မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃

“ဘုရားသခင်ဆီက စိတ်အာရုံတွေကို မြင်ရ”

“ဘုရားသခင်ဆီက စိတ်အာရုံတွေကို မြင်ရ”

ယေဇကျေလ ၁:၁

အာရုံစိုက်​ရာ။ ကောင်းကင်​ရထား​အကြောင်း ယေဇကျေလ စိတ်အာရုံ အကျဉ်း

၁-၃။ (က) ယေဇကျေလ မြင်ရ​ကြားရ​တာတွေကို ဖော်ပြပါ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။) (ခ) ယေဇကျေလရဲ့ အတွေ့အကြုံ​နောက်ကွယ်​ရှိ စွမ်းအား​က ဘာလဲ။ ယေဇကျေလ ဘာ​ဖြစ်သွား​သလဲ။

သဲသောင်ပြင်​ကျယ်​ကြီးရဲ့ ဟိုးအဝေး​တစ်နေရာကို ယေဇကျေလ စူးစိုက်ကြည့်​နေ​တယ်။ သူ့​မျက်လုံး​တွေ မှေး​ရာ​ကနေ ပြူးကျယ်​လာတယ်။ မြင်ကွင်းက မယုံနိုင်​လောက်​အောင်​ပဲ။ မိုး​ကုပ်​စက်​ဝိုင်း​နား​ဆီက လေပြင်း​မုန်တိုင်း တိုက်ခတ်​လာတယ်။ သာမန်​မုန်တိုင်း​တော့ မဟုတ်ဘူး။ မြောက်​အရပ်​က တိုက်ခတ်​လာတဲ့ လေပြင်း​ကြောင့် ဆံပင်​နဲ့ ဝတ်ရုံ လွင့်​နေ​တယ်။ တိမ်ထုကြီး​တစ်ခုကို မြင်​လိုက်ရတယ်။ တိမ်ထုကြီး​ကနေ ပြိုးပြိုးပြက်ပြက်​လက်​နေတဲ့ မီးရောင် ထွက်​လာတယ်။ အလင်းရောင်​က အဖိုးတန် သတ္တု​တစ်မျိုး​ကို သတိ​ရစေတယ်။ * ယေဇကျေလ​ဆီ တိမ်ထုကြီး အလျင်အမြန် ချဉ်းကပ်​လာတာ​နဲ့​အမျှ အသံ ကျယ်​သည်ထက် ကျယ်​လာတယ်။ စစ်တပ်​ကြီး စစ်ချီ​လာ​သလိုပဲ။—ယေဇ. ၁:၄၊ ၂၄

ဒီ​လူငယ်ဟာ အသက် ၃၀ လောက်​မှာ မမေ့နိုင်​စ​ရာ အတွေ့အကြုံ​တွေ​ထဲ​က ဦးဆုံး​တစ်ခုကို တွေ့ကြုံခဲ့​တယ်။ “ယေဟောဝါရဲ့ လက်တော်” မိမိ​အပေါ် သက်ရောက်​လာတယ်လို့ ခံစား​ရတယ်။ အဲဒါက ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်​ပါ။ စွမ်းအားတော်​ကြောင့် မြင်ရ​ကြား​ရမယ့်​အရာ​တွေဟာ ကြီးကျယ်ခမ်းနား​တယ်။ ဒီနေ့​ခေတ် ရုပ်ရှင်​ရိုက်ကူး​သူတွေ ဖန်တီး​တဲ့ အထူး​ပြုလုပ်​ချက်​တွေ​ထက် အဆ​မတန် အံ့ဩစရာ​ကောင်းတယ်။ စိတ်အာရုံ​ကြောင့် ယေဇကျေလ အလွန့်အလွန် အံ့ဩ​ပြီး မြေကြီးပေါ် ပျပ်ဝပ်​လိုက်တယ်။—ယေဇ. ၁:၃၊ ၂၈

ဒါပေမဲ့ ဒီ​စိတ်အာရုံ​တွေ ယေဟောဝါ ပြတာ ယေဇကျေလ​ကို အံ့ဩ​စေ​ချင်​လို့​ပဲ မဟုတ်ဘူး။ ဒီ​စိတ်လှုပ်ရှားစရာ ပရောဖက်ပြုချက်​ကျမ်းမှာ မှတ်တမ်း​တင်ထားတဲ့ တခြား​စိတ်အာရုံ​တွေ​လို​ပဲ ယေဇကျေလရဲ့ ပထမဆုံး စိတ်အာရုံ​က သူကိုယ်တိုင်​နဲ့ ယေဟောဝါရဲ့ မျက်မှောက်ခေတ် သစ္စာရှိ​ကျေးကျွန်တွေ​အတွက် အဓိပ္ပာယ် အများကြီး ရှိတယ်။ ဒါကြောင့် ယေဇကျေလ မြင်ရ​ကြားရ​တာတွေကို အနီးကပ် လေ့လာ​ကြည့်ရအောင်။

ဇာတ်လမ်း​နောက်ခံ

၄၊ ၅။ ယေဇကျေလ စိတ်အာရုံရဲ့ ဇာတ်လမ်း​နောက်ခံ​က ဘာလဲ။

ယေဇကျေလ ၁:၁-၃ ကိုဖတ်ပါ။ အရင်ဆုံး ဇာတ်လမ်း​နောက်ခံ​ကို သုံးသပ်​ကြည့်ရအောင်။ ဘီစီ ၆၁၃ မှာ ဖြစ်တယ်။ ရှေ့အခန်း​မှာ လေ့လာခဲ့တဲ့​အတိုင်း ယေဇကျေလ​ဟာ ပြည်နှင်ခံတွေနဲ့​အတူ ဗာဗုလုန်ပြည် ခေဗာ​မြစ်​နား​မှာ နေ​ထိုင်တယ်။ ခေဗာ​မြစ်​ဆိုတာ ယူဖရေးတီး​မြစ်​ကနေ ဖောက်​ထားတဲ့ တူးမြောင်း ဖြစ်ပြီး ရေ​လမ်းကြောင်း​ပေါက်တယ်။ နောက်တော့ ယူဖရေးတီး​မြစ်​ထဲ​ပဲ ပြန်​စီးဝင်​သွားတယ်။

ပြည်နှင်ခံတွေနဲ့အတူ ခေဗာမြစ်နားမှာ ယေဇကျေလ နေထိုင်ခဲ့ (စာပိုဒ် ၄ ကို ကြည့်ပါ)

ပြည်နှင်ခံ​တွေရဲ့ နေရင်း​ဂျေရုဆလင်​မြို့​ကတော့ မိုင်​ပေါင်း ၅၀​၀ အကွာမှာ။ * ယေဇကျေလရဲ့ ဖခင် ပုရောဟိတ်​အဖြစ် အမှုဆောင်ခဲ့​ဖူး​တဲ့ ဗိမာန်တော်မှာ အကျင့်​ယိုယွင်းမှု၊ ရုပ်တု​ကိုးကွယ်မှုနဲ့ ပြည့်​နေပြီ။ တစ်ချိန်​တုန်း​က ဒါဝိဒ်၊ ရှောလမုန်​တို့ ဘုန်းကျက်သရေ​နဲ့ နန်းထိုင်​ခဲ့​တဲ့ ဂျေရုဆလင်​မြို့ ရာဇ​ပလ္လင်​လည်း အခုတော့ ဂုဏ်​ကျက်သရေ မရှိတော့ဘူး။ သစ္စာမဲ့​ဘုရင် ယေခေါနိ​လည်း ပြည်နှင်ခံတွေနဲ့​အတူ ဗာဗုလုန်ပြည်​မှာ။ သူ့​အရိုက်အရာ ဆက်ခံ​တဲ့ ဇေဒကိ​က​လည်း ဆိုးညစ်​ပြီး ရုပ်​သေး​ရုပ်​သာ​သာ​ပဲ ရှိတယ်။—၂ ဘု. ၂၄:၈-၁၂၊ ၁၇၊ ၁၉

၆၊ ၇။ ခက်ခဲတဲ့ ခေတ်​ကာလမှာ အသက်ရှင်​ရတယ်လို့ ယေဇကျေလ ဘာကြောင့် ခံစားခဲ့​ရနိုင်သလဲ။

ယေဇကျေလ​လို သစ္စာ​ရှိသူ​တစ်ယောက်​အတွက်တော့ ဒီ​အချိန်တွေ​က အခက်ခဲဆုံး ဖြစ်ခဲ့မှာပဲ။ ပြည်နှင်ခံ​တချို့လည်း ဒီလို​တွေးမိ​နိုင်တယ်– ‘ယေဟောဝါ ငါတို့ကို အပြီးအပိုင် စွန့်​လိုက်​ပြီလား။ မှားယွင်းတဲ့ ဘုရား​မြောက်မြားစွာ​နဲ့ ဆိုးညစ်​တဲ့ ဗာဗုလုန်​အင်ပါယာ​ကြီး​က ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု၊ အုပ်ချုပ်မှုကို ကမ္ဘာမြေ​ပြင်​ပေါ်ကနေ တကယ်ပဲ ဖျောက်ဖျက်​ပစ်​တော့​မလား။’

ဒီ​နောက်ခံ​ကို မှတ်ထား​ပြီး ပထမ စိတ်အာရုံ​အကြောင်း ယေဇကျေလရဲ့ ကွင်းကွင်းကွက်ကွက် ဖော်ပြချက်​တွေ​နဲ့ ကိုယ်ပိုင်လေ့လာမှု စ​လုပ်​လိုက်ပါ။ (ယေဇ. ၁:၄-၂၈) လေ့လာတဲ့​အခါ ယေဇကျေလ မြင်ခဲ့​ကြားခဲ့​တာတွေကို ကိုယ်တိုင် မြင်ယောင်​ကြားယောင်​ကြည့်ပါ။

ခါခေမိတ်မြို့အနီးအနား ဒေသက ယူဖရေးတီးမြစ် (စာပိုဒ် ၅-၇ ကို ကြည့်ပါ)

ဘာနဲ့မှ​မတူ ထူးခြားတဲ့​ယာဉ်

၈။ စိတ်အာရုံ​ထဲမှာ ယေဇကျေလ ဘာမြင်တွေ့ခဲ့​သလဲ။ အဲဒါက ဘာကို တင်စား​သလဲ။

ယေဇကျေလ ဘာ​မြင်တွေ့ခဲ့​သလဲ။ အံ့ဖွယ်​ရထား​ကြီး တစ်စီး။ အဲဒီ​ယာဉ်​မှာ ထူးဆန်းတဲ့ နာမ်ဝိညာဉ် သတ္တဝါ​လေးပါး​နဲ့​အတူ ဧရာမ ဘီး​လေး​ဘီး ရှိတယ်။ အဲဒီ​သတ္တဝါ​တွေဟာ ခေရုဗိမ်​တွေ ဖြစ်တယ်လို့ နောက်ပိုင်းမှာ ဖော်ပြတယ်။ (ယေဇ. ၁၀:၁) သတ္တဝါ​တွေ​အပေါ်မှာ ရေခဲပြင်​လို မျက်နှာပြင်​ကျယ်​ကြီး​တစ်ခု ရှိတယ်။ အဲဒီ​အပေါ်မှာ ယေဟောဝါ စံမြန်း​ရာ၊ ဘုန်းကျက်သရေ​နဲ့ ပြည့်စုံတဲ့ ရာဇ​ပလ္လင် ရှိတယ်။ ဒါဆိုရင် ဒီ​ရထားက ဘာကို တင်စား​သလဲ။ ယေဇကျေလ စိတ်အာရုံ​က ယေဟောဝါရဲ့ ဘုန်းအသရေ​နဲ့ ပြည့်စုံတဲ့ စကြဝဠာ​အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ​အပိုင်းကို သင့်လျော်​စွာ တင်စား​ပါတယ်။ ဘာကြောင့် ဒီလို ပြောသလဲ။ အချက်​သုံးချက်​ကို သုံးသပ်​ကြည့်ပါ။

၉။ ကောင်းကင်​သတ္တဝါတွေနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး​က ယာဉ်​ကြီး​အကြောင်း ဖော်ပြချက်​နဲ့ ဘယ်လို ကိုက်ညီ​သလဲ။

ကောင်းကင်​သတ္တဝါတွေနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး။ စိတ်အာရုံ​ထဲမှာ ယေဟောဝါရဲ့ ရာဇ​ပလ္လင်​က ခေရုဗိမ်​တွေ​အထက်မှာ ရှိနေတာ သတိပြုပါ။ ယေဟောဝါ​က ခေရုဗိမ်​တွေရဲ့ အထက်မှာ၊ ခေရုဗိမ်​တွေရဲ့ အလယ်မှာ စံမြန်းတ​ယ်​လို့ တခြား​ကျမ်းချက်တွေ​မှာလည်း ဖော်ပြ​ထားတယ်။ (၂ ဘုရင်များ ၁၉:၁၅ ကိုဖတ်ပါ။ ထွ. ၂၅:၂၂။ ဆာ. ၈၀:၁) တန်ခိုးကြီး နာမ်ဝိညာဉ်​သတ္တဝါ​တွေ ချီမ​ပေးတာကို လိုအပ်တဲ့​အ​လား ဘုရားသခင်ဟာ ခေရုဗိမ်​တွေ​အပေါ် တကယ် ထိုင်နေတာ မဟုတ်ဘူး။ ဘုရား​အနေနဲ့ ပကတိ​ရထား စီးနင်း​ဖို့​လည်း မလိုပါဘူး။ ဒါပေမဲ့ ခေရုဗိမ်​တွေ​က ဘုရားရဲ့ အချုပ်အခြာအာဏာကို ထောက်ခံ​တယ်။ စကြဝဠာရဲ့ ဘယ်​နေရာမှာ​မဆို အလိုတော်​ဆောင်ဖို့ သူတို့ကို ဘုရား စေလွှတ်​နိုင်တယ်။ ဘုရားရဲ့ သန့်ရှင်းတဲ့ ကောင်းကင်တမန်​အားလုံး​လိုပဲ သူတို့လည်း အမှုထမ်းတွေ၊ ကိုယ်စားလှယ်​တွေ​အနေနဲ့ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်​အတိုင်း လုပ်ဆောင်​ကြတယ်။ (ဆာ. ၁၀၄:၄) ယာဉ်​ကြီး​တစ်စီး​အ​လား ပေါင်းစည်း​ထားတဲ့ သူတို့ကို ဘုရားက အချုပ်အခြာအာဏာ​နဲ့ ညွှန်​ကြားနေတယ်။ ဒီ​သဘော​နဲ့ သူတို့​အားလုံး​အပေါ် ယေဟောဝါ “စီးနင်း” တာ​ပါ။

၁၀။ ကောင်းကင်​ရထား​မှာ ခေရုဗိမ်​လေးပါး​ထက်မက ပါဝင်​ကြောင်း ဘာက ဖော်ပြသလဲ။

၁၀ ယာဉ်​က ခေရုဗိမ်​တွေ​ထက်မက ကိုယ်စားပြု​တယ်။ ခေရုဗိမ်​လေးပါး​ကို ယေဇကျေလ မြင်ခဲ့တယ်။ ကျမ်းစာမှာ ဒီ​ဂဏန်း​ကို အချိုး​ကျ​ခြင်း၊ ပြည့်စုံခြင်း၊ တစ်ကမ္ဘာလုံး နှံ့စပ်​ခြင်း​ကို ဖော်ပြဖို့ မကြာခဏ သုံး​တယ်။ ဒါကြောင့် ခေရုဗိမ်​လေးပါး​က ယေဟောဝါရဲ့ သစ္စာရှိ နာမ်ဝိညာဉ်သား​အားလုံးကို ကိုယ်စားပြု​တယ်​လို့ ယူဆတာ သင့်လျော်​ပါတယ်။ ဘီးတွေ၊ ခေရုဗိမ်​တွေ​ပေါ်မှာ​တောင် မျက်လုံး​တွေ ပြည့်နေ​ခြင်းက လေးပါး​ထက်မက​တဲ့ နာမ်ဝိညာဉ်​သတ္တဝါ​များစွာရဲ့ သတိရှိ​နိုးကြား​မှု​ကို ဖော်ပြတယ်။ ယေဇကျေလ ဖော်ပြချက်​အရ ယာဉ်​ဟာ ကြီးမားလွန်း​လို့ ထူးခြား​လှတဲ့ ခေရုဗိမ်​တွေကို​တောင် သေး​သိမ်​သွားစေတယ်။ (ယေဇ. ၁:၁၈၊ ၂၂။ ၁၀:၁၂) အလားတူ ယေဟောဝါ​အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ​အပိုင်း​ဟာ ကြီးမားကျယ်ပြော​ပြီး လေးပါး​ထက်မက​တဲ့ ခေရုဗိမ်​တွေ ပါဝင်​တယ်။

ယေဟောဝါရဲ့ ကောင်းကင်ရထားအကြောင်း စိတ်အာရုံကြောင့် ယေဇကျေလ အံ့ဩခဲ့ (စာပိုဒ် ၈-၁၀ ကို ကြည့်ပါ)

၁၁။ ဆင်တူတဲ့ ဘယ်​စိတ်အာရုံ​ကို ဒံယေလ ရခဲ့​သလဲ။ အဲဒါက ဘယ်လို ကောက်ချက် ချ​စေ​သလဲ။

၁၁ ဒံ​ယေလရဲ့ ဆင်တူတဲ့ ကောင်းကင်​အကြောင်း စိတ်အာရုံ။ ပရောဖက် ဒံယေလဟာ ဗာဗုလုန်​မှာ ပြည်နှင်ခံ​ဘဝနဲ့ အကြာကြီး နေခဲ့ရ​ပြီး ကောင်းကင်​အကြောင်း စိတ်အာရုံ ရခဲ့တယ်။ အဲဒီ​စိတ်အာရုံ​မှာလည်း ယေဟောဝါရဲ့ ရာဇ​ပလ္လင်​မှာ ဘီးတွေ ပါနေတာ စိတ်ဝင်စားစရာ​ပဲ။ ဒံယေလ စိတ်အာရုံ​က ကောင်းကင်မှာ​ရှိတဲ့ ယေဟောဝါရဲ့ နာမ်ဝိညာဉ် မိသားစုရဲ့ အတိုင်းမသိ များပြား​မှု​ကို အလေးပေး​ထားတယ်။ ယေဟောဝါ​မျက်မှောက်​မှာ ခစား​နေတဲ့ “သန်းနဲ့ချီတဲ့၊” “သန်း​ရာ​ချီ​ရှိတဲ့” နာမ်ဝိညာဉ်သား​တွေကို ဒံယေလ မြင်တယ်။ သူတို့က ကောင်းကင်​ညီလာခံ​တစ်ခု​လို သတ်မှတ်​ထားတဲ့​နေရာမှာ ထိုင်​နေ​ကြတယ်။ (ဒံ. ၇:၉၊ ၁၀၊ ၁၃-၁၈) ဒီ​တူညီတဲ့ ဘုန်းအသရေ​ရှိ နာမ်ဝိညာဉ် အစုအဝေး​ကိုပဲ ယေဇကျေလ စိတ်အာရုံ​က ရည်ညွှန်းတယ်​လို့ ကောက်ချက်​ချတာ ကျိုးကြောင်း​ဆီလျော်​ပါတယ်။

၁၂။ ကောင်းကင်​ရထား​အကြောင်း ယေဇကျေလ စိတ်အာရုံ​ကို လေ့လာတာ​က ကျွန်တော်တို့​အတွက် ဘာကြောင့် အကာအကွယ် ဖြစ်သလဲ။

၁၂ အမှန်တကယ် တည်ရှိ​ပေမဲ့ “မမြင်နိုင်တဲ့ အရာတွေ” လို့ တမန်တော်​ပေါလု ခေါ်​ခဲ့​တာတွေကို အာရုံစိုက်​တာ​က ကျွန်တော်တို့ လူသားတွေ​အတွက် အကာအကွယ် ဖြစ်မှန်း ယေဟောဝါ သိတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ဟာ အသွေးအသား​နဲ့​မို့ တစ်ခဏ​သာ တည်​တဲ့ ရုပ်ပိုင်းဆိုင်ရာတွေ၊ “မြင်နိုင်တဲ့ အရာတွေ” ကိုပဲ အလွန်အကျွံ အာရုံစိုက်​တတ်ကြတယ်။ (၂ ကောရိန္သု ၄:၁၈ ကိုဖတ်ပါ။) စာတန်​က ဒီ​စိတ်ဆန္ဒတွေ သုံးပြီး ကျွန်တော်တို့ကို စိတ်​အလိုလိုက်​သူတွေ ဖြစ်လာအောင် ဖိ​အားပေးတယ်။ ဒီ​ဖိအားတွေကို တွန်းလှန်​ရာ​မှာ အကူအညီ ဖြစ်စေဖို့ ယေဇကျေလ ပရောဖက်ပြုချက်​ထဲ​က ဒီလို​စိတ်အာရုံ​တွေကို ယေဟောဝါ မေတ္တာပါပါ ပြင်ဆင်​ပေး​ထားတယ်။ စိတ်အာရုံ​တွေ​က ယေဟောဝါရဲ့ ကောင်းကင်​မိသားစုနဲ့​ပတ်သက်တဲ့ အံ့ဖွယ်​မြင့်မြတ်မှုကို သတိ​ရစေတယ်။

“ဘီး​တို့၊ စ​ထွက်​တော့”

၁၃၊ ၁၄။ (က) ဘီးတွေ​အကြောင်း ယေဇကျေလ ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) ယေဟောဝါရဲ့ ရထား​တော်​မှာ ဘီးတွေ​ပါတာ ဘာကြောင့် သင့်လျော်​သလဲ။

၁၃ ပထမ၊ ခေရုဗိမ်​လေးပါး​အပေါ် ယေဇကျေလ အာရုံစိုက်ခဲ့​တယ်။ ဒီ​သတ္တဝါတွေနဲ့ ထူးခြားတဲ့ ပုံပန်းသွင်ပြင်​က ယေဟောဝါ​အကြောင်း ဘာသင်ပေးသလဲ​ဆိုတာ ဒီ​စာအုပ် အခန်း ၄ မှာ တွေ့​ရပါမယ်။ ဒါပေမဲ့ ခေရုဗိမ်​တွေ​ဘေး စတုရန်း​ပုံ ထောင့်​လေးထောင့်​မှာ ဘီး​လေး​ဘီး​ကို တွေ့တယ်။ (ယေဇကျေလ ၁:၁၆-၁၈ ကိုဖတ်ပါ။) ဘီးတွေဟာ ကြည်လင်​တဲ့၊ အလင်း​ထိုးဖောက်​နိုင်တဲ့ အဖိုးတန်​ကျောက်မျက် ပြောင်​ခေါင်းစိမ်း​နဲ့ ပြုလုပ်​ထား​ပုံ​ရပြီး အဝါရောင် ဒါမှမဟုတ် စိမ်း​ဝါ​ရောင် ရှိတယ်။ ဒီ​လှပတဲ့ သတ္တု​က တောက်ပ​နေ​တယ်။

၁၄ ယေဇကျေလ စိတ်အာရုံ​က ရထား​ဘီးတွေ​ကို အလေးပေး​ပြန်တယ်။ ဘီးတွေ​ပါတဲ့ ရာဇ​ပလ္လင်​ကြီး။ ဒါ​ထူးခြားတဲ့ ပေါင်းစည်းမှု​ပဲ မဟုတ်လား။ မြေကြီး​ဘုရင်တွေရဲ့ ဩဇာ​သက်ရောက်မှု​ဟာ အကန့်အသတ်​ပဲ ရှိလို့ ပုံမှန်အားဖြင့် ပလ္လင်​ကို တစ်​နေရာ​တည်း​မှာ​ပဲ တည်ထား​တာ စဉ်းစားမိ​နိုင်တယ်။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ​ကတော့ ဘယ်​လူသား​အုပ်ချုပ်မှု​နဲ့​မှ မတူဘူး။ ယေဇကျေလ သိလာ​ရတော့​မယ့်​အတိုင်း ယေဟောဝါရဲ့ အချုပ်အခြာအာဏာ တန်ခိုးဟာ အကန့်အသတ် မရှိဘူး။ (နေ. ၉:၆) ဘယ်​နေရာကို​မဆို ဘုရားရဲ့ အချုပ်အခြာအာဏာ သက်ရောက်​နိုင်တယ်။

၁၅။ ဘီး​တွေရဲ့ ဖွဲ့စည်း​ပုံ​နဲ့ အရွယ်အစား​အကြောင်း ယေဇကျေလ ဘာ​သတိပြုမိ​သလဲ။

၁၅ ဘီး​တွေရဲ့ အရွယ်အစား​ကြောင့် ယေဇကျေလ အံ့ဩ​မှင်တက်​သွားတယ်။ “ဘီး​ခွေ​တွေဟာ မြင့်​လွန်း​လို့ ထိတ်လန့်​အံ့ဩစရာ​ပဲ” လို့ ရေးခဲ့တယ်။ ကောင်းကင်​ထိ မြင့်တဲ့၊ တောက်ပတဲ့ ဘီး​ခွေ​ကြီး​တွေကို ယေဇကျေလ မော့ကြည့်​နေတာ မြင်ယောင်​နိုင်တယ်။ “လေး​ဘီး​စ​လုံးရဲ့ ဘီး​ခွေ​ပတ်လည်မှာ မျက်လုံး​တွေ​အပြည့်​ပဲ” ဆိုပြီး အသေးစိတ် ထပ်ပြော​တယ်။ စိတ်ဝင်စားစရာ​အကောင်းဆုံး​ကတော့ ဘီး​တွေရဲ့ ထူးခြားတဲ့ ဖွဲ့စည်း​ပုံ​ပဲ။ “ဘီး​တွေရဲ့ ပုံစံ​နဲ့ ဖွဲ့စည်း​ပုံ​ဟာ ဘီး​တစ်​ဘီး​ထဲမှာ နောက်​တစ်​ဘီး​ကို အလယ်​ကနေ ကန့်​လန့်​ဖြတ် တပ်​ထားတာနဲ့ တူတယ်” လို့ ရှင်းပြတယ်။ ဘာကို ဆိုလိုသလဲ။

၁၆၊ ၁၇။ (က) ဘယ်လိုနည်းနဲ့ ရထား​ဘီးတွေ​ထဲမှာ ဘီးတွေ ရှိနေသလဲ။ (ခ) ယာဉ်​ကြီး ရွေ့လျား​ပုံ​နဲ့​ပတ်သက်ပြီး ဘီးတွေ​က ဘာ​ဖော်ပြသလဲ။

၁၆ ယေဇကျေလ မြင်ခဲ့တဲ့ ဘီး​တစ်​ဘီး​စီ​ဟာ တကယ်တော့ ဘီး​နှစ်​ဘီး ပေါင်း​ထားတာပါ။ ဒေါင်လိုက် ဝင်ရိုး​တစ်ခုတည်းမှာ တစ်​ဘီး​က နောက်​တစ်​ဘီး​ကို ထောင့်​မှန်​ကျကျ ဖြတ်​ထားတယ်။ ဘီး​တွေရဲ့ လုပ်ဆောင်ပုံ​နဲ့​ပတ်သက်ပြီး “ဘီးတွေ သွားတဲ့အခါ ကွေ့စရာ​မလို​ဘဲ ဘယ်​အရပ်မျက်နှာ​မဆို သွားနိုင်တယ်” ဆိုပြီး ယေဇကျေလ ဖော်ပြ​ရတဲ့ အကြောင်းရင်းကို ဒီ​အချက်​က နားလည်​စေတယ်။ ဒီ​ဘီးတွေ​က ယေဇကျေလ မြင်ခဲ့တဲ့ ကောင်းကင်​ယာဉ်​အကြောင်း ဘာ​ဖော်ပြသလဲ။

၁၇ မြင့်မား​လှတဲ့ ဘီး​တွေဟာ တစ်ပတ် လည်​ရုံ​နဲ့​တောင် နေရာ​အများကြီး ယူ​နိုင်တယ်။ ယာဉ်​ကြီး​က လျှပ်စီး​အရှိန်​နဲ့ သွား​နေတယ်လို့ စိတ်အာရုံမှာ ဖော်ပြ​ထားတယ်။ (ယေဇ. ၁:၁၄) ဒီ့ပြင် အရပ်​လေးမျက်နှာ သွားလာ​နိုင်တဲ့ ဘီး​တွေရဲ့ ရွေ့လျား​ပုံကို လူသား​အင်ဂျင်နီယာ​တွေ စိတ်ကူးယဉ်​လို့​ပဲ ရနိုင်တယ်။ ယာဉ်​ကြီး​က အရှိန်​မလျှော့​ဘဲ၊ ကွေ့​စ​ရာ​တောင် မလို​ဘဲ ဦးတည်ရာ ပြောင်း​နိုင်တယ်။ မမြင်​မ​ကန်း ပြောင်း​တာ​တော့ မဟုတ်ဘူး။ ဘီး​ခွေ​တွေ​မှာ မျက်လုံး အပြည့်​ပါတယ်​ဆိုတဲ့ အချက်​က ယာဉ်​ကြီး​ဟာ ဘေးပတ်လည်​မှာ ဖြစ်ပျက်​နေ​သ​မျှ​ကို အပြည့်အဝ သတိပြုမိ​ကြောင်း ဖော်ပြတယ်။

ဘီးတွေဟာ အရွယ်အစား ကြီးမားပြီး အရှိန်ပြင်းစွာ ရွေ့လျားကြဘီးတွေဟာ အရွယ်အစား ကြီးမားပြီး အရှိန်ပြင်းစွာ ရွေ့လျားကြ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၈။ ဘီး​တွေရဲ့ အံ့ဖွယ်​အရွယ်အစားနဲ့ မျက်လုံး အများကြီး ပါတယ်​ဆိုတဲ့ အချက်​ကနေ ဘာ​သိရသလဲ။

၁၈ ဘုရား​အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ​အပိုင်း​အကြောင်း ယေဇကျေလ​နဲ့ သစ္စာရှိသူ​အားလုံးကို ယေဟောဝါ ဘာသင်ပေး​နေသလဲ။ ပြန်​သုံးသပ်​ကြည့်ပါ။ တောက်ပတဲ့ ဘီးတွေ​နဲ့ ဘီး​အရွယ်အစား​က ဘုန်းအသရေ​နဲ့ အံ့ဩ​ဖွယ်​ကောင်းမှုကို ဖော်ပြတယ်။ ဘီးတွေ​မှာ မျက်လုံး အများကြီး​ပါတာ​က အရာအားလုံးကို သတိပြုမိ​ကြောင်း ဖော်ပြတယ်။ ယေဟောဝါ​က အရာရာကို မြင်တယ်။ (ပညာ. ၁၅:၃။ ယေ. ၂၃:၂၄) ဒီ့ပြင် ဘုရားမှာ စကြဝဠာရဲ့ ဘယ်​နေရာကို​မဆို စေလိုရာ​စေနိုင်တဲ့ ကောင်းကင်တမန် သန်းပေါင်း​များစွာ ​ရှိတယ်။ သူတို့က ကိစ္စရပ်​တွေကို စိတ်ဝင်တစား ကြည့်ရှု​စစ်ဆေး​ပြီး အချုပ်အခြာအာဏာပိုင်ရှင်​ကို သတင်း​ပြန်ပို့​ကြတယ်။ဟီဘရူး ၁:၁၃၊ ၁၄ ကိုဖတ်ပါ။

ဘီးပုံစံက အပြည့်အဝ ရွေ့လျားနိုင်စွမ်းကို ဖော်ပြ (စာပိုဒ် ၁၇၊ ၁၉ ကို ကြည့်ပါ)

၁၉။ ယေဟောဝါနဲ့ ဘုရား​အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ​အပိုင်း​အကြောင်း ရထား​ရဲ့ အရှိန်​နဲ့ ရွေ့လျား​ပုံ​က ဘာသင်ပေးသလဲ။

၁၉ ဒီ့ပြင် ရထား​ဟာ အလွန့်အလွန် မြန်မြန်ဆန်ဆန် ရွေ့လျား​နိုင်ကြောင်း သိရတယ်။ ယေဟောဝါ​အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ​အပိုင်းနဲ့ လူ့​အစိုးရ​တွေ၊ အသင်းအဖွဲ့​တွေရဲ့ ကွာခြားချက်ကို စဉ်းစား​ကြည့်ပါ။ သူတို့ဟာ အခြေအနေ​တွေ​နဲ့​အညီ အလိုက်သင့် မပြောင်းလဲ​နိုင်ကြ​ဘဲ မမြင်​မ​ကန်း ဖြစ်နေကြတယ်။ ဒါကြောင့် မအောင်မြင်​ဘဲ ပျက်စီး​ကြရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ရထား​တော်​ကတော့ အကျိုးသင့်အကြောင်းသင့် ရှိတဲ့၊ အလိုက်သင့် ပြုပြင်​ပြောင်းလဲ​နိုင်တဲ့ ထိန်းချုပ်​ရှင်​ကို အပြည့်အဝ ရောင်ပြန်ဟပ်​တယ်။ နာမတော်​နဲ့​အညီ ဘုရားက ရည်ရွယ်တော်မူချက် ပြည့်စုံ​စေဖို့ လိုအပ်ရာ​မှန်သမျှ ဘာ​မဆို ဖြစ်လာနိုင်တယ်။ (ထွ. ၃:၁၃၊ ၁၄) ဥပမာ၊ ဘုရားက မိမိ​လူမျိုး​အတွက် ကာကွယ်​တိုက်ခိုက်​ပေးတဲ့ ခွန်အားကြီး​စစ်သူရဲ ဖြစ်လာနိုင်တယ်။ စိတ်​ကြေကွဲ​တဲ့ နောင်တ​ရသူ အပြစ်သားတွေကို ပဲ့ပြင်​တည့်မတ်​ပေးတဲ့ ကရုဏာရှင်၊ ခွင့်လွှတ်​ပေးရှင်​အဖြစ်​လည်း ချက်ချင်း ပြောင်းလဲ​နိုင်တယ်။—ဆာ. ၃၀:၅။ ဟေရှာ. ၆၆:၁၃

၂၀။ ယေဟောဝါရဲ့ ရထား​တော်​ကို ဘာကြောင့် အံ့ဩ​သင့်သလဲ။

၂၀ ယေဇကျေလ စိတ်အာရုံ​က ကိုယ့်ကိုယ်ကိုယ် ဒီလို​မေး​ဖို့ လှုံ့ဆော်ပါ​လိမ့်မယ်– ‘ယေဟောဝါရဲ့ ရထား​တော်​ကြောင့် တကယ် အံ့ဩ​မှင်တက်​မိ​သလား။’ ရထား​က အမှန်တကယ် တည်ရှိ​တဲ့​အရာကို ပုံဆောင်​ကြောင်း အမှတ်ရဖို့ လိုတယ်။ ကျွန်တော်တို့ကို စိတ်ဓာတ်ကျ​စေတဲ့ ပြဿနာ​တချို့ကို ယေဟောဝါ၊ သားတော်​နဲ့ ကောင်းကင်တမန်တွေ မမြင်​ဘူးလို့ ဘယ်တော့မှ မတွေး​သင့်​ဘူး။ ကျွန်တော်တို့ လိုအပ်တာတွေ လုပ်ဆောင်​ပေးဖို့ ဘုရား နှောင့်နှေး​မှာ၊ မတည်မြဲ​တဲ့ လောကရဲ့ အပြောင်းအလဲသစ်​တွေ​နဲ့​အညီ ဘုရား​အဖွဲ့အစည်း အလိုက်သင့် မဖြစ်​မှာ​ကို မစိုးရိမ်​သင့်​ဘူး။ ယေဟောဝါရဲ့ အဖွဲ့အစည်း​ဟာ ရှေ့ကို တိုး​မြဲ​တိုး​နေ​ကြောင်း အမှတ်ရ​ချင်​ကြပါတယ်။ “ဘီး​တို့၊ စ​ထွက်​တော့” ဆိုပြီး ရထား​ဘီးတွေ​ကို ကောင်းကင်က အမိန့်​ပေးသံ ယေဇကျေလ ကြားခဲ့တယ်။ ဘီးတွေ စတင်​ရွေ့လျား​ဖို့ အမိန့်​ပေးသံ​ပါ။ (ယေဇ. ၁၀:၁၃) အဖွဲ့အစည်း​ကို ယေဟောဝါ ဦးဆောင်​နေ​ပုံ​အကြောင်း တွေးတော​ဆင်ခြင်တဲ့​အခါ အံ့ဩစရာ​ကောင်းတယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ အံ့ဩ​ရတဲ့ အဓိက​အကြောင်းကတော့ ယေဟောဝါ​ကြောင့်ပါပဲ။

ထိန်းချုပ်​ရှင်

၂၁၊ ၂၂။ ရထား​ရဲ့ အစိတ်အပိုင်း​တွေကို ထိန်းချုပ်​ထားတဲ့ အရာ​အကြောင်း ဘယ်လို ရှင်းပြ​မလဲ။

၂၁ ဘီးတွေ​အထက်​က “ရင်သပ်​ရှုမောဖွယ်​ကောင်းတဲ့ ရေခဲပြင်​လို တ​ဖိတ်​ဖိတ် တောက်​နေတဲ့ မျက်နှာပြင်​ကြီး​တစ်ခု” ဆီ ယေဇကျေလ အာရုံရောက်​သွားတယ်။ (ယေဇ. ၁:၂၂) ခေရုဗိမ်​တွေရဲ့ ဦးခေါင်း​ထက်​မှာ ရေခဲပြင်​ကြီး​က ဘုန်း​ရောင် တောက်ပ​ဖြာထွက်​နေ​တ​ယ်။ ဒီ​နေရာမှာ စက်ယန္တရား​တွေ အလုပ်​လုပ်ပုံ​ကို ကောင်းကောင်းသိ​တဲ့ စာဖတ်သူ​အတွက် ယာဉ်​နဲ့​ပတ်သက်ပြီး မေးခွန်းထုတ်​စ​ရာ ရှိ​နိုင်တယ်။ ဥပမာ၊ ‘ဘီးတွေ​အထက်​က မျက်နှာပြင်​ကို ဘာက ထိန်းချုပ်​ထားသလဲ။ ဝင်ရိုး​တွေ​နဲ့ ချိတ်ဆက်​မထား​ဘဲ ဘီးတွေ ဘယ်လို အလုပ်လုပ်​သလဲ။’ ဒီ​ယာဉ်​ကြီး​ဟာ နိယာမ​တွေ​အတိုင်း ဖွဲ့စည်း​ထားတာ မဟုတ်ဘဲ နာမ်ဝိညာဉ်ဘုံ​မှာ အမှန်တကယ် တည်ရှိ​တဲ့​အရာ​ရဲ့ သရုပ်ဖော်​ချက်၊ ပုံဆောင်ချက်​သာ ဖြစ်ကြောင်း အမှတ်ရပါ။ “သတ္တဝါ​တွေ​ပေါ် သက်ရောက်​နေတဲ့ စွမ်းအားတော်ဟာ ဘီးတွေ​ပေါ်​မှာလည်း သက်ရောက်​နေလို့ပဲ”​ ဆိုတဲ့ အဓိက​စကားတွေ​ကိုလည်း သတိပြုပါ။ (ယေဇ. ၁:၂၀၊ ၂၁) ခေရုဗိမ်​တွေ၊ ဘီးတွေ​ပေါ်မှာ ဘာ​စွမ်းအား သက်ရောက်​နေသလဲ။

၂၂ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်၊ စကြဝဠာမှာ တန်ခိုး​အရှိဆုံး စွမ်းအား​ပဲ​ဆိုတာ ရှင်း​နေ​ပါတယ်။ စွမ်းအားတော်​က ယာဉ်​ကို ထိန်းချုပ်​ထားတယ်။ အစွမ်း​ရှိစေတယ်။ တစ်ပြိုင်နက် ရွေ့လျား​စေတယ်။ ဒီ​အချက်ကို မှတ်ထား​ပြီး ရထား​ကို ထိန်းချုပ်​တဲ့​အရှင်​ဆီ ယေဇကျေလ အာရုံရောက်​သွားတာကို လိုက်ကြည့်​ရအောင်။

ဖော်ပြဖို့​ခက်တဲ့ မြင်ကွင်း​တွေ​အတွက် ယေဇကျေလ စကားလုံး ရှာ​ခဲ့​ရ

၂၃။ ယေဟောဝါ​အကြောင်း ဖော်ပြဖို့ ယေဇကျေလ ဘယ်လို သုံးနှုန်း​ခဲ့သလဲ။ ဘာကြောင့်လဲ။

၂၃ ယေဇကျေလ ၁:၂၆-၂၈ ကိုဖတ်ပါ။ စိတ်အာရုံ​အကြောင်း ဖော်ပြချိန်​တစ်လျှောက် “သဏ္ဌာန်​ရှိ၊” “နဲ့ တူတဲ့​အရာ၊” “လို သဏ္ဌာန်​ရှိ” စ​သဖြင့် ယေဇကျေလ မကြာခဏ သုံး​ထားတယ်။ ဒါပေမဲ့ ဒီ​ကျမ်းပိုဒ်​တွေ​မှာ ပို​သုံး​ထားတယ်။ ဖော်ပြ​ရ​ခက်တဲ့ မြင်ကွင်း​တွေ​အတွက် စကားလုံး ရှာ​နေရပုံ​ပဲ။ “နီ​လာ​ကျောက်​လို၊ ရာဇ​ပလ္လင်​လို သဏ္ဌာန်​တစ်ခု” ကို မြင်တယ်။ အ​ပြာ​ရင့်​ရောင် နီ​လာ​တုံး​ကြီး​ကနေ ထွင်းထု​ထားတဲ့ ရာဇ​ပလ္လင်​တစ်ခုကို မြင်ယောင်​ကြည့်​နိုင်မလား။ အဲဒီ​ပေါ်မှာ “လူ​သဏ္ဌာန် ရှိ” တဲ့ ပုဂ္ဂိုလ်​တစ်ပါး ထိုင်​နေ​တယ်။

၂၄၊ ၂၅။ (က) ယေဟောဝါရဲ့ ရာဇပလ္လင် ပတ်လည်မှာ ရှိတဲ့ သက်တံ​ကနေ ဘာ​သိရသလဲ။ (ခ) စိတ်အာရုံ​တွေ​က သစ္စာရှိ အမျိုးသား​တွေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​ခဲ့သလဲ။

၂၄ ယေဟောဝါရဲ့ ခါး​အပေါ်ပိုင်း​နဲ့ ခါး​အောက်ပိုင်း​ကနေ ဘုန်း​ရောင်ခြည်​တွေ ဖြာထွက်​နေလို့​သာ ခံ့ထည်​တဲ့ ပုံသဏ္ဌာန်​ကို ရှင်းရှင်းလင်းလင်း မြင်နိုင်​တာ​ပါ။ ဒီ​ဘုန်းအသရေ​ရှိ ပုံသဏ္ဌာန်​ကို စိုက်ကြည့်​ဖို့ ပရောဖက် မျက်လုံး​ကာ​ပြီး စောင်းငဲ့ကြည့်​တာ​ကို မြင်ယောင်​နိုင်တယ်။ နောက်ဆုံး​တော့ စိတ်အာရုံ​အထွတ်အထိပ်​ကို ဒီလို​မှတ်တမ်း​တင်တယ်– “ပတ်လည်မှာ ဖြာထွက်​နေတဲ့ ရောင်ခြည်​ဟာ မိုးရွာ​တဲ့​နေ့မှာ တိမ်​ပေါ်​က သက်တံ​နဲ့ တူတယ်။” သက်တံ​ကို ကြည့်ပြီး စိတ်လှုပ်ရှား​ဖူး​သလား။ ဖန်ဆင်းရှင်ရဲ့ ဘုန်းအသရေ​အကြောင်း ထင်ရှား​တဲ့ သတိပေး​ချက်​ပါပဲ။ ကောင်းကင်က ကြည်လင်​အေးချမ်း​စေတဲ့ ရောင်စုံ​သက်တံ​ဟာ ရေလွှမ်းမိုး​ဘေး​ပြီးနောက် ဖွဲ့​ထားတဲ့ ငြိမ်းချမ်းရေး​ပဋိညာဉ်ကို အမှတ်ရ​စေတယ်။ (က. ၉:၁၁-၁၆) တန်ခိုးကြီး​ပေမဲ့ အနန္တ​တန်ခိုး​ရှင်ဟာ ငြိမ်သက်ခြင်းရဲ့ အရှင် ဖြစ်ပါတယ်။ (ဟီ. ၁၃:၂၀) ဘုရားသခင်ရဲ့ စိတ်နှလုံးမှာ ငြိမ်သက်ခြင်း စိုးမိုး​နေပြီး သစ္စာရှိ ဝတ်ပြု​ကိုးကွယ်သူ​အားလုံး​ဆီ ကူးစက်​ပျံ့နှံ့​သွားတယ်။

ယေဟောဝါရဲ့ ရာဇပလ္လင်ပတ်လည် ဘုန်းကျက်သရေရှိတဲ့ သက်တံက ငြိမ်သက်ခြင်းအရှင်ကို ကျွန်တော်တို့ ဝတ်ပြုနေကြောင်း သတိရစေ (စာပိုဒ် ၂၄ ကို ကြည့်ပါ)

၂၅ ယေဟောဝါ​ဘုရားရဲ့ ဘုန်းအသရေ​ကို မြင်တွေ့​ရလို့ ယေဇကျေလ ဘယ်လို ဖြစ်သွား​သလဲ။ “အဲဒါကို မြင်တဲ့အခါ ကျွန်တော် ပျပ်ဝပ်​လိုက်တယ်” ဆိုပြီး ယေဇကျေလ မှတ်တမ်း​တင်ထားတယ်။ အံ့ဩ​ကြောက်ရွံ့​စိတ်ကြောင့် ယေဇကျေလ မြေကြီးပေါ် ခွေ​ကျ​သွားတယ်။ ယေဟောဝါ​ဆီက စိတ်အာရုံ ရခဲ့တဲ့ တခြား​ပရောဖက်တွေလည်း အလားတူ တုံ့ပြန်​ခဲ့​ကြတယ်။ အဲဒီ​အတွေ့အကြုံ​က သူတို့ကို အလွန်​နှိမ့်ချ​စေတယ်၊ အံ့ဩ​စေတယ်။ (ဟေရှာ. ၆:၁-၅။ ဒံ. ၁၀:၈၊ ၉။ ဗျာ. ၁:၁၂-၁၇) ယေဟောဝါ ဖော်ပြတာ​တွေ​က ဒီ​အမျိုးသားတွေကို တကယ်​ခွန်အား​ရှိစေခဲ့​မှာပါ။ ယေဇကျေလ​လ​ည်း ခွန်အားရ​ခဲ့​မှာ သေချာ​ပါတယ်။ ဒီလို​ကျမ်း​မှတ်တမ်းတွေ ဖတ်တဲ့အခါ ကျွန်တော်တို့​အပေါ် ဘာ​အကျိုး​သက်ရောက်​သင့်သလဲ။

၂၆။ စိတ်အာရုံ​ကြောင့် ယေဇကျေလ ဘယ်လို အားရှိခဲ့​သလဲ။

၂၆ ဗာဗုလုန်ပြည်​မှာ ရှိတဲ့ ဘုရား​လူမျိုးရဲ့ အခြေအနေ​ကြောင့် ယေဇကျေလ သံသယ ဝင်​ခဲ့​မယ်၊ ဒွိဟ ဖြစ်ခဲ့တယ်​ဆိုရင် ဒီ​စိတ်အာရုံ​ကြောင့် အားရှိခဲ့​မှာပါ။ သစ္စာရှိ​သူတွေဟာ ဂျေရုဆလင်​မြို့မှာ၊ ဗာဗုလုန်ပြည်​မှာ၊ တခြား​ဘယ်​နေရာမှာပဲ ရှိနေပါစေ အရေးမကြီးဘူးဆိုတာ ရှင်း​နေ​ပါတယ်။ ယေဟောဝါရဲ့ အံ့ဖွယ်​ရထား​တော် လက်လှမ်း​မမီနိုင်တဲ့​နေရာ မရှိဘူး။ ခမ်းနား​ကြီးကျယ်တဲ့ ကောင်းကင်​အဖွဲ့အစည်း​ကို ထိန်းချုပ်​နေတဲ့​အရှင်ကို ဆန့်ကျင်​ပြီး ဘယ်​စာတန့်​အင်အားစု​က ရပ်တည်​နိုင်မှာလဲ။ (ဆာလံ ၁၁၈:၆ ကိုဖတ်ပါ။) ကောင်းကင်​ရထား​က လူသားတွေနဲ့ အလှမ်းမဝေး​ဘူးဆို​တာ ယေဇကျေလ တွေ့ခဲ့တယ်။ ဘာကြောင့်လဲ။ ဘီးတွေ​က မြေကြီးနဲ့ ထိနေလို့ပဲ။ (ယေဇ. ၁:၁၉) ဒါကြောင့် ယေဟောဝါ​က ပြည်နှင်ခံ သစ္စာရှိ​လူမျိုးကို အမှန်တကယ် စိတ်ဝင်​စားတယ်။ ဖခင်ရဲ့ မေတ္တာပါ ဂရုစိုက်မှု​အောက် သူတို့ အမြဲ​ရှိနေ​ကြပါတယ်။

ရထား​နဲ့ သင်

၂၇။ ယေဇကျေလ​စိတ်အာရုံ​က ဒီနေ့ခေတ် ကျွန်တော်တို့​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။

၂၇ ယေဇကျေလ စိတ်အာရုံ​က ဒီနေ့​ခေတ် ကျွန်တော်တို့​အတွက် အဓိပ္ပာယ်​ရှိသလား။ ရှိပါတယ်။ ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို အရင်ကထက် ပို​တိုက်ခိုက်​ဖို့ စာတန် စီစဉ်​နေတာကို သတိရပါ။ တစ်ယောက်တည်း သီးသန့် ဖြစ်နေတယ်၊ ကောင်းကင်ဘုံစံ​ဖခင်၊ ဘုရား​အဖွဲ့အစည်း​နဲ့ အလှမ်းဝေး​နေတယ်လို့ ကျွန်တော်တို့ကို ယုံစေချင်တယ်။ ဒီလို​မုသာ​စကားတွေ စိတ်နှလုံး​ထဲ ဘယ်တော့မှ အမြစ်​မ​တွယ်​ပါစေနဲ့။ (ဆာ. ၁၃၉:၇-၁၂) ယေဇကျေလ​လို​ပဲ ကျွန်တော်တို့ အံ့ဩ​သင့်​စ​ရာ အကြောင်းရင်း​တွေ ရှိပါတယ်။ ယေဇကျေလ​လို မြေကြီး​မှာ ပျပ်ဝပ်​မှာ​တော့ မဟုတ်ဘူး။ ဒါပေမဲ့ စကြဝဠာ​အဖွဲ့အစည်း ကောင်းကင်ဆိုင်ရာ​အပိုင်း​ရဲ့ တန်ခိုး၊ အရှိန်၊ ရွေ့လျား​မှု၊ အလိုက်သင့် ပြုပြင်​ပြောင်းလဲ​နိုင်​မှု၊ ခမ်းနားမှု​တို့​ကြောင့် အံ့ဩ​သင့်တယ် မဟုတ်လား။

၂၈၊ ၂၉။ လွန်ခဲ့တဲ့​ရာစုနှစ်​အတွင်း ယေဟောဝါရဲ့ ရထား​တော် ရွေ့လျား​နေ​တယ်​ဆိုတာ ဘာက ဖော်ပြသလဲ။

၂၈ ယေဟောဝါရဲ့ အဖွဲ့အစည်း​မှာ မြေကြီးဆိုင်ရာ​အပိုင်း​လ​ည်း ရှိတယ်ဆိုတာ သတိရပါ။ မြေကြီးဆိုင်ရာ​အပိုင်းကို မစုံလင်သူတွေ​နဲ့ ဖွဲ့စည်း​ထားတာ မှန်ပါတယ်။ ဒါပေမဲ့ မြေကြီး​ပေါ်မှာ ယေဟောဝါ ပြီးမြောက်​စေခဲ့တာ​တွေ​အကြောင်း စဉ်းစား​ကြည့်ပါ။ သာမန်​လူသားတွေ ကိုယ်ပိုင်အစွမ်း​အစ​နဲ့ ဘယ်လိုမှ မလုပ်ဆောင်​နိုင်တဲ့ အရာတွေကို ကမ္ဘာတစ်ဝန်းမှာ ဖြစ်မြောက်​စေဖို့ ယေဟောဝါ ကူညီ​ပေးခဲ့ပြီ။ (ယော. ၁၄:၁၂) ဘုရားသခင့်​နိုင်ငံတော် စိုးစံပြီ စာအုပ်ကို ဖတ်တဲ့အခါ လွန်ခဲ့တဲ့​ရာစုနှစ်​အတွင်း ဟောပြောခြင်း​လုပ်ငန်း အံ့ဖွယ်​ကျယ်ပြန့်လာ​ပုံကို သတိ​ရစေတယ်။ ခရစ်ယာန်စစ်​တွေကို ပညာ​ပေးခြင်း၊ တရားရေး​အောင်ပွဲ၊ ဘုရားအလိုတော်​ဆောင်ဖို့ နောက်ဆုံး​ပေါ်​နည်းပညာ​တွေ အသုံးပြုခြင်းတို့မှာ ယေဟောဝါ​အဖွဲ့အစည်းရဲ့ တိုးတက်မှု​အဆင့်ဆင့် စိတ်ထဲ ပေါ်လာ​ပါလိမ့်မယ်။

၂၉ အကျင့်ပျက်​ခြစား​နေတဲ့ လောကစနစ်ရဲ့ နောက်ဆုံး​ကာလမှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်​ပြီး လုပ်ဆောင်​ပြီးမြောက်​ခဲ့​တာတွေကို သုံးသပ်​တဲ့အခါ ယေဟောဝါရဲ့ ရထား​တော် ရွေ့လျား​နေ​တယ်​ဆိုတာ ပို​ရှင်း​လာတယ်။ ဒီ​အဖွဲ့အစည်း​နဲ့ ပူးပေါင်း​ရတာ၊ အချုပ်အခြာအာဏာပိုင်ရှင်​ကို ကိုးကွယ်​ရတာ အံ့ချီးဖွယ်​အခွင့်ထူးပါပဲ။—ဆာ. ၈၄:၁၀

ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းက ရှေ့ကို တိုးမြဲတိုးနေ (စာပိုဒ် ၂၈၊ ၂၉ ကို ကြည့်ပါ)

၃၀။ နောက်​အခန်းမှာ ဘာ​အကြောင်း လေ့လာ​ကြ​မလဲ။

၃၀ ဒါပေမဲ့ ယေဇကျေလ စိတ်အာရုံ​က ကျွန်တော်တို့ကို သင်ပေး​စ​ရာ​များစွာ ရှိပါ​သေးတယ်။ နောက်​အခန်းမှာ ထူးဆန်းတဲ့ “သတ္တဝါ​တွေ၊” ခေရုဗိမ်​တွေ​အကြောင်း အနီးကပ် လေ့လာ​ကြပါမယ်။ ဘုန်းကျက်သရေ​ရှိတဲ့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ​အကြောင်း သူတို့ ဘာသင်ပေး​နိုင်သလဲ။

^ အပိုဒ်၊ 1 ရွှေ​နဲ့ ငွေ ရောစပ်​ထားတဲ့​သတ္တု (ပယင်းရောင်) လို့ ယေဇကျေလ သတ်သတ်မှတ်မှတ် ဖော်ပြခဲ့တယ်။

^ အပိုဒ်၊ 5 ဒါက တိုက်ရိုက် အကွာအဝေး ဖြစ်တယ်။ ဒါပေမဲ့ ပြည်နှင်ခံ​တွေ သွားခဲ့တဲ့ လမ်းကြောင်း​က ဒီ​အကွာအဝေး​ရဲ့ နှစ်ဆ​နီးပါး ဖြစ်နိုင်တယ်။