ အကောင်းဆုံး ဖြစ်ကြောင်း ယုံကြည်စိတ်ချရမယ်။ ယေဟောဝါကို နာခံခြင်း၊ ဘုရားအမှုဆောင်ရာမှာ အချိန်၊ ခွန်အား၊ ရုပ်ပစ္စည်းတွေ ပေးဆက်ခြင်းအားဖြင့် ယုံကြည်စိတ်ချကြောင်း ဖော်ပြကြတယ်။ (မ. ၂၂:၃၇-၄၀။ ၁ ကော. ၁၀:၃၁) ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းရည်၊ စိတ်ရင်းမှန်နဲ့ ယေဟောဝါ တောင်းဆိုတဲ့ နည်းလမ်းအတိုင်း ဝတ်ပြုကိုးကွယ်တဲ့အခါ ကျွန်တော်တို့ကို ဖြောင့်မတ်သူအဖြစ် ဘုရား ရှုမြင်ကြောင်း သိရခြင်းက ဘယ်လောက်အားရှိစရာ ကောင်းလိုက်သလဲ။—ယာကုပ် ၂:၁၈-၂၄ ကိုဖတ်ပါ။
စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ဆည်းကပ်ခဲ့တဲ့ လူမျိုး
၂၂-၂၄။ အစ္စရေးလူမျိုးရဲ့ ပူဇော်သက္ကာနဲ့ပတ်သက်ပြီး ပူဇော်ခံထိုက်သူ၊ ပူဇော်ပုံ၊ ပူဇော်သက္ကာ အရည်အသွေးတို့ရဲ့ အရေးကြီးမှုကို ပညတ်တရားက ဘယ်လို အလေးပေးထားသလဲ၊၊
၂၂ ယေဟောဝါက ယာကုပ်ရဲ့ သားစဉ်မြေးဆက်တွေကို ပညတ်တရား ပေးခဲ့တယ်။ ဒါကြောင့် သူတို့ဆီက ဘုရား ဘာတောင်းဆိုမှန်း ရှင်းရှင်းလင်းလင်း သိခဲ့ကြတယ်။ ယေဟောဝါကို နာခံရင် ဘုရားရဲ့ “တန်ဖိုးအထားရဆုံးလူမျိုး၊” “သန့်ရှင်းတဲ့လူမျိုး” ဖြစ်လာမယ်။ (ထွ. ၁၉:၅၊ ၆) စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ အဓိကအချက်လေးချက်ကို ပညတ်တရားက အလေးပေးထားပုံအကြောင်း သတိပြုပါ။
၂၃ ဘယ်သူ့ကို ဝတ်ပြုကိုးကွယ်သင့်ကြောင်း အစ္စရေးတွေကို ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ “ငါကလွဲလို့ တခြားဘုရားတွေကို မကိုးကွယ်နဲ့” ဆိုပြီး ယေဟောဝါ မိန့်မှာခဲ့တယ်။ (ထွ. ၂၀:၃-၅) ဘုရားဆီ ဆက်သတဲ့ ပူဇော်သက္ကာ အရည်အသွေးဟာ အကောင်းဆုံး ဖြစ်ရမယ်။ ဥပမာ၊ တိရစ္ဆာန်ပူဇော်သက္ကာတွေဟာ အပြစ်အနာအဆာ မရှိရဘူး။ (ဝတ်. ၁:၃။ တရား. ၁၅:၂၁။ မာလခိ ၁:၆-၈ နဲ့ နှိုင်းယှဉ်ပါ။) လေဝိသားတွေဟာ ယေဟောဝါဆီ ဆက်သတဲ့ ပူဇော်သက္ကာတွေကနေ အကျိုးရကြပေမဲ့ ကိုယ်တိုင်လည်း ပူဇော်သက္ကာ ဆက်သကြရတယ်။ “ရတဲ့ လက်ဆောင်တွေထဲက အကောင်းဆုံးအလှူ” ကို ဆက်သကြရမယ်။ (တော. ၁၈:၂၉) ဝတ်ပြုကိုးကွယ်ပုံနဲ့ပတ်သက်ပြီး ယေဟောဝါဆီ ဘာပူဇော်ရမယ်၊ ဘယ်နေရာမှာ၊ ဘယ်လို ပူဇော်ရမယ်ဆိုတဲ့ ညွှန်ကြားချက် အတိအကျ အစ္စရေးတွေ ရထားကြတယ်။ သူတို့ရဲ့ အပြုအမူကို လမ်းညွှန်ပေးဖို့ ပညတ် ၆၀၀ ကျော် ရထားကြတယ်။ “ယေဟောဝါဘုရား မိန့်မှာထားတဲ့အတိုင်း ဂရုတစိုက် လိုက်နာကြပါ။ ဘယ်ညာ မလွဲသွားကြနဲ့” လို့ မိန့်မှာခံရတယ်။—တရား. ၅:၃၂။
၂၄ အစ္စရေးတွေ ဘယ်နေရာမှာ ပူဇော်သက္ကာ ဆက်သသလဲဆိုတာ တကယ်ပဲ အရေးကြီးသလား။ အရေးကြီးပါတယ်။ ယေဟောဝါက မိမိလူမျိုးကို သန့်ရှင်းရာတဲတော် ဆောက်ဖို့ ညွှန်ကြားခဲ့တယ်။ တဲတော်ဟာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် အဓိကကျတဲ့နေရာ ဖြစ်လာခဲ့တယ်။ (ထွ. ၄၀:၁-၃၊ ၂၉၊ ၃၄) အဲဒီတုန်းက အစ္စရေးတွေဟာ ပူဇော်သက္ကာတွေကို ဘုရား နှစ်သက်လက်ခံဖို့ သန့်ရှင်းရာတဲတော်ဆီ ယူလာခဲ့ကြရတယ်။ *—တရား. ၁၂:၁၇၊ ၁၈။
၂၅။ ပူဇော်သက္ကာနဲ့ပတ်သက်ပြီး ဘာက အရေးကြီးဆုံးလဲ။ ရှင်းပြပါ။
၂၅ ဒါပေမဲ့ ပူဇော်သက္ကာ ဆက်သတဲ့ ရည်ရွယ်ချက်က ပိုအရေးကြီးတယ်။ ယေဟောဝါနဲ့ ဘုရားစံနှုန်းတွေကို တကယ် ချစ်မြတ်နိုးလို့ ဖြစ်ရမယ်၊၊ (တရားဟောရာ ၆:၄-၆ ကိုဖတ်ပါ။) စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ပတ်သက်ပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်တဲ့အခါ ပူဇော်သက္ကာတွေကို ယေဟောဝါ ငြင်းပယ်ခဲ့တယ်။ (ဟေရှာ. ၁:၁၀-၁၃) အနှစ်သာရ မရှိတဲ့ အပြင်ပန်း ဝတ်ပြုမှုနဲ့ ယေဟောဝါ လှည့်စားမခံကြောင်းကို “ဒီလူမျိုးဟာ . . . နှုတ်နဲ့ပဲ ငါ့ကို ရိုသေကြတယ်။ သူတို့ရဲ့ စိတ်ကတော့ ငါနဲ့ဝေးလှတယ်” ဆိုပြီး ပရောဖက် ဟေရှာယကတစ်ဆင့် မိန့်ဆိုခဲ့တယ်။—ဟေရှာ. ၂၉:၁၃။
ဗိမာန်တော်မှာ ဝတ်ပြုကိုးကွယ်မှု
၂၆။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် ရှောလမုန် တည်ဆောက်ခဲ့တဲ့ ဗိမာန်တော်ရဲ့ အခန်းကဏ္ဍက ဘာလဲ။
၂၆ ကတိထားရာပြည်မှာ အစ္စရေးတွေ အခြေချပြီးနောက် ရာစုနှစ်များစွာအကြာမှာ ဘုရင်ရှောလမုန်က စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် အဓိကနေရာအဖြစ် တဲတော်ထက် ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦတစ်ခု ဆောက်လုပ်ခဲ့တယ်။ (၁ ဘု. ၇:၅၁။ ၂ ရာ. ၃:၁၊ ၆၊ ၇) အစပိုင်းမှာတော့ ဗိမာန်တော်မှာ ဆက်သတဲ့ ပူဇော်သက္ကာတွေကို လက်ခံသူဟာ ယေဟောဝါတစ်ပါးတည်းသာ ဖြစ်တယ်။ ရှောလမုန်နဲ့ ပြည်သူပြည်သားတွေက အရည်အသွေးကောင်းတဲ့ ပူဇော်သက္ကာများစွာကို ဘုရားပညတ်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း ဆက်သခဲ့ကြတယ်။ (၁ ဘု. ၈:၆၃) ဒါပေမဲ့ အဆောက်အဦအတွက် ကုန်ကျစရိတ်၊ ပူဇော်သက္ကာ အရေအတွက်ကို ကြည့်ပြီး ယေဟောဝါ လက်ခံတာ မဟုတ်ပါဘူး။ ပူဇော်တဲ့ ရည်ရွယ်ချက်က အရေးကြီးတယ်။ ဗိမာန်တော်ကို အပ်နှံတဲ့အခါ ဒီအချက်ကို ရှောလမုန် အလေးပေးခဲ့တယ်။ “ဒီနေ့မှာလိုပဲ ကိုယ်တော့်စည်းမျဉ်းတွေအတိုင်း လိုက်လျှောက်ကြပါ။ ပညတ်ချက်တွေကို လိုက်နာကြပါ။ ဒီနည်းနဲ့ ယေဟောဝါဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုနိုင်ကြပါစေ” ဆိုပြီး ပြောခဲ့တယ်။—၁ ဘု. ၈:၅၇-၆၁။
၂၇။ အစ္စရေးဘုရင်တွေနဲ့ ပြည်သူပြည်သားတွေ ဘာလုပ်ခဲ့ကြသလဲ။ ယေဟောဝါ ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၂၇ ဝမ်းနည်းစရာကတော့ ဘုရင့်ပညာရှိလမ်းညွှန်ချက်ကို အစ္စရေးတွေ ဆက်မလိုက်လျှောက်ခဲ့ကြဘူး။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ အဓိကတောင်းဆိုချက်တစ်ချက်ထက်မက ပြည့်မီဖို့ ပျက်ကွက်ခဲ့ကြတယ်။ အစ္စရေးဘုရင်တွေနဲ့ ပြည်သူပြည်သားတွေ စိတ်နှလုံး ယိုယွင်းလာကြတယ်။ ယေဟောဝါအပေါ် ယုံကြည်ခြင်း ပျောက်ဆုံးပြီး ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို စွန့်ပယ်ခဲ့ကြတယ်။ သူတို့ကို တည့်မတ်ပေးဖို့၊ သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေအကြောင်း သတိပေးဖို့ ပရောဖက်တွေကို ယေဟောဝါ မေတ္တာပါပါ အကြိမ်ကြိမ် စေလွှတ်ခဲ့တယ်။ (ယေ. ၇:၁၃-၁၅၊ ၂၃-၂၆) အဲဒီပရောဖက်တွေထဲမှာ ထူးခြားသူကတော့ သစ္စာရှိ ယေဇကျေလပါပဲ။ သူဟာ စင်ကြယ်တဲ့ ဝတ်ပြုရေးသမိုင်းကြောင်းရဲ့ အရေးကြီးတဲ့ ခေတ်ကာလမှာ အသက်ရှင်ခဲ့တယ်။
စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ယိုယွင်းလာတာ ယေဇကျေလ တွေ့မြင်
၂၈၊ ၂၉။ ယေဇကျေလအကြောင်း ဘာသိရသလဲ။ (“ယေဇကျေလရဲ့ ဘဝအသက်တာနဲ့ အချိန်ကာလ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၂၈ ရှောလမုန် တည်ဆောက်ခဲ့တဲ့ ဗိမာန်တော်က ဝတ်ပြုရေးအကြောင်းကို ယေဇကျေလ သိကျွမ်းခဲ့တယ်။ သူ့ဖခင်က ဗိမာန်တော်မှာ အလှည့်ကျ အမှုဆောင်ရတဲ့ ပုရောဟိတ်တစ်ယောက်ပေါ့။ (ယေဇ. ၁:၃) ယေဇကျေလရဲ့ အစောပိုင်းနှစ်တွေက ပျော်ရွှင်စရာကောင်းခဲ့ပုံပါပဲ။ ဖခင်က ယေဟောဝါအကြောင်း၊ ပညတ်ကျမ်းအကြောင်း သင်ပေးခဲ့မှာ သေချာတယ်။ ယေဇကျေလ မွေးတဲ့အချိန်လောက်မှာ “ပညတ်ကျမ်းလိပ်” ကို ဗိမာန်တော်မှာ တွေ့ခဲ့တယ်။ * မင်းကောင်းယောရှိဟာ ကြားလိုက်ရတဲ့အရာတွေကြောင့် စိတ်ထိမိခဲ့လို့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု မြှင့်တင်ရာမှာ ပိုကြိုးစားအားထုတ်ခဲ့တယ်။—၂ ဘု. ၂၂:၈-၁၃။
၂၉ မိမိရှေ့က သစ္စာရှိသူတွေလိုပဲ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် အဓိက
တောင်းဆိုချက်လေးချက်ကို ယေဇကျေလ ပြည့်မီခဲ့တယ်။ ယေဇကျေလကျမ်းကို သုံးသပ်တဲ့အခါ ယေဟောဝါအတွက် အကြွင်းမဲ့ အမှုဆောင်ခဲ့တာ၊ အမြဲ အကောင်းဆုံး ပေးဆက်ခဲ့တာ၊ ယေဟောဝါ တောင်းဆိုတာတွေကို တောင်းဆိုတဲ့နည်းအတိုင်း နာခံမှုရှိရှိ လုပ်ဆောင်ခဲ့တာ တွေ့နိုင်တယ်။ အမှန်တကယ် ယုံကြည်လို့ ဒါတွေအားလုံးကို ယေဇကျေလ လုပ်ဆောင်ခဲ့တာပါ။ တစ်ခေတ်တည်းသားအများစုကတော့ ဒီလိုမဟုတ်ဘူး။ ယေဇကျေလဟာ ယေရမိပရောဖက်ပြုချက်တွေကို နားထောင်ပြီး ကြီးပြင်းခဲ့တယ်။ ယေရမိက ဘီစီ ၆၄၇ မှာ စတင် ပရောဖက်ပြုခဲ့ပြီး ယေဟောဝါရဲ့ တရားစီရင်ခြင်းအကြောင်း ထက်သန်စွာ သတိပေးခဲ့သူ ဖြစ်တယ်။၃၀။ (က) ယေဇကျေလ မှတ်တမ်းတင်ခဲ့တဲ့ ပရောဖက်ပြုချက်တွေက ဘာကို ဖော်ပြသလဲ။ (ခ) ပရောဖက်ပြုချက်ဆိုတာ ဘာလဲ။ ယေဇကျေလ ပရောဖက်ပြုချက်တွေကို ဘယ်လို နားလည်ရမလဲ။ (“ယေဇကျေလ ပရောဖက်ပြုချက်များကို နားလည်ခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။)
၃၀ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကနေ ဘုရားလူမျိုး ဘယ်လောက် လမ်းလွဲနေကြောင်း ယေဇကျေလရဲ့ မှတ်တမ်းတွေက ဖော်ပြတယ်။ (ယေဇကျေလ ၈:၆ ကိုဖတ်ပါ။) ယုဒပြည်ကို ယေဟောဝါ ဆုံးမချိန်မှာ ဗာဗုလုန်ပြည်ကို သုံ့ပန်းအဖြစ် ခေါ်ဆောင်ခံရသူတွေထဲ ယေဇကျေလလည်း ပါတယ်။ (၂ ဘု. ၂၄:၁၁-၁၇) သုံ့ပန်းအဖြစ် ခေါ်သွားခံရပေမဲ့ ယေဇကျေလ အပြစ်ပေးခံနေရတာ မဟုတ်ဘူး။ ပြည်နှင်ခံလူမျိုးအလယ်မှာ ယေဇကျေလကို ယေဟောဝါ လုပ်စေချင်တဲ့ တာဝန် ရှိတယ်။ ယေဇကျေလ မှတ်တမ်းတင်ခဲ့တဲ့ အံ့ဖွယ်စိတ်အာရုံတွေ၊ ပရောဖက်ပြုချက်တွေက ဂျေရုဆလင်မြို့မှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ဘယ်လို ပြန်လည်တည်ထောင်မယ်ဆိုတာ ဖော်ပြတယ်။ ဒီ့ပြင် ယေဟောဝါကို ချစ်မြတ်နိုးသူအားလုံးအတွက် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ဘယ်လို အပြည့်အဝ တည်ထောင်လာမလဲဆိုတာကိုလည်း သိမြင်စေတယ်။
၃၁။ ဒီစာအုပ်က ကျွန်တော်တို့ကို ဘာလုပ်ဖို့ ကူညီပေးသလဲ။
၃၁ ဒီစာအုပ်ရဲ့ နောက်အပိုင်းတွေမှာ ယေဟောဝါ စံမြန်းရာအရပ်အကြောင်း၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ဘယ်လိုနည်းနဲ့ လုံးဝ ညစ်ညမ်းသွားခဲ့ကြောင်း၊ ယေဟောဝါက မိမိလူမျိုးကို ဘယ်လို ပြန်လည်ထူထောင်ကာကွယ်ခဲ့ကြောင်း၊ လူသားတိုင်း ယေဟောဝါကို ဝတ်ပြုကိုးကွယ်လာကြမယ့် အနာဂတ်အကြောင်း သိရပါမယ်။ နောက်အခန်းမှာ ယေဇကျေလ မှတ်တမ်းတင်ခဲ့တဲ့ ပထမဆုံး စိတ်အာရုံကို သုံးသပ်ကြပါမယ်။ ယေဟောဝါအကြောင်း၊ ဘုရားအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းအကြောင်း စိတ်အာရုံက ရုပ်လုံးပေါ်လာစေပါလိမ့်မယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ဘုရားတစ်ပါးတည်းကသာ ဘာကြောင့် ရထိုက်ကြောင်းကိုလည်း ပေါ်လွင်စေပါလိမ့်မယ်။
^ အပိုဒ်၊ 4 ဧဒင်ဥယျာဉ်ကနေ အာဒံနဲ့ ဧဝ နှင်ထုတ်ခံရပြီး သိပ်မကြာခင်မှာ အာဗေလကို ကိုယ်ဝန်ဆောင်ခဲ့ပုံရတယ်။ (က. ၄:၁၊ ၂) “အာဗေလအစား” ရှေသကို ခန့်လိုက်ပြီဆိုပြီး ကမ္ဘာဦး ၄:၂၅ မှာ ဖော်ပြတယ်။ အာဗေလ အသတ်ခံရပြီးတဲ့နောက် ရှေသကို မွေးတဲ့အခါ အာဒံ့အသက် ၁၃၀ ရှိပြီ။ (က. ၅:၃) ဒါကြောင့် အာဗေလကို ကာအိန သတ်လိုက်ချိန်မှာ အာဗေလ အသက် ၁၀၀ လောက် ရှိနိုင်တယ်။
^ အပိုဒ်၊ 15 ကမ္ဘာဦး ၄:၂၆ အရ အာဒံ့မြေး ဧနောက်ခေတ်မှာ “ယေဟောဝါရဲ့ နာမည်ကို လူတွေ ခေါ်စပြုကြပြီ။” ဒါပေမဲ့ ယေဟောဝါရဲ့ နာမည်ကို ရုပ်တုတွေနဲ့ ဆက်စပ်ပြီး မရိုမသေပြုခဲ့ကြတာ ထင်ရှားတယ်။
^ အပိုဒ်၊ 17 နတ်ဘုရား နန္နကို စင်နတ်ဘုရားလို့လည်း သိကြတယ်။ ဥရမြို့သားတွေက နတ်ဘုရားများစွာ ကိုးကွယ်ကြပေမဲ့ မြို့ထဲက ဘုံဗိမာန်တွေနဲ့ ယဇ်ပလ္လင်တွေဟာ နန္န နတ်ဘုရားအတွက် ဖြစ်တယ်။
^ အပိုဒ်၊ 24 သန့်ရှင်းရာ တဲတော်ထဲကနေ ပဋိညာဉ်သေတ္တာကို ရွှေ့ပြီးတဲ့နောက် တဲတော်အပြင် တခြားနေရာတွေမှာ ပူဇော်သက္ကာတွေ ဆက်သတာကိုလည်း ယေဟောဝါ လက်ခံခဲ့ပုံရတယ်။—၁ ရှ. ၄:၃၊ ၁၁။ ၇:၇-၉။ ၁၀:၈။ ၁၁:၁၄၊ ၁၅။ ၁၆:၄၊ ၅။ ၁ ရာ. ၂၁:၂၆-၃၀။
^ အပိုဒ်၊ 28 ယေဇကျေလ စတင်ပရောဖက်ပြုတဲ့ ဘီစီ ၆၁၃ မှာ ယေဇကျေလ အသက် ၃၀ ရှိပြီ။ ဒါကြောင့် ဘီစီ ၆၄၃ လောက်မှာ ယေဇကျေလကို မွေးတာ ဖြစ်နိုင်တယ်။ (ယေဇ. ၁:၁) ဘီစီ ၆၅၉ မှာ ယောရှိ နန်းတက်ပြီး မူရင်းပညတ်ကျမ်းလိပ်ကို နန်းသက် ၁၈ နှစ် ပြည့်ခါနီး တစ်ချိန်ချိန်၊ ဘီစီ ၆၄၂-၆၄၁ လောက်မှာ ရှာတွေ့ခဲ့ပုံရတယ်။