မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

“အခု မင်းရဲ့ အဆုံး ရောက်လာပြီ”

“အခု မင်းရဲ့ အဆုံး ရောက်လာပြီ”

ယေဇကျေလ ၇:၃

အာရုံစိုက်​ရာ။ ဂျေရုဆလင်​မြို့​အပေါ် ယေဟောဝါရဲ့ တရား​စီရင်ခြင်း—ပရောဖက်ပြုချက်​များ ပြည့်စုံခဲ့​ပုံ

၁၊ ၂။ (က) ထူးဆန်းတဲ့ ဘယ်​အ​ပြု​အမူ​ကို ယေဇကျေလ လုပ်ဆောင်ခဲ့​လဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။) (ခ) သူ့​အပြုအမူတွေက ဘာကို ကြိုဖော်ပြသလဲ။

ဗာဗုလုန်ပြည်​မှာ နေထိုင်တဲ့ ပြည်နှင်ခံ​ဂျူးတွေ​ကြား ပရောဖက် ယေဇကျေလရဲ့ ထူးဆန်းတဲ့ အ​ပြု​အမူ​အကြောင်း ချက်ချင်း သတင်း​ပျံ့​သွားတယ်။ ပြည်နှင်ခံ​တွေ​ကြား တစ်ပတ်လောက် မိန်းမော​တွေဝေ​ပြီး စကား​မပြော​ဘဲ ထိုင်​နေ​တယ်။ နောက်တော့ ရုတ်တရက် ထပြီး အိမ်ထဲမှာ တံခါးပိတ်​နေ​တယ်။ အိမ်နီးချင်းတွေ ဇဝေဇဝါ ဖြစ်နေ​တုန်း​မှာ​ပဲ အိမ်ထဲ​က ပြန်ထွက်​လာပြီး အုတ်​တစ်ချပ်​ကို ယူ၊ ရှေ့မှာ ချပြီး ပုံ​ရေးထွင်း​တယ်။ စကား​တစ်ခွန်း​မှ မပြော​ဘဲ မြို့ရိုး​ပုံစံငယ် စ​ဆောက်​တယ်။—ယေဇ. ၃:၁၀၊ ၁၁၊ ၁၅၊ ၂၄-၂၆။ ၄:၁၊ ၂

စိတ်ဝင်စားသူ​တွေ တဖြည်းဖြည်း များ​လာပြီး ‘ဘာ သဘော​ပါလိမ့်’ ဆိုပြီး သိချင်​နေကြမှာ​ပဲ။ ပရောဖက် ယေဇကျေလရဲ့ ထူးဆန်းတဲ့ အ​ပြု​အမူ​ဟာ ရောက်လာမယ့် ကြောက်မက်ဖွယ် ဖြစ်ရပ်​တစ်ခုကို ကြို​ဖော်ပြ​မှန်း နောက်ပိုင်း​မှ ပြည်နှင်ခံ​ဂျူးတွေ အပြည့်အဝ နားလည်​တော့​တယ်။ အဲဒီ​ကြောက်မက်ဖွယ် ဖြစ်ရပ်​က ယေဟောဝါ​ဘုရားရဲ့ ဖြောင့်မတ်တဲ့ အမျက်​ဒေါသ​ကို ဖော်ပြတယ်။ ဘာဖြစ်​ရပ်​လဲ။ ရှေးခေတ် အစ္စရေး​လူမျိုးအပေါ် ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ။ ဒီနေ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေ​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။

“အုတ်​တစ်ချပ် . . . ဂျုံ . . . ထက်​တဲ့ ဓား​ကို ယူ”

၃၊ ၄။ (က) ဘုရားရဲ့ တရားစီရင်ခြင်း​အကြောင်း ဘယ်​ကဏ္ဍ​သုံးရပ်​ကို ယေဇကျေလ သရုပ်ဖော်​ခဲ့သလဲ။ (ခ) ဂျေရုဆလင်​မြို့ ဝိုင်းရံ​ခံရမယ့်​အကြောင်း ယေဇကျေလ ဘယ်လို သရုပ်ဖော်​ခဲ့သလဲ။

ဂျေရုဆလင်​မြို့​အပေါ် ကျရောက်​မယ့် ဘုရားရဲ့ တရား​စီရင်ခြင်း ကဏ္ဍ​သုံးရပ်​ကို သရုပ်ဖော်​ဖို့ ဘီစီ ၆၁၃ လောက်​မှာ ယေဇကျေလ​ကို ယေဟောဝါ ညွှန်ကြားတယ်။ အဲဒါတွေကတော့ မြို့ ဝိုင်းရံ​ခံရ​ခြင်း၊ ပြည်သူပြည်သား​တွေရဲ့ ဆင်းရဲဒုက္ခ၊ မြို့​နဲ့ ပြည်သူပြည်သား​တွေရဲ့ ပျက်စီးခြင်း​တို့ ဖြစ်တယ်။ * ဒီ​ကဏ္ဍ​သုံးရပ်​ကို အသေးစိတ် သုံးသပ်​ကြည့်ရအောင်။

ဂျေရုဆလင်​မြို့ ဝိုင်းရံ​ခံရ​ခြင်း။ “အုတ်​တစ်ချပ်​ကို ယူပြီး မင်း​ရှေ့မှာ ထားပါ။ . . . ပြီးတော့ အဲဒီမြို့​ပတ်လည်မှာ ထိုးစစ်​တံတိုင်း တည်ဆောက်ပါ” လို့ ယေဇကျေလ​ကို ယေဟောဝါ မိန့်မှာတယ်။ (ယေဇကျေလ ၄:၁-၃ ကိုဖတ်ပါ။) အုတ်ချပ်​က ဂျေရုဆလင်​မြို့ကို ပုံဆောင်​ပြီး ယေဇကျေလ​ကတော့ ယေဟောဝါ အသုံးပြုတဲ့ ဗာဗုလုန်​စစ်တပ်​နေရာမှာ သရုပ်ဆောင်​တယ်။ မြို့​ပုံစံငယ်​နဲ့ ထိုးစစ်​ကုန်း​ရိုး ဆောက်လုပ်ဖို့၊ ခံတပ်ဖြို​စက်​တွေ လုပ်ဖို့ ယေဇကျေလ ညွှန်ကြား​ခံရတယ်။ ပြီးရင် ဒါတွေကို အုတ်ချပ် ပတ်ပတ်လည်မှာ နေရာချ​ရမယ်။ ဒါတွေ​က ဂျေရုဆလင်​မြို့ကို ဝိုင်းရံ​တိုက်ခိုက်ချိန်​မှာ ရန်သူတွေ အသုံး​ပြုမယ့် စစ်လက်နက်​တွေကို ပုံဆောင်​တယ်။ သံနဲ့​တူတဲ့ ရန်​သူ့​အင်အား​ကို ဖော်ပြဖို့ ယေဇကျေလ​က မိမိ​နဲ့ မြို့​ကြားမှာ “သံ​ဒယ်ပြား​တစ်ခု” ချထားတယ်။ အဲဒီနောက် မြို့ကို “ရန်လို​တဲ့ မျက်နှာထား​နဲ့ စိုက်ကြည့်” တယ်။ ဒါတွေဟာ “အစ္စရေး​အမျိုး” မျှော်လင့်​မထားတဲ့​အရာ​တွေရဲ့ “နိမိတ်” တွေ​ပါပဲ။ ဘုရား​လူမျိုးရဲ့ အဓိက​မြို့တော်၊ ဘုရားသခင့်​ဗိမာန်တော် တည်ရှိရာ ဂျေရုဆလင်​မြို့ကို ဝိုင်းရံ​ဖို့ ရန်​သူ့​စစ်တပ်​ကို ယေဟောဝါ အသုံးပြုမယ်။

၅။ ဂျေရုဆလင်​မြို့သား​တွေ ကြုံရမယ့်​အရာနဲ့​ပတ်သက်ပြီး ယေဇကျေလ သရုပ်ဖော်​ပုံကို ဖော်ပြပါ။

ဂျေရုဆလင်​မြို့သား​တွေရဲ့ ဆင်းရဲဒုက္ခ။ “ဂျုံ၊ မုယော၊ ပဲ​ကြီး၊ ပဲ​နီ​လေး၊ ဆပ်​နဲ့ ဂျုံကြမ်း​မျိုးကို . . . မုန့်​လုပ်” ဖို့၊ “တစ်နေ့​ကို ရှယ်ကယ် ၂၀ ချိန်​ပြီး စား” ဖို့ ယေဇကျေလ​ကို ယေဟောဝါ မိန့်မှာတယ်။ “စားနပ်ရိက္ခာ​ကို ငါ ဖြတ်တောက်” မှာ​ဖြစ်လို့ ဆိုပြီး ယေဟောဝါ ရှင်းပြတယ်။ (ယေဇ. ၄:၉-၁၆) ဒီ​တစ်ခါ​တော့ ယေဇကျေလ​က ဗာဗုလုန်​စစ်တပ်​ကို ကိုယ်စား​မပြု​တော့ဘဲ ဂျေရုဆလင်​မြို့သား​တွေ​နေရာမှာ သရုပ်ဆောင်​တယ်။ ရောက်လာမယ့် ဝိုင်းရံ​ပိတ်ဆို့မှု​ကြောင့် မြို့ထဲမှာ စားနပ်ရိက္ခာ​တွေ တစ်​တိ​တစ်တိ​နဲ့ လျော့နည်း​သွားမယ်​ဆိုတာ ပရောဖက်​ရဲ့ လုပ်ရပ်တွေ​က နိမိတ်​ပြတယ်။ အဲဒီအချိန်မှာ လူတွေက ကြုံရာ​ပစ္စည်း​တွေ​နဲ့ မုန့်​လုပ်ကြ​ရမယ်၊ တွေ့​က​ရာ စား​ကြရမယ်​ဆိုတာ ဖော်ပြတယ်။ အငတ်ဘေး ဘယ်လောက်ထိ ပြင်းထန်လာ​မလဲ။ “မင်း​ဆီက မိဘတွေဟာ ကိုယ့်​သားသမီးတွေရဲ့ အသားကို စား​ကြ​လိမ့်မယ်။ သားသမီး​က​လည်း မိဘရဲ့ အသားကို စား​ကြ​လိမ့်မယ်” ဆိုပြီး ဂျေရုဆလင်​မြို့သား​တွေကို ယေဇကျေလ တဲ့တိုး​ပြောခဲ့​တယ်။ အဆုံး​မှာ လူများစွာဟာ “အငတ်ဘေး ဖြစ်တဲ့၊ သေစေ​နိုင်တဲ့ မြား​တွေ” ကြောင့် ဝေဒနာ ခံစား​ရပြီး “လုံး​ပါး​ပါး” လာ​ကြ​လိမ့်မယ်။—ယေဇ. ၄:၁၇။ ၅:၁၀၊ ၁၆

၆။ (က) ဘယ်​အခန်းကဏ္ဍ​နှစ်ခုကနေ ယေဇကျေလ တစ်ပြိုင်တည်း သရုပ်ဆောင်​ခဲ့သလဲ။ (ခ) “ချိန်ပြီး သုံးပုံ ပုံ​ပါ” ဆိုတဲ့ ဘုရားရဲ့ မိန့်မှာချက်​က ဘာကို ဖော်ပြသလဲ။

ဂျေရုဆလင်​မြို့​နဲ့ ပြည်သူပြည်သား​တွေ ပျက်စီးခြင်း။ ပရောဖက်ပြုချက်​ဆိုင်ရာ သရုပ်ဖော်​ချက်​ရဲ့ ဒီ​အပိုင်းမှာ​တော့ ယေဇကျေလ​က အခန်းကဏ္ဍ​နှစ်ခုကနေ တစ်ပြိုင်တည်း သရုပ်ဆောင်​တယ်။ ဦးဆုံး၊ ယေဟောဝါ လုပ်ဆောင်မယ့်​အရာကို သရုပ်ဆောင်​ပြတယ်။ “ဆံ​သ​ဆရာရဲ့ သင်တုန်းဓား​လို ထက်​တဲ့ ဓား​ကို ယူ” ဖို့ ယေဟောဝါ မိန့်မှာတယ်။ (ယေဇကျေလ ၅:၁၊ ၂ ကိုဖတ်ပါ။) ဓား​ကိုင်ထားတဲ့ ယေဇကျေလ​လက်​ဟာ ယေဟောဝါရဲ့ လက်တော်၊ ဗာဗုလုန်​စစ်တပ်​က​တစ်ဆင့် ဖော်ပြတဲ့ ဘုရားရဲ့ တရားစီရင်ချက်​ကို ပုံဆောင်​တယ်။ ဒုတိယ၊ ဂျူးတွေ ကြုံတွေ့​ရမယ့်​အရာကို ယေဇကျေလ သရုပ်ဖော်​ခဲ့​တယ်။ “မင်းရဲ့ ဆံပင်​နဲ့ မုတ်ဆိတ်​တွေကို ရိတ်​လိုက်ပါ” လို့ ယေဟောဝါ မိန့်မှာတယ်။ ဆံပင်​ရိတ်​လိုက်တာ​ဟာ ဂျူးတွေ ဘယ်လို တိုက်ခိုက်​ချေမှုန်း​ခံရမယ်ဆို​တာ​ကို ပုံဆောင်​တယ်။ ဒါ့အပြင် ဂျေရုဆလင်​မြို့​အပေါ် ယေဟောဝါရဲ့ တရားစီရင်ချက်​ဟာ ပရမ်းပတာ မဟုတ်ဘဲ သေသေချာချာ၊ စေ့စေ့စပ်စပ် ဖြစ်မယ်​ဆိုတာ “အဲဒါတွေကို ချိန်ခွင်​နဲ့ ချိန်​ပြီး သုံး​ပုံ ပုံ​ပါ” ဆိုတဲ့ မိန့်မှာချက်​က ဖော်ပြတယ်။

၇။ ဆံပင်​တွေကို သုံး​ပုံ ပုံ​ဖို့၊ တစ်​ပုံ​စီ​ကို တစ်မျိုးစီ လုပ်ဆောင်ဖို့ ယေဇ​ကျေလ​ကို ယေဟောဝါ ဘာကြောင့် မိန့်မှာ​သလဲ။

 ရိတ်​ထားတဲ့ ဆံပင်​တွေကို သုံး​ပုံ ပုံ​ဖို့၊ တစ်​ပုံ​စီ​ကို တစ်မျိုးစီ လုပ်ဆောင်ဖို့ ယေဇ​ကျေလ​ကို ယေဟောဝါ ဘာကြောင့် မိန့်မှာ​သလဲ။ (ယေဇကျေလ ၅:၇-၁၂ ကိုဖတ်ပါ။) ဂျေရုဆလင်​မြို့သား​တချို့ မြို့ထဲမှာ သေဆုံး​ကြ​မယ့်​အကြောင်း ကြည့်ရှု​နေ​သူတွေကို ဖော်ပြဖို့ ယေဇကျေလ​က ဆံပင်​တစ်​ပုံကို “မြို့ထဲမှာ” မီးရှို့​လိုက်တယ်။ တချို့ မြို့ပြင်မှာ အသတ်ခံရမယ့်​အကြောင်း ဖော်ပြဖို့ ဆံပင်​တစ်​ပုံကို “မြို့​ပတ်လည်မှာ” ဓားနဲ့ ခုတ်ဖြတ်​တယ်။ လူမျိုးခြားတွေ​ကြား ကွဲလွင့်​သွားမယ့် ကျန်ကြွင်း​သူတွေ​အကြောင်း ဖော်ပြဖို့ နောက်ဆုံး​တစ်​ပုံကို လေ​ထဲ လွှင့်ပစ်​လိုက်တယ်။ ဒါပေမဲ့ “ဓား” က “နောက်ကနေ လိုက်” မှာ ဖြစ်လို့ ဘယ်​နေရာကို​ပဲ ရောက်ရောက် ငြိမ်းငြိမ်းချမ်းချမ်း နေကြ​ရမှာ မဟုတ်ဘူး။

၈။ (က) ယေဇကျေလရဲ့ သရုပ်ဖော်​ချက်မှာ ဘယ်​မျှော်လင့်ချက် အရိပ်အမြွက် ပါသလဲ။ (ခ) “နောက်ဆုံး​တစ်ပုံ​ထဲ​က အမွေး​တချို့” အကြောင်း ပရောဖက်ပြုချက်​ဆိုင်ရာ သရုပ်ဖော်​ချက် ဘယ်လို ပြည့်စုံခဲ့​သလဲ။

ဒါပေမဲ့ ယေဇကျေလရဲ့ ပရောဖက်ပြုချက်​ဆိုင်ရာ သရုပ်ဖော်​ချက်မှာ မျှော်လင့်ချက် အရိပ်အမြွက် ပါတယ်။ ရိတ်​လိုက်တဲ့ ဆံပင်​နဲ့​ပတ်သက်ပြီး ယေဇကျေလ​ကို ယေဟောဝါ ဒီလို​မိန့်ဆိုတယ်– “နောက်ဆုံး​တစ်​ပုံ​ထဲ​က အမွေး​တချို့ကို ယူပြီး ဝတ်ရုံ​ထဲမှာ ထုပ်​ထားပါ။” (ယေဇ. ၅:၃) လူမျိုးခြားတွေ​ကြား ကွဲလွင့်​သွားတဲ့ ဂျူး​တချို့ အသက်ရှင်​လွတ်မြောက်မယ်​ဆိုတာ ဒီ​အမိန့်​က ဖော်ပြတယ်။ အနှစ် ၇၀ ကြာ ဗာဗုလုန် သုံ့ပန်း​ဘဝ​ပြီးတဲ့နောက် ဂျေရုဆလင်​မြို့ကို ပြန်​လာမယ့် ပြည်နှင်ခံ​တွေ​ထဲမှာ “နောက်ဆုံး​တစ်​ပုံ​ထဲ​က အမွေး​တချို့” လည်း ပါ​မယ်။ (ယေဇ. ၆:၈၊ ၉။ ၁၁:၁၇) ဒီ​ပရောဖက်ပြုချက် တကယ် ပြည့်စုံခဲ့​သလား။ ပြည့်စုံခဲ့​ပါတယ်။ ဗာဗုလုန်​သုံ့ပန်း​ဘဝ အဆုံးသတ်​ပြီး နှစ်​အတန်ကြာ​ပြီးတဲ့နောက် ကွဲလွင့်​သွားတဲ့ ဂျူး​တချို့ ဂျေရုဆလင်​မြို့ကို တကယ် ပြန်လာ​ခဲ့​ကြ​တဲ့​အကြောင်း ပရောဖက်​ဟဂ္ဂဲ မှတ်တမ်း​တင်ခဲ့တယ်။ သူတို့ဟာ “အရင်​အိမ်တော် (ရှောလမုန်ရဲ့ ဗိမာန်တော်) ကို မြင်ဖူး​တဲ့ အသက်ကြီး​ပိုင်း” တွေ ဖြစ်တယ်။ (ဧဇ. ၃:၁၂။ ဟဂ္ဂဲ ၂:၁-၃) ကတိပြု​ထားတဲ့​အတိုင်း စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်​တာ ယေဟောဝါ တွေ့မြင်ခဲ့တယ်။ ပြန်လည်​တည်ထောင်ခြင်း​အကြောင်း နောက်ထပ်​အသေးစိတ်​အချက်တွေကို ဒီ​စာအုပ် အခန်း ၉ မှာ လေ့လာ​ကြပါမယ်။—ယေဇ. ၁၁:၁၇-၂၀

ဒီ​ပရောဖက်ပြုချက်​က ရောက်လာမယ့် ဖြစ်ရပ်တွေ​အကြောင်း ဘာဖော်ပြသလဲ

၉၊ ၁၀။ ယေဇကျေလရဲ့ ပရောဖက်ပြုချက်​ဆိုင်ရာ သရုပ်ဖော်​ချက်​တွေ​က အနာဂတ်​အကြောင်း ကြိုပြော​ထားတဲ့ ဘယ်​အရေးပါတဲ့ ဖြစ်ရပ်တွေကို စိတ်ထဲ ပေါ်လာ​စေ​သလဲ။

ယေဇကျေလ သရုပ်ဖော်​ခဲ့​တဲ့ ဖြစ်ရပ်တွေက အနာဂတ်​အကြောင်း ကျမ်းစာမှာ ကြိုပြော​ထားတဲ့ အရေးပါတဲ့ ဖြစ်ရပ်တွေကို စိတ်ထဲ ပေါ်လာ​စေတယ်။ ဘာတွေလဲ။ ရှေးဂျေရုဆလင်​မြို့မှာ ဖြစ်ခဲ့​သလိုပဲ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်း​အားလုံးကို တိုက်ခိုက်​ဖို့ လောက​အင်အားစု​တွေကို ယေဟောဝါ အသုံးပြုမယ်။ (ဗျာ. ၁၇:၁၆-၁၈) ဂျေရုဆလင်​မြို့ ပျက်စီးခြင်း​ဟာ “မကြုံဖူး​တဲ့ ဘေးဆိုး​တစ်ခု” ဖြစ်ခဲ့​သလို “ကြီးစွာသောဒုက္ခ” နဲ့ အာမဂေဒုန်​စစ်ပွဲဟာ​လည်း အရင်က “မဖြစ်ဖူးသေးတဲ့” ဖြစ်ရပ် ဖြစ်လာ​ပါလိမ့်မယ်။—ယေဇ. ၅:၉။ ၇:၅။ မ. ၂၄:၂၁

၁၀ ဘာသာရေး အဖွဲ့အစည်း​တွေကို ဖျက်ဆီးချိန်မှာ မှားယွင်းတဲ့ ဘာသာရေး​ကို ထောက်ခံသူ​တွေ အသက်ရှင်​လွတ်မြောက်​မယ့်​အကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ အလွှာ​အသီးသီး​က လူတွေဟာ ပုန်းအောင်း​ဖို့ နေရာ​ရှာ​နေကြ​ပြီး ကြောက်လန့်​နေတဲ့ အသက်ရှင်​လွတ်မြောက်​လာ​သူတွေက သူတို့နဲ့ ပူးပေါင်း​ကြ​လိမ့်မယ်။ (ဇာ. ၁၃:၄-၆။ ဗျာ. ၆:၁၅-၁၇) သူတို့ရဲ့ အခြေအနေ​က ရှေး​ဂျေရုဆလင်​မြို့ ဖျက်ဆီးခြင်းဘေး​ကနေ လွတ်မြောက်​ပြီး “လေ​ထဲ” ကွဲလွင့်​သွား​သူတွေ​အကြောင်း အမှတ်ရ​စေတယ်။  စာပိုဒ် ၇ မှာ လေ့လာခဲ့တဲ့​အတိုင်း အချိန်​အတိုင်းအတာ​တစ်ခု​အထိ သူတို့ အသက်ချမ်းသာ​ရာ​ရပေမဲ့ ယေဟောဝါ​က “ဓား​ကို ဆွဲထုတ်​ပြီး နောက်ကနေ လိုက်​ခိုင်း” တယ်။ (ယေဇ. ၅:၂) အလားတူပဲ ဘာသာရေး​ကို တိုက်ခိုက်​တဲ့အခါ လွတ်မြောက်သွား​သူတွေ ပုန်းခို​မယ့် ဘယ်နေရာ​ကမှ ယေဟောဝါရဲ့ ဓားတော်​ကနေ ကာကွယ်ပေး​နိုင်မှာ မဟုတ်ဘူး။ သူတို့ဟာ ဆိတ်​နဲ့​တူတဲ့ တခြားသူ​အားလုံး​နဲ့​အတူ အာမဂေဒုန်​မှာ အသက်ဆုံး​ရလိမ့်မယ်။—ယေဇ. ၇:၄။ မ. ၂၅:၃၃၊ ၄၁၊ ၄၆။ ဗျာ. ၁၉:၁၅၊ ၁၈

သတင်းကောင်း ဟောပြောခြင်း​မှာ ကျွန်တော်တို့ “ဆွံ့အ” လာမယ်

၁၁၊ ၁၂။ (က) ဂျေရုဆလင်​မြို့ ဝိုင်းရံ​ခံရ​မှု​အကြောင်း ယေဇကျေလ ပရောဖက်ပြုချက်ကို နားလည်ခြင်းက အမှုဆောင်​လုပ်ငန်း​အပေါ် ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ဘယ်လို အကျိုး​သက်ရောက်​သလဲ၊၊ (ခ) ဟောပြောခြင်း​လုပ်ငန်း၊ သတင်းစကားနဲ့​ပတ်သက်ပြီး ဘာ​အပြောင်းအလဲ​တွေ ရှိမလဲ။

၁၁ ဒီ​ပရောဖက်ပြုချက်ကို နားလည်ခြင်းက အမှုဆောင်​လုပ်ငန်း၊ လုပ်ငန်းရဲ့ အရေးကြီးမှု​အပေါ် ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ဘယ်လို အကျိုး​သက်ရောက်​သလဲ။ တခြား​သူတွေကို ယေဟောဝါရဲ့ ကျေးကျွန်တွေ ဖြစ်လာအောင် ဒီနေ့​အချိန်မှာ အစွမ်းကုန် ကြိုးစား​ကူညီ​ကြရမယ်။ ဘာကြောင့်လဲ။ “လူမျိုးတကာ​ဆီ သွားပြီး လူတွေကို . . . တပည့် ဖြစ်လာအောင် သွန်သင်ပေး” ရမယ့် အချိန်​က အကန့်အသတ် ရှိလို့​ပါ။ (မ. ၂၈:၁၉၊ ၂၀။ ယေဇ. ၃၃:၁၄-၁၆) ဘာသာရေး​ကို “ကြိမ်လုံး” (လောက​အင်အားစု​တွေ) စ​တိုက်ခိုက်​တဲ့အခါ ကျွန်တော်တို့​က ကယ်တင်ခြင်း​သတင်း ဟော​ကြ​တော့​မှာ မဟုတ်ဘူး။ (ယေဇ. ၇:၁၀) သတင်းကောင်း မ​ကြေညာ​တော့ဘဲ “ဆွံ့အ” သွား​ကြမယ်။ အမှုဆောင်ချိန်​အတွင်း ယေဇကျေလ ဆွံ့အ​သွားပြီး သတင်းကောင်း ကြေညာ​တာ ရပ်​လိုက်​သလို​ပေါ့။ (ယေဇ. ၃:၂၆၊ ၂၇။ ၃၃:၂၁၊ ၂၂) မှားယွင်းတဲ့ ဘာသာရေး​ကို ဖျက်ဆီး​ပြီးတဲ့နောက် လူတွေက “ပရောဖက်​ကို စိတ်အာရုံ​အကြောင်း မေးမြန်း​ကြ” ဖို့ အသည်းအသန် ဖြစ်နေ​ကြမယ်။ ဒါပေမဲ့ အသက်ကယ် ညွှန်ကြားချက် တစ်စုံတစ်ရာ ရ​ကြ​မှာ မဟုတ်ဘူး။ (ယေဇ. ၇:၂၆) ညွှန်ကြားချက် ရှာ​ဖို့၊ ခရစ်တော်ရဲ့ တပည့် ဖြစ်လာဖို့ အချိန်​က လွန်​သွားပြီ။

၁၂ ဒါပေမဲ့ ဟောပြောသူတွေ​အနေနဲ့ ကျွန်တော်တို့ရဲ့ တာဝန် ရပ်တန့်​မသွား​ပါဘူး။ ဘာကြောင့်လဲ။ ကြီးစွာသောဒုက္ခ​အတွင်းမှာ မိုးသီး​ကပ်ဘေး​နဲ့​တူတဲ့ တရား​စီရင်ခြင်း​သတင်းကို ကျွန်တော်တို့ ကြေညာ​ကောင်း ကြေညာ​ရနိုင်တယ်။ ဆိုးညစ်​တဲ့ လောကရဲ့ အဆုံး ရောက်​ပြီဆို​တာ ဒီ​သတင်းက ဖော်ပြပါ​လိမ့်မယ်။—ဗျာ. ၁၆:၂၁

“အဆုံး လာ​နေပြီ”

၁၃။ ယေဇကျေလ​ကို ဘယ်ဘက်​နဲ့ ညာဘက် စောင်းအိပ်​ဖို့ ယေဟောဝါ ဘာကြောင့် ညွှန်ကြားခဲ့​သလဲ။

၁၃ ယေဇကျေလ​က ဂျေရုဆလင်​မြို့ ဘယ်လို ဖျက်ဆီး​ခံရမယ့်​အကြောင်း ကြို​ပြောတဲ့​အပြင် ဘယ်​အချိန် ဖျက်ဆီး​ခံရမယ်​ဆိုတာကိုပါ သရုပ်ဖော်​ခဲ့​တ​ယ်။ ရက်​ပေါင်း ၃၉၀ ဘယ်ဘက် စောင်းအိပ်​ပြီး ရက် ၄၀ ညာဘက် စောင်းအိပ်​ဖို့ ယေဇကျေလ ညွှန်ကြား​ခံရတယ်။ တစ်ရက်​စီ​က တစ်နှစ်​ကို ကိုယ်စားပြု​တယ်။ (ယေဇကျေလ ၄:၄-၆ ကိုဖတ်ပါ။ တော. ၁၄:၃၄) တစ်ရက်ကို အချိန်​အနည်းငယ်​ပဲ သရုပ်ဆောင်​ရမှာ ဖြစ်တယ်။ ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရမယ့် နှစ်​အတိအကျ​ကို ဒီ​သရုပ်ဖော်​ချက်​က ဖော်ပြတယ်။ အစ္စရေး​အမျိုး​ရဲ့ အပြစ်​အတွက် နှစ်ပေါင်း ၃၉၀ ဟာ ၁၂ နွယ် နိုင်ငံ နှစ်​ပိုင်း​ကွဲ​သွားတဲ့ ဘီစီ ၉၉​၇ မှာ အစ​ပြုခဲ့တယ်။ (၁ ဘု. ၁၂:၁၂-၂၀) ယုဒ​အမျိုး​ရဲ့ အပြစ်​အတွက် နှစ်ပေါင်း ၄၀ ဟာ ဘီစီ ၆၄၇ မှာ အစပြု​ခဲ့​ပုံ​ရတယ်။ အဲဒီ​နှစ်​ဟာ ရောက်လာတော့မယ့် ဖျက်ဆီးခြင်း​အကြောင်း ယုဒ​နိုင်ငံ​ကို ပြင်းပြင်းထန်ထန် သတိ​ပေးဖို့ ပရောဖက်​ယေရမိ တာဝန်​ခန့်အပ်ခံ​ရတဲ့​နှစ် ဖြစ်တယ်။ (ယေ. ၁:၁၊ ၂၊ ၁၇-၁၉။ ၁၉:၃၊ ၄) ဒါကြောင့် ယေဟောဝါ ကြိုဖော်ပြတဲ့​အတိုင်း အချိန်ကာလ နှစ်ခု​လုံး​ဟာ ဂျေရုဆလင်​မြို့ ကျဆုံး​ပြီး ဖျက်ဆီး​ခံရတဲ့​နှစ် ဘီစီ ၆၀၇ မှာ အဆုံးတိုင်​ခဲ့​တယ်။ *

ဂျေရုဆလင်မြို့ ဖျက်ဆီးခံရမယ့်နှစ် အတိအကျကို ယေဇကျေလ ဘယ်လို ဖော်ပြခဲ့သလဲ (စာပိုဒ် ၁၃ ကို ကြည့်ပါ)

၁၄။ (က) ယေဟောဝါ အချိန် အတိအကျ လုပ်ဆောင်​မှာ​ကို ယုံကြည်​ကြောင်း ယေဇကျေလ ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) ဂျေရုဆလင်​မြို့ ဖျက်ဆီး​မခံရ​ခင် ဘာဖြစ်​မလဲ။

၁၄ ရက်​ပေါင်း ၃၉၀ နဲ့ ရက်​ပေါင်း ၄၀ အကြောင်း ပရောဖက်ပြုချက်​ရတဲ့ အချိန်တုန်းက ဂျေရုဆလင်​မြို့ ဆုံးခန်းတိုင်​မယ့်​နှစ် အတိအကျ​ကို ယေဇကျေလ သိခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖျက်ဆီးခြင်း​ကို ဦးတည်​နေတဲ့ နှစ်တွေမှာ ယေဟောဝါရဲ့ တရား​စီရင်ခြင်း ရောက်လာတော့မယ့်​အကြောင်း ဂျူးတွေကို ယေဇကျေလ ထပ်ခါထပ်ခါ သတိ​ပေးခဲ့​တယ်။ “အခု မင်းရဲ့​အဆုံး ရောက်လာပြီ” လို့ ကြေညာခဲ့တယ်။ (ယေဇကျေလ ၇:၃၊ ၅-၁၀ ကိုဖတ်ပါ။) ယေဟောဝါ အချိန် အတိအကျ လုပ်ဆောင်​မယ်​ဆိုတာကို ယေဇကျေလ သံသယ​မဝင်​ခဲ့​ဘူး။ (ဟေရှာ. ၄၆:၁၀) ဂျေရုဆလင်​မြို့ ဖျက်ဆီး​မခံရ​ခင် ဖြစ်​လာမယ့် ဖြစ်ရပ်တွေ​အကြောင်း ဒီလို​ကြိုပြောခဲ့​တယ်– “ဘေးဒုက္ခ တစ်ခု​ပြီး တစ်ခု ဖြစ်လာမယ်။” အဲဒီ​ဖြစ်ရပ်တွေက လူမှုရေး၊ ဘာသာရေး၊ အစိုးရ အဖွဲ့အစည်း​တွေ ဖျက်ဆီး​ခံရမယ့် အခြေအနေကို ဦးတည်​စေမယ်။—ယေဇ. ၇:၁၁-၁၃၊ ၂၅-၂၇

ဝိုင်းရံခံထားရတဲ့ ဂျေရုဆလင်မြို့ဟာ “မီးဖိုပေါ်” က “ဟင်းအိုး” နဲ့တူ (စာပိုဒ် ၁၅ ကို ကြည့်ပါ)

၁၅။ ဘီစီ ၆၀​၉ က​စပြီး ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ဘယ်​အပိုင်း​တွေ စ​ပြည့်စုံ​လာသလဲ။

၁၅ ဂျေရုဆလင်​မြို့ ကျဆုံးခြင်း​အကြောင်း ယေဇကျေလ ကြေညာ​ပြီး နှစ်​အနည်းငယ်​မှာ ပရောဖက်ပြုချက် စ​ပြည့်စုံ​လာတယ်။ ဘီစီ ၆၀​၉ မှာ တိုက်ခိုက်ခြင်း အစပြု​လာတာ ယေဇကျေလ သတိပြုမိတယ်။ မြို့ကို ကာကွယ်ဖို့ မြို့သား​တွေကို ခရာမှုတ်​ပြီး နှိုးဆော်​ပေမဲ့ ယေဇကျေလ ကြို​ပြောခဲ့တဲ့​အတိုင်း “စစ်တိုက်​ထွက်​သူ​တစ်ယောက်မှ မရှိဘူး။” (ယေဇ. ၇:၁၄) မြို့ကို ကာကွယ်ဖို့၊ ကျူးကျော်​လာ​သူ ဗာဗုလုန်တွေ​ကို တိုက်ခိုက်​ဖို့ ဂျေရုဆလင်​မြို့သား​တွေ မ​စည်းလုံးခဲ့​ကြဘူး။ ယေဟောဝါ လာ​ကယ်တင်​ပေးမယ်လို့ ဂျူး​တချို့ ထင်​ခဲ့ပုံပဲ။ ဂျေရုဆလင်​မြို့ကို သိမ်းပိုက်​ဖို့ အဆီးရီးယား​တွေ ခြိမ်းခြောက်​တုန်း​က ယေဟောဝါ စေလွှတ်​လိုက်တဲ့ ကောင်းကင်တမန်​တစ်ပါး​က စစ်တပ်​တွေကို ဖျက်ဆီး​ခဲ့​ဖူး​တယ်။ (၂ ဘု. ၁၉:၃၂) ဒီ​တစ်ကြိမ်​တော့ ကောင်းကင်တမန် အကူအညီ ရောက်​မလာ​ဘူး။ ဝိုင်းရံ​ခံ​ထားရတဲ့ မြို့တော်ဟာ “မီးဖို​ပေါ်” က “ဟင်း​အိုး” နဲ့​တူ​ပြီး မြို့သား​တွေဟာ အိုး​ထဲ​က “အသားတုံး” တွေ​လို အဖမ်းခံရတယ်။ (ယေဇ. ၂၄:၁-၁၀) ၁၈ လ ကြာ ဝိုင်းရံ​ခံရပြီး​တဲ့​နောက် ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံ​လိုက်ရတယ်။

“ကောင်းကင်​ဘဏ္ဍာ​ကိုပဲ စုဆောင်း​ကြပါ”

၁၆။ အချိန်​တိကျတဲ့​အရှင် ယေဟောဝါကို ယုံကြည်​ကြောင်း ဒီနေ့ ဘယ်လို ပြ​ကြ​မလဲ။

၁၆ ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ဒီ​အပိုင်း​ကနေ ဘာသင်ယူနိုင်သလဲ။ အမှုဆောင်​လုပ်ငန်းရဲ့ သတင်းတရား၊ လူတွေရဲ့ တုံ့ပြန်ပုံ​တို့နဲ့ ဆက်စပ်မှု ရှိသလား။ မှားယွင်းတဲ့ ဘာသာရေး​ကို ဘယ်​အချိန် ဖျက်ဆီး​မလဲ​ဆိုတာ ယေဟောဝါ ဆုံးဖြတ်ထား​ပြီးပြီ။ ဒီ​တစ်ကြိမ်​လည်း ယေဟောဝါဟာ အချိန်​တိကျတဲ့​အရှင် ဖြစ်ကြောင်း သက်သေထူ​ဦး​မှာ ဖြစ်တယ်။ (၂ ပေ. ၃:၉၊ ၁၀။ ဗျာ. ၇:၁-၃) အဲဒီ​နေ့ရက်​အတိအကျ​ကို ကျွန်တော်တို့ မသိကြဘူး။ ဒါပေမဲ့ ယေဇကျေလ​လို​ပဲ “အခု မင်းရဲ့ အဆုံး ရောက်လာပြီ” လို့ ကြေညာခြင်း​အားဖြင့် လူတွေကို ထပ်ခါထပ်ခါ သတိ​ပေးပါ​ဆိုတဲ့ ယေဟောဝါ​အမိန့်​ကို ကျွန်တော်တို့ ဆက်​ထမ်းဆောင်​နေ​ကြတယ်။ ဘာကြောင့် ထပ်ခါထပ်ခါ ကြေညာ​ဖို့ လိုအပ်​သလဲ။ ယေဇကျေလ ဆက်​ကြေညာ​ဖို့ လိုအပ်​ရတဲ့ အကြောင်းရင်း​နဲ့ အတူတူ​ပါပဲ။ * ဂျေရုဆလင် ကျဆုံး​မယ့်​အကြောင်း ဘုရားဆီက ပရောဖက်ပြုချက်ကို လူအများစု မယုံကြည်​ခဲ့​ကြဘူး။ (ယေဇ. ၁၂:၂၇၊ ၂၈) နောက်ပိုင်းမှာ​တော့ ပြည်နှင်ခံ​ဂျူး​တချို့ သဘောထား​မှန် တင်ပြ​ပြီး ဗာဗုလုန်​ကနေ နေရင်းပြည်​ကို ပြန်လာ​ခဲ့​ကြတယ်။ (ဟေရှာ. ၄၉:၈) ဒီနေ့လည်း လူတော်တော်​များများ​က ဒီ​လောက အဆုံးတိုင်​မယ်​ဆိုတဲ့ အချက်ကို ဂရုမစိုက်​ကြဘူး။ (၂ ပေ. ၃:၃၊ ၄) ဒီလို​ဆိုရင်တောင် ဘုရားရဲ့ သတင်းစကားကို လူတွေ လက်ခံဖို့ အချိန်​ကျန်​နေ​သေး​သရွေ့ စိတ်​ရိုး​ဖြောင့်​သူတွေ အသက်​လမ်း​ကို ရှာတွေ့နိုင်​အောင် ကျွန်တော်တို့ ကူညီပေး​ချင်ကြတယ်။—မ. ၇:၁၃၊ ၁၄။ ၂ ကော. ၆:၂

အများစုက နားမထောင်ပေမဲ့ စိတ်ရိုးဖြောင့်သူတွေကို ကျွန်တော်တို့ ဆက်ရှာဖွေနေကြ (စာပိုဒ် ၁၆ ကို ကြည့်ပါ)

ရှေးဂျေရုဆလင်မြို့သားတွေက ဘာကြောင့် “ငွေကို လမ်းပေါ် လွှင့်ပစ်” ခဲ့ကြသလဲ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၇။ လာမယ့် ကြီးစွာသောဒုက္ခ​အတွင်း ဘယ်​အခြေအနေ၊ ဖြစ်ရပ်တွေကို ကျွန်တော်တို့ မြင်တွေ့ကြ​ရမလဲ။

၁၇ ဘာသာရေး အဖွဲ့အစည်း​တွေ စ​တိုက်ခိုက်​ခံရတဲ့​အခါ ဘုရားကျောင်း​အသင်းသားတွေ​က ဘာသာရေး​ကို ကာကွယ်ဖို့ “စစ်တိုက်​ထွက်” ကြ​မှာ မဟုတ်​ကြောင်း ယေဇကျေလ ပရောဖက်ပြုချက်​ကနေ သိရတယ်။ “သခင်၊ သခင်” ဆိုပြီး အကူအညီ တောင်းတဲ့​အခါ ဖြေကြား​မခံရ​မှန်း သဘောပေါက်​ပြီး “သူတို့​လက်တွေ ပျော့ခွေ​သွား​လိမ့်မယ်။” သူတို့ “တ​ဆတ်​ဆတ် တုန်​နေလိမ့်မယ်။” (ယေဇ. ၇:၃၊ ၁၄၊ ၁၇၊ ၁၈။ မ. ၇:၂၁-၂၃။) နောက်ထပ် ဘာတွေ လုပ်ကြ​ဦး​မလဲ။ (ယေဇကျေလ ၇:၁၉-၂၁ ကိုဖတ်ပါ။) “သူတို့က ငွေကို လမ်းပေါ် လွှင့်ပစ်​လိမ့်မယ်” လို့ ယေဟောဝါ မိန့်ဆိုတယ်။ ရှေး​ဂျေရုဆလင်​မြို့သား​တွေ​နဲ့​ပတ်သက်တဲ့ ဒီ​စကားက ကြီးစွာသောဒုက္ခ​အတွင်း ဖြစ်ပျက်​မယ့်​အရာတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြတယ်။ ရောက်လာမယ့် ဘေးဆိုးကြီး​ကနေ ပိုက်ဆံ​က ကယ်တင်​မပေးနိုင်​ကြောင်း အဲဒီအချိန်မှာ လူတွေ သဘောပေါက်​လာမယ်။

၁၈။ ဦးစားထားရာ​တွေ ချမှတ်ခြင်း​နဲ့​ပတ်သက်ပြီး ယေဇကျေလ ပရောဖက်ပြုချက်​ကနေ ဘာသင်ခန်းစာ ယူ​နိုင်သလဲ။

၁၈ ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ဒီ​အပိုင်း​ကနေ ရတဲ့ သင်ခန်းစာ​ကို သတိပြုမိ​ပါသလား။ ဦးစားထားရာ​တွေ မှန်မှန်ကန်ကန် ချမှတ်​ရမယ်ဆိုတဲ့​အချက်ပါ။ သုံးသပ်​ကြည့်ပါ– ဂျေရုဆလင်​မြို့သား​တွေ​က မြို့​နဲ့ သူတို့ရဲ့ အဆုံး​ရောက်​ပြီ ဖြစ်ကြောင်း၊ ရုပ်ပစ္စည်း​တွေ​က ကယ်တင်​မပေးနိုင်​ကြောင်း နားလည်ပြီး​နောက်​မှ ဦးစား​ထားရာတွေကို စိုးရိမ်​တကြီး​နဲ့ ပြောင်း​လိုက်ကြတယ်။ ပိုင်ဆိုင်ရာ​တွေကို လွှင့်ပစ်​ပြီး “ပရောဖက်​ကို စိတ်အာရုံ​အကြောင်း မေးမြန်း​ကြ” တယ်။ ဒါပေမဲ့ သိပ်​နောက်ကျ​သွားပြီ။ (ယေဇ. ၇:၂၆) သူတို့နဲ့​မတူဘဲ ကျွန်တော်တို့​ကတော့ ဆိုးညစ်​တဲ့​လောက အဆုံးတိုင်​တော့​မယ်​ဆိုတာ အပြည့်အဝ သတိပြု​နေ​ကြတယ်။ ဘုရား​ကတိတော်​တွေကို ယုံကြည်တဲ့​အတွက် ဘဝမှာ မှန်ကန်တဲ့ ဦးစား​ထားရာတွေကို ချမှတ်​ခဲ့​ကြ​ပြီ။ တည်မြဲ​တဲ့၊ ဘယ်တော့မှ “လမ်းပေါ်” လွှင့်ပစ်​ရမှာ မဟုတ်တဲ့ ဘုရားရေးရာ​ဘဏ္ဍာတွေ​ကို စုဆောင်း​နေ​ကြတယ်။မဿဲ ၆:၁၉-၂၁၊ ၂၄ ကိုဖတ်ပါ။

၁၉။ ယေဇကျေလ ပရောဖက်ပြုချက်​တွေ​က ကျွန်တော်တို့​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နေသလဲ။

၁၉ ဂျေရုဆလင်​မြို့ ကျဆုံးခြင်း​အကြောင်း ယေဇကျေလရဲ့ ပရောဖက်ပြုချက်​တွေ​က ကျွန်တော်တို့​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နေသလဲ။ တခြား​သူတွေကို ဘုရား​ကျေးကျွန်တွေ ဖြစ်လာအောင် ကူညီ​ပေးဖို့ အချိန်​အကန့်အသတ်​ပဲ ရှိတယ်ဆိုတာ အမှတ်ရ​စေတယ်။ ဒါကြောင့် တပည့်ဖြစ်စေခြင်း​လုပ်ငန်းကို အရေးတကြီး လုပ်ဆောင်​နေ​ကြတယ်။ အဖ​ယေဟောဝါကို စိတ်​ရိုး​ဖြောင့်​သူတွေ ဝတ်ပြု​ကိုးကွယ်​လာတဲ့အခါ ကျွန်တော်တို့ အကြီးအကျယ် ဝမ်းမြောက်​ကြတယ်။ ဒါပေမဲ့ “အခု မင်းရဲ့ အဆုံး ရောက်လာပြီ” ဆိုပြီး တစ်ခေတ်တည်းသား​တွေကို ယေဇကျေလ သတိပေး​ခဲ့​သလိုပဲ တုံ့ပြန်မှု​မရှိသူတွေ​ကို ကျွန်တော်တို့ ဆက်​သတိ​ပေးနေ​ကြတယ်။ (ယေဇ. ၃:၁၉၊ ၂၁။ ၇:၃) တစ်ချိန်တည်းမှာ ယေဟောဝါကို ယုံကြည်​ကိုးစား​နေဖို့၊ အသက်တာမှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ပထမ​နဲ့ အဓိက​နေရာမှာ ထားဖို့ စိတ်ပိုင်းဖြတ်​ထား​ကြပါတယ်။—ဆာ. ၅၂:၇၊ ၈။ ပညာ. ၁၁:၂၈။ မ. ၆:၃၃

^ အပိုဒ်၊ 3 သရုပ်ဖော်​ချက်​အားလုံးကို ကြည့်ရှုသူ​တွေ​ရှေ့ မှာ ယေဇကျေလ လုပ်ဆောင်ခဲ့တယ်​လို့ ကောက်ချက်​ချတာ သင့်လျော်​ပါတယ်။ ဘာကြောင့်လဲ။ မုန့်​လုပ်တာ၊ အထုပ်အပိုး သယ်​ထုတ်​လာတာ​စတဲ့ သရုပ်ဖော်​ချက်​တချို့ကို “သူတို့ရှေ့​မှာ​ပဲ” လုပ်ဆောင်​ရမယ်ဆိုပြီး ယေဇကျေလ​ကို ယေဟောဝါ တိတိကျကျ မိန့်မှာ​ခဲ့လို့​ပါပဲ။—ယေဇ. ၄:၁၂။ ၁၂:၇

^ အပိုဒ်၊ 13 ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရဖို့ ခွင့်ပြု​လိုက်​ခြင်း​အားဖြင့် ယုဒ​နှစ်နွယ်​နိုင်ငံနဲ့ အစ္စရေး​ဆယ်​နွယ်​နိုင်ငံ​ကို ယေဟောဝါ တရား​စီရင်​ခဲ့တယ်။​ (ယေ. ၁၁:၁၇။ ယေဇ. ၉:၉၊ ၁၀) သမ္မာကျမ်း​စာ​အပေါ် ထိုးထွင်း​အမြင် အတွဲ ၁၊ စာ. ၄၆​၂၊ “သက္ကရာဇ်​စဉ်—ဘီစီ ၉၉​၇ မှ ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရ​ခြင်း​အထိ” ကို ကြည့်ပါ။

^ အပိုဒ်၊ 16 ယေဇကျေလ ၇:၅-၇ မှာ ယေဟောဝါ​က “လာ၊” “ရောက်လာ” ဆိုတဲ့ စကားလုံးတွေကို ခြောက်ကြိမ် ဖော်ပြခဲ့​ကြောင်း သတိပြုပါ။