မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၄

“ဒါဟာ ဗိမာန်တော်နဲ့ဆိုင်တဲ့ ပညတ်ပဲ”

“ဒါဟာ ဗိမာန်တော်နဲ့ဆိုင်တဲ့ ပညတ်ပဲ”

ယေဇကျေလ ၄၃:၁၂

အာရုံစိုက်​ရာ။ ဗိမာန်တော်​အကြောင်း စိတ်အာရုံ—ယေဇကျေလ​ခေတ်​အတွက် လက်တွေ့ကျ သင်ခန်းစာများနဲ့ ဒီနေ့​ခေတ် ကျွန်တော်တို့​အတွက် အဓိပ္ပာယ်

၁၊ ၂။ (က) ရှေ့အခန်း​မှာ ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံ​နဲ့​ပတ်သက်ပြီး ဘာသိ​ရှိခဲ့​ရသလဲ။ (ခ) ဒီ​အခန်းမှာ ဘယ်​မေးခွန်း​နှစ်ခု သုံးသပ်ကြ​မလဲ။

စိတ်အာရုံမှာ ယေဇကျေလ မြင်ခဲ့တာ​ဟာ ရာစုနှစ်များစွာ​အကြာမှာ တမန်တော်​ပေါလု ဆွေးနွေးခဲ့​တဲ့ ပုံဆောင်​ဗိမာန်တော်​ကြီး မဟုတ်ပါဘူး။ ဒီ​အကြောင်းကို ရှေ့အခန်း​မှာ လေ့လာ​ခဲ့​ကြတယ်။ စိတ်အာရုံရဲ့ ရည်ရွယ်ချက်​က စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် ဘုရားစံနှုန်းတွေ​ရဲ့ အရေးကြီးမှု​အကြောင်း ဘုရားလူမျိုးကို သွန်သင်​ပေးဖို့​ဆိုတာ​ကိုလည်း သိရှိခဲ့ကြတယ်။ ဒီ​စံနှုန်းတွေကို လိုက်နာ​မှ​သာ ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း ပြန်​ရနိုင်မယ်။ “ဒါဟာ ဗိမာန်တော်​နဲ့​ဆိုင်တဲ့ ပညတ်ပဲ” ဆိုတဲ့ အဓိက​အချက်ကို အခန်းငယ်​တစ်ခုတည်းမှာတင် ယေဟောဝါ ဘာကြောင့် နှစ်ကြိမ် အလေးပေး မိန့်ဆိုခဲ့​သလဲ​ဆိုတာ တွေ့​ရပါမယ်။ယေဇကျေလ ၄၃:၁၂ ကိုဖတ်ပါ။

အခု နောက်ထပ်​မေးခွန်း​နှစ်ခု သုံးသပ်​ကြမယ်။ ပထမ၊ ဗိမာန်တော်​အကြောင်း စိတ်အာရုံ​ကနေ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် ယေဟောဝါရဲ့ စံနှုန်းတွေနဲ့​ပတ်သက်ပြီး ဘယ်​သင်ခန်းစာတွေကို ယေဇကျေလ​ခေတ်​က ဂျူးတွေ သင်ယူ​ခဲ့ကြသလဲ။ ဒီနောက်ဆုံး​ကာလမှာ ဘာ​အဓိပ္ပာယ်​ရှိသလဲ​ဆိုတဲ့ ဒုတိယ​မေးခွန်း​ကို ပထမ​မေးခွန်းရဲ့ အဖြေ​က နားလည်စေ​ပါ​မယ်။

စိတ်အာရုံ​က ရှေး​အချိန်မှာ ဘာသင်ခန်းစာ​တွေ ပေးခဲ့သလဲ

၃။ စိတ်အာရုံ​ကို မြင့်မား​လှတဲ့​တောင်ပေါ်မှာ မြင်တွေ့​ရခြင်း​က အစ္စရေး​လူမျိုးကို ဘယ်လိုနည်းနဲ့ ရှက်စိတ် ဝင်​စေခဲ့​မလဲ။

ပထမ​မေးခွန်းရဲ့ အဖြေ ရဖို့ ဗိမာန်တော်​အကြောင်း စိတ်အာရုံရဲ့ ထူးခြားတဲ့ အသွင်အပြင် အနည်းငယ်​ကို အာရုံစိုက်​ကြရအောင်။ မြင့်မား​လှတဲ့ တောင်။ ယေဇကျေလ​စိတ်အာရုံ နောက်ခံ​ကို ပြန်လည်​တည်ထောင်ခြင်း​အကြောင်း ဟေရှာယ​ပရောဖက်ပြုချက်​နဲ့ ဆက်စပ်​တွေးမိ​နိုင်တယ်။ (ဟေရှာ. ၂:၂) ယေဟောဝါရဲ့ အိမ်တော်ကို မြင့်မား​လှတဲ့ တောင်ပေါ်မှာ မြင်တွေ့​ရခြင်း​က ဘာသင်ပေးသလဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုဟာ ဘယ်​အရာ​ထက်​မဆို ဂုဏ်တင်​ချီးမြှောက်ခံ​သင့်​ကြောင်း သင်ပေးတယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ဆိုတာ “တခြား​ဘုရားတွေ​ထက် အဆ​မတန် မြင့်မြတ်” တဲ့​အရှင်ဆီက အစီအစဉ် ဖြစ်တာမို့ ချီးမြှောက်ခံရ​တာ သဘာဝ​ကျ​ပါတယ်။ (ဆာ. ၉၇:၉) ဒါပေမဲ့ လူတွေ​ဘက်က တာဝန်​မ​ကျေ​ခဲ့​ကြဘူး။ ရာစုနှစ်တွေ​တစ်လျှောက် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို အကြိမ်ကြိမ် ရှုတ်ချ​ကြတယ်၊ စွန့်ပစ်​ကြတယ်၊ ညစ်ညူး​စေ​ကြတယ်။ ဘုန်းအသရေ​ရှိပြီး ထင်ရှား​တဲ့ နေရာမှာ ဘုရားရဲ့ အိမ်တော်မြတ် ထိုက်​သင့်​စွာ ဂုဏ်တင်​ချီးမြှောက်ခံရ​တာ မြင်တွေ့​ရခြင်း​က စိတ်​ရိုး​ဖြောင့်​သူတွေကို ရှက်စိတ် ဝင်​စေမှာ သေချာ​ပါတယ်။

၄၊ ၅။ ဗိမာန်တော်ရဲ့ မြင့်မားတဲ့ တံခါးတွေ​ကနေ ဘုရား​လူမျိုး ဘာသင်ခန်းစာ ယူ​နိုင်ခဲ့ကြ​မလဲ။

မြင့်မားတဲ့ တံခါးများ။ စိတ်အာရုံ အစပိုင်းမှာ တံခါးတွေ​ကို ကောင်းကင်တမန် တိုင်း​နေတာ ယေဇကျေလ ကြည့်​နေခဲ့​တ​ယ်။ တံခါး​တွေဟာ ပေ ၁၀၀ လောက် မြင့်​တယ်။ (ယေဇ. ၄၀:၁၄) အဝင်​လမ်းမှာ အစောင့်ခန်းတွေ ရှိတယ်။ ဒါတွေ​အားလုံး​က ဗိမာန်တော်​ပုံစံကို လေ့လာသူတွေ​အတွက် ဘာ​အဓိပ္ပာယ် ရှိ​နိုင်သလဲ။ “ဗိမာန်တော် အဝင်​လမ်း . . . ကို အသေအချာ အာရုံစိုက်ပါ”လို့ ယေဇကျေလ​ကို ယေဟောဝါ မိန့်မှာတယ်။ ဘာကြောင့်လဲ။ အစ္စရေး​တွေ​က ဘုရားရဲ့ ဝတ်ပြုရာ​အိမ်တော်မြတ်​ထဲ “အရေဖျား မ​ဖြတ်​ထားတဲ့၊ စိတ်နှလုံး စင်ကြယ်​အောင် မလုပ်ထားတဲ့” သူတွေကို ခေါ်လာ​ကြလို့ပဲ။ ရလဒ်​က ဘာလဲ။ “သူတို့က ဗိမာန်တော်ကို ညစ်ညူး​စေကြပြီ” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။—ယေဇ. ၄၄:၅၊ ၇

“အရေဖျား မ​ဖြတ်​ထားတဲ့” သူတွေဟာ အာဗြဟံ​ခေတ်မှာ ပေးခဲ့တဲ့ ရှင်းလင်း​တဲ့ ဘုရား​မိန့်မှာချက်ကို လိုက်နာ​ဖို့ ပျက်ကွက်​ကြတယ်။ (က. ၁၇:၉၊ ၁၀။ ဝတ်. ၁၂:၁-၃) ဒါပေမဲ့ “စိတ်နှလုံး စင်ကြယ်​အောင် မလုပ်ထားတဲ့” သူတွေက ပို​တောင်​ဆိုး​သေးတယ်။ ယေဟောဝါရဲ့ ညွှန်ကြားချက်​နဲ့ လမ်းပြမှု​ကို ခေါင်းမာမာနဲ့ ပုန်ကန်​ကြတယ်၊ ဥပေက္ခာပြု​ကြတယ်။ ယေဟောဝါရဲ့ ဝတ်ပြုရာ​အိမ်တော်မြတ်​ထဲ ဒီလို​လူတွေကို ဝင်ခွင့်​မပြု​သင့်​ဘူး။ အရေခြုံ​ဟန်ဆောင်​တာ​ကို ယေဟောဝါ မုန်းတယ်။ ဘုရား​လူမျိုး​ကတော့ ဘုရား​အိမ်တော်မှာ အရေခြုံမှု​တွေ တိုးများ​ခွင့်ပြုခဲ့တယ်။ စိတ်အာရုံပါ ဗိမာန်တော်​တံခါးတွေ၊ အစောင့်ခန်းတွေ​ကနေ ရှင်းရှင်းလင်းလင်း သိရ​တဲ့​အချက်ကတော့ နောက်ထပ် ဒီလို​အကျင့်ဆိုး​တွေ မရှိစေ​ရ​ဘူး ဆိုတာ​ပဲ။ ဘုရား​အိမ်တော်ကို ဝင်ခွင့်​ရဖို့ မြင့်မားတဲ့ စံနှုန်းတွေကို စွဲကိုင်​ထားရမယ်။ ဒါမှ မိမိ​လူမျိုးရဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ယေဟောဝါ ကောင်းချီး​ပေးမယ်။

၆၊ ၇။ (က) ယေဟောဝါ​က မိမိ​လူမျိုးကို သတင်းပေး​ဖို့ ဗိမာန်တော်​တံတိုင်းကို ဘယ်လို​သဘော​နဲ့ သုံးခဲ့​သလဲ။ (ခ) ယေဟောဝါရဲ့ လူမျိုး​က ဘုရား​အိမ်တော်ကို ဘယ်လို သဘောထား​ခဲ့သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

ပတ်လည်​တံတိုင်း။ စိတ်အာရုံပါ ဗိမာန်တော်ရဲ့ ထူးခြားတဲ့ နောက်​အသွင်အပြင်​ကတော့ ဗိမာန်တော်​နေရာ​တစ်ခုလုံးကို ခတ်​ထားတဲ့ တံတိုင်း​ပဲ။ တံတိုင်း​တစ်ဖက်​စီ​ဟာ ကျူရိုး​အပြန် ၅၀၀ ဒါမှမဟုတ် ပေပေါင်း ၅,၁၀၀၊ တစ်မိုင်​နီးပါး ရှိတယ်လို့ ယေဇကျေလ ပြောခဲ့​တယ်။ (ယေဇ. ၄၂:၁၅-၂၀) ဒါပေမဲ့ ဗိမာန်တော် အဆောက်အအုံ​တွေ​နဲ့ ရင်ပြင်​တွေဟာ စတုရန်း​ပုံ ဖြစ်ပြီး တစ်ဖက်​ကို အတောင် ၅၀​၀ ဒါမှမဟုတ် ပေ ၈၅၀ ပဲ ရှိတယ်။ ဒါကြောင့် ဗိမာန်တော်​နဲ့ အပြင်​တံတိုင်း​ကြားမှာ မြေကွက်လပ်​ကြီး ရှိနေတယ်။ * ဘာ​အတွက်​လဲ။

“အခု သူတို့က ရုပ်တု​ကိုးကွယ်တာ​တွေ၊ ဘုရင်အဖြစ် ကိုးကွယ်တဲ့ ရုပ်တုတွေကို ငါ့​ဆီကနေ ဖယ်ရှား​ကြပါစေ။ ဒါဆိုရင်​တော့ သူတို့နဲ့အတူ ငါ ထာဝစဉ် စံမြန်း​မယ်” လို့ ယေဟောဝါ မိန့်ဆိုတယ်။ (ယေဇ. ၄၃:၉) “ဘုရင်အဖြစ် ကိုးကွယ်တဲ့ ရုပ်တုတွေ” ဆိုတာက​လ​ည်း ရုပ်တု​ကိုးကွယ်ခြင်း​ကိုပဲ ရည်ညွှန်း​ပုံ​ရတယ်။ ဒါကြောင့် “ညစ်ညမ်း​တဲ့​အရာအားလုံး ဖယ်ရှား​ကြ။ အနား​တောင် မ​ကပ်​စေ​နဲ့” ဆိုတဲ့​သဘော​နဲ့ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ရဲ့ တံတိုင်းကျယ်​ကြီး​ကို ယေဟောဝါ အသုံးပြု​ခဲ့​တာ​ပါ။ ဝတ်ပြုရေး​ကို စင်ကြယ်​နေ​စေမယ်​ဆိုရင် ယေဟောဝါ​က သူတို့​အလယ်မှာ စံမြန်း​ခြင်းအားဖြင့် ကောင်းချီး​ပေးမယ်။

၈၊ ၉။ တာဝန်​ရှိ​အမျိုးသားတွေ​အတွက် ယေဟောဝါရဲ့ ပြင်းထန်တဲ့ သတိပေး​ချက်​ကနေ ဘာ​သင်ယူ​နိုင်ကြ​မလဲ။

တာဝန်​ရှိ အမျိုးသားတွေ​အတွက် ပြင်းထန်တဲ့ သတိပေး​ချက်။ အစ္စရေး​လူမျိုး​အလယ်မှာ တာဝန်ကြီးတွေ ထမ်းဆောင်​ရတဲ့ အမျိုးသားတွေကို ယေဟောဝါ မေတ္တာပါစွာ ပြင်းပြင်းထန်ထန် သတိ​ပေးခဲ့တယ်။ အစ္စရေး​တွေ ရုပ်တု​ကိုးကွယ်​ကြ​တဲ့အခါ ဘုရား​ဆီကနေ လမ်းလွဲ​နေတဲ့ လေဝိတွေ​ကို ပြင်းပြင်းထန်ထန် ဆုံးမ​ခဲ့​တ​ယ်။ “အစ္စရေး​အမျိုး . . . လမ်းလွဲ​ခဲ့​ပေမဲ့ . . . သန့်ရှင်း​ရာ​ဌာနတော်​ရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့​တဲ့” ဇာဒုတ်ရဲ့ သားတွေကို​တော့ ချီးမွမ်းခဲ့တယ်။ အသီးသီး​ရဲ့ လုပ်ရပ်​နဲ့​အညီ မျှမျှတတ၊ ကြင်ကြင်နာနာ ကိုင်တွယ်ခဲ့တယ်။ (ယေဇ. ၄၄:၁၀၊ ၁၂-၁၆) အလားတူပဲ အစ္စရေး​အကြီးအမှူး​တွေ​လ​ည်း ပြင်းပြင်းထန်ထန် ပဲ့ပြင်​ခံရတယ်။—ယေဇ. ၄၅:၉

အခွင့်အာဏာ​ရှိတဲ့၊ ကြီးကြပ်မှူး​တာဝန် ရထားတဲ့ အမျိုးသားတွေဟာ တာဝန်​ထမ်းဆောင်​ပုံ​နဲ့​ပတ်သက်ပြီး ဖြေရှင်းချက် ပေး​ရမယ်ဆိုတာ ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ သူတို့လည်း သတိ​ပေးမှု၊ ပဲ့ပြင်မှု၊ ဆုံးမမှု လိုအပ်​ကြတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို ဦးဆောင်​ထောက်ခံကြ​ရမယ်။

၁၀၊ ၁၁။ ယေဇကျေလ စိတ်အာရုံပါ သင်ခန်းစာတွေကို ပြည်တော်ပြန်​တချို့ နားလည်​သဘောပေါက်​ခဲ့​ကြောင်း ဘယ်​အထောက်အထား​တွေ​က ဖော်ပြသလဲ။

၁၀ ယေဇကျေလ စိတ်အာရုံပါ သင်ခန်းစာတွေကို ပြည်တော်ပြန်​တွေ လိုက်နာ​ခဲ့​ကြသလား။ ထူးခြားတဲ့ ဒီ​စိတ်အာရုံ​နဲ့​ပတ်သက်ပြီး အဲဒီ​အချိန်​က သစ္စာရှိ​အမျိုးသား/သမီးတွေ ဘယ်လို​တွေး​ခဲ့​ကြ​မလဲ​၊ ကျွန်တော်တို့ အတိအကျ မသိနိုင်​ဘူး။ ပြည်တော်ပြန်​တွေ ဘာလုပ်ခဲ့​ကြောင်း၊ ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ဘယ်လို ရှုမြင်​လာ​ကြ​ကြောင်းကို​တော့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ ယေဇကျေလ​စိတ်အာရုံပါ အခြေခံမူတွေကို သူတို့ လိုက်နာ​ခဲ့​ကြသလား။ ဗာဗုလုန် ပြည်နှင်ခံ​ဘဝ မတိုင်ခင်​က ပုန်ကန်​တတ်တဲ့ ဘိုးဘေး​တွေ​နဲ့ စာ​ရင်​တော့ အတိုင်းအတာ​တစ်ခု​အထိ လိုက်နာ​ခဲ့​ကြပါတယ်။

၁၁ ပရောဖက် ဟဂ္ဂဲ၊ ဇာခရိ၊ ကျမ်းကူးဆရာ ပုရောဟိတ် ဧဇရ၊ ဘုရင်ခံ နေဟမိ စတဲ့ သစ္စာရှိ​အမျိုးသားတွေ​က အစ္စရေးတွေကို ဗိမာန်တော်​အကြောင်း ယေဇကျေလ​စိတ်အာရုံပါ အခြေခံ​မူတွေ သင်ပေးဖို့ ကြိုးစား​ခဲ့​ကြတယ်။ (ဧဇ. ၅:၁၊ ၂) ရုပ်ပစ္စည်း​တွေ၊ ကိုယ်ကျိုးရှာ လိုက်စားမှု​တွေ​ထက် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ဦးစား​ပေးဖို့၊ ချီးမြှောက်​ဖို့ သင်ပေး​ကြတယ်။ (ဟဂ္ဂဲ ၁:၃၊ ၄) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ စံနှုန်းတွေကို လေးမြတ်​ဖို့ တိုက်တွန်း​ခဲ့​ကြတယ်။ ဥပမာ၊ အစ္စရေးတွေကို ဝတ်ပြုရေး​ပိုင်း အားနည်း​သွား​စေတဲ့ တိုင်းတစ်ပါး​မိန်းမတွေနဲ့ လမ်းခွဲ​ကြဖို့ ဧဇရ​နဲ့ နေဟမိ​တို့ ပြင်းပြင်းထန်ထန် သတိပေး​ကြတယ်။ (ဧဇရ ၁၀:၁၀၊ ၁၁ ကိုဖတ်ပါ။ နေ. ၁၃:၂၃-၂၇၊ ၃၀) ရုပ်တု​ကိုးကွယ်ခြင်း​ကော။ သမိုင်း​တစ်လျှောက် မကြာခဏ ကျော့မိ​စေတဲ့ အဲဒီ​အပြစ်ကို ပြည်နှင်ခံရ​ပြီးတဲ့နောက်မှာ​တော့ ရွံမုန်း​တတ်လာ​ကြ​ပုံ​ရတယ်။ ပုရောဟိတ်တွေ၊ အကြီးအမှူး​တွေ၊ မင်းသား​တွေ​ကော။ ယေဇကျေလ စိတ်အာရုံမှာ ဖော်ပြတဲ့​အတိုင်း သူတို့လည်း ယေဟောဝါ​ဆီက သတိ​ပေးမှု၊ ပဲ့ပြင်မှု ရခဲ့ကြတယ်။ (နေ. ၁၃:၂၂၊ ၂၈) လူများစွာက သတိပေး​ချက်​တွေကို နှိမ့်ချ​စွာ ခံယူ​ခဲ့​ကြတယ်။—ဧဇ. ၁၀:၇-၉၊ ၁၂-၁၄။ နေ. ၉:၁-၃၊ ၃၈

နေဟမိက အစ္စရေးတွေနဲ့အတူ လုပ်ဆောင်ရင်း စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအကြောင်း သင်ပေးခဲ့ (စာပိုဒ် ၁၁ ကို ကြည့်ပါ)

၁၂။ ပြည်တော်ပြန်​တွေကို ယေဟောဝါ ဘယ်နည်းတွေနဲ့ ကောင်းချီး​ပေးခဲ့သလဲ။

၁၂ ယေဟောဝါလည်း မိမိ​လူမျိုးကို ကောင်းချီး​ပေးခဲ့တယ်။ အချိန်အတော်ကြာ ဆုံးရှုံး​ခဲ့​တဲ့ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိ​ခဲ့​ကြတယ်။ ပုံဆောင် ကျန်းမာရေး​နဲ့ ဘုရားရေးရာ အစီအစဉ်တွေ ပြန်​ရခဲ့ကြတယ်။ (ဧဇ. ၆:၁၉-၂၂။ နေ. ၈:၉-၁၂။ ၁၂:၂၇-၃၀၊ ၄၃) ဘာကြောင့်လဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာ​လာ​ကြလို့ပဲ။ စိတ်အာရုံပါ ဗိမာန်တော်​ကနေ ရတဲ့ သင်ခန်းစာ​တွေ​က လက်ခံ​တုံ့ပြန်​တတ်​သူတွေကို စိတ်ထိမိ​စေခဲ့တယ်။ အချုပ်​အားဖြင့် ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံ​က ပြည်နှင်ခံ​တွေ​အပေါ် အရေးကြီး​နည်း​နှစ်နည်း​နဲ့ အကျိုး​သက်​ရောက်ခဲ့တယ်​လို့ ပြောနိုင်ပါတယ်။ (၁) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ စံနှုန်းတွေ​အကြောင်း လက်တွေ့ကျ သင်ခန်းစာ​တွေ၊ ဒီ​စံနှုန်းတွေကို ထောက်ခံ​ကျင့်သုံး​နိုင်ပုံ​တို့ကို သင်ပေးတယ်။ (၂) အာမခံချက် ပေးတယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်မယ့်​အကြောင်း၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ စွဲမြဲ​နေသရွေ့ ယေဟောဝါ ဘယ်လို​ကောင်းချီး​ပေးမယ့်​အကြောင်း ကြို​ပြောတယ်။ ဒါပေမဲ့ ဒီ​စိတ်အာရုံဟာ အခု​အချိန်မှာ​ကော ပြည့်စုံ​နေ​သလား​ဆိုတာ ကျွန်တော်တို့ သိချင်​ကြပါတယ်။

ယေဇကျေလ စိတ်အာရုံ​က ဒီနေ့​ခေတ် ကျွန်တော်တို့ကို သင်ပေးတဲ့​အရာ

၁၃၊ ၁၄။ (က) ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံ ကျွန်တော်တို့​အချိန်မှာ ပြည့်စုံ​နေ​ကြောင်း ဘယ်လိုသိရသလဲ။ (ခ) စိတ်အာရုံ​က ဒီနေ့​အချိန်မှာ ကျွန်တော်တို့​အပေါ် ဘယ်နည်း​နှစ်နည်း​နဲ့ အကျိုး​သက်ရောက်​သလဲ။ (“မတူညီတဲ့ ဗိမာန်တော်​များ၊ မတူညီတဲ့ သင်ခန်းစာများ” လေးထောင့်ကွက် ၁၃​က ကိုလည်း ကြည့်ပါ။)

၁၃ ဗိမာန်တော်​အကြောင်း ယေဇကျေလ စိတ်အာရုံဟာ ဒီနေ့​ခေတ် ကျွန်တော်တို့နဲ့ကော သက်ဆိုင်​ပါသလား။ သက်ဆိုင်​ပါတယ်။ “မြင့်မား​လှတဲ့​တောင်” ပေါ်​က ဘုရားရဲ့ အိမ်တော်မြတ်​အကြောင်း ယေဇကျေလ စိတ်အာရုံ​နဲ့ “ယေဟောဝါရဲ့ အိမ်တော် တည်​တဲ့​တောင်” ဟာ “တောင်တန်း​တကာ​ရဲ့ ထိပ်မှာ အခိုင်အမာ တည်” မယ်​ဆိုတဲ့ ဟေရှာယ ပရောဖက်ပြုချက်​တို့ရဲ့ တူညီချက်​ကို စဉ်းစား​ကြည့်ပါ။ “အဆုံးပိုင်း​ကာလ၊” “နောက်ဆုံး​ကာလ” အတွင်း ပရောဖက်ပြုချက် ပြည့်စုံမယ်​ဆိုပြီး ဟေရှာယ အတိအကျ ပြောခဲ့​တယ်။ (ယေဇ. ၄၀:၂။ ဟေရှာ. ၂:၂-၄။ မိက္ခာ ၄:၁-၄ ကိုလည်း ကြည့်ပါ။) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုဟာ မြင့်မား​လှတဲ့​တောင်ပေါ် တည်ထား​သလို ချီးမြှောက်ခံရ၊ ပြန်လည်​တည်ထောင်​ခံရတဲ့ ၁၉၁၉ ခုနှစ်​က​စပြီး နောက်ဆုံး​ကာလ​အတွင်းမှာ ပရောဖက်ပြုချက် ပြည့်စုံ​နေ​ပါတယ်။ *

၁၄ ယေဇကျေလ စိတ်အာရုံ​က ဒီနေ့​ခေတ် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့ တကယ်​သက်ဆိုင်​ပါတယ်။ ယေဇကျေလ စိတ်အာရုံ​က ရှေးခေတ် ပြည်နှင်ခံ​ဂျူးတွေ​အပေါ် အကျိုး​သက်ရောက်ခဲ့သလို ဒီနေ့​ခေတ် ကျွန်တော်တို့​အပေါ်လည်း နည်း​နှစ်နည်း​နဲ့ အကျိုး​သက်ရောက်​နေ​ပါတယ်။ (၁) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် ယေဟောဝါရဲ့ စံနှုန်းတွေကို ထောက်ခံ​ကျင့်သုံး​နိုင်ပုံ​အကြောင်း လက်တွေ့ကျ သင်ခန်းစာ​တွေ ပေးတယ်။ (၂) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ခြင်း​အကြောင်း၊ ယေဟောဝါရဲ့ ကောင်းချီးတွေ ပြန်​ခံစား​ရမယ့်​အကြောင်း အာမခံချက်​တွေ ပေးတယ်။

ဒီနေ့​ခေတ် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် စံနှုန်းများ

၁၅။ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်​ကနေ သင်ခန်းစာ​တွေ ယူ​တဲ့အခါ ဘယ်အချက်ကို မှတ်ထား​သင့်သလဲ။

၁၅ ယေဇကျေလ စိတ်အာရုံရဲ့ သတ်သတ်မှတ်မှတ် အသွင်အပြင်​တချို့ကို အခု သုံးသပ်​ကြရအောင်။ စိတ်အာရုံပါ ခမ်းနား​လှတဲ့ ဗိမာန်တော်ကို ယေဇကျေလ​နဲ့​အတူ ကျွန်တော်တို့လည်း လိုက်ကြည့်​နေတယ်လို့ မြင်ယောင်​ကြည့်ပါ။ ပုံဆောင်​ဗိမာန်တော်​ကြီး​ကို မြင်တွေ့​ရတာ မဟုတ်ဘဲ ဒီနေ့​ခေတ် ဝတ်ပြုရေး​နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာ​တွေ ယူ​နေတာ​သာ ဖြစ်ကြောင်းကိုတော့ မှတ်ထားပါ။ သင်ခန်းစာ​တချို့က ဘာတွေလဲ။

၁၆။ ယေဇကျေလ စိတ်အာရုံပါ အတိုင်းအတာ​အားလုံး​ကနေ ဘာသင်ယူနိုင်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

၁၆ အတိုင်းအတာ​များ။ ဗိမာန်တော်၊ တံတိုင်း၊ တံခါး၊ အစောင့်​ခန်း၊ ရင်ပြင်​နဲ့ ပူဇော်ရာ​ပလ္လင်​တို့ကို ကြေးနီ​အဆင်း​အရောင်​ရှိတဲ့ ကောင်းကင်တမန် အသေးစိတ် တိုင်း​နေတာကို ယေဇကျေလ ကြည့်​နေတယ်။ အချက်အလက်​တွေ အသေးစိတ်​ကျ​လွန်း​လို့ စာဖတ်သူ​တွေ စိတ်ရှုပ်​သွားနိုင်တယ်။ (ယေဇ. ၄၀:၁–၄၂:၂၀။ ၄၃:၁၃၊ ၁၄) ဒါပေမဲ့ ဒီကနေ သင်ယူနိုင်တဲ့ အရေးကြီး​အချက်တွေကို စဉ်းစား​ကြည့်ပါ။ ယေဟောဝါ​က မိမိ​စံနှုန်း​တွေရဲ့ အရေးကြီးမှု​အကြောင်း အလေးအနက် ဖော်ပြတယ်။ စံနှုန်းတွေကို ချမှတ်​သူဟာ သာမန်​လူသားတွေ မဟုတ်ဘဲ ယေဟောဝါ​ကိုယ်တော်တိုင်​ပဲ။ ဘုရားကို ဘယ်လို​ပုံစံ​နဲ့​ပဲ ကိုးကွယ်ပါစေ အရေး​မကြီး​ပါဘူး​လို့ ပြောတဲ့​သူတွေ အမှား​ကြီး​မှားတာ​ပဲ။ ဗိမာန်တော်ကို အသေးစိတ် တိုင်းတာ​ခြင်းအားဖြင့် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ခြင်း​ဟာ အကြွင်းမဲ့ သေချာ​ကြောင်း ယေဟောဝါ အာမခံ​နေတာ ဖြစ်တယ်။ အတိုင်းအတာ​တွေ တိကျ​သလို ဘုရား​ကတိတော်လည်း အတိအကျ ပြည်​စုံ​မယ်။ နောက်ဆုံး​ကာလမှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်​မယ်​ဆိုတာ သေချာ​ကြောင်း ယေဇကျေလ အတည်ပြု​ပေးလိုက်​တာ​ပါပဲ။

ဗိမာန်တော်ရဲ့ တိကျတဲ့ အတိုင်းအတာတွေကနေ ဘာသိရသလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ)

၁၇။ ဗိမာန်တော် ပတ်လည်​တံတိုင်း​က ဘာကို အမှတ်ရ​စေ​သလဲ။

၁၇ ပတ်လည်​တံတိုင်း။ ဆွေးနွေးခဲ့​တဲ့​အတိုင်း စိတ်အာရုံပါ ဗိမာန်တော်​နေရာ​တစ်ခုလုံးကို တံတိုင်း​ခတ်​ထားတာ ယေဇကျေလ တွေ့ခဲ့တယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ဘာသာရေး​ဆိုင်ရာ မသန့်ရှင်းမှု​မှန်သမျှနဲ့ ကင်းရှင်း​စေဖို့၊ ဘုရား​အိမ်တော်ကို ဘယ်တော့မှ မ​ညစ်ညူး​စေဖို့ ပြင်းထန်တဲ့ သတိပေး​ချက်​ပါပဲ။ (ယေဇကျေလ ၄၃:၇-၉ ကိုဖတ်ပါ။) ဒီနေ့လည်း အလားတူ သတိပေး​ချက်​မျိုး ကျွန်တော်တို့ လိုအပ်တယ်။ ရာစုနှစ်ချီ ကြာရှည်​တဲ့ မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝကနေ ဘုရား​လူမျိုး လွတ်မြောက်​လာပြီး​နောက် ၁၉၁၉ ခုနှစ်မှာ သစ္စာနဲ့ သတိပညာ​ရှိ​ကျွန်ကို ခရစ်တော် ခန့်အပ်​ခဲ့​တ​ယ်။ အထူးသဖြင့် အဲဒီ​အချိန်​က​စပြီး ဘုရား​လူမျိုး​က အယူဝါဒမှား​တွေ၊ ရုပ်တု​ကိုးကွယ်မှု၊ တိတ္ထိ​အယူဝါဒ​တို့နဲ့ ရောယှက်​နေတဲ့ အကျင့်ဓလေ့​တွေကို ဖယ်ထုတ်​ပစ်ဖို့ ကြိုးစား​ခဲ့​ကြတယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို မသန့်ရှင်းမှု​မှန်သမျှနဲ့ ကင်းရှင်း​နေ​စေဖို့ ကျွန်တော်တို့ ဂရုစိုက်​ကြတယ်။ ဒါ့အပြင် ဝတ်ပြုရာ​ခန်းမ​တွေ​မှာ စီးပွားရေး​ကိစ္စ​တွေ မလုပ်ကြဘူး။ အဲဒီ​လောက​ရေးရာ​တွေကို ဝတ်ပြု​ကိုးကွယ်မှုနဲ့ ကင်းရှင်း​စေ​ကြတယ်။—မာ. ၁၁:၁၅၊ ၁၆

၁၈၊ ၁၉။ (က) စိတ်အာရုံပါ ဗိမာန်တော်ရဲ့ မြင့်မားတဲ့ တံခါးတွေ​ကနေ ဘာသင်ယူနိုင်သလဲ။ (ခ) ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေကို လျှော့ချဖို့ ကြိုးစား​သူတွေကို ကျွန်တော်တို့ ဘယ်လို တုံ့ပြန်​သင့်သလဲ။ ဥပမာ​ပေးပါ။

၁၈ မြင့်မားတဲ့​တံခါးများ။ ယေဇကျေလ မြင်ခဲ့တဲ့ တံခါး​အမြင့်​ကြီး​တွေ​အကြောင်း စဉ်းစား​တဲ့အခါ ဘာသင်ခန်းစာ​တွေ ယူ​နိုင်သလဲ။ ယေဟောဝါမှာ မြင့်မားတဲ့ ကိုယ်ကျင့်တရား​စံနှုန်းတွေ ရှိကြောင်း စိတ်အာရုံပါ ဗိမာန်တော်ရဲ့ ဒီ​အပိုင်း​က ပြည်နှင်ခံ​ဂျူးတွေကို သင်ပေး​မှာ သေချာ​ပါတယ်။ ရှေး​အချိန်​က ဒီလို​သင်ပေးခဲ့တယ်​ဆိုရင် ဒီနေ့​အချိန်မှာ​ကော။ ယေဟောဝါရဲ့ ပုံဆောင်​ဗိမာန်တော်​ကြီး​မှာ ကျွန်တော်တို့ ဝတ်ပြု​ကိုးကွယ်​နေ​ကြတယ်။ အရေခြုံမှု​ကင်းတဲ့၊ ဖြောင့်မတ်တဲ့ အမူအကျင့်တွေ​က အခု​အချိန်မှာ ပိုလို့တောင် အရေးကြီး​လာတယ် မဟုတ်လား။ (ရော. ၁၂:၉။ ၁ ပေ. ၁:၁၄၊ ၁၅) နောက်ဆုံး​ကာလ​အတွင်းမှာ ယေဟောဝါ​က မိမိ​လူမျိုးကို ကိုယ်ကျင့်တရား​စံနှုန်းတွေ အနီးကပ် လိုက်နာ​ဖို့ လမ်းညွှန်​ပေး​နေတယ်။ * ဥပမာ၊ နောင်တ​မယူ​တဲ့ အမှား​ကျူးလွန်​သူတွေကို အသင်းတော်​ထဲ​ကနေ ဖယ်ရှားတယ်။ (၁ ကော. ၅:၁၁-၁၃) ဘုရားမျက်နှာသာ မရ​သူတစ်ယောက်ကို​မှ ယေဟောဝါရဲ့ ဝတ်ပြုရေးမှာ ပါဝင်ခွင့်​မပြု​သင့်​ကြောင်း တံခါးတွေရဲ့ အဝင်​လမ်း​ရှိ အစောင့်ခန်းတွေ​က သတိ​ပေးတယ်။ ဥပမာ၊ နှစ်​ဘဝ​စံ​တဲ့​သူ​တစ်ယောက် ဝတ်ပြုရာ​ခန်းမထဲ ဝင်လာနိုင်​ပေမဲ့ ဘုရား တောင်းဆိုရာ​တွေ မလုပ်ဆောင်​သ​ရွေ့ ယေဟောဝါရဲ့ မျက်နှာသာ မရနိုင်ဘူး။ (ယာ. ၄:၈) ကိုယ်ကျင့်တရား​စံနှုန်း ဆုတ်ယုတ်​ကျဆင်း​နေတဲ့ ဒီနေ့​အချိန်မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက်တော့ ထူးကဲ​တဲ့ အကာအကွယ်ပါပဲ။

၁၉ အဆုံးမတိုင်ခင်မှာ ဒီ​လောက ဆိုးညစ်​လာမယ့်​အကြောင်း ကျမ်းစာမှာ ကြိုပြောထားတယ်။ “ဆိုးညစ်​သူတွေ၊ အယောင်ဆောင်​သူတွေဟာ ဆိုး​သည်ထက် ဆိုး​လာပြီး သူတစ်ပါး​ကို လှည့်စားတဲ့​အပြင် ကိုယ်တိုင်လည်း လှည့်စား​ခံ​နေ​ရတယ်” လို့ ဖတ်​ရတယ်။ (၂ တိ. ၃:၁၃) ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေဟာ တင်းကျပ်​လွန်း​တ​ယ်၊ ခေတ်​နောက်ကျ​သွားပြီ၊ မှား​နေတယ်​စတဲ့ အတွေး​တွေ​နဲ့ ဒီနေ့​ခေတ် လူအများစု လှည့်စား​ခံ​နေကြ​ရတယ်။ သင်​ကော လှည့်စား​ခံ​မလား။ ဥပမာ၊ လိင်​တူ​ဆက်ဆံခြင်း​နဲ့​ပတ်သက်ပြီး ဘုရားစံနှုန်းတွေ မှား​နေတယ်လို့ တစ်ယောက်ယောက် ပြောလာရင် သဘောတူမလား။ ဒါမှမဟုတ် ဒီလို​ပြုကျင့်​သူတွေဟာ “ရာ​ဂ​မီး တောက်လောင်” သူတွေ ဆိုပြီး ကျမ်းစာက​တစ်ဆင့် ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖော်ပြ​ထားတာကို သဘောတူမလား။ အကျင့်​ယိုယွင်းမှုတွေကို သဘောမကျ​ဖို့ ဘုရား သတိပေး​ထားတယ်။ (ရော. ၁:၂၄-၂၇၊ ၃၂) ဒီလို​အခြေအနေ​တွေ​နဲ့ ကြုံ​လာ​ရတဲ့အခါ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ရဲ့ မြင့်မားတဲ့ တံခါးတွေ​ကို မြင်ယောင်​ချင်​ကြပါတယ်။ ဆိုးညစ်​တဲ့ လောကရဲ့ ဖိအား​တွေ ဘယ်လိုပဲ ရှိပါစေ ယေဟောဝါ​ကတော့ မိမိရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို မလျှော့ချပါဘူး။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံစံ​ဖခင်​နဲ့ သဘောတူ​ပြီး အမှန်တရား​ဘက် ရပ်တည်​ကြသလား။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​အားဖြည့်​တဲ့အခါ ဘုရားကို “ချီးမွမ်း” ခြင်း ပူဇော်သက္ကာ ဆက်သ​နေတာ ဖြစ်

၂၀။ “လူအုပ်ကြီး” ဟာ ယေဇကျေလ စိတ်အာရုံပါ ဘယ်​အားတက်ဖွယ် သတိပေး​ချက်​တွေ ရရှိ​နေကြ​သလဲ။

၂၀ ရင်ပြင်​တွေ။ ဗိမာန်တော်ရဲ့ ကျယ်ဝန်း​တဲ့ အပြင်​ရင်ပြင်ကို မြင်တဲ့အခါ ဒီ​နေရာမှာ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်တဲ့​သူ ဘယ်​နှစ်ယောက်​တောင် စုဝေး​လို့​ရမလဲ​ဆိုပြီး ယေဇကျေလ တွေးမိ​နိုင်တယ်။ ဒီနေ့​အချိန်မှာ ခရစ်ယာန်တွေဟာ ပို​သန့်ရှင်း​မြင့်မြတ်တဲ့​နေရာမှာ ဝတ်ပြု​ကိုးကွယ်​နေ​ကြတယ်။ ယေဟောဝါရဲ့ ပုံဆောင်​ဗိမာန်တော် အပြင်​ရင်ပြင်မှာ ဝတ်ပြု​ကိုးကွယ်သူ “လူအုပ်ကြီး” ဟာ ယေဇကျေလ စိတ်အာရုံပါ အားတက်ဖွယ် သတိပေး​ချက်​တွေ လက်ခံရ​ရှိနေကြတယ်။ (ဗျာ. ၇:၉၊ ၁၀၊ ၁၄၊ ၁၅) ဝတ်ပြု​ကိုးကွယ်သူ​တွေ ယူဆောင်​လာတဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို အတူ​ဝေမျှ စားသောက်​နိုင်တဲ့ စားသောက်ခန်းတွေ ရင်ပြင်​ပတ်လည်မှာ ရှိနေတာ ယေဇကျေလ မြင်တယ်။ (ယေဇ. ၄၀:၁၇) ယေဟောဝါ​ဘုရားနဲ့​အတူ သူတို့ စားသောက်​နိုင်ကြ​တဲ့ သဘောပါပဲ။ ဒါဟာ သင့်မြတ်​ငြိမ်းချမ်း​တဲ့ ဆက်ဆံရေး သင်္ကေတ ဖြစ်တယ်။ မောရှေ​ပညတ်​အောက်​က ဂျူးတွေ​လို​တော့ ပူဇော်သက္ကာ​တွေ ကျွန်တော်တို့ မ​ဆက်သ​ကြဘူး။ ဒါပေမဲ့ အစည်းအဝေးတွေမှာ မှတ်ချက်​ပေးခြင်း၊ အမှုဆောင်​လုပ်ငန်းမှာ ကိုယ့်​ယုံကြည်ခြင်းကို တင်ပြခြင်း​အားဖြင့် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ အားဖြည့်​ပါဝင်တဲ့​အခါ “ချီးမွမ်း” ခြင်း ပူဇော်သက္ကာ ဆက်သ​နေတာပါ။ (ဟီ. ၁၃:၁၅) ယေဟောဝါကလည်း ကျမ်းစာ​အမှန်တရား​တွေ​အားဖြင့် ကျွန်တော်တို့ကို အားဖြည့်ပေး​နေတယ်။ “တံတိုင်းတော်​ထဲမှာ နေရတဲ့ တစ်ရက်တာ​ဟာ တခြား​နေရာမှာ နေရတဲ့ ရက်​ပေါင်း​တစ်ထောင်​ထက် သာလွန်​ပါတယ်” လို့ သီဆို​ခဲ့​တဲ့ ကောရ​သားတွေ​လို ကျွန်တော်တို့ ခံစား​ရတာ မဆန်းပါဘူး။—ဆာ. ၈၄:၁၀

၂၁။ ယေဇကျေလ စိတ်အာရုံမှာ​ပါတဲ့ ပုရောဟိတ်တွေ​ဆီကနေ ဘိသိက်ခံ​ခရစ်ယာန်​တွေ ဘာသင်ယူနိုင်သလဲ။

၂၁ ပုရောဟိတ်​များ။ အပြင်​ရင်ပြင်ကို ဝင်​ဖို့ ပုရောဟိတ် မဟုတ်​သူတွေ အသုံးပြုတဲ့ တံခါးတွေနဲ့ အတွင်း​ရင်ပြင်ကို ဝင်​ဖို့ ပုရောဟိတ်တွေ၊ လေဝိတွေ အသုံးပြုတဲ့ တံခါးတွေ အတူတူပဲ​ဆိုတာ ယေဇကျေလ မြင်ခဲ့တယ်။ ပုရောဟိတ်​အတန်းအစား အမျိုးသားတွေ​လ​ည်း စင်ကြယ်​တဲ့ ဝတ်ပြုရေး​အတွက် ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်နာ​ဖို့ လိုအပ်​ကြောင်း ထိရောက်တဲ့ သတိပေး​ချက်​ပါပဲ။ ဒီနေ့​အချိန်မှာ​ကော။ မျက်မှောက်ခေတ် ဘုရား​ကျေးကျွန်တွေ​အလယ်မှာ ပုရောဟိတ်​မျိုးရိုး​ဆိုပြီး မရှိတော့ဘူး။ ဒါပေမဲ့ “ခင်ဗျားတို့​ကတော့ ‘ . . . ရွေးချယ်​ခံရတဲ့ လူမျိုး၊ ပုရောဟိတ်’ . . . ဖြစ်တယ်” ဆိုပြီး ဘိသိက်ခံ​ခရစ်ယာန်တွေကို ပြောခဲ့​တ​ယ်။ (၁ ပေ. ၂:၉) ရှေး​အစ္စရေး​ပုရောဟိတ်​တွေဟာ သီးခြား​ရင်ပြင်မှာ ဝတ်ပြု​ကိုးကွယ်​ကြတယ်။ ဒီနေ့​ခေတ် ဘိသိက်ခံ​ခရစ်ယာန်​တွေ​ကတော့ ယုံကြည်သူချင်းတွေနဲ့ သီးခြားခွဲ​မနေကြ​ပါဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ မွေးစား​သားသမီးတွေ​အနေနဲ့ ဘုရားနဲ့ အထူး​ဆက်ဆံရေး ရှိ​ကြတယ်။ (ဂလ. ၄:၄-၆) တစ်ချိန်တည်းမှာ ဘိသိက်ခံ​တွေ​က သူတို့​အတွက် အထောက်အကူ​ဖြစ်စေတဲ့ သတိပေး​ချက်​တွေကို ယေဇကျေလ စိတ်အာရုံ​ကနေ ရှာတွေ့​နိုင်တယ်။ ဥပမာ၊ ပုရောဟိတ်တွေလည်း သွန်သင်ချက်တွေ၊ စည်းမျဉ်းတွေ လိုက်နာ​ခဲ့​ရ​မှန်း သူတို့ သတိပြု​ကြတယ်။ “သိုးထိန်း​တစ်ယောက်တည်း” ရဲ့ လက်အောက်​က “သိုး​တစ်အုပ်​တည်း” ဖြစ်ကြောင်းကို ခရစ်ယာန်​အားလုံး ကောင်းကောင်း အမှတ်ရ​ကြပါတယ်။ယောဟန် ၁၀:၁၆ ကိုဖတ်ပါ။

၂၂၊ ၂၃။ (က) ယေဇကျေလ စိတ်အာရုံမှာ ပါတဲ့ အကြီးအမှူး​တွေ​ဆီကနေ ခရစ်ယာန်​အကြီးအကဲ​တွေ ဘာသင်ယူနိုင်သလဲ။ (ခ) အနာဂတ်မှာ ဘာ​ဖြစ်လာနိုင်သလဲ။

၂၂ အကြီးအမှူး။ အကြီးအမှူး​ဆိုတာ ယေဇကျေလ စိတ်အာရုံ​ထဲမှာ အတော်လေး အရေး​ပါတယ်။ ပုရောဟိတ်​မျိုးရိုး​က မဟုတ်ဘူး။ ဗိမာန်တော်မှာ ပုရောဟိတ်​တွေရဲ့ ဦးဆောင်မှုကို လက်အောက်ခံ​ရတယ်။ ဒါပေမဲ့ အစ္စရေးတွေကို ကြီးကြပ်​ပေးတယ်။ ပူဇော်သက္ကာ ဆက်သ​ရာ​မှာ ကူညီ​ပေးတယ်။ (ယေဇ. ၄၄:၂၊ ၃။ ၄၅:၁၆၊ ၁၇။ ၄၆:၂) အသင်းတော်မှာ အတိုင်းအတာ​တစ်ခု​အထိ တာဝန် ရထား​ကြ​တဲ့ ဒီနေ့​ခေတ် ခရစ်ယာန်​အမျိုးသားတွေ​အတွက် ပုံသက်သေပါပဲ။ နယ်လှည့်​ကြီးကြပ်မှူးတွေ​အပါအဝင် ခရစ်ယာန်​အကြီးအကဲ​တွေဟာ သစ္စာရှိ​ကျွန်ကို လက်အောက်ခံ​နေကြ​ရမယ်။ (ဟီ. ၁၃:၁၇) ခရစ်ယာန်​အစည်းအဝေးတွေနဲ့ အမှုဆောင်မှာ ချီးမွမ်းခြင်း​ပူဇော်သက္ကာ ဆက်သ​နေတဲ့ ဘုရားလူမျိုးကို ကူညီ​ပေးဖို့ အကြီးအကဲ​တွေ ကြိုးစား​ကြတယ်။ (ဧ. ၄:၁၁၊ ၁၂) အခွင့်အာဏာ တလွဲသုံး​ခဲ့​တဲ့ အစ္စရေး​အကြီးအမှူး​တွေကို ယေဟောဝါ ဆုံးမ​ခဲ့​ပုံ​အကြောင်းကိုလည်း သတိရ​ကြတယ်။ (ယေဇ. ၄၅:၉) သတိ​ပေးမှု၊ ပဲ့ပြင်မှု​တွေ မလိုအပ်ဘူးလို့ အကြီးအကဲ​တွေ မယူဆ​ကြဘူး။ ပို​ထိရောက်တဲ့ သိုးထိန်း​တွေ၊ ကြီးကြပ်မှူးတွေ ဖြစ်နိုင်ဖို့ ယေဟောဝါ လေ့ကျင့်​မွမ်းမံ​ပေး​သမျှ​ကို တန်ဖိုးထား​ကြတယ်။၁ ပေတရု ၅:၁-၃ ကိုဖတ်ပါ။

၂၃ လာမယ့် ကမ္ဘာ့​ပရဒိသုမှာ လုပ်ရည်ကိုင်ရည်ရှိတဲ့၊ မေတ္တာ​ပါတဲ့ ကြီးကြပ်မှူးတွေ ယေဟောဝါ ပြင်ဆင်​ပေး​ဦး​မ​ယ်။ တကယ်တော့ ဒီနေ့​ခေတ် အကြီးအကဲ​တွေဟာ ပရဒိသုမှာ ကူညီပေး​တတ်တဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့ သိုးထိန်း​တွေ ဖြစ်လာဖို့ လေ့ကျင့်မှု ခံယူ​နေ​ကြတာပါ။ (ဆာ. ၄၅:၁၆) ဒီ​အမျိုးသားတွေဟာ ကမ္ဘာသစ်မှာ ဘယ်လိုနည်းနဲ့ ကောင်းချီး​တစ်​ရပ် ဖြစ်လာ​ကြ​ဦး​မလဲ​ဆိုတာ စဉ်းစား​ကြည့်တဲ့အခါ စိတ်လှုပ်ရှားစရာ​ကောင်းတယ် မဟုတ်လား။ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ တခြား​ပရောဖက်ပြုချက်​တွေ​လို​ပဲ ယေဇကျေလ စိတ်အာရုံ​ကို ယေဟောဝါ သတ်မှတ်​ထားချိန် ရောက်တဲ့အခါ ပိုနားလည်​လာနိုင်တယ်။ လက်ရှိ​အချိန်မှာ စိတ်ကူးလို့ပဲ ရနိုင်တဲ့ ပရောဖက်ပြုချက် အသွင်အပြင်​တချို့ဟာ အနာဂတ်​ကျ​မှ စိတ်လှုပ်ရှားဖွယ် ပြည့်စုံ​လာပါမယ်။ အချိန်တန်​ရင် သိရ​မှာပါ။

မြင့်မားတဲ့ တံခါးတွေနဲ့ ရင်ပြင်တွေက ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုအကြောင်း ဘာသင်ပေးသလဲ (စာပိုဒ် ၁၈-၂၁ ကို ကြည့်ပါ)

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အပေါ် ယေဟောဝါရဲ့ ကောင်းချီး​များ

၂၄၊ ၂၅။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ သစ္စာရှိ​ရှိ ပါဝင်​နေသရွေ့ ယေဟောဝါ ပေးမယ့် ကောင်းချီးတွေ​အကြောင်း ယေဇကျေလ စိတ်အာရုံ​က ဘယ်လို ပုံဖော်​ထားသလဲ။

၂၄ ယေဇကျေလ စိတ်အာရုံပါ အရေးကြီး​ဖြစ်ရပ်​တစ်ခုကို သုံးသပ်​ကြရအောင်။ စိတ်အာရုံပါ ဗိမာန်တော်ကို ယေဟောဝါ ကြွလာတယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် စံနှုန်းတွေကို မိမိ​လူမျိုး သစ္စာရှိ​ရှိ လိုက်နာသရွေ့ အဲဒီမှာ စံမြန်း​မယ်​ဆိုပြီး ကတိပြု​ထားတယ်။ (ယေဇ. ၄၃:၄-၉) မိမိ​လူမျိုးနဲ့ သူတို့ရဲ့ ပြည်မှာ ယေဟောဝါ စံမြန်း​ခြင်း​ကြောင့် ဘာ​အကျိုးရှိ​မလဲ။

၂၅ စိတ်​အားတက်ဖွယ် ပရောဖက်ပြုချက်​နှစ်ခု​အားဖြင့် ဘုရား​ကောင်းချီးတွေ​အကြောင်း စိတ်အာရုံ​က ဖော်ပြတယ်။ (၁) ဗိမာန်တော်​သန့်ရှင်း​ရာ​ဌာန​ကနေ မြစ်တစ်စင်း စီးဆင်း​လာပြီး ပြည်​အတွက် အသက်နဲ့ သီးပွင့်​ဖြစ်ထွန်း​မှု​တွေ ဆောင်ကြဉ်း​ပေးတယ်။ (၂) ပြည်မှာ စနစ်တကျ၊ တိတိကျကျ မြေကွက်တွေ ခွဲဝေ​ပြီး ဗိမာန်တော်​နဲ့ ဗိမာန်တော်​မြေ​ကို ပြည်​ရဲ့ အလယ်​ဗဟိုမှာ နေရာ​ချထားတယ်။ ဒီ​အကြောင်းအရာတွေကို ဒီနေ့ ဘယ်လို နားလည်​ရမလဲ။ ပို​သန့်ရှင်း​မြင့်မြတ်တဲ့ ဝတ်ပြု​ကိုးကွယ်မှု အစီအစဉ် ဖြစ်တဲ့ ပုံဆောင်​ဗိမာန်တော်​ကြီး​ကို ယေဟောဝါ ဝင်ရောက်​သန့်စင်ပေး​ပြီး နှစ်သက်​လက်ခံ​ကြောင်း ဖော်ပြပြီး ဖြစ်တဲ့ ဒီ​အချိန်ကာလ​မှာ ကျွန်တော်တို့ အသက်ရှင်နေ​ကြတယ်။ (မာ​လ. ၃:၁-၄) ဒီ​ပရောဖက်ပြုချက်​နှစ်ခု​အကြောင်းကို ဒီ​စာအုပ် အခန်း ၁၉ ကနေ ၂၁ မှာ ဆွေးနွေး​သွားပါမယ်။

^ အပိုဒ်၊ 6 ယေဟောဝါ​က သန့်ရှင်း​ရာ​အိမ်တော်ကို မိမိ​လူမျိုး ပြုမူ​ခဲ့​ပုံ​နဲ့​ပတ်သက်ပြီး ဒီလို​မိန့်ဆိုခဲ့တယ်– “သူတို့ရဲ့ တံခါး​ခုံ​ကို ငါ့​တံခါး​ခုံဘေးမှာ၊ သူတို့ရဲ့ တံခါး​တိုင်​ကို ငါ့​တံခါး​တိုင်​ဘေးမှာ ထား​ကြတယ်။ သူတို့နဲ့ ငါ့​ကြားမှာ နံရံ​တစ်ခု​ပဲ ခြား​တယ်။ သူတို့က အဲဒီလို ရွံမုန်းဖွယ်ရာတွေ လုပ်ပြီး သန့်ရှင်း​မြင့်မြတ်တဲ့ ငါ့​နာမည်ကို ညစ်ညူး​စေခဲ့တယ်။ ဒါကြောင့် သူတို့ကို ငါ​အမျက်ထွက်​ပြီး အစတုံး ဖျက်ဆီး​ခဲ့​တ​ယ်။” (ယေဇ. ၄၃:၈) ရှေး​ဂျေရုဆလင်​မြို့မှာ​ရှိတဲ့ ယေဟောဝါရဲ့ ဗိမာန်တော်​နဲ့ မြို့သူ​မြို့သား​တွေရဲ့ အိမ်ရာ​ကြားမှာ နံရံ​တစ်ခု​ပဲ ခြား​တ​ယ်။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေ​ကနေ အစ္စရေး​တွေ လမ်းလွဲ​သွားတာ​နဲ့​အမျှ ယေဟောဝါရဲ့ အိမ်တော်​ထဲ မသန့်ရှင်းမှု​တွေ၊ ရုပ်တုတွေ သွင်း​လာကြတယ်။ သည်းမခံ​နိုင်​စ​ရာ အခြေအနေ​ပါပဲ။

^ အပိုဒ်၊ 13 နောက်ဆုံး​ကာလ​အတွင်း ပြည့်စုံတဲ့ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ တခြား​ပရောဖက်ပြုချက်တွေနဲ့ ဗိမာန်တော်​အကြောင်း ယေဇကျေလ​စိတ်အာရုံဟာ ဆက်စပ်​နေတယ်။ ဥပမာ၊ ယေဇကျေလ ၄၃:၁-၉ နဲ့ မာလခိ ၃:၁-၅။ ယေဇကျေလ ၄၇:၁-၁၂ နဲ့ ယောလ ၃:၁၈ တို့မှာ​ပါတဲ့ ဆင်တူချက်တွေကို သတိပြု​ကြည့်ပါ။

^ အပိုဒ်၊ 18 ယေရှု နှစ်ခြင်းခံ​ပြီး ပုရောဟိတ်မင်း​အနေနဲ့ စတင်​အမှုဆောင်ချိန် အေဒီ ၂၉ မှာ ပုံဆောင်​ဗိမာန်တော် စတင် တည်ထောင်​ခဲ့တယ်။ ဒါပေမဲ့ ယေရှုရဲ့ တမန်တော်တွေ သေဆုံး​ပြီးတဲ့နောက် မြေကြီး​ပေါ်မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ရာစုနှစ်ချီ လျစ်လျူရှု​ခံခဲ့ရတယ်။ ၁၉၁၉ ခုနှစ်​က​စပြီး စစ်မှန်တဲ့ ဝတ်ပြု​ကိုးကွယ်မှု ချီးမြှောက်​ခံခဲ့ရတယ်။