မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃

“ဗိမာန်တော်ရဲ့ ပုံစံအကြောင်း ပြောပြလိုက်ပါ”

“ဗိမာန်တော်ရဲ့ ပုံစံအကြောင်း ပြောပြလိုက်ပါ”

ယေဇကျေလ ၄၃:၁၀

အာရုံစိုက်​ရာ။ ခမ်းနား​လှတဲ့ ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံ အဓိပ္ပာယ်

၁-၃။ (က) ခမ်းနား​လှတဲ့ ဗိမာန်တော်​အကြောင်း စိတ်အာရုံ​ကနေ ယေဇကျေလ ဘာကြောင့် နှစ်သိမ့်မှု ရခဲ့​နိုင်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။) (ခ) ဒီ​အခန်းမှာ ဘာအကြောင်း သုံးသပ်ကြ​မလဲ။

အသက် ၅၀ အရွယ် ယေဇကျေလ​ကို မြင်ယောင်​ကြည့်ပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်လုံး ပြည်နှင်ခံ​ဘဝနဲ့ နေခဲ့​ရတယ်။ ဂျေရုဆလင်​ဗိမာန်တော်လည်း ပျက်စီး​သွားတာ ကြာပြီ။ အဲဒီမှာ ပုရောဟိတ်​အဖြစ် အမှုဆောင်ဖို့ ယေဇကျေလ စိတ်ကူး​ခဲ့​မ​ယ်​ဆိုရင် အဲဒီ​စိတ်ကူးတွေလည်း ပျက်စီး​ကုန်ပြီ။ ပြည်နှင်ခံ​ဘဝ အဆုံးတိုင်​ဖို့ နောက်ထပ် ၅၆ နှစ်လောက် ကျန်​သေးတယ်။ ယေဟောဝါရဲ့ လူမျိုး နေရင်းပြည်မှာ ပြန်​စုသိမ်း​ခံရမှာ၊ ဗိမာန်တော် ပြန်​တည်ဆောက်မှာ​ကို မြင်တွေ့​လောက်​တဲ့​အထိ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး​ဆိုတာ ယေဇကျေလ သိတယ်။ (ယေ. ၂၅:၁၁) အဲဒီ​အတွေး​တွေ​ကြောင့် ယေဇကျေလ ဝမ်းနည်း​ခဲ့​သလား။

ဒီ​အချိန်ကို​မှ ရွေး​ပြီး သစ္စာရှိ​အမျိုးသား ယေဇကျေလ​ကို နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ရှိစေတဲ့ စိတ်အာရုံ ယေဟောဝါ ပေးခဲ့တာ ဘယ်လောက်တောင် မေတ္တာ​ရှိ​လိုက်​သလဲ။ စိတ်အာရုံ​က​တစ်ဆင့် ပရောဖက်ဟာ နေရင်းပြည်​ကို ခေါ်ဆောင်သွား​ခံရပြီး မြင့်မား​လှတဲ့ တောင်ပေါ်မှာ ချထား​ခံရတယ်။ အဲဒီမှာ “ကြေးနီ​အဆင်း​အရောင် ရှိတဲ့ လူတစ်ယောက်” နဲ့ တွေ့တယ်။ ခမ်းနား​လှတဲ့ ဗိမာန်တော်​အဆောက်အအုံ​ကို ကောင်းကင်တမန် အသေးစိတ် လှည့်လည်​ပြသ​ခဲ့​တယ်။ (ယေဇကျေလ ၄၀:၁-၄ ကိုဖတ်ပါ။) တကယ့်​အစစ်​အတိုင်းပဲ။ အဲဒီ​အတွေ့အကြုံ​က ယေဇကျေလ​ကို ယုံကြည်ခြင်း ခိုင်ခံ့​စေ၊ အံ့အားသင့်​စေခဲ့​သလို အတော်လေးလည်း ဇဝေဇဝါ ဖြစ်စေခဲ့မှာပဲ။ မြင်​နေရတဲ့ ဗိမာန်တော်​အသွင်အပြင်တွေကို ရင်းနှီး​သလို ရှိပေမဲ့ ဂျေရုဆလင်​မြို့​က ဗိမာန်တော်​နဲ့​တော့ တော်​တော်​ကွာတယ်။

ယေဇကျေလကျမ်း နောက်ဆုံး​အခန်းကြီး ကိုးခန်း​စ​လုံး​က ဆန်းကြယ်​တဲ့ ဒီ​စိတ်အာရုံ​အကြောင်း​ပဲ။ ဒီ​စိတ်အာရုံ​ကို လေ့လာတဲ့​အခါ ရှိ​သင့်တဲ့ သဘောထား​နဲ့ စိတ်အာရုံရဲ့ အဓိပ္ပာယ်​အကြောင်း ဆွေးနွေး​ကြရအောင်။ ယေဇကျေလ မြင်ခဲ့တာ​ဟာ ရာစုနှစ်များစွာ ကုန်လွန်​ပြီးတဲ့နောက် တမန်တော်​ပေါလု ဆွေးနွေးခဲ့​တဲ့ ပုံဆောင်​ဗိမာန်တော်​ကြီး ဟုတ်မဟုတ် သုံးသပ်​ကြမယ်။ ယေဇကျေလ​နဲ့ ပြည်နှင်ခံ​တွေ​အတွက် ဒီ​စိတ်အာရုံ​က ဘာ​အဓိပ္ပာယ် ရှိခဲ့​ကြောင်း လေ့လာ​ကြပါမယ်။

နားလည်မှု​အသစ် လိုအပ်​ရတဲ့​အကြောင်း

၄။ ဗိမာန်တော်​အကြောင်း စိတ်အာရုံ​နဲ့​ပတ်သက်ပြီး အရင်က ဘယ်လို နားလည်ခဲ့​ကြသလဲ။ အခု ဘယ်လို နားလည်ဖို့ လိုအပ်​လာသလဲ။

တမန်တော်​ပေါလု ရေး​တဲ့ ဟီဘရူးကျမ်း​စောင်​မှာပါတဲ့ ပုံဆောင်​ဗိမာန်တော်​ကြီး​ကို ယေဇကျေလ မြင်ခဲ့တာလို့ အရင်က ကျွန်တော်တို့ရဲ့ စာပေတွေမှာ ဖော်ပြခဲ့​ဖူး​တယ်။ * ဒီလို​ကောက်ချက် ချ​တဲ့​အတွက် တဲတော်​အကြောင်း ပေါလုရဲ့ ရှင်းပြချက်တွေကို သုံးပြီး ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်​အသွင်အပြင် တော်​တော်​များများ​ကို ပုံဆောင်၊ အနှိုင်းခံ​တွေ​အဖြစ် ရှုမြင်​ခဲ့​ကြတယ်။ ဒါပေမဲ့ ဆုတောင်း၊ ထပ်ဆင့်​လေ့လာပြီး တွေးတော​ဆင်ခြင်တဲ့​အခါ ယေဇကျေလ​စိတ်အာရုံပါ ဗိမာန်တော်​အကြောင်း ပို​ရိုးရိုးရှင်းရှင်း နားလည်ဖို့ လိုအပ်​လာတယ်။

၅၊ ၆။ (က) တဲတော်​အကြောင်း ဆွေးနွေး​ချိန်မှာ တမန်တော်​ပေါလု ဘယ်လိုနည်းနဲ့ နှိမ့်ချမှု ပြခဲ့သလဲ။ (ခ) တဲတော်​နဲ့​ပတ်သက်တဲ့ ဘယ်​အသေးစိတ်​အချက်​တွေ ပေါလု ပြောခဲ့​သလဲ။ ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံ​ကို နားလည်ဖို့ ပေါလုရဲ့ သဘောထားကို ဘယ်လို တုပ​နိုင်သလဲ။

ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်​အသွင်အပြင်​တိုင်း​ကို ပရောဖက်ပြုချက်၊ ပုံဆောင်ချက်​အဖြစ် မ​ရှုမြင်​တာ ပညာ​ရှိရာ​ရောက်​ပါတယ်။ ဘာကြောင့်လဲ။ စိတ်ဝင်စားစရာ ဥပမာတစ်ခု သုံးသပ်​ကြည့်ပါ။ တဲတော်​နဲ့ ပုံဆောင်​ဗိမာန်တော်​အကြောင်း ပေါလု ဆွေးနွေး​ချိန်မှာ နံ့သာပေါင်း ရွှေခွက်၊ ပဋိညာဉ်သေတ္တာ​အဖုံး၊ မန္နမုန့် ထည့်​ထားတဲ့ ရွှေအိုး စ​သဖြင့် တဲတော်​အကြောင်း အသေးစိတ် ဖော်ပြခဲ့တယ်။ ဒါတွေဟာ ပရောဖက်ပြုချက်​တွေ​လို့ ပေါလု ပြောခဲ့​သလား။ ဒီလို​ပြောဖို့ သန့်ရှင်းသော​စွမ်းအားတော် မ​လှုံ့ဆော်ခဲ့​ပါဘူး။ “အခုတော့ အဲဒီ​အကြောင်း​တွေကို အသေးစိတ် ပြော​ရမယ့်​အချိန် မဟုတ်ဘူး” လို့ ပေါလု ရေးခဲ့တယ်။ (ဟီ. ၉:၄၊ ၅) ပေါလုဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ ညွှန်ကြားမှု​ကို ခံယူဖို့၊ ယေဟောဝါကို နှိမ့်ချ​စွာ စောင့်ဆိုင်းဖို့ တလိုတလား ရှိခဲ့တယ်။—ဟီ. ၉:၈

ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံ​နဲ့​ပတ်သက်ပြီး​လ​ည်း အခြေခံ​သဘောတရား​က အတူတူ​ပါပဲ။ စိတ်အာရုံမှာ အသေးစိတ်​အချက်​များစွာ ပါတယ်။ ထပ်ဆင့်​ရှင်းပြဖို့ လိုအပ်တယ်​ဆိုရင်လည်း ယေဟောဝါ ရှင်း​ပြမယ့်​အချိန်​ထိ စောင့်ဆိုင်းတာ အကောင်းဆုံးပါပဲ။ (မိက္ခာ ၇:၇ ကိုဖတ်ပါ။) ဒါဆိုရင် စိတ်အာရုံ​ကို ယေဟောဝါရဲ့ စွမ်းအားတော်​က မရှင်းပြ​ပေး​တော့​ဘူးလို့ ကောက်ချက် ချ​သင့်​သလား။ မချ​သင့်​ပါဘူး။

ပုံဆောင်​ဗိမာန်တော်​ကြီး​ကို ယေဇကျေလ တွေ့ခဲ့​သလား

၇၊ ၈။ (က) ဘယ်​နားလည်မှု​ကို အခု ပြုပြင်​လိုက်ပြီ​လဲ။ (ခ) စိတ်အာရုံပါ ဗိမာန်တော်ဟာ ပေါလု ဖော်ပြတဲ့ ပုံဆောင်​ဗိမာန်တော်​နဲ့ ဘယ်လို ကွာခြား​သလဲ။

အစောပိုင်းမှာ ဖော်ပြခဲ့​သလို ​ပေါလု​ရေး​တဲ့ ဟီဘရူးကျမ်း​စောင်​မှာပါတဲ့ ပုံဆောင်​ဗိမာန်တော်​ကြီး​ကို ယေဇကျေလ မြင်ခဲ့တာလို့ ကျွန်တော်တို့ရဲ့ စာပေတွေမှာ နှစ်​အတော်ကြာ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ ထပ်ဆင့်​လေ့လာတဲ့​အခါ ပုံဆောင်​ဗိမာန်တော်​ကြီး​ကို ယေဇကျေလ မြင်ခဲ့တာ မဖြစ်နိုင်ဘူးလို့ ကောက်ချက် ချ​ရတယ်။ ဘာကြောင့်လဲ။

ဦးဆုံး၊ ယေဇကျေလ မြင်ခဲ့တဲ့ ဗိမာန်တော်ဟာ ပေါလုရဲ့ ရှင်းပြချက်​နဲ့ မကိုက်ညီ​ဘူး။ စဉ်းစား​ကြည့်ပါ– မောရှေ​ခေတ်​က တဲတော်ဟာ ပို​ကြီးမြတ်တဲ့​အရာ​တစ်ခု​ရဲ့ အရိပ်၊ နမူနာ​သာ ဖြစ်ကြောင်း တမန်တော်​ပေါလု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ ရှောလမုန်၊ ဇေရုဗဗေလ​တို့ရဲ့ ဗိမာန်တော်တွေ​လို​ပဲ တဲတော်မှာ “အသန့်ရှင်းဆုံး​အခန်း” အပါအဝင် တူညီတဲ့ အခြေခံ​ဖွဲ့စည်း​ပုံ ရှိတယ်။ အဲဒီ​အခန်း​ကို “လူတွေ ဆောက်​တဲ့ အသန့်ရှင်းဆုံး​အခန်း” လို့ ခေါ်ထား​ပြီး “စစ်မှန်တဲ့ အသန့်ရှင်းဆုံး​အခန်း​ရဲ့ ပုံတူ” ဖြစ်ကြောင်း၊ ကိုယ်ထည်​အစစ်အမှန် မဟုတ်​ကြောင်း ပေါလု ရှင်းပြခဲ့တယ်။ ဒါဆိုရင် စစ်မှန်တဲ့​အရာက ဘာလဲ။ “ကောင်းကင်” ဖြစ်တယ်လို့ ရှင်းပြ​ထားတယ်။ (ဟီ. ၉:၃၊ ၂၄) ယေဇကျေလ မြင်ခဲ့တာ ကောင်းကင်​လား။ မဟုတ်ပါဘူး။ ကောင်းကင်နဲ့​ဆိုင်တဲ့​အရာတွေ မြင်ခဲ့တဲ့​အကြောင်း ယေဇကျေလရဲ့ ဒီ​စိတ်အာရုံမှာ မဖော်ပြထားဘူး။—ဒံယေလ ၇:၉၊ ၁၀၊ ၁၃၊ ၁၄ နဲ့ နှိုင်းယှဉ်ပါ။

၉၊ ၁၀။ ပူဇော်သက္ကာ​နဲ့​ပတ်သက်ပြီး ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်​နဲ့ ပေါလု ဖော်ပြတဲ့ ပုံဆောင်​ဗိမာန်တော်​ကြီး​တို့ ဘယ်လို ကွာခြား​သလဲ။

ယေဇကျေလ စိတ်အာရုံ​နဲ့ ပေါလုရဲ့ ဖော်ပြချက် ကွာခြား​ကြောင်း ပို​ခိုင်လုံတဲ့ အချက်ကတော့ ပူဇော်သက္ကာ​အကြောင်းပါပဲ။ လူတွေ၊ အကြီးအမှူး​တွေ၊ ပုရောဟိတ်တွေကို ပူဇော်သက္ကာ ဆက်သခြင်း​နဲ့​ပတ်သက်ပြီး ညွှန်ကြား​နေတာ ယေဇကျေလ ကြားခဲ့တယ်။ သူတို့က မိမိတို့​အပြစ်​အတွက် ပူဇော်သက္ကာ ဆက်သ​ကြရတယ်။ မိတ်သဟာယ ပူဇော်သက္ကာ​တွေ​လ​ည်း ဆက်သ​ကြရတယ်။ အဲဒီ​ပူဇော်သက္ကာတွေကို ဗိမာန်တော် စားသောက်ခန်းတွေ​မှာ အတူ​ဝေမျှ စားသောက်​နိုင်ကြတယ်။ (ယေဇ. ၄၃:၁၈၊ ၁၉။ ၄၄:၁၁၊ ၁၅၊ ၂၇။ ၄၅:၁၅-၂၀၊ ၂၂-၂၅) ပုံဆောင်​ဗိမာန်တော်​ကြီး​မှာ အဲဒီလို​ပူဇော်သက္ကာ​တွေ အကြိမ်ကြိမ် ဆက်သ​သလား။

ယေဇကျေလစိတ်အာရုံပါ ဗိမာန်တော်ဟာ ပုံဆောင်ဗိမာန်တော်ကြီး မဟုတ်

၁၀ အဖြေ​က ရှင်း​နေ​ပါတယ်။ ပေါလု ဒီလို​ရှင်းပြတယ်– “ခရစ်တော်ဟာ ကျွန်တော်တို့ လက်ရှိ ခံစား​နေရတဲ့ ကောင်းမြတ်တဲ့ အရာတွေကို ယူဆောင်​လာတဲ့ ပုရောဟိတ်မင်း​အဖြစ် ရောက်လာ​ချိန်မှာ ပို​ကြီးမြတ်​သာလွန်​တဲ့ တဲတော်​ထဲ ဝင်​သွားတယ်။ အဲဒီ​တဲတော်ဟာ လူတွေ ဆောက်​ထားတာ မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာ တည်ရှိ​တာ မဟုတ်ဘူး။ ခရစ်တော်​က အသန့်ရှင်းဆုံး​အခန်း​ထဲ ဆိတ်​သွေး၊ နွား​ကလေး​သွေး​နဲ့ မဟုတ်ဘဲ မိမိရဲ့ သွေး​နဲ့ တစ်ကြိမ်​တည်း​အပြီး ဝင်​သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ထာဝရ လွတ်မြောက်ခွင့် ရသွားတယ်။” (ဟီ. ၉:၁၁၊ ၁၂) ပုံဆောင်​ဗိမာန်တော်​ကြီး​မှာ ပူဇော်သက္ကာ​တစ်ခုတည်းကို တစ်ကြိမ်​တည်း​အပြီး ဆက်သခဲ့တယ်။ အဲဒါကတော့ ပို​ကြီးမြတ်တဲ့ ပုရောဟိတ်မင်း ယေရှု​ခရစ် ဆက်သ​ခဲ့​တဲ့ ရွေးဖိုး ပူဇော်သက္ကာ​ပါပဲ။ ဆိတ်၊ နွား​စတဲ့ ပူဇော်သက္ကာ​တွေ​အကြောင်း ပါတဲ့ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ဟာ ပုံဆောင်​ဗိမာန်တော်​ကြီး မဟုတ်မှန်း ရှင်း​နေ​ပါတယ်။

၁၁။ ပုံဆောင်​ဗိမာန်တော်​ကြီး​အကြောင်း အမှန်တရားတွေကို ယေဇကျေလ​ခေတ်​တုန်း​က ဘုရား ဘာကြောင့် မဖွင့်ပြ​ခဲ့သလဲ။

၁၁ ပုံဆောင်​ဗိမာန်တော်​ကြီး​ကို ယေဇကျေလ မြင်ခဲ့တာ မဖြစ်နိုင်ဘူးလို့ ကောက်ချက် ချ​ရတဲ့ ဒုတိယ​အချက်ကတော့ အဲဒီ​အမှန်တရားတွေကို ဘုရား ဖွင့်ပြမယ့်​အချိန် မရောက်​သေးတာပဲ။ ယေဇကျေလ စိတ်အာရုံဟာ ဗာဗုလုန်​မှာ​ရှိတဲ့ ပြည်နှင်ခံ​ဂျူးတွေ​အတွက် ဦးဆုံး ရည်ရွယ်​ခဲ့​ကြောင်း အမှတ်ရပါ။ သူတို့က မောရှေ​ပညတ်​အောက်မှာ ရှိကြတယ်။ ပြည်နှင်ခံ​ဘဝ အဆုံးတိုင်​တဲ့အခါ ဂျေရုဆလင်​မြို့ကို ပြန်လာ​ကြမယ်။ ဗိမာန်တော်​နဲ့ ပူဇော်ရာ​ပလ္လင် ပြန်​တည်ဆောက်​ပြီး စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့​ပတ်သက်တဲ့ ပညတ်တရားကို လိုက်နာ​ကြမယ်။ အဲဒီမှာ ပူဇော်သက္ကာ​တွေ ဆက်သ​ကြမယ်။ တကယ်လည်း နောက်ထပ်​ခြောက်ရာစု​နီးပါး အဲဒီလို ဆက်သ​ခဲ့​ကြတယ်။ ယေဇကျေလ စိတ်အာရုံမှာ မြင်ခဲ့တာ​ဟာ ပုံဆောင်​ဗိမာန်တော် ဖြစ်တယ်​ဆိုရင် ဂျူးတွေ​အပေါ် ဘယ်လို သက်ရောက်မှု ရှိမယ်​ဆိုတာ စဉ်းစား​ကြည့်ပါ။ ပုရောဟိတ်မင်း​က ပုံဆောင်​ဗိမာန်တော်မှာ တခြား​ပူဇော်သက္ကာတွေကို ဖျက်သိမ်း​ပြီး မိမိ​အသက်ကို ပူဇော်သက္ကာ​အဖြစ် ဆက်သတယ်​ဆိုတဲ့ စိတ်အာရုံ​မျိုးကို သူတို့ ဘယ်​နားလည်​ပါ့​မလဲ။ မောရှေ​ပညတ်ကို လိုက်နာ​ပါ့​မယ်​ဆိုတဲ့ သူတို့​ဆုံးဖြတ်ချက် အားပျော့​သွားနိုင်တယ် မဟုတ်လား။ ယေဟောဝါ​က အချိန်တန်​မှ၊ မိမိ​လူမျိုး အဆင်သင့်​ဖြစ်တဲ့​အချိန်​ရောက်​မှ အမှန်တရား​တွေ ဖွင့်ပြ​ပေးတယ်။

၁၂-၁၄။ ယေဇကျေလ မြင်ခဲ့တဲ့ ဗိမာန်တော်​နဲ့ ပုံဆောင်​ဗိမာန်တော်​အကြောင်း ပေါလုရဲ့ ရှင်းပြချက်​တို့မှာ ဘာ​ဆက်နွှယ်မှု ရှိသလဲ။ (“မတူညီတဲ့ ဗိမာန်တော်​များ၊ မတူညီတဲ့ သင်ခန်းစာများ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၂ ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံ​နဲ့ ပုံဆောင်​ဗိမာန်တော်​အကြောင်း ပေါလုရဲ့ ရှင်းပြချက်​တို့မှာ ဘာ​ဆက်နွှယ်မှု ရှိသလဲ။ ယေဇကျေလ စိတ်အာရုံ​ကို မဟုတ်ဘဲ မောရှေ​ခေတ် တဲတော်​ကို အခြေခံပြီး ပေါလု ဆွေးနွေးခဲ့​ကြောင်း အမှတ်ရပါ။ ရှောလမုန်၊ ဇေရုဗဗေလ​တို့ရဲ့ ဗိမာန်တော်၊ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ရဲ့ အသွင်အပြင်​အတော်များများကို ပေါလု ဖော်ပြခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ယေဇကျေလ​နဲ့ ပေါလုတို့ရဲ့ အလေးပေး ဖော်ပြချက်​တွေ မတူဘူး။ * တစ်ယောက် ဖော်ပြပြီး​တာ​ကို တစ်ယောက်က ပြန်​ဖော်ပြတာ​မျိုး မဟုတ်ဘဲ ဖြည့်စွက်​ပေးတယ်။ ဘယ်လို​နည်းနဲ့လဲ။

၁၃ ကျမ်းပိုဒ်​နှစ်ခု​ကြား ဆက်နွှယ်မှု​ကို ဒီလို​နားလည်​နိုင်တယ်– ဝတ်ပြုရေး​နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ အစီအစဉ်ကို ပေါလု​ဆီက သိရတယ်။ ဝတ်ပြုရေး​နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ စံနှုန်းတွေကို​တော့ ယေဇကျေလ​ဆီက သိရတယ်။ ပုရောဟိတ်မင်း၊ ပူဇော်သက္ကာ၊ ပူဇော်ရာ​ပလ္လင်၊ အသန့်ရှင်းဆုံး​အခန်း​စတဲ့ ပုံဆောင်​ဗိမာန်တော်​ရှိ အသွင်အပြင်တွေရဲ့ အဓိပ္ပာယ်​ကို ပေါလု ဖော်ပြခဲ့တယ်။ ဒါက စင်ကြယ်​တဲ့ ဝတ်ပြုရေး​နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ အစီအစဉ်​အကြောင်း သင်ပေးတယ်။ ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံမှာ​တော့ ကျွန်တော်တို့ကို စိတ်ထိမိ​စေတဲ့ သင်ခန်းစာ​များစွာ​ပါတဲ့ အနုစိတ် ရုပ်ပုံ​တစ်ခု ပါတယ်။ ဒါက စင်ကြယ်​တဲ့ ဝတ်ပြုရေး​နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေ​အကြောင်း အလေး​ပေးတယ်။

၁၄ ပြုပြင်​ထားတဲ့ နားလည်မှု​အသစ်​က ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။ ယေဇ​ကျေလ စိတ်အာရုံ​က ကျွန်တော်တို့​အချိန်မှာ အဓိပ္ပာယ် သိပ်​မရှိတော့ဘူး​လို့ မဆိုလို​ပါဘူး။ ကျွန်တော်တို့​အပေါ် စိတ်အာရုံ အကျိုး​သက်ရောက်​ပုံကို သိမြင်ဖို့ ယေဇကျေလ​ခေတ်​နဲ့ နောက်ပိုင်း သစ္စာရှိ​ဂျူးတွေ​အပေါ် အကျိုး​သက်ရောက်​ခဲ့​ပုံ​အကြောင်း အနီးကပ် သုံးသပ်​ကြည့်ကြစို့။

ပြည်နှင်ခံ​ဂျူးတွေ​အတွက် စိတ်အာရုံ​က ဘာ​အဓိပ္ပာယ် ရှိခဲ့သလဲ

၁၅။ (က) ယေဇကျေလ စိတ်အာရုံရဲ့ အဓိက​သတင်းစကားက ဘာလဲ။ (ခ) ယေဇကျေလ အခန်းကြီး ၈ နဲ့ အခန်းကြီး ၄၀ ကနေ ၄၈ မှာ ဘာ​ကွာခြားချက် တွေ့ရသလဲ။

၁၅ ဒီ​မေးခွန်းရဲ့ ကျမ်းစာ​အဖြေကို ရဖို့ မေးခွန်း​တချို့ကို သုံးသပ်​ကြည့်ရအောင်။ ဒါက ရှင်းလင်း​ပြည့်စုံတဲ့​ရုပ်လုံး ပေါ်လာ​စေပါလိမ့်မယ်။ ပထမ၊ စိတ်အာရုံရဲ့ အဓိက​သတင်းစကားက ဘာလဲ။ ရိုးရိုးလေး​ပြော​ရ​ရင် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်မယ့်​အကြောင်း​ပါ။ ဒါက ယေဇကျေလ​အတွက် ရှင်း​ပါတယ်။ ဂျေရုဆလင်​ဗိမာန်တော်ရဲ့ မနှစ်မြို့ဖွယ် အခြေအနေကို ယေဟောဝါ ပြခဲ့တဲ့​အကြောင်း ယေဇကျေလကျမ်း အခန်းကြီး ၈ မှာ ရေးခဲ့တယ်။ အခန်းကြီး ၄၀ ကနေ ၄၈ မှာ​တော့ လုံးဝ ကွဲပြား​တဲ့၊ နှစ်သက်ဖွယ် အကြောင်းအရာကို အသေးစိတ် ရေး​ရမှာ​မို့ ယေဇကျေလ ပျော်ရွှင်ခဲ့မှာပဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ရှုတ်ချ​မခံရ​ဘဲ မောရှေ​ပညတ်​မှာ ဖော်ပြ​ထားတဲ့ စံနှုန်း​အတိုင်း ရှိနေတာကို စိတ်အာရုံမှာ တွေ့ရတယ်။

၁၆။ လွန်ခဲ့တဲ့ နှစ်​တစ်​ရာ​ကျော်​က ဟေရှာယ ကြိုဟော​ခဲ့တာကို ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံ​က ဘယ်လို အတည်ပြု​သလဲ။

၁၆ ယေဟောဝါရဲ့ ဝတ်ပြုရေး နဂို​အခြေအနေ​အတိုင်း ပြန်ဖြစ်​ဖို့​ဆိုရင် အရင်ဆုံး ချီးမြှောက်ခံရ​ဖို့ လိုတယ်။ လွန်ခဲ့တဲ့ အနှစ်​တစ်​ရာ​ကျော်​တုန်း​က ပရောဖက်​ဟေရှာယ ဒီလို​ရေးခဲ့တယ်– “အဆုံးပိုင်း​ကာလမှာ ယေဟောဝါရဲ့ အိမ်တော် တည်​တဲ့ တောင်​ဟာ တောင်တန်း​တကာ​ရဲ့ ထိပ်မှာ အခိုင်အမာ တည်​နေမယ်။ တောင်ကုန်းတွေရဲ့ အထက်မှာ ချီးမြှောက်​ခံရမယ်။” (ဟေရှာ. ၂:၂) ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုဟာ တောင်တန်း​တကာ​ရဲ့ ထိပ်မှာ တည်ထား​သလို ပြန်လည်​တည်ထောင်​ခံရမယ်၊ ချီးမြှောက်ခံရ​မယ်​လို့ ဟေရှာယ ကြိုသိ​မြင်ခဲ့တယ်။ အခု စိတ်အာရုံ​ထဲမှာ ယေဇကျေလ ဘယ်​ရောက်နေ​သလဲ။ “မြင့်မား​လှတဲ့ တောင်ပေါ်မှာ” ရှိနေပြီး ယေဟောဝါရဲ့ အိမ်တော်ကို ကြည့်​နေတယ်။ (ယေဇ. ၄၀:၂) ဒါကြောင့် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်​မှာ ဖြစ်ကြောင်း ယေဇကျေလ စိတ်အာရုံ​က အတည်ပြု​တယ်။

ယေဇကျေလ မြင်ခဲ့တဲ့ ဗိမာန်တော်ဟာ မြင့်မားလှတဲ့ နေရာမှာ ချီးမြှောက်ခံရ (စာပိုဒ် ၁၆ ကို ကြည့်ပါ)

၁၇။ ယေဇကျေလ အခန်းကြီး ၄၀ ကနေ ၄၈ ကို အကျဉ်းချုပ် ရှင်းပြပါ။

၁၇ ယေဇကျေလ အခန်းကြီး ၄၀ ကနေ ၄၈ မှာ မှတ်တမ်း​တင်ထားတဲ့ ယေဇကျေလ မြင်ခဲ့၊ ကြားခဲ့​ရတာတွေကို အကျဉ်းချုပ် သုံးသပ်​ကြည့်ပါ။ တံခါးတွေ၊ တံတိုင်း၊ ရင်ပြင်တွေနဲ့ ဗိမာန်တော်​သန့်ရှင်း​ရာ​ဌာန​ကို ကောင်းကင်တမန် လိုက်​တိုင်း​နေတာ ယေဇကျေလ ကြည့်​နေခဲ့​တယ်။ (ယေဇ. ၄၀-၄၂) အဲဒီနောက် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်​တစ်ခု ဖြစ်ခဲ့တယ်။ ဗိမာန်တော်မှာ ယေဟောဝါရဲ့ ဘုန်းတော် သက်ရောက်​လာတာ​ပဲ။ ထင်ရာစိုင်း​တဲ့ လူမျိုး၊ ပုရောဟိတ်တွေ၊ အကြီးအမှူး​တွေကို ယေဟောဝါ ဆုံးမတယ်။ (ယေဇ. ၄၃:၁-၁၂။ ၄၄:၁၀-၃၁။ ၄၅:၉-၁၂) အသက်နဲ့ ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးတဲ့ မြစ်တစ်စင်း သန့်ရှင်း​ရာ​ဌာနတော်​ထဲ​ကနေ ပင်လယ်သေ​ထဲ စီးဝင်​သွားတာ ယေဇကျေလ မြင်တယ်။ (ယေဇ. ၄၇:၁-၁၂) အဲဒီနောက် တိုင်းပြည်​ဟာ တိကျတဲ့ မြေကွက်တွေ​အဖြစ် ကွဲ​သွားပြီး စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​က အလယ်​ဗဟိုမှာ နေရာယူ​ထားတယ်။ (ယေဇ. ၄၅:၁-၈။ ၄၇:၁၃–၄၈:၃၅) ဘာ​အဓိပ္ပာယ်​လဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်​ခံရမယ်၊ ချီးမြှောက်ခံရ​မယ်​ဆိုတဲ့​အကြောင်း မိမိ​လူမျိုးကို ယေဟောဝါ အာမခံ​နေတာ​ဖြစ်မှန်း ရှင်း​ပါတယ်။ ဘုရားက ဝတ်ပြုရာ​အိမ်တော်မှာ စံမြန်း​ခြင်းအားဖြင့် ကောင်းချီး​ပေးမယ်။ ဗိမာန်တော်​က​တစ်ဆင့် ပြန်လည်​တည်ထောင်​ထားတဲ့ ပြည်​ထဲ ကောင်းချီးတွေ စီးဆင်း​စေမယ်။ အနာ​ရောဂါ ပျောက်ကင်း​နိုင်တဲ့ အစွမ်း၊ အသက်နဲ့ အစီအစဉ်တွေကို ဆောင်ကြဉ်း​ပေးမယ်။

ယေဇကျေလ မြင်ခဲ့တဲ့ ဗိမာန်တော်ဟာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ ဘယ်လို ပြန်လည်တည်ထောင်ပေးမယ့်အကြောင်း သရုပ်ဖော်ချက် ဖြစ် (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၈။ ဗိမာန်တော်​အကြောင်း စိတ်အာရုံ​ကို ပကတိ​အတိုင်း နားလည်​ရမလား။ ရှင်းပြပါ။

၁၈ ဒုတိယ၊ စိတ်အာရုံ​ကို ပကတိ​အတိုင်း နားလည်​ရမလား။ မဟုတ်ပါဘူး။ ယေဇကျေလ​နဲ့ ပြည်နှင်ခံ​တွေ​က စိတ်အာရုံ​ကို ပကတိ​အတိုင်း နားလည်လို့ မရ​မှန်း ချက်ချင်း သိခဲ့​ကြ​ပုံ​ရတယ်။ ဘာကြောင့်လဲ။ ဗိမာန်တော်ကို “မြင့်မား​လှတဲ့ တောင်ပေါ်” မှာ ယေဇကျေလ မြင်ခဲ့​ကြောင်း အမှတ်ရပါ။ ဟေရှာယ ပရောဖက်ပြုချက်​နဲ့ ကိုက်ညီ​ပေမဲ့ ဗိမာန်တော်ရဲ့ ပကတိ​တည်နေရာ​နဲ့​တော့ မကိုက်ညီ​ဘူး။ ရှောလမုန်​ဗိမာန်တော်ကို ဂျေရုဆလင်​မြို့ မောရိ​တောင်ပေါ်မှာ တည်​ဆောက်ခဲ့တယ်။ တစ်နေ့ အဲဒီ​နေရာမှာပဲ ဗိမာန်တော်ကို ပြန်​တည်ဆောက်မှာ။ ဒါပေမဲ့ မောရိ​တောင်​ဟာ “မြင့်မား​လှတဲ့​တောင်” လား။ မဟုတ်ပါဘူး။ တကယ်တော့ မောရိ​တောင်ကို အမြင့်​ချင်း​တူတဲ့ ဒါမှမဟုတ် ပို​မြင့်တဲ့ တောင်တွေနဲ့ ဝန်းရံ​ထားတယ်။ ဒါ့အပြင် ယေဇကျေလ မြင်ခဲ့တဲ့ ဗိမာန်တော်​အဆောက်အအုံ​ဟာ သိပ်​ကြီးတယ်။ တံတိုင်း​ခတ်​ထားပြီး ကြီးမား​ကျယ်ဝန်း​လှတဲ့ ဒီလို​ဗိမာန်တော်​မျိုးကို မောရိ​တောင်ထိပ်မှာ တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ရှောလမုန်​ခေတ် ဂျေရုဆလင်​မြို့မှာ​တောင် တည်​နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ပကတိ​မြစ်တစ်စင်း ဗိမာန်တော်​သန့်ရှင်း​ရာ​ဌာန​ကနေ ပင်လယ်သေ​ထဲ စီးဝင်​သွားပြီး သက်မဲ့တွေကို ပြန်ရှင်​သန်​လာစေဖို့ ပြည်နှင်ခံ​တွေ မမျှော်လင့်​ကြပါဘူး။ တောင်ကုန်း​တောင်တန်း ပေါများ​တဲ့ ကတိထားရာပြည်မှာ စိတ်အာရုံမှာ​ပါတဲ့​အတိုင်း အစ္စရေး​မျိုးနွယ်​တွေ​အတွက် ဖြောင့်တန်း​တဲ့ နယ်နိမိတ်​တွေ ခွဲဝေ​ပေးဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် စိတ်အာရုံ​ကို ပကတိ​အတိုင်း နားလည်လို့ မရ​ပါဘူး။

၁၉-၂၁။ ယေဟောဝါ​က မိမိ​လူမျိုးအပေါ် ဘာ​အကျိုး​သက်ရောက်​စေဖို့ ယေဇကျေလ စိတ်အာရုံ​ကို ပေးခဲ့သလဲ။ ဘာကြောင့် အဲဒီလို ခံစား​စေ​ရသလဲ။

၁၉ တတိယ၊ ယေဇကျေလ​ခေတ်​က လူတွေ​အပေါ် စိတ်အာရုံ​က ဘာ​အကျိုး​သက်ရောက်​ခဲ့သလဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေကို စဉ်းစား​တဲ့အခါ အစ္စရေး​တွေ ရှက်ကြောက်​သင့်တယ်။ “အစ္စရေး​အမျိုး​ကို ဗိမာန်တော်ရဲ့ ပုံစံ​အကြောင်း ပြောပြ​လိုက်ပါ” လို့ ယေဇကျေလ​ကို ယေဟောဝါ မိန့်ဆိုခဲ့တယ်။ ဗိမာန်တော်​အကြောင်း ယေဇကျေလ ဖော်ပြချက်​တွေဟာ အသေးစိတ်​ကျ​လွန်း​လို့ အစ္စရေး​တွေ “ဗိမာန်တော်ရဲ့ အတိုင်း​အ​ထွာ​ပုံစံကို . . . လေ့လာ” နိုင်ခဲ့ကြ​တ​ယ်။ ဗိမာန်တော်​အကြောင်း အစ္စရေး​တွေ ဘာကြောင့် ဆင်ခြင်​ကြ​ရမလဲ။ ကျွန်တော်တို့ လေ့လာခဲ့တဲ့​အတိုင်း ဗိမာန်တော်ကို တကယ်​တည်ဆောက်ဖို့ မရည်ရွယ်​ဘူး။ အဲဒီအစား “လုပ်ခဲ့တဲ့ အမှား​တွေ​ကြောင့် သူတို့ အရှက်ရ” စေဖို့​ဆိုပြီး ယေဟောဝါ မိန့်ဆို​ထားတယ်။ယေဇကျေလ ၄၃:၁၀-၁၂ ကိုဖတ်ပါ။

၂၀ ဒီ​စိတ်အာရုံ​က စိတ်​ရိုး​ဖြောင့်​သူတွေရဲ့ သိစိတ်ကို ဘာကြောင့် ထိမိ​စေ၊ အရှက်​ရစေ​နိုင်သလဲ။ “လူသား၊ အာရုံစိုက်ပါ။ အသေအချာ ကြည့်ပါ။ ယေဟောဝါရဲ့ ဗိမာန်တော်​နဲ့​ပတ်သက်တဲ့ စည်းမျဉ်းတွေ၊ ပညတ်​တွေ​အကြောင်း ငါ​ပြောသမျှ​ကို ဂရုတစိုက် နားထောင်ပါ” ဆိုပြီး ယေဇကျေလ​ကို ပြောခဲ့တာ သတိပြုပါ။ (ယေဇ. ၄၄:၅) စည်းမျဉ်းတွေ၊ ပညတ်​တွေ​အကြောင်း ယေဇကျေလ ထပ်ခါထပ်ခါ ကြားခဲ့​ရတယ်။ (ယေဇ. ၄၃:၁၁၊ ၁၂။ ၄၄:၂၄။ ၄၆:၁၄) ယေဟောဝါရဲ့ စံနှုန်းတွေ​အကြောင်းလည်း ခဏခဏ သတိပေး​ခံခဲ့ရတယ်။ တိကျတဲ့ အတိုင်း​အ​ထွာ​နဲ့ အ​ခြင်​အ​တွယ်​တွေ​အကြောင်း​တောင် ပါတယ်။ (ယေဇ. ၄၀:၅။ ၄၅:၁၀-၁၂။ ပညာအလိမ္မာ ၁၆:၁၁ နဲ့ နှိုင်းယှဉ်ပါ။) ဒီ​စိတ်အာရုံ​တစ်ခုတည်းမှာတင် “တိုင်း၊” “အတိုင်းအတာ” ဆိုတဲ့ မူရင်း​စကားလုံးတွေကို အကြိမ် ၅၀ ကျော် ယေဇကျေလ မှတ်တမ်း​တင်ထားတယ်။

၂၁ အတိုင်းအတာ၊ အ​ခြင်​အ​တွယ်၊ ပညတ်​တွေ၊ စည်းမျဉ်းတွေ။ ယေဟောဝါ​က မိမိ​လူမျိုးကို ဘာသင်ပေး​ချင်​သလဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် စံနှုန်းတွေကို ချမှတ်​သူဟာ ယေဟောဝါ​တစ်ပါးတည်းသာ ဖြစ်ကြောင်း အရေးကြီး​အမှန်တရားကို သတိပေး​နေပုံပါပဲ။ ဒီ​စံနှုန်းတွေ​ကနေ သွေဖည်​သွား​သူတွေဟာ အရှက်ရ​သင့်ပါတယ်။ စိတ်အာရုံ​က ဂျူးတွေကို ဘယ်လိုနည်းနဲ့ ဒီ​သင်ခန်းစာ​တွေ ပေးခဲ့သလဲ။ နောက်​အခန်းမှာ ဥပမာ​တချို့ လေ့လာ​ကြပါမယ်။ ထူးခြားတဲ့ ဒီ​စိတ်အာရုံဟာ ကျွန်တော်တို့​အတွက် ဘာ​အဓိပ္ပာယ်​ရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်​လာဖို့ အဲဒီ​ဥပမာ​တွေ​က ကူညီ​ပေးပါလိမ့်မယ်။

ဗိမာန်တော်အကြောင်း စိတ်အာရုံက စိတ်နှလုံးရိုးဖြောင့်သူတွေကို ဘာကြောင့် အရှက်ရစေမလဲ။ (စာပိုဒ် ၁၉-၂၁ ကို ကြည့်ပါ)

^ အပိုဒ်၊ 4 ပုံဆောင်​ဗိမာန်တော်​ဆိုတာ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ​ပေါ် အခြေခံ​တဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် ယေဟောဝါရဲ့ အစီအစဉ်ပါ။ ဒီ​အစီအစဉ်​က အေဒီ ၂၉ မှာ စတင်​ခဲ့​ကြောင်း ကျွန်တော်တို့ နားလည်​ကြတယ်။

^ အပိုဒ်၊ 12 ဥပမာ၊ ပုရောဟိတ်မင်း​အကြောင်း၊ နှစ်စဉ် အပြစ်ဖြေ​ရာ​နေ့မှာ လုပ်ဆောင်​ရမယ့် ပုရောဟိတ်မင်းရဲ့ အခန်းကဏ္ဍ​အကြောင်း ပေါလု အလေး​ပေးခဲ့တယ်။ (ဟီ. ၂:၁၇။ ၃:၁။ ၄:၁၄-၁၆။ ၅:၁-၁၀။ ၇:၁-၁၇၊ ၂၆-၂၈။ ၈:၁-၆။ ၉:၆-၂၈) ယေဇကျေလ စိတ်အာရုံမှာ​တော့ ပုရောဟိတ်မင်း​အကြောင်းကို​ရော အပြစ်ဖြေ​ရာ​နေ့​အကြောင်းကိုပါ ဖော်ပြ​မထားဘူး။