မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈

“သိုးထိန်းအဖြစ် ပေါ်ထွန်းစေမယ်”

“သိုးထိန်းအဖြစ် ပေါ်ထွန်းစေမယ်”

ယေဇကျေလ ၃၄:၂၃

အာရုံစိုက်​ရာ။ မေရှိယ​နဲ့​ဆိုင်တဲ့ ပရောဖက်ပြုချက် လေးချက်​နဲ့ ခရစ်တော်မှာ ပြည့်စုံချက်

၁-၃။ ယေဇကျေလ ဘာကြောင့် စိတ်​လေး​နေသလဲ။ အခု ဘာအကြောင်း မှတ်တမ်း​တင်ဖို့ လှုံ့ဆော်ခံရ​သလဲ။

ယေဇကျေလ ပြည်နှင်ခံ​ဘဝ ခြောက်​နှစ်​မြောက်။ * မိုင်​ရာ​ချီ​အကွာ​က ချစ်မြတ်နိုး​ရတဲ့ မွေးရပ်မြေ ယုဒပြည်မှာ​ရှိတဲ့ ဝမ်းနည်းဖွယ် အုပ်ချုပ်မှု​အကြောင်း စဉ်းစားမိ​ပြီး ပရောဖက် စိတ်​လေး​နေတယ်။ အုပ်စိုးရှင် အဆက်ဆက်​ကိုလည်း ကြုံခဲ့ဖူး​ပြီ။

သစ္စာရှိ ဘုရင်​ယောရှိ နန်းစံချိန်အတွင်း ယေဇကျေလ မွေးခဲ့တယ်။ ရုပ်တုတွေ ဖျက်ဆီးဖို့၊ ယုဒပြည်မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ဖို့ ယောရှိ ဦးစီး​လုပ်ဆောင်ခဲ့တဲ့​အကြောင်း ယေဇကျေလ သိရလို့ စိတ်လှုပ်ရှား​ခဲ့​မှာ​ပဲ။ (၂ ရာ. ၃၄:၁-၈) ဒါပေမဲ့ နောက်ပိုင်း ဘုရင်တွေ ရုပ်တု​ကိုးကွယ်​ကြ​လို့ ယောရှိရဲ့ ကြိုးပမ်းအားထုတ်မှု ရေရှည်​မခံခဲ့​ဘူး။ ဒီလို​ဆိုးညစ်​တဲ့ အုပ်ချုပ်သူ​တွေ​လက်အောက်မှာ တိုင်းပြည်​ဟာ ဘုရားရေးရာ​နဲ့ ကိုယ်ကျင့်တရား ယိုယွင်းမှု​နွံ​ထဲ နစ်​သည်ထက်​နစ်​လာတာ အံ့သြစရာ မဟုတ်ပါဘူး။ မျှော်လင့်ချက် မဲ့​သွား​ပြီလား။ မဲ့​မသွား​ပါဘူး။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ထာဝစဉ် တည်စေ​ပြီး ယေဟောဝါရဲ့ သိုး​တွေကို ကြင်နာစွာ စောင့်ရှောက်​မ​ယ့် အနာဂတ်​သိုးထိန်း​ဘုရင် မေရှိယ​နဲ့​ဆိုင်တဲ့ ပရောဖက်ပြုချက်​တွေ​ထဲ​က ဦးဆုံး​တစ်ခုကို မှတ်တမ်း​တင်ဖို့ သစ္စာရှိ​ပရောဖက်​ကို ယေဟောဝါ လှုံ့ဆော်ခဲ့​တယ်။​ ပရောဖက်ပြုချက် ပြည့်စုံမှုတွေက ကျွန်တော်တို့ရဲ့ ထာဝရ​အနာဂတ်​အပေါ်​ သက်ရောက်​မှု ရှိတာမို့ ပရောဖက်ပြုချက်တွေကို ဂရုတစိုက် လေ့လာ​ကြပါမယ်။ ယေဇ​ကျေလ​ကျမ်းပါ မေရှိယ​နဲ့​ဆိုင်တဲ့ ပရောဖက်ပြုချက် လေးချက်​ကို ဆန်းစစ်​ကြည့်ကြစို့။

“အညွန့်​နုနုလေး” က “သစ်​က​တိုး​ပင်​ကြီး” ဖြစ်လာ

၄။ ဘာ​အကြောင်း ယေဇကျေလ ပရောဖက်ပြု​ခဲ့သလဲ။ ဒီ​ပရောဖက်ပြုချက်​ကို ယေဟောဝါ ဘယ်လို အစပြု​ထားသလဲ။

ဘီစီ ၆၁၂ လောက်​မှာ ယေဇကျေလ​ဆီ ‘ယေဟောဝါရဲ့ စကားတော်’ ရောက်လာတယ်။ မေရှိယ​အုပ်ချုပ်မှု နယ်ပယ်၊ နိုင်ငံတော်ကို ယုံကြည်ဖို့ လိုအပ်​ရတဲ့​အကြောင်းရင်း​နဲ့​ပတ်သက်ပြီး ယေဇကျေလ ပရောဖက်​ပြုခဲ့တယ်။ ပြည်နှင်ခံတွေကို ပရောဖက်ပြုချက်​ဆိုင်ရာ စကားထာ ပြောပြပါ​ဆိုတဲ့ ယေဟောဝါရဲ့ ညွှန်ကြားချက်​နဲ့ အစပြု​ထားတယ်။ စကားထာက ယုဒ​အုပ်စိုးရှင်​တွေရဲ့ သစ္စာမဲ့မှု​ကို ဖော်ပြပြီး ဖြောင့်မတ်တဲ့ မေရှိယ​ဘုရင် လိုအပ်​ရတဲ့ အကြောင်းရင်းကို ပေါ်လွင်​စေတယ်။—ယေဇ. ၁၇:၁၊ ၂

၅။ စကားထာ အကျဉ်းချုပ်​က ဘာလဲ။

ယေဇကျေလ ၁၇:၃-၁၀ ကိုဖတ်ပါ။ စကားထာ အကျဉ်းချုပ်​က ဒီလို​ပါ– “လင်းယုန်​ကြီး” တစ်ကောင်က သစ်​က​တိုး​ပင်​ရဲ့ ထိပ်ဖျား​အညွန့်​ကို ဆိတ်​ယူပြီး “ကုန်သည်​တို့ရဲ့ မြို့တော်​မှာ” စိုက်​ထားတယ်။ ပြီးတဲ့နောက် “ပြည်မှာ​ရှိတဲ့ မျိုးစေ့​တချို့” ကို ယူပြီး “မြစ်​ကမ်း​ဘေး” မြေ​သြဇာ​ကောင်းတဲ့ မြေမှာ စိုက်ပျိုးတယ်။ မျိုးစေ့​အောင်​ပြီး ‘အနွယ်​ပြန့်ကား​တဲ့ စပျစ်ပင်’ အဖြစ် ကြီးထွား​လာတယ်။ အဲဒီနောက် ဒုတိယ “လင်းယုန်” ပေါ်လာတယ်။ စပျစ်ပင်​က ရေ​ကောင်းတဲ့ နေရာမှာ ရွှေ့​စိုက်​ခံရဖို့ ဒုတိယ​လင်းယုန်​ဆီ အမြစ်​တွေ “ဖြာထွက်” တ​ယ်။ အမြစ်​တွေ ဆွဲ​နှုတ်​ခံရမယ်၊ “ခြောက်​သွားမယ်” လို့ ပြောပြီး စပျစ်ပင်​ရဲ့ လုပ်ရပ်​ကို ယေဟောဝါ အပြစ်​တင်ခဲ့တယ်။

ပထမ လင်းယုန်ကြီးက ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို တင်စား (စာပိုဒ် ၆ ကို ကြည့်ပါ)

၆။ စကားထာ​ရဲ့ ဆိုလိုရင်းကို ရှင်းပြပါ။

စကားထာ​ရဲ့ ဆိုလိုရင်း​က ဘာလဲ။ (ယေဇကျေလ ၁၇:၁၁-၁၅ ကိုဖတ်ပါ။) ဘီစီ ၆၁၇ မှာ (ပထမ “လင်းယုန်​ကြီး”) ဗာဗုလုန်​ဘုရင် နေဗုခဒ်နေဇာ​က ဂျေရုဆလင်​မြို့ကို ဝိုင်းရံ​ခဲ့​တ​ယ်။ (“ထိပ်ဖျား​အညွန့်”) ယုဒဘုရင် ယေခေါနိ​ကို ပလ္လင်​ကနေ ဆိတ်ယူပြီး (“ကုန်သည်​တို့ရဲ့ မြို့တော်”) ဗာဗုလုန်ပြည်​ဆီ ခေါ်သွားတယ်။ နေဗုခဒ်နေဇာ​က (“ပြည်မှာ​ရှိတဲ့ မျိုးစေ့” မင်းမျိုးမင်းနွယ်) ဇေဒကိ​ကို ဂျေရုဆလင်​မြို့မှာ မင်းမြှောက်​တ​ယ်။ ယုဒဘုရင်​သစ်​ကို ဘုရားသခင့်​နာမည်​နဲ့ သစ္စာဆို​ခိုင်း​ပြီး သစ္စာခံ​ဘုရင် ဖြစ်လာ​စေတယ်။ (၂ ရာ. ၃၆:၁၃) ဒါပေမဲ့ ဇေဒကိ​က ကတိဖျက်​ပြီး ဗာဗုလုန်​ကို ပုန်ကန်​တ​ယ်။ စစ်​အင်အား​အတွက် (ဒုတိယ “လင်းယုန်”) အီဂျစ်​ဘုရင် ဖာရော​ဆီ အကူအညီ တောင်းခဲ့တယ်။ ဒါပေမဲ့ အကျိုး​မရှိပါဘူး။ ကတိဖျက်​ခဲ့​တဲ့ ဇေဒကိ​ရဲ့ သစ္စာမဲ့​လုပ်ရပ်​ကို ယေဟောဝါ အပြစ်​တင်ခဲ့တယ်။ (ယေဇ. ၁၇:၁၆-၂၁) နောက်ဆုံး​တော့ ဇေဒကိ နန်းချ​ခံရပြီး ဗာဗုလုန်ပြည်​မှာ အကျဉ်းသား​ဘဝနဲ့ သေဆုံးခဲ့တယ်။—ယေ. ၅၂:၆-၁၁

၇။ ပရောဖက်ပြုချက်​ဆိုင်ရာ စကားထာကနေ ဘာသင်ယူနိုင်သလဲ။

ပရောဖက်ပြုချက်​ဆိုင်ရာ စကားထာကနေ ဘာသင်ယူနိုင်သလဲ။ ပထမ၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေ​အနေနဲ့ ကျွန်တော်တို့ ကတိတည်​ကြရမယ်။ “ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်​ရင် ‘မဟုတ်ဘူး’ ဒါ​ပဲ ပြောပါ” လို့ ယေရှု ပြောခဲ့​တ​ယ်။ (မ. ၅:၃၇) တရားရုံးမှာ သက်သေ​ထွက်ဆို​တဲ့အခါ​လို​မျိုး ဘုရားသခင်ရှေ့ မဖြစ်​မနေ ကျိန်ဆို​ဖို့ လိုအပ်​လာ​ရင် ဒီလို​သစ္စာဆို​ရတာကို အလေးအနက်​ထား​ကြတယ်။ ဒုတိယ၊ အားကိုး မမှားဖို့ ဂရုစိုက်​ရမယ်။ “မ​ကယ်တင်​နိုင်တဲ့ အုပ်စိုးရှင်၊ မ​ကယ်တင်​နိုင်တဲ့​လူကို မကိုးစား​ကြနဲ့” ဆိုပြီး ကျမ်းစာမှာ သတိပေး​ထားတယ်။—ဆာ. ၁၄၆:၃

၈-၁၀။ အနာဂတ်​အုပ်စိုးရှင် မေရှိယ​အကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြခဲ့သလဲ။ ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံခဲ့​သလဲ။ (“မေရှိယ​နဲ့​ဆိုင်တဲ့ ပရောဖက်ပြုချက်—သစ်​က​တိုး​ပင်​ကြီး” လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။)

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်​အားကိုးမှု​ကို အပြည့်အဝ ရထိုက်တဲ့ အုပ်စိုးရှင်​တစ်ပါး ရှိပါတယ်။ ပြောင်းရွှေ့​စိုက်ပျိုး​ခံရတဲ့ အညွန့်​အကြောင်း ပရောဖက်ပြုချက်​ဆိုင်ရာ စကားထာကို ဖော်ပြပြီး​တဲ့​နောက်မှာ အနာဂတ်​အုပ်စိုးရှင် မေရှိယ​အကြောင်း ယေဟောဝါ ဆ​က်​ဖော်ပြခဲ့တယ်။

ပရောဖက်ပြုချက် ဆိုလိုရင်း။ (ယေဇကျေလ ၁၇:၂၂-၂၄ ကိုဖတ်ပါ။) ဒီတစ်ကြိမ်​မှာ​တော့ လင်းယုန်​ကြီး​တွေ မဟုတ်ဘဲ ယေဟောဝါ​ကိုယ်တိုင် လုပ်ဆောင်မယ်။ “မြင့်မား​လှတဲ့ သစ်​က​တိုး​ပင် ထိပ်ဖျား​က” အညွန့်​နု​ကို ခူး​ပြီး “မြင့်မားတဲ့ တောင်တန်း​ပေါ်မှာ . . . စိုက်​မ​ယ်။” အညွန့်​နု ရှင်သန်​ကြီးထွား​လာပြီး “သစ်​က​တိုး​ပင်​ကြီး” ဖြစ်လာမယ်။ “ငှက်​ပေါင်း​စုံ” ခိုနား​နိုင်မယ်။ ဒီ​သစ်ပင်ကို ရှင်သန်​ကြီးထွား​စေ​သူဟာ ယေဟောဝါ ဖြစ်ကြောင်း “သစ်ပင်​မှန်သမျှ” သိ​ရလိမ့်မယ်။

၁၀ ပရောဖက်ပြုချက် ပြည့်စုံပုံ။ ယေဟောဝါ​က သားတော် ယေရှု​ခရစ်ကို (“မြင့်မား​လှတဲ့ သစ်​က​တိုး​ပင်”) ဒါဝိဒ် မင်းမျိုး​နွယ်​ကနေ ခူး​ပြီး (“မြင့်မားတဲ့ တောင်တန်း”) ကောင်းကင် ဇိအုန်​တောင်မှာ စိုက်​တ​ယ်။ (ဆာ. ၂:၆။ ယေ. ၂၃:၅။ ဗျာ. ၁၄:၁) “အနိမ့်ကျဆုံး​သူ” လို့ ရန်သူတွေ သတ်မှတ်​ထားတဲ့ သားတော်ကို “ဖခင်​ဒါ​ဝိဒ်ရဲ့ ရာဇ​ပလ္လင်” အပ်နှင်း​ပြီး ဂုဏ်တင်​ချီးမြှောက်​ခဲ့​တ​ယ်။ (ဒံ. ၄:၁၇။ လု. ၁:၃၂၊ ၃၃) သစ်​က​တိုး​ပင်​ကြီး​လို​ပဲ မေရှိယ​ဘုရင် ယေရှုခရစ်ဟာ ကမ္ဘာတစ်ခွင်​လုံး​ကို အုပ်​မိုး​မ​ယ်။ လက်အောက်ခံ ပြည်သူပြည်သား​တွေ​အတွက် ကောင်းချီး​ရင်းမြစ် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်​အားကိုးမှု ရထိုက်တဲ့ အုပ်စိုးရှင်​ပါပဲ။ ယေရှုရဲ့ နိုင်ငံတော် အုပ်ချုပ်မှု​အရိပ်​အောက်မှာ ကမ္ဘာတစ်ခွင်​လုံး​က နာခံမှု​ရှိတဲ့ လူသားတွေဟာ “ဘေးကင်းလုံခြုံ​စွာ နေရ​လိမ့်မယ်။ ဘေးဆိုး​ကို မကြောက်​ဘဲ အေးချမ်း​စွာ နေရ​လိမ့်မယ်။”—ပညာ. ၁:၃၃

၁၁။ “အညွန့်​နုနုလေး” က “သစ်​က​တိုး​ပင်​ကြီး” ဖြစ်လာတဲ့​အကြောင်း ပရောဖက်ပြုချက်​ကနေ ဘယ်​အရေးကြီး သင်ခန်းစာ ယူ​နိုင်သလဲ။

၁၁ ပရောဖက်ပြုချက်​မှ သင်ယူ​နိုင်ရာ။ ဘယ်သူ့ကို ယုံကြည်​အားကိုး​မလဲ​ဆိုတဲ့ အရေးကြီးဆုံး မေးခွန်းရဲ့ အဖြေကို “သစ်​က​တိုး​ပင်​ကြီး” ဖြစ်လာတဲ့ “အညွန့်​နုနုလေး” အကြောင်း စိတ်လှုပ်ရှားဖွယ် ပရောဖက်ပြုချက်​က နားလည်​စေတယ်။ လူ့​အစိုးရ​တွေ​နဲ့ စစ်အင်အား​ကို အားကိုး​တာ​က မိုက်မဲ​ရာ​ရောက်တယ်။ စစ်မှန်တဲ့ လုံခြုံမှု ရှာတွေ့​ဖို့ မေရှိယ​ဘုရင် ယေရှု​ခရစ်ကို အပြည့်အဝ ယုံကြည်​အားကိုး​တာ​က ပညာ​ရှိရာ​ရောက်တယ်။ ကောင်းကင်​အစိုးရဟာ လူသားထု​ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ​ပဲ။—ဗျာ. ၁၁:၁၅

“အုပ်စိုးပိုင်ခွင့်​ရှိသူ”

၁၂။ ဒါဝိဒ်​နဲ့ ဖွဲ့​ထားတဲ့ ပဋိညာဉ်ကို မဖျက်သိမ်း​ကြောင်း ယေဟောဝါ ဘယ်လို ရှင်းလင်း​စေခဲ့သလဲ။

၁၂ လင်းယုန်​နှစ်ကောင်​အကြောင်း ပရောဖက်ပြုချက်​ဆိုင်ရာ စကားထာ​နဲ့​ပတ်သက်ပြီး ယေဇကျေလ​ကို ဘုရား ရှင်းပြခဲ့တယ်။ ဒါဝိဒ် မင်းဆက်​ထဲ​က သစ္စာမဲ့​ဘုရင် ဇေဒကိ နန်းချ​ခံရမယ်၊ ဗာဗုလုန်ပြည်​ကို ဖမ်းဆီးခေါ်ဆောင်​ခံရမယ်ဆို​တာ​ကို ဒီ​ရှင်းပြချက်​ကြောင့် ယေဇကျေလ သဘောပေါက်​ခဲ့​တ​ယ်။ ‘ဒါဝိဒ်​မျိုးနွယ်​ထဲ​က ဘုရင်​တစ်ပါး ထာဝစဉ် အုပ်ချုပ်​မယ်​ဆိုတဲ့ ဒါဝိဒ်​နဲ့ ဘုရား ဖွဲ့​ထားတဲ့ ပဋိညာဉ်​ကော ဘယ်လို ဖြစ်သွား​မလဲ’ ဆိုပြီး​ ပရောဖက် သိချင်​ခဲ့​မှာ​ပဲ။ (၂ ရှ. ၇:၁၂၊ ၁၆) အဖြေ​အတွက် အချိန်​အကြာကြီး မ​စောင့်​လိုက်ရ​ပါဘူး။ ယုဒပြည်မှာ ဇေဒကိ အုပ်ချုပ်​နေစဉ်​အတွင်း ဘီစီ ၆၁၁ ခန့်၊ ယေဇကျေလ ပြည်နှင်ခံ​သက်တမ်း ခုနစ်,နှစ်​မြောက်​မှာ ‘ယေဟောဝါရဲ့ စကားတော်’ ယေဇကျေလ​ဆီ ရောက်လာတယ်။ (ယေဇ. ၂၀:၂) ဒါဝိဒ်​နဲ့ ဖွဲ့​ထားတဲ့ ပဋိညာဉ်ကို မ​ဖျက်သိမ်း​ကြောင်း ယေဇ​ကျေလ ရှင်းရှင်းလင်းလင်း သိသွား​အောင် မေရှိယ​နဲ့​ဆိုင်တဲ့ တခြား​ပရောဖက်ပြုချက်​တစ်ခုကို ယေဟောဝါ စဉ်းစား​စေခဲ့တယ်။ အနာဂတ်​အုပ်စိုးရှင် မေရှိယ​ဟာ ဒါဝိဒ်ရဲ့ အမွေခံ​အဖြစ် အုပ်ချုပ်ပိုင်ခွင့် ရှိ​မှာ​ဖြစ်ကြောင်း ပရောဖက်ပြုချက်​က ဖော်ပြတယ်။

၁၃၊ ၁၄။ ယေဇကျေလ ၂၁:၂၅-၂၇ မှာ မှတ်တမ်း​တင်ထားတဲ့ ပရောဖက်ပြုချက် အကျဉ်းချုပ်​က ဘာလဲ။ ဘယ်လို ပြည့်စုံခဲ့​သလဲ။

၁၃ ပရောဖက်ပြုချက် ဆိုလိုရင်း။ (ယေဇကျေလ ၂၁:၂၅-၂၇ ကိုဖတ်ပါ။) “ဆိုးညစ်​တဲ့ အစ္စရေး​ခေါင်းဆောင်” တွေ ပြစ်ဒဏ်​ခံရမယ့်​အချိန် ရောက်​ပြီ​ဖြစ်ကြောင်း ယေဇကျေလ​က​တစ်ဆင့် ယေဟောဝါ အတိအကျ ဖော်ပြခဲ့တယ်။ ဆိုးညစ်​တဲ့ ခေါင်းဆောင်​ရဲ့ (ဘုရင့်​အာဏာကို ကိုယ်စားပြုတဲ့) “ခေါင်း​ပေါင်း၊” “သရဖူ” ကို ချွတ်ပစ်​မယ်​လို့ ယေဟောဝါ မိန့်ဆိုတယ်။ ပြီးတဲ့နောက် “နိမ့်ကျ​သူ” ကို ချီးမြှောက်​ပြီး “ကြီးမြတ်သူ” ကို နှိမ့်ချ​မယ်။ ချီးမြှောက်ခံရ​သူတွေဟာ “အုပ်စိုးပိုင်ခွင့်​ရှိသူ” မရောက်ခင်​အထိပဲ အုပ်ချုပ်​ကြတယ်။ အဲဒီနောက်​မှာ​တော့ ယေဟောဝါ​က အုပ်စိုးပိုင်ခွင့်​ရှိသူ​ကို နိုင်ငံတော် ပေး​အပ်တယ်။

၁၄ ပရောဖက်ပြုချက် ပြည့်စုံပုံ။ ဗာဗုလုန်တွေ မြို့ကို ဖျက်ဆီး​ပြီး နန်း​ကျ​ဘုရင် ဇေဒကိ​ကို သုံ့ပန်း​အဖြစ် ခေါ်ဆောင်သွား​ချိန် ဘီစီ ၆၀၇ မှာ ဂျေရုဆလင်​မြို့မှာ နန်းစိုက်တဲ့၊ “ကြီးမြတ်” တဲ့ ယုဒ​နိုင်ငံ နှိမ့်ချ​ခံ​လိုက်ရတယ်။ ဂျေရုဆလင်​မြို့မှာ ဒါဝိဒ်​မင်းဆက် မရှိတော့ဘူး။ “နိမ့်ကျ” တဲ့ လူမျိုးခြားတွေ ချီးမြှောက်​ခံရပြီး ကမ္ဘာကို ကြီးစိုး​တယ်။​ ဒါပေမဲ့ အချိန်​အတိုင်းအတာ​တစ်ခု​အထိ​ပါပဲ။ ယေရှု​ခရစ်ကို ဘုရင်အဖြစ် ယေဟောဝါ ခန့်အပ်တဲ့ ၁၉၁၄ ခုနှစ်မှာ “လူမျိုးခြားတွေ​အတွက် သတ်မှတ်​ထားချိန်” အဆုံးတိုင်​ခဲ့​တယ်။ (လု. ၂၁:၂၄) ယေရှုဟာ ဘုရင်​ဒါ​ဝိဒ်ရဲ့​မျိုးနွယ် ဖြစ်တာမို့ မေရှိယ​နိုင်ငံရဲ့ “အုပ်စိုး​ပိုင်ခွင့်​ရှိသူ” ဖြစ်ပါတယ်။ * (က. ၄၉:၁၀) ဒါ​ဝိဒ်ရဲ့ ထာဝရ အမွေခံ​ကို ထာဝစဉ် တည်မယ့်​နိုင်ငံ​ ပေးအပ်​မယ်​ဆိုတဲ့ ယေဟောဝါရဲ့ ကတိတော်ဟာ ယေရှု​အားဖြင့် ပြည့်စုံခဲ့​တယ်။—လု. ၁:၃၂၊ ၃၃

ဘုရားနိုင်ငံတော်ဘုရင် ဖြစ်ခွင့် ယေရှုမှာ ရှိ (စာပိုဒ် ၁၅ ကို ကြည့်ပါ)

၁၅။ ဘုရင်​ယေရှု​ခရစ်ကို ဘာကြောင့် အစွမ်းကုန် ယုံကြည်​အားကိုး​နိုင်သလဲ။

၁၅ ပရောဖက်ပြုချက်​မှ သင်ယူ​နိုင်ရာ၊၊ ဘုရင်​ယေရှု​ခရစ်ကို ကျွန်တော်တို့ အစွမ်းကုန် ယုံကြည်​အားကိုး​နိုင်ပါတယ်။ ဘာကြောင့်လဲ။ လူတွေ ရွေးကောက်​ထားတဲ့၊ အုပ်ချုပ်ခွင့်​အာဏာကို အဓမ္မ​ယူ​ထားတဲ့ ကမ္ဘာ့​အုပ်စိုးရှင်​တွေ​နဲ့ မတူဘဲ ယေရှုဟာ ယေဟောဝါရဲ့ ရွေးချယ်ခြင်း ခံရပြီး အုပ်စိုးပိုင်ခွင့်​ရှိတဲ့ “နိုင်ငံ​တစ်ခု” အပ်နှင်း​ခံရတယ်။ (ဒံ. ၇:၁၃၊ ၁၄) ယေဟောဝါ​ကိုယ်တိုင် ခန့်အပ်ထား​တဲ့ ဘုရင်​ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်​အားကိုးမှု​ကို ရထိုက်​ပါတယ်။

“ငါ့​ကျွန်​ဒါဝိဒ်” “ထိန်းကျောင်း​လိမ့်မယ်”

၁၆။ သိုးတွေနဲ့​ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။ ယေဇကျေလ​ခေတ်​က “အစ္စရေး​သိုးထိန်း​တွေ” က သိုး​တွေ​အပေါ် ဘယ်လို ဆက်ဆံ​ခဲ့ကြသလဲ။

၁၆ အကြီးမြတ်ဆုံး သိုးထိန်းရှင် ယေဟောဝါ​က သိုး​တွေ၊ မြေကြီးပေါ်​က ဝတ်ပြု​ကိုးကွယ်သူ​တွေရဲ့ ကောင်းကျိုး​ကို အလွန်​ဂရုစိုက်​တ​ယ်။ (ဆာ. ၁၀၀:၃) သိုး​တွေကို ဂရုစိုက်​ဖို့ လူသား​သိုးထိန်းတွေကို အခွင့်အာဏာ အပ်နှင်း​တဲ့အခါ သိုး​တွေ​အပေါ် ပြုမူ​ဆက်ဆံပုံ​နဲ့​ပတ်သက်ပြီး အနီးကပ် စောင့်​ကြည့်တယ်။ ဒီတော့ ယေဇကျေလ​ခေတ်​က “အစ္စရေး​သိုးထိန်း​တွေ” ကြောင့် ယေဟောဝါ ဘယ်လို ခံစား​ရမယ်ဆိုတာ မြင်ယောင်​ကြည့်ပါ။ အစ္စရေး​ခေါင်းဆောင်​တွေ​က အရှက်မဲ့​စွာ “ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံ​ပြီး နိုင်ထက်စီးနင်း” ထိန်းကျောင်း​ခဲ့​ကြတယ်။ ဒါကြောင့် သိုး​တွေ ဒုက္ခ​ရောက်ခဲ့တယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကနေ သိုးများစွာ ကွဲ​လွင့်ကုန်တယ်။—ယေဇ. ၃၄:၁-၆

၁၇။ သိုး​တွေကို ယေဟောဝါ ဘယ်လို ကယ်တင်​ခဲ့သလဲ။

၁၇ ယေဟောဝါ ဘာလုပ်မလဲ။ “ဖြေရှင်းချက် တောင်း​မ​ယ်” ဆိုပြီး ကြမ်းတမ်းတဲ့ အစ္စရေး​ခေါင်းဆောင်​တွေကို မိန့်ဆိုခဲ့တယ်။ “ငါ့​သိုး​တွေကို ကယ်မယ်” လို့​လ​ည်း ကတိပေးခဲ့တယ်။ (ယေဇ. ၃၄:၁၀) ယေဟောဝါ​က မိမိ​စကားကို အမြဲ ပြည့်စုံ​စေတယ်။ (ယရ. ၂၁:၄၅) ကျူးကျော်​ဝင်ရောက်​တဲ့ ဗာဗုလုန်တွေကို သုံးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သိုးထိန်းတွေရဲ့ အုပ်ချုပ်မှုကို ဖယ်ရှားခြင်း​အားဖြင့် ဘီစီ ၆၀​၇ မှာ သိုး​တွေကို ကယ်လွှတ်​ပေးခဲ့တယ်။ နှစ်ခုနှစ်ဆယ် ကြာပြီးနောက် သိုး​နဲ့​တူတဲ့ ဝတ်ပြု​ကိုးကွယ်သူတွေကို ဗာဗုလုန်ပြည်​ကနေ ကယ်လွှတ်​ခဲ့​တ​ယ်။ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်လည်​တည်ထောင်​နိုင်ဖို့ နေရင်းပြည်​ကို ပြန်​ခေါ်ဆောင်ခဲ့​တ​ယ်။ ဒါပေမဲ့ ကမ္ဘာ့​အာဏာစက်​တွေရဲ့ အုပ်ချုပ်မှု​အောက် ဆက်ရှိ​နေ​ဦး​မှာ​မို့ ယေဟောဝါရဲ့ သိုး​တွေ ဒုက္ခရောက်​နိုင်​တုန်း​ပါပဲ။ “လူမျိုးခြားတွေ​အတွက် သတ်မှတ်​ထားချိန်” ဟာ ရာစုနှစ်များစွာ ကြာရှည်​ဦး​မယ်။—လု. ၂၁:၂၄

၁၈၊ ၁၉။ ဘီစီ ၆၀၆ မှာ ဘာအကြောင်း ယေဇကျေလ ပရောဖက်ပြု​ခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

၁၈ ဂျေရုဆလင်​မြို့ ပျက်စီး​ပြီး တစ်နှစ်​ခန့်အကြာ၊ ဗာဗုလုန်​သုံ့ပန်း​ဘဝကနေ အစ္စရေး​လူမျိုး မလွတ်မြောက်ခင် ဆယ်စုနှစ်​များစွာ​အလို ဘီစီ ၆၀​၆ မှာ ယေဇကျေလ​ကို ပရောဖက်ပြု​ဖို့ ယေဟောဝါ လှုံ့ဆော်ခဲ့​တယ်။ သိုး​တွေရဲ့ ထာဝစဉ် ကောင်းကျိုး​နဲ့​ပတ်သက်ပြီး အကြီးမြတ်ဆုံး သိုးထိန်းရှင် ဘယ်လောက် အလေးထား ဂရုစိုက်​ကြောင်း ဒီပရောဖက်ပြုချက်​က ဖော်ပြတယ်။ ယေဟောဝါရဲ့ သိုး​တွေကို မေရှိယ​ဘုရင် ဘယ်လို​အုပ်ချုပ်​မ​ယ်​ဆိုတာ ပရောဖက်ပြုချက်​က ဖော်ပြတယ်။

၁၉ ပရောဖက်ပြုချက် ဆိုလိုရင်း။ (ယေဇကျေလ ၃၄:၂၂-၂၄ ကိုဖတ်ပါ။) “ငါ့ကျွန်​ဒါဝိဒ်” လို့ ခေါ်တဲ့​သူကို “သိုးထိန်း​အဖြစ် ပေါ်ထွန်း​စေမယ်။” ဒါဝိဒ်​မျိုးရိုး​မင်းဆက် ပြန်​ပေါ်လာ​မှာ မဟုတ်ဘဲ အုပ်စိုး​ရှင်ဟာ ဒါ​ဝိဒ်ရဲ့ ထာဝရ​အမွေခံ ဖြစ်မယ်​ဆိုတာကို “သိုးထိန်း​တစ်ပါး” နဲ့ “ကျွန်” ဆိုတဲ့ အနည်းကိန်း စကားလုံးက ဖော်ပြတယ်။ သိုးထိန်း​ဘုရင်​က ဘုရားရဲ့ သိုး​တွေကို ကျွေးမွေး​ပြီး “သူတို့ရဲ့ ခေါင်းဆောင် ဖြစ်လာမယ်။” ယေဟောဝါ​က သိုးတွေနဲ့ “ငြိမ်းချမ်းရေး​ပဋိညာဉ် ဖွဲ့​မယ်။” “ကောင်းချီးတွေ [သူတို့​အပေါ်] မိုး​လို ရွာ​ကျ” စေမယ်။ ကျေနပ်စရာ​ကောင်းတဲ့ လုံခြုံမှု၊ အားရစရာ​ကောင်းတဲ့ ကြီးပွား​ချမ်းသာမှု၊ သီးနှံ​ပေါကြွယ်​မှု​တို့ကို ခံစားရ​စေမယ်။ ဘာကြောင့်လဲ။ လူသား​အချင်းချင်း​သာမက လူနဲ့ တိရစ္ဆာန်​ကြား​မှာပါ ငြိမ်းချမ်း​လာ​မှာ​မို့​လို​ပဲ။—ယေဇ. ၃၄:၂၅-၂၈

၂၀၊ ၂၁။ (က) “ငါ့​ကျွန် ဒါဝိဒ်” အကြောင်း ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံခဲ့​သလဲ။ (ခ) “ငြိမ်းချမ်းရေး​ပဋိညာဉ်” နဲ့​ပတ်သက်တဲ့ ယေဇကျေလ စကားတွေက အနာဂတ်​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။

၂၀ ပရောဖက်ပြုချက် ပြည့်စုံပုံ။ အုပ်စိုးရှင်​ကို “ငါ့​ကျွန်​ဒါဝိဒ်” လို့ ခေါ်​ခြင်းအားဖြင့် အုပ်စိုးပိုင်ခွင့်​ရှိသူ ဒါဝိဒ်​မျိုးဆက် ယေရှုကို ပရောဖက်ပြု​ရည်ညွှန်းခဲ့​တ​ယ်။ (ဆာ. ၈၉:၃၅၊ ၃၆) ကမ္ဘာမြေပေါ် ယေရှု ရှိခဲ့​စဉ်​က “သိုး​တွေ​အတွက်” အသက်စွန့်ခြင်း​အားဖြင့် “သိုးထိန်း​ကောင်း” ဖြစ်ကြောင်း သက်သေထူ​ခဲ့​တယ်။ (ယော. ၁၀:၁၄၊ ၁၅) အခုတော့ ကောင်းကင်​သိုးထိန်း ဖြစ်နေပြီ။ (ဟီ. ၁၃:၂၀) ၁၉၁၄ ခုနှစ်မှာ ယေဟောဝါ​က ယေရှုကို ဘုရင်အဖြစ် ခန့်အပ်​ပြီး သိုး​တွေကို ထိန်းကျောင်း​ဖို့၊ ကျွေးမွေး​ဖို့ တာဝန်​အပ်နှင်း​ခဲ့​တယ်။ နှစ်​အနည်းငယ်​ကြာပြီး ၁၉၁၉ ခုနှစ်မှာ ကောင်းကင်ဆိုင်ရာ (သို့) မြေကြီးဆိုင်ရာ မျှော်လင့်ချက်​ရှိတဲ့ သစ္စာရှိ ဝတ်ပြု​ကိုးကွယ်သူ “အိမ်သူအိမ်သား” တွေကို ကျွေးမွေး​ဖို့ နန်းတက်စ​ဘုရင်​က “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” ကို ခန့်အပ်​ခဲ့​တယ်။ (မ. ၂၄: ၄၅-၄၇) ခရစ်တော်ရဲ့ လမ်းညွှန်မှု​အောက်မှာ သစ္စာရှိ​ကျွန်​က ဘုရားရဲ့ သိုး​တွေကို ကျမ်းစာ​အမှန်တရား ပြင်ဆင်​ကျွေး​မွေးတယ်။ ဒီ​အမှန်တရားက ဘုရား​လူမျိုး လက်ရှိ မွေ့လျော်​ခံစား​နေတဲ့ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှု​ကို တိုးပွား​စေတယ်။

၂၁ “ငြိမ်းချမ်းရေး​ပဋိညာဉ်” အကြောင်း၊ ကောင်းချီး​မိုး​အကြောင်း ယေဇကျေလ စကားတွေက အနာဂတ်​အတွက် ဘာ​အဓိပ္ပာယ်​ရှိသလဲ။ လာမယ့် ကမ္ဘာသစ်မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေဟာ “ငြိမ်းချမ်းရေး​ပဋိညာဉ်” ကြောင့် ကောင်းချီး အလျှံပယ် ခံစား​ကြရမယ်။ ဒါ့အပြင် တစ်​ကမ္ဘာလုံး ပရဒိသု ဖြစ်လာမယ်။ သစ္စာရှိ​လူသားတွေဟာ စစ်မှု၊ ရာဇဝတ်မှု၊ ငတ်မွတ်မှု၊ ဖျားနာမှု၊ သားရဲတိရစ္ဆာန်​တွေကို ဘယ်တော့မှ မကြောက်​ရတော့​ဘူး။ (ဟေရှာ. ၁၁:၆-၉။ ၃၅:၅၊ ၆။ ၆၅:၂၁-၂၃) “ခြောက်လှန့်​တဲ့​သူ တစ်ယောက်မှ ရှိ​မှာ မဟုတ်” တဲ့ မြေကြီး​ပရဒိသုမှာ ထာဝစဉ် “ဘေးကင်းလုံခြုံစွာ နေထိုင်​ရ” မ​ယ်​ဆိုတဲ့ မျှော်လင့်ချက်​ကြောင့် စိတ်ထိမိ​တ​ယ် မဟုတ်လား။—ယေဇ. ၃၄:၂၈

ဘုရားရဲ့ သိုးတွေ ဘယ်လို ဆက်ဆံခံနေရသလဲဆိုတာကို ကောင်းကင်သိုးထိန်း ယေရှု ကြည့်ရှုနေ (စာပိုဒ် ၂၂ ကို ကြည့်ပါ)

၂၂။ သိုးတွေနဲ့​ပတ်သက်ပြီး ယေရှု ဘယ်လို ခံစား​ရသလဲ။ လက်ထောက်​သိုးထိန်း​အဖြစ် ထမ်းဆောင်​နေ​သူတွေ ယေရှုရဲ့ ဂရုစိုက်မှုကို ဘယ်လို တုပ​နိုင်သလဲ။

၂၂ ပရောဖက်ပြုချက်​မှ သင်ယူ​နိုင်ရာ။ အဖဘုရား​လို​ပဲ ယေရှုလည်း သိုး​တွေရဲ့ ကောင်းကျိုး​ကို အလေးထား ဂရုစိုက်​တ​ယ်။ ဖခင်ရဲ့ သိုး​တွေ ကျမ်းစာ​အမှန်တရား ကောင်းကောင်းမွန်မွန် ရရှိဖို့၊ ငြိမ်းချမ်းမှု၊ လုံခြုံမှု မွေ့လျော်​ခံစားနိုင်ဖို့ သိုးထိန်း​ဘုရင် ကြည့်ရှု​ပေး​နေတယ်။ ဒီလို​အုပ်စိုးရှင်​မျိုး​ရဲ့ ဂရုစိုက်မှု​အောက် ရှိနေ​ရတာ အားရှိစရာ​ပါပဲ။ လက်ထောက်​သိုးထိန်း​အဖြစ် ထမ်းဆောင်​နေကြ​သူတွေလည်း သိုး​တွေ​အတွက် ယေရှုရဲ့ ဂရုစိုက်မှုကို တုပ​ရမယ်။ အကြီးအကဲ​တွေ​က သိုးတော်စု​ကို “စိတ်ပါလက်ပါ၊” “စေတနာစိတ်” နဲ့ ထိန်းကျောင်း​ကြ​ပြီး သိုး​တွေ​အတွက် ပုံသက်သေ​ကောင်း ပြ​ကြရမယ်။ (၁ ပေ. ၅:၂၊ ၃) အကြီးအကဲ​တစ်ယောက်ဟာ ယေဟောဝါရဲ့ သိုး​ကို ဘယ်တော့မှ နိုင်​လို​မင်း​ထက် ပြု​ချင်​မှာ မဟုတ်ပါဘူး။ ယေဇကျေလ​ခေတ်​က ကြမ်းတမ်းတဲ့ အစ္စရေး​သိုးထိန်းတွေကို “ဖြေရှင်းချက် တောင်း​မ​ယ်” လို့ ပြောခဲ့တဲ့ ယေဟောဝါရဲ့ စကားတွေကို သတိရပါ။ (ယေဇ. ၃၄:၁၀) သိုး​တွေ ဘယ်လို​ဆက်ဆံခံရ​သလဲ​ဆိုတာ အကြီးမြတ်ဆုံး သိုးထိန်းရှင်​နဲ့ သားတော်​ယေရှု ဂရုတစိုက် စောင့်ကြည့်​နေတယ်။

“ငါ့​ကျွန်​ဒါဝိဒ်ဟာ သူတို့ရဲ့ ခေါင်းဆောင် ထာဝစဉ် ဖြစ်လိမ့်မယ်”

၂၃။ အစ္စရေး​လူမျိုး ပြန်လည်​ပေါင်းစည်းခြင်းနဲ့​ပတ်သက်ပြီး ယေဟောဝါ ဘာက​တိ​ပြု​ခဲ့သလဲ။ ဘယ်လို ပြည့်စုံ​စေခဲ့​လဲ။

၂၃ ကိုးကွယ်သူ​တွေ စည်းစည်းလုံးလုံး ဝတ်ပြု​တာ​ကို ယေဟောဝါ အလိုရှိတယ်။ ယုဒ​နှစ်နွယ်​နိုင်ငံနဲ့ အစ္စရေး​ဆယ်နွယ်​နိုင်ငံ​ကို ကိုယ်စားပြုတဲ့ ဘုရားလူမျိုးကို စုသိမ်း​မယ့်​အကြောင်း၊ “တုတ်​နှစ်ချောင်း” ကို “တုတ်​တစ်ချောင်း​တည်း” ဖြစ်လာ​စေ​သလို “လူမျိုး​တစ်မျိုးတည်း” အဖြစ် ပြန်​ပေါင်းစည်း​မ​ယ့်​အကြောင်း ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​တစ်ခုမှာ ဘုရား ကတိ​ပြုခဲ့တယ်။ (ယေဇ. ၃၇:၁၅-၂၃) ကတိထားရာပြည်မှာ အစ္စရေးတွေကို လူမျိုး​တစ်မျိုးတည်း​အဖြစ် ယေဟောဝါ ပြန်​ဖွဲ့စည်း​ခဲ့​တဲ့ ဘီစီ ၅၃၇ မှာ ဒီ​ပရောဖက်ပြုချက် ပြည့်စုံခဲ့​တယ်။ * ဒီ​ပေါင်းစည်းမှုဟာ ပို​အရေးပါတဲ့၊ ပို​တည်မြဲ​မယ့် ပေါင်းစည်းမှုရဲ့ ရှေး​ပြေး ဖြစ်တယ်။ အစ္စရေးတွေကို တစ်စည်းတစ်လုံး​တည်း ဖြစ်စေမယ်လို့ ကတိပြု​ပြီးတဲ့နောက် စစ်မှန်တဲ့ ဝတ်ပြု​ကိုးကွယ်သူတွေကို အနာဂတ်​အုပ်စိုးရှင် ဘယ်လိုနည်းနဲ့ အမြဲ စည်းလုံး​စေမယ့်​အကြောင်း ပရောဖက်ပြုချက်ကို ယေဟောဝါ​က ယေဇကျေလ​ကိုပေး​ခဲ့တယ်။

၂၄။ မေရှိယ​ဘုရင်​အကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြခဲ့သလဲ။ ဘုရင့်​အုပ်ချုပ်မှုက ဘယ်လိုမျိုး​လဲ။

၂၄ ပရောဖက်ပြုချက် ဆိုလိုရင်း။ (ယေဇကျေလ ၃၇:၂၄-၂၈ ကိုဖတ်ပါ။) မေရှိယ​ဘုရင်ကို “ငါ့​ကျွန်​ဒါဝိဒ်၊” “သိုးထိန်း​တစ်ယောက်၊” “ခေါင်းဆောင်” ဆိုပြီး ယေဟောဝါ ရည်ညွှန်းခဲ့​တ​ယ်။ ဒီ​တစ်ကြိမ်​မှာ​တော့ “ဘုရင်” ဆိုပြီး ယေဟောဝါ ခေါ်ထားတယ်။ (ယေဇ. ၃၇:၂၂) ဒီ​ဘုရင်ရဲ့ အုပ်ချုပ်မှုက ဘယ်လိုမျိုး​လဲ။ အုပ်ချုပ်မှုက ထာဝစဉ် တည်မယ်။ ဘုရင့်​အုပ်ချုပ်မှု​အောက် ကောင်းချီး​တွေဟာ အဆုံးတိုင်​မှာ မဟုတ်​ကြောင်း “ထာဝစဉ်၊” “ထာဝရ” ဆိုတဲ့ ဝေါဟာရ​တွေ​ကနေ နားလည်​ရတယ်။ * အုပ်ချုပ်မှုက စည်းလုံး​စေမယ်။ “ဘုရင်​တစ်ပါးတည်း” အောက်မှာ သစ္စာရှိ လက်အောက်ခံ​တွေဟာ “တရားစီရင်ချက်” တွေကို တစ်ပြေးညီ လိုက်လျှောက်ပြီး “ပြည်မှာ” အတူတကွ “နေထိုင်” ကြ​လိမ့်မယ်။ အုပ်ချုပ်မှုက လက်အောက်ခံတွေကို ယေဟောဝါ​ဘုရားနဲ့ ပို​ရင်းနှီး​စေမယ်။ ယေဟောဝါ​က လက်အောက်ခံ​တွေ​နဲ့ “ငြိမ်းချမ်းရေး​ပဋိညာဉ်” ဖွဲ့​မ​ယ်။ ယေဟောဝါ​က သူတို့ရဲ့ ဘုရား ဖြစ်လာမယ်။ သူတို့က ဘုရား​လူမျိုး ဖြစ်လာမယ်။ သန့်ရှင်း​ရာ​ဌာနတော်​က သူတို့​အလယ်မှာ “ထာဝစဉ်” ရှိနေ​ပါလိမ့်မယ်။

၂၅။ မေရှိယ​ဘုရင်​အကြောင်း ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံခဲ့​သလဲ။

၂၅ ပရောဖက်ပြုချက် ပြည့်စုံပုံ။ ၁၉၁၉ ခုနှစ်မှာ သစ္စာရှိ ဘိသိက်ခံ​တွေဟာ မေရှိယ​ဘုရင် ယေရှု​ခရစ်၊ “သိုးထိန်း​တစ်ပါးတည်း” လက်အောက်မှာ ပေါင်းစည်း​ခဲ့​ကြတယ်။ “လူမျိုး​တွေ၊ မျိုးနွယ်​တွေ၊ လူစု​တွေ၊ ဘာသာစကား အမျိုးမျိုး ပြောဆို​သူတွေ” ကနေ ထွက်လာတဲ့ “လူအုပ်ကြီး” ဟာ ယုံကြည်​ခြင်း​တူ​သူ ဘိသိက်ခံ​တွေ​နဲ့ ပူးပေါင်း​ခဲ့​ကြတယ်။ (ဗျာ. ၇:၉) “သိုးထိန်း​တစ်ယောက်တည်း” လက်အောက်မှာ “သိုး​တစ်အုပ်​တည်း” ဖြစ်လာ​တယ်။ (ယော. ၁၀:၁၆) ကောင်းကင်​မျှော်လင့်ချက် ရှိသည်​ဖြစ်စေ၊ မြေကြီး​မျှော်လင့်ချက် ရှိသည်​ဖြစ်စေ သူတို့​အားလုံး ယေဟောဝါရဲ့ တရားစီရင်ချက်​တွေကို နာခံ​လိုက်လျှောက်​ကြတယ်။ ရလဒ်အနေနဲ့ စည်းလုံး​တဲ့ ကမ္ဘာချီ ညီအစ်ကို​အသင်းအပင်း​အဖြစ် သင့်မြတ်​ငြိမ်းချမ်း​စွာ အတူတကွ နေထိုင်​ကြတယ်။ ယေဟောဝါ​က သူတို့ကို ငြိမ်းချမ်း​စေပြီး သူတို့​အလယ်မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ရှိစေခြင်း​အားဖြင့် ကောင်းချီး​ပေးတယ်။ အခုကော နောင်​ထာဝစဉ်ပါ ယေဟောဝါဟာ သူတို့ရဲ့ ဘုရား ဖြစ်တယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေ ဖြစ်​ရတာကို ဂုဏ်ယူ​ကြတယ်။

၂၆။ စည်းလုံးမှုကို ဘယ်လို တိုးပွား​စေနိုင်သလဲ။

၂၆ ပရောဖက်ပြုချက်​မှ သင်ယူ​နိုင်ရာ။ ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ စည်းလုံး​တဲ့ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းဝင် ဖြစ်​ရတာ အခွင့်ထူးပါပဲ။ ဒါပေမဲ့ အခွင့်ထူး​နဲ့​အတူ တာဝန် ဒွန်တွဲ​လာတယ်။ စည်းလုံးမှု တိုးပွား​အောင် လုပ်ရမယ်။ ယုံကြည်ခြင်းကို လုပ်ရပ်​နဲ့ သက်သေပြ​ခြင်းအားဖြင့် ကိုယ့်​တာဝန်​ကျေပွန်​ရမယ်။ (၁ ကော. ၁:၁၀) တူညီတဲ့ ကျမ်းစာ​အမှန်တရားကို ကျွန်တော်တို့ ခုံခုံမင်မင် ဖတ်ရှု​လေ့လာ​ကြတယ်။ တူညီတဲ့ ကိုယ်ကျင့်တရား​ဆိုင်ရာ ဘုရား​စံနှုန်းတွေကို ကိုင်စွဲ​ထား​ကြတယ်။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း​ဆိုတဲ့ အရေးကြီး​လုပ်ငန်းမှာ အတူတကွ ပါဝင်​လုပ်ဆောင်နေ​ကြတယ်။ ဒါပေမဲ့ စည်းလုံးမှုရဲ့ အဓိက​သော့ချက်​ကတော့ မေတ္တာပါပဲ။ ကိုယ်ချင်းစာ​ခြင်း၊ ချစ်ခင်​စာနာ​ခြင်း၊ ခွင့်လွှတ်ခြင်း​တို့ အပါအဝင် မေတ္တာ​အရည်အသွေး အမျိုးမျိုးကို ပျိုးထောင်​ပြီး ကြိုးစား​တင်ပြတဲ့​အခါ စည်းလုံးမှုကို တိုးများ​နေ​စေ​ရာ​ရောက်တယ်။ “မေတ္တာဟာ စည်းလုံးခြင်း​အတွက် ခိုင်မြဲ​တဲ့ နှောင်ကြိုး​ပဲ” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ကော. ၃:၁၂-၁၄။ ၁ ကော. ၁၃:၄-၇

မေတ္တာပြည့်ဝတဲ့ ဝတ်ပြုကိုးကွယ်သူ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းကို ယေဟောဝါ ကောင်းချီးပေး (စာပိုဒ် ၂၆ ကို ကြည့်ပါ)

၂၇။ (က) ယေဇကျေလ​ကျမ်းပါ မေရှိယ​နဲ့​ဆိုင်တဲ့ ပရောဖက်ပြုချက်တွေနဲ့​ပတ်သက်ပြီး ဘယ်လို ခံစား​ရသလဲ။ (ခ)နောက်​အခန်း​တွေ​မှာ ဘာအကြောင်း သုံးသပ်ကြ​မလဲ။

၂၇ ယေဇကျေလ​ကျမ်းပါ မေရှိယ​နဲ့​ဆိုင်တဲ့ ပရောဖက်ပြုချက်​တွေ​အတွက် ကျွန်တော်တို့ သိပ်​ကျေးဇူးတင်​ကြတယ်။ ဘုရင်​ယေရှုခရစ်ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်​ကိုးစားမှု​ကို ရထိုက်​ကြောင်း၊ အုပ်စိုးပိုင်ခွင့် ရှိကြောင်း၊ ကျွန်တော်တို့ကို ကြင်နာစွာ ထိန်းကျောင်း​ပေးနေ​ကြောင်း၊ ထာဝစဉ် တည်မြဲ​တဲ့ စည်းလုံးမှုကို ရရှိ​စေမှာ ဖြစ်ကြောင်း ဒီပရောဖက်ပြုချက်တွေကို ဖတ်ရှု၊ တွေးတော​ဆင်ခြင်ခြင်း​ကနေ သိရတယ်။ မေရှိယ​ဘုရင်ရဲ့ လက်အောက်ခံ ဖြစ်ခွင့်​ရတာ ဘယ်လောက် အခွင့်ထူး​လိုက်​သလဲ။ မေရှိယ​နဲ့​ဆိုင်တဲ့ ဒီ​ပရောဖက်ပြုချက်​တွေဟာ ယေဇကျေလ​ကျမ်းပါ ပြန်လည်​တည်ထောင်ခြင်း​ရဲ့ အဓိက​ကဏ္ဍ​တစ်ရပ် ဖြစ်ကြောင်း သတိရ​ကြစို့။ ဘုရားလူမျိုးကို ပြန်လည်​စုသိမ်း​ပြီး စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ဖို့ ယေဟောဝါ အသုံးပြုသူ​ကတော့ ယေရှုပါပဲ။ (ယေဇ. ၂၀:၄၁) စိတ်လှုပ်ရှားဖွယ် ပြန်လည်​တည်ထောင်ခြင်း​အကြောင်း၊ ယေဇကျေလ​ကျမ်းမှာ ဖော်ပြ​ထား​ပုံ​တို့အကြောင်း နောက်​အခန်း​တွေ​မှာ လေ့လာ​ကြပါမယ်။

^ အပိုဒ်၊ 1 ဗာဗုလုန်ပြည်​ကို ဂျူး​သုံ့ပန်း​တွေ စတင်​ခေါ်ဆောင်​သွားတဲ့ ဘီစီ ၆၁၇ မှာ ပြည်နှင်ခံ ပထမနှစ် စ​တင်တယ်။ ဒါကြောင့် ခြောက်​နှစ်​မြောက်​က ဘီစီ ၆၁၂ မှာ စ​တ​ယ်။

^ အပိုဒ်၊ 14 ဒါဝိဒ်​ကနေ ဆင်းသက်​လာတဲ့ ယေရှုရဲ့ ဆွေစဉ်မျိုးဆက် စာရင်းကို ခရစ်ဝင်ကျမ်းတွေမှာ မှတ်တမ်း​တင်ထားတယ်။—မ. ၁:၁-၁၆။ လု. ၃:၂၃-၃၁

^ အပိုဒ်၊ 23 တုတ်​နှစ်ချောင်း​အကြောင်း ယေဇကျေလ ပရောဖက်ပြုချက်​နဲ့ ပရောဖက်ပြုချက် ပြည့်စုံပုံ​အကြောင်းကို အခန်း ၁၂ မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 24 “ထာဝစဉ်၊” “ထာဝရ” လို့ ပြန်ဆိုတဲ့ ဟီဘရူး ဝေါဟာရ​နဲ့​ပတ်သက်ပြီး ရည်ညွှန်း​ကျမ်း​တစ်စောင်​မှာ ဒီလို​ဖော်ပြ​ထားတယ်– “တာရှည်တဲ့​သဘော​အပြင် တည်မြဲခြင်း၊ ကြာရှည်ခံ​ခြင်း၊ မချိုးဖျက်​နိုင်​ခြင်း၊ ခိုင်ကျည်ခြင်း၊ အပြောင်းအလဲ​ကင်း​ခြင်း ဆိုတဲ့ သဘော​တွေ​လည်း ပါတယ်။”