မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇

“ငါဟာ ယေဟောဝါပဲဆိုတာ” လူမျိုးခြားတွေ “သိရကြလိမ့်မယ်”

“ငါဟာ ယေဟောဝါပဲဆိုတာ” လူမျိုးခြားတွေ “သိရကြလိမ့်မယ်”

ယေဇကျေလ ၂၅:၁၇

အာရုံစိုက်​ရာ။ ယေဟောဝါရဲ့ နာမတော်ကို ရှုတ်ချခဲ့​တဲ့ လူမျိုးခြားတွေ​နဲ့ အစ္စရေး​လူမျိုး ဆက်ဆံပုံ​ကနေ သင်ယူ​နိုင်ရာ

၁၊ ၂။ (က) အစ္စရေး​လူမျိုးဟာ ဘယ်လိုနည်းနဲ့ ဝံပုလွေ​အုပ်​ထဲ ရောက်နေတဲ့ အဖော်​မဲ့ သိုး​ငယ်​လေး​လို ဖြစ်ခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။) (ခ) အစ္စရေးလူမျိုးနဲ့ ဘုရင်တွေ ဘာလုပ်ခဲ့ကြသလဲ၊၊

နှစ်ပေါင်း​ရာ​ချီ​အတွင်း အစ္စရေး​လူမျိုးဟာ ဝံပုလွေ​အုပ်​ထဲ ရောက်နေတဲ့ အဖော်​မဲ့ သိုးငယ်လေး​လို​ပဲ။ အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုး​တွေ​က အရှေ့ဘက်​နယ်စပ်​မှာ အစ္စရေးတွေကို ခြိမ်းခြောက်​ထား​ကြတယ်။ အစ္စရေး​လူမျိုးရဲ့ ထာဝရ​ရန်သူ ဖိလိတိ​တွေ​က အနောက်ဘက်​မှာ ခြေကုပ်​ယူ​ထားတယ်။ ကုန်သွယ်ရေး အင်ပါယာ​ကြီးရဲ့ အချက်အချာ​မြို့၊ ချမ်းသာ​ကြွယ်ဝ​ပြီး အင်အားကြီး​တဲ့ တိုင်​ရာ​မြို့​က မြောက်ဘက်​မှာ။ တောင်ဘက်​မှာ​တော့ ရှေး​အီဂျစ်လူ​မျိုး​တွေ ဖြန့်ကြက်​နေထိုင်ပြီး ဖာရော​က ဘုရား​တစ်ပါး​လို အုပ်ချုပ်​နေ​တယ်။

ယေဟောဝါအပေါ် အစ္စရေး​တွေ မှီခို​အားထား​တုန်း​က သူတို့ကို ရန်သူတွေ​လက်​ကနေ ဘုရား ကာကွယ်ပေး​တယ်။ ဒါပေမဲ့ အစ္စရေးလူမျိုးနဲ့ ဘုရင်တွေ​က ပတ်ဝန်းကျင်မှာ​ရှိတဲ့ လူမျိုးခြားတွေ​ကြောင့် သူတို့ကိုယ်သူတို့ ထပ်ခါထပ်ခါ ညစ်ညူး​စေခဲ့​ကြတယ်။ သစ္စာမဲ့​ဘုရင်ဆိုး အာဟပ်ဟာ နမူနာ​တစ်ခုပါ။ ယုဒဘုရင် ယောရှဖတ်​နဲ့ တစ်ခေတ်တည်းသား အာဟပ်​က အစ္စရေး​ဆယ်နွယ်​နိုင်ငံ​ကို အုပ်စိုး​တယ်။ ဥစ္စာ​ဓန ကြွယ်ဝတဲ့ တိုင်ရာ​မြို့ကို ထိန်းချုပ်​ထားတဲ့ ဆိုင်ဒုန်​ဘုရင်ရဲ့ သမီးတော်​တစ်ပါး​နဲ့ ထိမ်းမြား​ထားတယ်။ အဲဒီ​အမျိုးသမီး ယေဇဗေလ​က အစ္စရေး​ပြည်မှာ ဗာလ​ဝတ်ပြုမှု ထွန်းကား​အောင် တစ်ယူ​သန်သန် လုပ်ဆောင်တယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို တစ်ခါ​နဲ့​မှ မတူ​အောင် ယိုယွင်း​စေဖို့ ခင်ပွန်းသည်​အပေါ် ဩဇာ​လွှမ်းမိုး​ခဲ့​တယ်။—၁ ဘု. ၁၆:၃၀-၃၃။ ၁၈:၄၊ ၁၉

၃၊ ၄။ (က) ဘယ်သူတွေ​ဆီ ယေဇကျေလ အာရုံလှည့်​သွား​သလဲ၊၊ (ခ) ဘယ်​မေးခွန်းတွေ သုံးသပ်ကြ​မလဲ။

မနာခံခြင်း​ရဲ့ အကျိုးဆက်​တွေ​အကြောင်း မိမိ​လူမျိုးကို ယေဟောဝါ သတိပေး​ခဲ့​ပြီးပြီ။ အခု ဘုရားရဲ့ သည်းခံ​နိုင်စွမ်း ကုန်​သွားပြီ။ (ယေ. ၂၁:၇၊ ၁၀။ ယေဇ. ၅:၇-၉) ဘီစီ ၆၀၉ မှာ ဗာဗုလုန်​စစ်တပ်​က ကတိထားရာပြည်​ကို တတိယ​အကြိမ် ပြန်လာတယ်။ နောက်ဆုံး​အကြိမ် ကျူးကျော်​ချိန်​ကနေ ၁၀ နှစ်​နီးပါး ကြာ​သွားပြီ။ ဒီ​တစ်ကြိမ်​တော့ ဂျေရုဆလင်​မြို့ရိုး​တွေကို ဖြိုဖျက်​ပြီး နေဗုခဒ်နေဇာ​အပေါ် ပုန်ကန်သူ​တွေကို ချေမှုန်း​ပစ်​မှာ ဖြစ်တယ်။ ဝိုင်းရံမှု စတင်​ပြီး ယေဇကျေလ ပရောဖက်ပြုချက်​တွေ အသေးစိတ် ပြည့်စုံ​လာတဲ့အခါ ပရောဖက်​က ကတိထားရာပြည်​ဝန်းကျင်​မှာ​ရှိတဲ့ လူမျိုးခြားတွေ​ဆီ အာရုံလှည့်​သွားတယ်။

ယေဟောဝါရဲ့ နာမတော်ကို ရှုတ်ချ​တဲ့ လူ​မျိုး​တွေဟာ မိမိတို့​လုပ်ရပ်​ရဲ့ အကျိုးဆက်ကနေ ပြေးမလွတ်ကြ

ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရလို့ ယုဒ​လူမျိုးရဲ့ ရန်သူတွေ ဝမ်းမြောက်​ကြ​မယ့်​အကြောင်း၊ အသက်ရှင်​လွတ်မြောက်​သူတွေကို အကြိမ်ကြိမ် နှောင့်ယှက်​မယ့်​အကြောင်း ယေဇကျေလ​ကို ယေဟောဝါ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ နာမတော်ကို ရှုတ်ချတဲ့၊ ဘုရားလူမျိုးကို ညှဉ်းပန်း​နှိပ်စက်​တဲ့ လူမျိုးခြား​တွေဟာ မိမိတို့​လုပ်ရပ်​ရဲ့ အကျိုးဆက်တွေ​ကနေ ရှောင်လွှဲ​လို့ မရ​ပါဘူး။ လူမျိုးခြားတွေ​နဲ့ အစ္စရေး​လူမျိုး ဆက်ဆံပုံ​ကနေ လက်တွေ့ကျ ဘယ်​သင်ခန်းစာ​တွေ သင်ယူ​နိုင်သလဲ။ လူမျိုးခြားတွေ​အကြောင်း ယေဇကျေလ ပရောဖက်ပြုချက်​တွေ​က ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ မျှော်လင့်ချက် ရှိစေသလဲ။

“လှောင်ပြောင်” ခဲ့​ကြ​တဲ့ အစ္စရေး​လူမျိုးရဲ့ ဆွေမျိုးများ

၅၊ ၆။ အမ္မုန်​လူမျိုးနဲ့ အစ္စရေး​လူမျိုး ဘယ်လို တော်စပ်​သလဲ။

အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုး​တွေဟာ တကယ်တော့ အစ္စရေးလူမျိုးနဲ့ ဆွေမျိုး​တော်တယ်။ မိသားစု​နှောင်ကြိုး၊ တူညီတဲ့ သမိုင်း​တွေ ရှိခဲ့​ပါ​လျက်​နဲ့ ဒီ​လူမျိုး​တွေ​က ဘုရား​လူမျိုးအပေါ် အချိန်​အကြာကြီး ရန်​ဖွဲ့ပြီး “လှောင်ပြောင်” ခဲ့​ကြတယ်။—ယေဇ. ၂၅:၆

အမ္မုန်​လူမျိုး​အကြောင်း သုံးသပ်​ကြည့်ပါ။ အာ​ဗြ​ဟံ့​တူ လောတ​နဲ့ သမီး​ငယ်​ကနေ ဆင်းသက်လာ​သူတွေ ဖြစ်တယ်။ (က. ၁၉:၃၈) သူတို့ရဲ့ ဘာသာ​စကားဟာ ဘုရား​လူမျိုး နားလည်​နိုင်​လောက်​တဲ့​အထိ ဟီဘရူး​စကားနဲ့ အတော်​နီးစပ်​တယ်။ မိသားစု​နှောင်ကြိုး​ကြောင့် အမ္မုန်​လူမျိုးကို အစပြု မတိုက်ခိုက်​ဖို့ အစ္စရေး​လူမျိုးကို ယေဟောဝါ မိန့်မှာခဲ့တယ်။ (တရား. ၂:၁၉) ဒါပေမဲ့ တရားသူကြီးတွေ​ခေတ်မှာ အမ္မုန်​လူမျိုး​က မောဘ​ဘုရင် ဧ​ဂ​လုန်​နဲ့ ပေါင်း​ပြီး အစ္စရေးတွေကို ဖိနှိပ်​ခဲ့​တယ်။ (သူကြီး. ၃:၁၂-၁၅၊ ၂၇-၃၀) နောက်ပိုင်း ရှောလု ဘုရင်ဖြစ်လာ​တဲ့အခါ အမ္မုန်​လူမျိုး​က အစ္စရေးတွေကို တိုက်ခိုက်​ခဲ့​တယ်။ (၁ ရှ. ၁၁:၁-၄) ဘုရင် ယောရှဖတ်​ခေတ်မှာလည်း ကတိထားရာပြည်​ကို ကျူးကျော်​ဖို့ မောဘတွေ​ကို စစ်ကူ​ပြန်တယ်။—၂ ရာ. ၂၀:၁၊ ၂

၇။ မောဘ​လူမျိုး​က ဝမ်းကွဲ​တော်စပ်တဲ့ အစ္စရေး​လူမျိုးကို ဘယ်လို ဆက်ဆံ​ခဲ့သလဲ။

မောဘ​လူမျိုးဟာ​လည်း လောတ​နဲ့ သမီး​အကြီး​ကနေ ဆင်းသက်လာ​သူတွေ ဖြစ်တယ်။ (က. ၁၉:၃၆၊ ၃၇) မောဘ​ပြည်သားတွေကို စစ်​မ​တိုက်​ဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ (တရား. ၂:၉) ဒါပေမဲ့ မောဘတွေ​ကတော့ ဒီလို​မဟုတ်​ခဲ့​ဘူး။ အီဂျစ်​ကျွန်ဘဝက​နေ လွတ်မြောက်​လာတဲ့ ဝမ်းကွဲ​တော်စပ်​သူတွေကို ကူညီ​ပေးမယ့်​အစား ကတိထားရာပြည်​ကို မဝင်နိုင်​အောင် တားဆီး​ကြတယ်။ မောဘ​ဘုရင် ဗာလက်​က အစ္စရေး​လူမျိုးကို ကျိန်စာတိုက်​ဖို့ ဗာလမ်​ကို ငှား​ခဲ့​တယ်။ ဗာလမ်​က အစ္စရေး​အမျိုးသား​တွေ လိင်​အကျင့်​ယိုယွင်းမှု​နဲ့ ရုပ်တု​ကိုးကွယ်မှု အပြစ်​ကျူးလွန်​စေဖို့ ဘယ်လို သွေးဆောင်​ရမယ်ဆိုတာ ဗာလက်​ကို သင်ပေးခဲ့တယ်။ (တော. ၂၂:၁-၈။ ၂၅:၁-၉။ ဗျာ. ၂:၁၄) မောဘတွေ​က ဆွေမျိုး​တော်စပ်​သူတွေကို ယေဇကျေလ​ခေတ် ရောက်တဲ့​အထိ ရာစုနှစ်ချီ ဖိနှိပ်​ခဲ့​တယ်။—၂ ဘု. ၂၄:၁၊ ၂

၈။ ဧဒုံ​ကို အစ္စရေး​ရဲ့ ညီအစ်ကို​ဆိုပြီး ယေဟောဝါ ဘာကြောင့် ခေါ်​ခဲ့သလဲ။ ဒါပေမဲ့ ဧဒုံလူမျိုး ဘယ်လို ပြုမူ​ခဲ့သလဲ။

ဧဒုံလူမျိုး​က ယာကုပ်ရဲ့ အမြွှာ ဧ​သောက​နေ ဆင်းသက်လာ​တာ။ ဧဒုံ​နဲ့ အစ္စရေး​တို့ရဲ့ တော်စပ်​မှု​ဟာ နီးစပ်​လွန်း​လို့ သူတို့ကို ညီအစ်ကို​တွေ​ဆိုပြီး ယေဟောဝါ ခေါ်ခဲ့တယ်။ (တရား. ၂:၁-၅။ ၂၃:၇၊ ၈) ဒါတောင်မှ အီဂျစ်​ပြည်​ကနေ ထွက်လာ​ချိန်​က​စပြီး ဘီစီ ၆၀၇၊ ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရ​ချိန်​အထိ ဧဒုံလူမျိုး​က အစ္စရေးတွေကို ဖိနှိပ်​ခဲ့​တယ်။ (တော. ၂၀:၁၄၊ ၁၈။ ယေဇ. ၂၅:၁၂) ဧဒုံလူမျိုး​က အစ္စရေး​တွေ ဒုက္ခရောက်​တာ​ကို ဝမ်းသာ​ရုံ​မ​က ဂျေရုဆလင်​မြို့ကို လူဆိတ်ညံ​ရာ ဖြစ်စေဖို့ ဗာဗုလုန်တွေ​ကို တိုက်တွန်းခဲ့တယ်။ ထွက်ပြေး​လွတ်မြောက်​လာတဲ့ အစ္စရေးတွေကို ပိတ်ဆို့​ပြီး ရန်​သူ့​လက်ထဲ အပ်​ခဲ့​ကြတယ်။—ဆာ. ၁၃၇:၇။ ဩ. ၁၁၊ ၁၄

၉၊ ၁၀။ (က) အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုး ဘာ​ဖြစ်သွား​သလဲ။ (ခ) ဒီ​လူမျိုး​ဝင်​အားလုံးဟာ အစ္စရေးလူမျိုးနဲ့ ရန်ဘက် မဟုတ်​ကြောင်း ဘယ်​ဥပမာ​တွေ​က ဖော်ပြသလဲ။

မိမိ​လူမျိုးအပေါ် ဆွေမျိုး​တော်စပ်​သူတွေ ဆက်ဆံပုံ​အတွက် ယေဟောဝါ ဖြေရှင်းချက် တောင်းတယ်။ “အမ္မုန်​လူမျိုးတွေကို​လည်း အရှေ့​ပြည်သား​တွေ​လက်ထဲ အပ်​မယ်။ ဒါကြောင့် အမ္မုန်​လူမျိုးကို တခြား​လူမျိုး​တွေ သတိရ​ကြ​တော့​မှာ မဟုတ်ဘူး” ဆိုပြီး မိန့်ဆိုခဲ့တယ်။ “မောဘ​ပြည်​ကို ငါ​တရား​စီရင်​မယ်။ ငါဟာ ယေဟောဝါ​ဖြစ်မှန်း သူတို့ သိရကြလိမ့်မယ်” လို့​လည်း မိန့်ဆိုခဲ့တယ်။ (ယေဇ. ၂၅:၁၀၊ ၁၁) ဂျေရုဆလင်​မြို့ ကျဆုံး​ပြီး ငါးနှစ်လောက်​အကြာမှာ အမ္မုန်​နဲ့ မောဘ​ကို ဗာဗုလုန်တွေ သိမ်းပိုက်​လိုက်တဲ့အခါ ဒီ​ပရောဖက်ပြုချက်​တွေ စ​ပြည့်စုံ​လာတယ်။ ဧဒုံ​နဲ့​ပတ်သက်ပြီး “ပြည်​ထဲ​က လူ​သူ​တိရစ္ဆာန်တွေကို ပယ်ရှင်း​ပြီး လူ​သူ​ကင်းမဲ့​စေမယ်” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ယေဇ. ၂၅:၁၃) ကြို​ဟောထားတဲ့​အတိုင်း အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုး​တွေ ပျောက်ကွယ်​သွားတယ်။—ယေ. ၉:၂၅၊ ၂၆။ ၄၈:၄၂။ ၄၉:၁၇၊ ၁၈

၁၀ ဒါပေမဲ့ ဒီ​လူမျိုး​ဝင်​အားလုံးဟာ ဘုရား​လူမျိုးနဲ့ ရန်ဘက် မဟုတ်​ခဲ့​ကြပါဘူး။ ဥပမာ၊ ဘုရင်​ဒါဝိဒ်​တပ်​က သူရဲကောင်း​တွေ​ထဲမှာ အမ္မုန်​အမျိုးသား ဇေ​လက်၊ မောဘ​အမျိုးသား အိ​သ​မတို့ ပါတယ်။ (၁ ရာ. ၁၁:၂၆၊ ၃၉၊ ၄၆။ ၁၂:၁) မောဘ​အမျိုးသမီး ရုသ​ဟာ ယေဟောဝါကို သစ္စာရှိ​ရှိ ကိုးကွယ်သူ ဖြစ်လာတယ်။—ရု. ၁:၄၊ ၁၆၊ ၁၇

အလျော့ပေးလိုက်လျော​မှု “ချောက်ကမ်းပါး” ထဲ ဘယ်တော့မှ ခြေမ​လှမ်း​မိပါစေ​နဲ့

၁၁။ အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုး​တွေ​နဲ့ အစ္စရေး​လူမျိုး ဆက်ဆံပုံ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၁ ဒီ​လူမျိုးခြားတွေ​နဲ့ အစ္စရေး​လူမျိုး ဆက်ဆံပုံ​ကနေ ဘာသင်ခန်းစာ​တွေ သင်ယူ​နိုင်သလဲ။ ဦးဆုံး၊ အစ္စရေး​လူမျိုး သတိ​မဲ့သွားတဲ့​အခါ မောဘ​ဘုရား ပေ​ဂု​လ၊ အမ္မုန်​ဘုရား မောလုတ်​စတဲ့ နတ်ဘုရား ကိုးကွယ်ခြင်း​တွေ​လို ဆွေမျိုး​တွေရဲ့ မှားယွင်းတဲ့ ဘာသာရေး​ဓလေ့​ထုံးတမ်း​တွေ မသိမသာ စိမ့်ဝင်​လာတယ်။ (တော. ၂၅:၁-၃။ ၁ ဘု. ၁၁:၇) အလားတူ အခြေအနေ​မျိုး ကျွန်တော်တို့​မှာလည်း ဖြစ်နိုင်တယ်။ အလျှော့ပေး​လိုက်လျော​ဖို့ မယုံကြည်သူ​ဆွေမျိုးတွေ ဖိအားပေး​တာ ကြုံရ​နိုင်တယ်။ ဥပမာ၊ ကျွန်တော်တို့ အီစတာပွဲ မ​ကျင်းပတဲ့ အကြောင်းရင်း၊ ခရစ်​စ​မတ်​မှာ လက်ဆောင် ဖလှယ်​တာ​တွေ မ​လုပ်တဲ့ အကြောင်းရင်း၊ မှားယွင်းတဲ့ ဘာသာရေး​ယုံကြည်ချက်တွေနဲ့ ဆက်စပ်​နေတဲ့​ ရေပန်းစားတဲ့​ ထုံးတမ်း​ဓလေ့​တွေ​မှာ မပါဝင်​တဲ့ အကြောင်းရင်း​တွေကို သူတို့ နားမလည်​ကြဘူး။ မကောင်းတဲ့ ရည်ရွယ်ချက်​နဲ့ မဟုတ်​ရင်တောင် ကျွန်တော်တို့ရဲ့ စံနှုန်းတွေကို လျှော့ချဖို့ ကြိုးစား​ကြ​လိမ့်မယ်။ ဒီလို​ဖိအားတွေကို ဘယ်တော့မှ အလျှော့မပေး​မိဖို့ အရေးကြီးတယ်။ အလျှော့ပေး​လိုက်လျောမှု “ချောက်ကမ်းပါး” ထဲ ခြေတစ်လှမ်း လှမ်း​မိရင်တောင် အန္တရာယ်​ရှိတယ်ဆိုတာ​ကို အစ္စရေး​လူမျိုး​အဖြစ်​က သင်ပေးတယ်။

၁၂၊ ၁၃။ ဘယ်​ဆန့်ကျင်မှုတွေ ကျွန်တော်တို့ ကြုံရ​နိုင်သလဲ။ ဒါပေမဲ့ ဆက်သစ္စာ​စောင့်သိ​ရင် ဘာတွေ ဖြစ်လာနိုင်သလဲ။

၁၂ အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုး​နဲ့ အစ္စရေး​လူမျိုး​အဖြစ်​ကနေ နောက်ထပ် သင်ခန်းစာ ယူနိုင်တယ်။ မယုံကြည်သူ မိသားစုဝင်တွေဆီက ပြင်းထန်တဲ့ ဆန့်ကျင်မှု ကျွန်တော်တို့ ကြုံရ​နိုင်တယ်။ ကျွန်တော်တို့ ဟောပြောတဲ့ သတင်းတရား​က တစ်ခါတလေမှာ “အဖေနဲ့ သား၊ အမေနဲ့ သမီး” ကို “စိတ်ဝမ်းကွဲ​ပြား​စေ” နိုင်တယ်​ဆိုပြီး ယေရှု သတိပေး​ထားတယ်။ (မ. ၁၀:၃၅၊ ၃၆) ဆွေမျိုးတွေကို အစပြု မတိုက်ခိုက်​ဖို့ အစ္စရေး​လူမျိုးကို​ ယေဟောဝါ ညွှန်ကြားခဲ့တယ်။ ကျွန်တော်တို့လည်း မယုံကြည်သူ မိသားစုဝင်​တွေ​နဲ့ ထိပ်တိုက်​တွေ့​တာ​မျိုး မ​လုပ်ကြပါ​ဘူး။ ဆန့်ကျင်မှု ကြုံ​လာ​ရင်​လည်း မ​အံ့ဩ​သင့်​ဘူး။—၂ တိ. ၃:၁၂

၁၃ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်တာကို ဆွေမျိုးတွေ တိုက်ရိုက်​မဆန့်ကျင်​ရင်တောင် ကျွန်တော်တို့​အပေါ် ယေဟောဝါ​ထက် သူတို့ ဩဇာ​လွှမ်းမိုး​မှာ​ကို ခွင့်မပြု​ရ​ဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့ စိတ်နှလုံးထဲမှာ ပထမ​နေရာကို ယေဟောဝါ​တစ်ပါးတည်းသာ ရထိုက်​လို့​ပါ။ (မဿဲ ၁၀:၃၇ ကိုဖတ်ပါ။) ဒါ့အပြင် ယေဟောဝါကို ကျွန်တော်တို့ ဆက်သစ္စာ​စောင့်သိ​ရင် ဆွေမျိုး​တချို့က ဇေ​လက်၊ အိ​သ​မ၊ ရုသ​တို့​လို ကျွန်တော်တို့နဲ့​အတူ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပူးပေါင်း​လာနိုင်တယ်။ (၁ တိ. ၄:၁၆) သူတို့လည်း တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းက​နေ ရွှင်လန်းမှု ခံစား​ရပြီး မေတ္တာတော်နဲ့ ကာကွယ်မှု ခံစား​ကြ​ရပါမယ်။

ယေဟောဝါရဲ့ ရန်သူတွေ “ဒေါသတကြီး ဒဏ်ခတ်” ခံရ

၁၄၊ ၁၅။ အစ္စရေး​လူမျိုးကို ဖိလိတိ​တွေ ဘယ်လို ဆက်ဆံ​ခဲ့သလဲ။

၁၄ နောက်ပိုင်းမှာ အာဗြဟံ​နဲ့ သားစဉ်မြေးဆက်​တွေ​အတွက် ယေဟောဝါ ကတိ​ထားတဲ့ ပြည်​ကို က​ရေ​တေ​ကျွန်းသား ဖိလိတိ​တွေ ပြောင်းရွှေ့​ဝင်ရောက်​လာကြတယ်။ အာဗြဟံ​နဲ့ အိဇက်​တို့​နှစ်ယောက်လုံး သူတို့နဲ့ အဆက်​အဆံ လုပ်ခဲ့ကြ​ရတယ်။ (က. ၂၁:၂၉-၃၂။ ၂၆:၁) ကတိထားရာပြည်​ကို အစ္စရေး​လူမျိုး ဝင်ရောက်​ချိန်မှာ ဖိလိတိ​တွေဟာ ကြောက်မက်ဖွယ် စစ်​အင်အား​နဲ့ လူမျိုး​ကြီး ဖြစ်နေပြီ။ ဗာလ​ဇေ​ဗုပ်၊ ဒါဂုန်​စတဲ့ အယူမှား​ဘုရားတွေ ကိုးကွယ်​ကြတယ်။ (၁ ရှ. ၅:၁-၄။ ၂ ဘု. ၁:၂၊ ၃) အစ္စရေး​တွေ​လည်း အဲဒီ​ဘုရားတွေကို ကိုးကွယ်​ခဲ့​ကြတယ်။—သူကြီး. ၁၀:၆

၁၅ အစ္စရေး​လူမျိုးရဲ့ သစ္စာမဲ့မှု​ကြောင့် ဖိလိတိ​တွေရဲ့ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံရဖို့ ယေဟောဝါ ခွင့်ပြု​လိုက်တယ်။ (သူကြီး. ၁၀:၇၊ ၈။ ယေဇ. ၂၅:၁၅) အစ္စရေးတွေကို ဖိနှိပ်ချုပ်ချယ်​ပြီး အများစုကို သတ်ဖြတ်​ခဲ့​ကြတယ်။ * (၁ ရှ. ၄:၁၀) ဒါပေမဲ့ အစ္စရေး​တွေ နောင်တ​ရပြီး ယေဟောဝါ​ဆီ ပြန်လာတဲ့​အခါ သူတို့ကို ဘုရား ကယ်​တင်ခဲ့တယ်။ မိမိ​လူမျိုးကို ကယ်တင်​ပေးဖို့ ရှံဆုန်၊ ရှောလု​၊ ဒါဝိဒ် စတဲ့ အမျိုးသား​တွေ ပေါ်ထွန်း​စေခဲ့တယ်။ (သူကြီး. ၁၃:၅၊ ၂၄။ ၁ ရှ. ၉:၁၅-၁၇။ ၁၈:၆၊ ၇) ဖိလိတိ​ပြည်​ကို ဗာဗုလုန်​နဲ့ နောက်ပိုင်းမှာ ဂရိ​တွေ ဝင်ရောက်​ကျူးကျော်​ခဲ့​တယ်။ ယေဇကျေလ ကြို​ပြောတဲ့​အတိုင်း သူတို့ “ဒေါသတကြီး ဒဏ်ခတ်” ခံခဲ့ရတယ်။—ယေဇ. ၂၅:၁၅-၁၇

၁၆၊ ၁၇။ ဖိလိတိ​တွေ​နဲ့ အစ္စရေး​လူမျိုး ဆက်ဆံပုံ​ကနေ ဘာသင်ခန်းစာ​တွေ ယူ​နိုင်သလဲ။

၁၆ ဖိလိတိ​တွေ​နဲ့ အစ္စရေး​လူမျိုး ဆက်ဆံပုံ​ကနေ ဘာသင်ခန်းစာ​တွေ ယူ​နိုင်သလဲ။ ယေဟောဝါရဲ့ မျက်မှောက်ခေတ် ကျေးကျွန်တွေဟာ အင်အားကြီး​နိုင်ငံ​တချို့ ဆန့်ကျင်တာ​ကို ခံရတယ်။ ဒါပေမဲ့ အစ္စရေးလူမျိုးနဲ့​မတူဘဲ ယေဟောဝါအပေါ် သစ္စာ​စောင့်သိ​ကြတယ်။ တစ်ခါတလေမှာ​တော့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ ရန်သူတွေ အနိုင်ရ​ပုံ​ပဲ။ ဥပမာ၊ ၂၀ ရာစု​အစပိုင်းမှာ ယေဟောဝါ​လူမျိုးရဲ့ လုပ်ငန်း ရပ်တန့်​သွား​စေဖို့ ရည်ရွယ်ချက်​နဲ့ အမေရိကန်​အစိုးရ​က အဖွဲ့အစည်း​မှာ ဆယ်စုနှစ်ချီ ဦးဆောင်ခဲ့​သူတွေကို ထောင်ချ​လိုက်တယ်။ ဒုတိယ​ကမ္ဘာစစ်​အတွင်းမှာ ဂျာမနီ နာ​ဇီ​ပါတီ​က ဘုရားလူမျိုးကို သုတ်သင်​ဖယ်ရှား​ဖို့ ထောင်နဲ့​ချီတဲ့​သူတွေကို အကျဉ်း​ချခဲ့တယ်၊ လူ​ရာ​ပေါင်း​များစွာကို သတ်ဖြတ်​ခဲ့​တယ်။ စစ်​ပြီးတဲ့နောက်မှာ ဆိုဗီယက်​ပြည်ထောင်စု​က ညီအစ်ကိုတွေကို အလုပ်ကြမ်း​စခန်း​တွေ​ဆီ ပို့​ခြင်း၊ ဝေးလံ​ခေါင်​သီ​တဲ့ နေရာ​တွေ​ဆီ နယ်​နှင်​ဒဏ်ပေး​ခြင်းအားဖြင့် ယေဟောဝါ​သက်သေတွေကို နှစ်​အတော်ကြာ ဆန့်ကျင်​ခဲ့​တယ်။

၁၇ အစိုးရ​တွေ​က ဟောပြောခြင်း​လုပ်ငန်းကို ပိတ်ပင်​တာ၊ ဘုရားလူမျိုးကို ထောင်ချ​တာ၊ သတ်ဖြတ်​တာ​တောင် လုပ်​နိုင်တယ်။ ဒီ​အခြေအနေတွေကြောင့် ကြောက်စိတ် ဝင်​တာ၊ ယုံကြည်ခြင်း ကင်းမဲ့​သွားတာမျိုး ဖြစ်​သင့်​သလား။ မဖြစ်​သင့်​ပါဘူး။ သစ္စာ​ရှိသူတွေကို ယေဟောဝါ ကာကွယ်​စောင့်ရှောက်ပါ​လိမ့်မယ်။ (မဿဲ ၁၀:၂၈-၃၁ ကိုဖတ်ပါ။) ယေဟောဝါရဲ့ လူမျိုး တိုးတက်​သည်ထက် တိုးတက်​နေချိန်မှာ ဖိနှိပ်ချုပ်ချယ်​တဲ့ အင်အားကြီး​အစိုးရ​တွေ ပျောက်ကွယ်​သွားတာ ကျွန်တော်တို့ တွေ့မြင်ခဲ့​ကြ​ပြီ။ မကြာခင် လူ့​အစိုးရ​အားလုံး ဖိလိတိ​တွေရဲ့ အဖြစ်မျိုး ကြုံ​ရတော့မယ်။ ယေဟောဝါကို မဖြစ်​မနေ သိလာ​ရကြမယ်။ ဖိလိတိ​တွေ​လို ပျောက်ကွယ်​သွား​ကြမယ်။

“များပြား​လှတဲ့ စည်းစိမ်​တွေ” က တည်မြဲ​တဲ့ အကာအကွယ် မပေးနိုင်

၁၈။ ဘယ်လို အင်ပါယာ​မျိုးကို တိုင်​ရာ​မြို့​က ထိန်းချုပ်​ထားသလဲ။

၁၈ ရှေးခေတ် စီးပွားရေး​အင်ပါယာ​ကြီးရဲ့ အချက်အချာ​နေရာမှာ တိုင်​ရာ​မြို့ကို တည်​ထားတယ်။ * အနောက်ဘက် မြေထဲပင်လယ်​တစ်လျှောက်​မှာ တိုင်​ရာ​သင်္ဘော​တွေရဲ့ ကုန်သွယ်ရေး​လမ်းကြောင်း​တွေ ရှိတယ်။ အရှေ့ဘက်မှာ​တော့ မ​နီး​မ​ဝေး​က အင်ပါယာ​တွေ​နဲ့ ထိ​စပ်​တဲ့​အထိ ကုန်း​တွင်း​ပိုင်း ကုန်သွယ်ရေး​လမ်းကြောင်း​တွေ ချဲ့ထွင်​ထားတယ်။ ဒီလို​ဝေးလံတဲ့ ဒေသ​တွေ​က​ရတဲ့ စည်းစိမ်​တွေကို ရာစုနှစ်ချီ သိုမှီး​ခဲ့​တယ်။ ကုန်သည်​တွေ၊ အရောင်းအဝယ်​သမား​တွေ ချမ်းသာ​ကြွယ်ဝ​လာ​ကြ​လို့ သူတို့ကိုယ်သူတို့ မင်းညီမင်းသား​တွေ​လို့​တောင် ရှုမြင်​လာကြတယ်။—ဟေရှာ. ၂၃:၈

၁၉၊ ၂၀။ တိုင်​ရာ​မြို့သား​တွေ​နဲ့ ဂိဗောင်​မြို့သား​တွေ ဘာ​ကွာခြား​သလဲ။

၁၉ ဘုရင် ဒါဝိဒ်​နဲ့ ရှောလမုန်​တို့​လက်အောက်မှာ အစ္စရေး​လူမျိုးဟာ တိုင်​ရာ​မြို့သား​တွေ​နဲ့ စီးပွားရေး​အရ ဆက်ဆံ​ခဲ့​ကြတယ်။ တိုင်​ရာ​မြို့သား​တွေ​က ဒါဝိဒ်​ရဲ့ နန်းတော်၊ ရှောလမုန်ရဲ့ ဗိမာန်တော် ဆောက်လုပ်ရေး​တွေ​မှာ ဝတ္ထု​ပစ္စည်း​နဲ့ လက်မှု​ပညာသည်​တွေ ကူညီ​ထောက်ပံ့​ခဲ့​ကြတယ်။ (၂ ရာ. ၂:၁၊ ၃၊ ၇-၁၆) အစ္စရေးတွေရဲ့ အခြေအနေ​ကောင်း​ချိန်​ကို တိုင်​ရာ​မြို့သား​တွေ တွေ့မြင်ခဲ့ကြတယ်။ (၁ ဘု. ၃:၁၀-၁၂။ ၁၀:၄-၉) စဉ်းစား​ကြည့်ပါ– စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အကြောင်း သင်ယူဖို့၊ ယေဟောဝါကို သိကျွမ်းဖို့၊ စစ်မှန်တဲ့ ဘုရားကို ဝတ်ပြု​ကိုးကွယ်ခြင်း​ရဲ့ အကျိုးကျေးဇူး​တွေ ကိုယ်တွေ့ခံစား​ရဖို့ တိုင်​ရာ​မြို့သား​ထောင်ချီ​မှာ အခွင့်အရေး ရှိတယ်။

၂၀ ဒီလို​အခွင့်အရေး ရှိပါ​လျက်​နဲ့ တိုင်​ရာ​မြို့သား​တွေ​က ရုပ်ပစ္စည်း​ကိုပဲ သဲ​သဲ​မဲ​မဲ လိုက်စား​ကြတယ်။ ယေဟောဝါရဲ့ ကြီးမြတ်တဲ့​အမှုတွေ​အကြောင်း ကြား​ရုံ​နဲ့ ဘုရား​ကျေးကျွန်တွေ ဖြစ်လာဖို့ လှုံ့ဆော်​ခံခဲ့ရတဲ့ အင်အားကြီး ခါနန်​လူမျိုး၊ ဂိဗောင်​မြို့သား​တွေကို သူတို့ အတု​မယူ​ကြဘူး။ (ယရ. ၉:၂၊ ၃၊ ၂၂–၁၀:၂) ဘုရားလူမျိုးကို ဆန့်ကျင်​ပြီး တချို့ကို ကျွန်​အဖြစ်​တောင် ရောင်းစား​ခဲ့​ကြတယ်။—ဆာ. ၈၃:၂၊ ၇။ ယောလ ၃:၄၊ ၆။ အာ. ၁:၉

ရုပ်ပစ္စည်း​တွေကို အကာအကွယ်​ပေးတဲ့ မြို့ရိုးအဖြစ် ဘယ်တော့မှ မရှုမြင်လိုကြ

၂၁၊ ၂၂။ တိုင်​ရာ​မြို့ ဘာ​ဖြစ်ခဲ့သလဲ။ ဘာကြောင့်လဲ။

၂၁ ဆန့်ကျင်သူတွေကို ယေဇကျေလ​က​တစ်ဆင့် ယေဟောဝါ ဒီလို​မိန့်ဆိုခဲ့တယ်– “တိုင်​ရာ​မြို့၊ မင်းကို ငါ​တိုက်ခိုက်​မယ်။ မင်းကို တိုက်ခိုက်​ဖို့ လူမျိုး​အများကြီး​ကို ပင်လယ်​လှိုင်းလုံး​တွေ​လို ငါ ခေါ်ဆောင်​လာမယ်။ သူတို့က တိုင်​ရာ​မြို့ရိုး​တွေကို ဖျက်ဆီး​ပြီး မျှော်စင်​တွေကို ဖြိုချ​လိမ့်မယ်။ ငါက မြေ​တွေကို ခြစ်ထုတ်​ပြီး ကျောက်​တ​လင်း​ပြင် ဖြစ်စေမယ်။” (ယေဇ. ၂၆:၁-၅) တိုင်​ရာ​မြို့သား​တွေ​က အကာအကွယ်​ရဖို့ စည်းစိမ်ဥစ္စာ​ကို ကိုးစား​ခဲ့​ကြတယ်။ တိုင်​ရာ​ကျွန်း​နိုင်ငံရဲ့ ပေ ၁၅၀ အမြင့်​ရှိတဲ့ မြို့ရိုး​တွေ​လို စည်းစိမ်ဥစ္စာ​က ကာကွယ်ပေး​နိုင်တယ်လို့ ထင်ခဲ့ကြတယ်။ “သူဌေး​အတွက် စည်းစိမ်​ဟာ ခံတပ်မြို့​ပဲ။ အကာအကွယ်​ပေးတဲ့ မြို့ရိုး​လို့ သူ ထင်​တတ်တယ်” ဆိုတဲ့ ရှောလမုန်ရဲ့ သတိပေး​ချက်ကို သူတို့ သတိပြု​ခဲ့​သင့်တယ်။—ပညာ. ၁၈:၁၁

၂၂ ဗာဗုလုန်​နဲ့ နောက်ပိုင်းမှာ ဂရိ​တွေ​အားဖြင့် ယေဇကျေလ ပရောဖက်ပြုချက် ပြည့်စုံချိန်​မှာ မြို့​ရဲ့ ကြွယ်ဝမှု၊ ပကတိ​မြို့ရိုး​တွေရဲ့ အကာအကွယ် ပေးနိုင်စွမ်း​တွေဟာ အချည်းနှီး​ပဲ​ဆိုတာ တိုင်​ရာ​မြို့သား​တွေ သဘောပေါက်​သွားတယ်။ ဗာဗုလုန်တွေ​က ဂျေရုဆလင်​မြို့ကို ဖျက်ဆီး​ပြီးတဲ့နောက် တိုင်​ရာ​မြို့ကို ၁၃ နှစ်​ကြာ တိုက်ခိုက်​ခဲ့​တယ်။ (ယေဇ. ၂၉:၁၇၊ ၁၈) ဘီစီ ၃၃​၂ မှာ မဟာ​အလက်ဇန္ဒား​က ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ထင်ရှား​တဲ့ အပိုင်းတစ်ပိုင်း​ကို ပြည့်စုံ​စေခဲ့တယ်။ * တိုင်​ရာ​မြို့​ရဲ့ ကုန်း​တွင်း​ပိုင်း အပျက်အစီး​တွေကို ခြစ်ထုတ်၊ ကျောက်တုံး၊ သစ်သား၊ မြေကြီး​တွေကို ရေ​ထဲ ပစ်ချပြီး ကျွန်း​မြို့ကို ရောက်​ဖို့ လမ်းဖောက်​တယ်။ (ယေဇ. ၂၆:၄၊ ၁၂) အလက်ဇန္ဒား​က မြို့ရိုး​တွေ ဖြိုဖျက်၊ မြို့ကို လုယက်​ဖျက်ဆီး၊ စစ်သားနဲ့ ပြည်သူပြည်သား​ထောင်ချီ​ကို သတ်ဖြတ်​ပြီး လူပေါင်း​သောင်း​ချီကို ကျွန်​အဖြစ် ရောင်းစား​ခဲ့​တယ်။ တိုင်​ရာ​မြို့သား​တွေဟာ “များပြား​လှတဲ့ စည်းစိမ်​တွေ” က တည်မြဲ​တဲ့ အကာအကွယ် မပေးနိုင်​မှန်း ခါးသီး​စွာ သင်ယူ​ခဲ့​ရတယ်၊ ယေဟောဝါကို မဖြစ်​မနေ သိလာ​ရ​ကြတော့တယ်။—ယေဇ. ၂၇: ၃၃၊၃၄

လုံခြုံမှု အပြည့်အဝ ရှိပုံပေါက်ပေမဲ့ ယေဇကျေလ ကြိုဟောတဲ့အတိုင်း တိုင်ရာမြို့ ဖျက်ဆီးခံခဲ့ရ (စာပိုဒ် ၂၂ ကို ကြည့်ပါ)

၂၃။ တိုင်​ရာ​မြို့သား​တွေ​ဆီက ဘာသင်ခန်းစာ ယူ​နိုင်သလဲ။

၂၃ တိုင်​ရာ​မြို့သား​တွေ​ဆီက ဘာသင်ခန်းစာ သင်ယူ​နိုင်သလဲ။ “စည်းစိမ်​ရဲ့ လှည့်စားမှု” ကြောင့် ရုပ်ပစ္စည်း​ကို အကာအကွယ်​ပေးတဲ့ မြို့ရိုး​အဖြစ် မကိုးစား​ချင်​ကြပါဘူး။ (မ. ၁၃:၂၂) “ဘုရားသခင်​အတွက်ရော စည်းစိမ်​အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး။” (မဿဲ ၆:၂၄ ကိုဖတ်ပါ။) ယေဟောဝါကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကိုးကွယ်သူ​တွေ​ပဲ လုံခြုံမှု အစစ်အမှန် ရ​ကြတယ်။ (မ. ၆:၃၁-၃၃။ ယော. ၁၀:၂၇-၂၉) တိုင်​ရာ​မြို့​နဲ့​ပတ်သက်တဲ့ ပရောဖက်ပြုချက်​တွေ သေချာပေါက် ပြည့်စုံခဲ့​သလို လက်ရှိ လောကစနစ်ရဲ့ အဆုံး​အကြောင်း ပရောဖက်ပြုချက်​တွေ​လ​ည်း အသေးစိတ်​က​အစ ပြည့်စုံ​လာမယ်။ အတ္တကြီး​ပြီး ကိုယ့်​အတွက်ပဲ စဉ်းစား​တဲ့ ဒီ​လောက စီးပွားရေး​စနစ်ကို ဘုရား ဖျက်ဆီးချိန်မှာ စည်းစိမ်​ကြွယ်ဝမှု​ကို ကိုးစား​သူတွေဟာ ယေဟောဝါကို မဖြစ်​မနေ သိလာ​ရ​ကြ​လိမ့်မယ်။

နိုင်ငံရေး​အင်အားစု​ဟာ “ကောက်ရိုး​တစ်​မျှင်” သာ ဖြစ်

၂၄-၂၆။ (က)အီဂျစ်​ကို “ကောက်ရိုး​တစ်မျှင်” လို့ ယေဟောဝါ ဘာကြောင့် ခေါ်​ခဲ့သလဲ။ (ခ) ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ဘုရင်​ဇေဒကိ ဘယ်လို လျစ်လျူရှု​ခဲ့သလဲ။ ဘာရလဒ် ရခဲ့​သလဲ။

၂၄ ယောသပ်​ခေတ် မတိုင်ခင်​ကတည်းက ဂျေရုဆလင်​မြို့ကို ဗာဗုလုန်တွေ စစ်ချီ​လာချိန်​အထိ အီဂျစ်​ဟာ ကတိထားရာပြည် ဝန်းကျင်​ဒေသ​ကို စစ်ရေး​အရ အတော်လေး ဩဇာ​လွှမ်းမိုး​ထားတယ်။ ရှေး​သမိုင်းကြောင်း​ကြောင့် အီဂျစ်​ဟာ သက်တမ်းရင့် သစ်ပင်​တစ်ပင်လို တည်ငြိမ်​ခိုင်ခံ့​နေ​တယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယှဉ်​လိုက်ရင်​တော့ ချည့်နဲ့​ပြီး “ကောက်ရိုး​တစ်​မျှင်” ထက် မ​ပို​ဘူး။—ယေဇ. ၂၉:၆

၂၅ အယူဖောက်ပြန်တဲ့ ဘုရင်​ဇေဒကိ​ဟာ အီဂျစ်​နဲ့​ပတ်သက်ပြီး ဒီ​အချက်ကို သတိ​မပြု​ခဲ့​ဘူး။ ဗာဗုလုန်​ဘုရင်ကို လက်အောက်ခံ​ဖို့ ဇေဒကိ​ကို ပရောဖက်​ယေရမိ​က​တစ်ဆင့် ယေဟောဝါ တိုက်တွန်းခဲ့တယ်။ (ယေ. ၂၇:၁၂) နေဗုခဒ်နေဇာ​ကို မ​ပုန်ကန်​ပါဘူး​ဆိုပြီး ဇေဒကိက ယေဟောဝါ​နာမည်​နဲ့​တောင် သစ္စာဆို​ခဲ့​တ​ယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လျစ်လျူရှု​ခဲ့​တယ်။ နေဗုခဒ်နေဇာ​နဲ့ ကတိ​ကို ဖျက်​ပြီး ဗာဗုလုန်ကို တိုက်​ဖို့ အီဂျစ်​ကို စစ်ကူ တောင်းခဲ့တယ်။ (၂ ရာ. ၃၆:၁၃။ ယေဇ. ၁၇:၁၂-၂၀) ဒါပေမဲ့ အီဂျစ်​စစ်​အင်အား​ကို အားကိုး​တဲ့ အစ္စရေး​တွေဟာ ကိုယ့်​ဒုက္ခ​ကိုယ် ရှာ​ကြ​တာ​ပဲ။ (ယေဇ. ၂၉:၇) အီဂျစ်​ဟာ ကြောက်မက်ဖွယ် “ပင်လယ်​သတ္တဝါ​ကြီး” ပုံ​ပေါက်​နေ​နိုင်တယ်။ (ယေဇ. ၂၉:၃၊ ၄) ဒါပေမဲ့ နိုင်း​မြစ်​ထဲ​က မိကျောင်း​ကို မုဆိုး ဖမ်း​သလို အီဂျစ်​ရဲ့ မေးရိုး​ကို ချိတ်​တွေ​နဲ့ ချိတ်​ပြီး ဖျက်ဆီးခြင်း​ဆီ​ကို ဆွဲခေါ်​သွားမယ်​ဆိုပြီး ယေဟောဝါ ပြောခဲ့​တယ်။ ဒီရှေး​နိုင်ငံကို ဗာဗုလုန်တွေ​လက်ထဲ အပ်​လိုက်ခြင်း​အားဖြင့် ဘုရား ဒီအတိုင်း လုပ်ခဲ့တယ်။—ယေဇ. ၂၉:၉-၁၂၊ ၁၉

၂၆ သစ္စာမဲ့​ဇေဒကိ ဘာ​ဖြစ်သွား​သလဲ။ ယေဟောဝါကို ပုန်ကန်တဲ့​အတွက် “ဆိုးညစ်​တဲ့ အစ္စရေး​ခေါင်းဆောင်” ဟာ သရဖူ ဆုံးရှုံး​မယ်၊ အုပ်ချုပ်မှုက ပျက်စီးခြင်း​နဲ့ အဆုံးတိုင်​မယ်​ဆိုပြီး ယေဇကျေလ ကြိုပြောခဲ့​တယ်။ ဒါပေမဲ့ ယေဇကျေလ​က မျှော်လင့်ချက်လည်း ပေးခဲ့​ပါတယ်။ (ယေဇ. ၂၁:၂၅-၂၇) “အုပ်စိုးပိုင်ခွင့်​ရှိသူ” ဘုရင်​တစ်ပါး​က ရာဇ​ပလ္လင်​ကို ပိုင်​လိမ့်မယ်လို့ ယေဟောဝါ ကြိုပြော​ခိုင်းတယ်။ ဘယ်သူ​လဲ​ဆိုတာကို နောက်​အခန်းမှာ သိ​ရပါမယ်။

၂၇။ အီဂျစ်​တွေ​နဲ့ အစ္စရေး​လူမျိုး ဆက်ဆံပုံ​ကနေ ဘာသင်ယူနိုင်သလဲ။

၂၇ အီဂျစ်​တွေ​နဲ့ အစ္စရေး​လူမျိုး ဆက်ဆံပုံ​ကနေ ဘာသင်ခန်းစာ ယူ​နိုင်သလဲ။ ယေဟောဝါရဲ့ လူမျိုးဟာ နိုင်ငံရေး​အင်အား​တွေကို မကိုးစား​ရ​ဘူး။ ဒီ​အင်အား​တွေ​က တည်မြဲ​တဲ့ လုံခြုံမှု ပေးမယ်လို့ မတွေး​ရ​ဘူး။ အတွေး​ထဲမှာ​တောင် “ဒီ​လောက​နဲ့ ဘာမှ မပတ်သက်” ရ​ဘူး။ (ယော. ၁၅:၁၉။ ယာ. ၄:၄) နိုင်ငံရေး​စနစ်​ဟာ ဘယ်လောက်ပဲ ခိုင်မာ​ပုံ​ပေါက်​နေပါ​စေ ရှေးခေတ်​အီဂျစ်​လို ချည့်နဲ့​တဲ့ ကောက်ရိုး​တစ်မျှင်​ပါပဲ။ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်​ကို မဟုတ်ဘဲ သေမျိုး​ဖြစ်တဲ့ လူသားတွေ​ဆီ မျှော်လင့်ချက် ပုံအပ်​တာ​ဟာ ဘယ်လောက်တောင် အမြော်အမြင်​နည်း​လိုက်​လေ​သလဲ။ဆာလံ ၁၄၆:၃-၆ ကိုဖတ်ပါ။

တစ်ယောက်တည်း ရှိနေချိန်မှာတောင် လောကနိုင်ငံရေးတွေဘက် ရပ်တည်တာမျိုး ရှောင်ရမယ် (စာပိုဒ် ၂၇ ကို ကြည့်ပါ)

လူမျိုးခြားတွေ “သိရကြလိမ့်မယ်”

၂၈-၃၀။ လူမျိုး​တွေ ယေဟောဝါကို “သိ” တဲ့​ပုံ​နဲ့ ကျွန်တော်တို့ ယေဟောဝါကို သိတဲ့​ပုံ ဘာ​ကွာ​သလဲ။

၂၈ “ငါဟာ ယေဟောဝါပဲ​ဆိုတာ မင်းတို့ သိရကြလိမ့်မယ်” ဆိုတဲ့ ယေဟောဝါရဲ့ မိန့်ဆိုချက်​ကို ယေဇကျေလ​ကျမ်းမှာ အကြိမ်​များစွာ တွေ့ရတယ်။ (ယေဇ. ၂၅:၁၇) မိမိ​လူမျိုးရဲ့ ရန်သူတွေကို ရှေး​အချိန်တုန်းက ယေဟောဝါ အရေးယူ တရား​စီရင်​တဲ့အခါ ဒီ​စကားတွေ ပြည့်စုံခဲ့​တယ်။ ကျွန်တော်တို့​ခေတ်မှာလည်း အကြီးစား ပြည့်စုံ​လာ​ဦး​မယ်။ ဘယ်​နည်းနဲ့လဲ။

၂၉ အတိတ်​က ဘုရား​လူမျိုး​လို​ပဲ ကျွန်တော်တို့ကို လူမျိုးခြားတွေ ဝိုင်းရံ​ထားတယ်၊ အကာအကွယ် မရှိတဲ့ အဖော်​မဲ့ သိုး​တစ်ကောင်​လို့ ရှုမြင်​နေ​ကြတယ်။ (ယေဇ. ၃၈:၁၀-၁၃) ဒီ​စာအုပ် အခန်း ၁၇ နဲ့ ၁၈ မှာ လေ့လာမယ့်​အတိုင်း မကြာခင် လူမျိုး​တွေ​က ဘုရားလူမျိုးကို အစွမ်းကုန် ပြင်းပြင်းထန်ထန် တိုက်ခိုက်​ကြ​လိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ စစ်မှန်တဲ့ တန်ခိုး​အင်အား​ဆိုတာ ဘာလဲ သူတို့ သိလာ​ရလိမ့်မယ်။ အာမဂေဒုန်​စစ်ပွဲမှာ သူတို့ကို ဘုရား ဖျက်ဆီး​တဲ့အခါ ယေဟောဝါကို မဖြစ်​မနေ သိလာ​ရ​ကြ​လိမ့်မယ်။ ဘုရားရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြု​ရ​ကြ​လိမ့်မယ်။—ဗျာ. ၁၆:၁၆။ ၁၉:၁၇-၂၁

၃၀ ကျွန်တော်တို့ကို​တော့ ယေဟောဝါ​က ဘေးကင်း​စေမယ်။ ကောင်းချီး​ပေးမယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့​က ဘုရားကို ကိုးစားခြင်း၊ နာခံခြင်း၊ စင်ကြယ်​တဲ့ ​ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်ခြင်း​အားဖြင့် ယေဟောဝါကို သိကြောင်း သက်သေထူ​ရတဲ့ အခွင့်အရေး​ကို အခု​ကတည်းက ရယူ​ထား​ကြ​လို့​ပါပဲ။ယေဇကျေလ ၂၈:၂၆ ကိုဖတ်ပါ။

^ အပိုဒ်၊ 15 ဥပမာ၊ အစ္စရေး​ပြည်မှာ ပန်း​ပဲ​ဆရာ တစ်ယောက်မှ မရှိ​ရ​ဘူးဆိုပြီး ဖိလိတိ​လူတွေ တားမြစ်​ထားတယ်။ အစ္စရေး​တွေဟာ လယ်ယာ​သုံး​ပစ္စည်းတွေကို ဖိလိတိ​တွေ​ဆီ သွား​သွေး​ရတယ်။ တစ်ရက်၊ နှစ်​ရက်​စာ လုပ်အားခ​နဲ့ ညီ​တဲ့ ငွေကြေး ပေး​ကြရတယ်။—၁ ရှ. ၁၃:၁၉-၂၂

^ အပိုဒ်၊ 18 ကရမေလ​တောင် မြောက်ဘက် မိုင် ၃၀ အကွာ ကမ်းရိုးတန်း​ဒေသရဲ့ ကျောက်စွန်း​ပေါ်မှာ တိုင်​ရာ​မြို့တော်​ကို တည်ဆောက်ခဲ့​ပုံ​ရတယ်။ နောက်ပိုင်းမှာ မြို့တော်​ကို ကုန်း​တွင်း​ပိုင်း​ဘက် တိုးချဲ့​တည်​ဆောက်ခဲ့တယ်။ မြို့​နာမည်ကို ဆူ​ရ် ဆိုပြီး ပေးခဲ့​တယ်။ ဆီး​မိုက်​စကားမှာ “ကျောက်တုံး” လို့ အဓိပ္ပာယ်​ရတယ်။

^ အပိုဒ်၊ 22 ဟေရှာယ၊ ယေရမိ၊ ယောလ၊ အာမုတ်၊ ဇာခရိ​တို့ ကြေညာခဲ့​တဲ့ တိုင်​ရာ​မြို့​အကြောင်း ပရောဖက်ပြုချက်​တွေဟာ အသေးစိတ်​က​အစ ပြည့်စုံခဲ့​တယ်။—ဟေရှာ. ၂၃:၁-၈။ ယေ. ၂၅:၁၅၊ ၂၂၊ ၂၇။ ယောလ ၃:၄။ အာ. ၁:၁၀။ ဇာ. ၉:၃၊ ၄