မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၆

“နဖူးမှာ မှတ်သားပါ”

“နဖူးမှာ မှတ်သားပါ”

ယေဇကျေလ ၉:၄

အာရုံစိုက်​ရာ။ ယေဇကျေလ​ခေတ် သစ္စာ​ရှိသူတွေ အသက်ရှင်​လွတ်မြောက်​ဖို့ မှတ်သား​ခံရ​ပုံ​နဲ့ ကျွန်တော်တို့​ခေတ်​အတွက် အဓိပ္ပာယ်

၁-၃။ (က) ယေဇကျေလ ဘာကြောင့် အံ့အားသင့်​နေသလဲ။ ဂျေရုဆလင်​မြို့ ပျက်စီးခြင်း​အကြောင်း ဘာသိ​လိုက်ရ​သလဲ။ (ခ) ဘယ်​မေးခွန်းတွေ သုံးသပ်ကြ​မလဲ။

ယေဇကျေလ အံအားသင့်နေ​တ​ယ်။ ဂျေရုဆလင်​ဗိမာန်တော်မှာ အယူဖောက်ပြန်တဲ့ ဂျူးတွေ လုပ်​နေတဲ့ ရွံ​စ​ရာ​အကျင့်တွေကို စိတ်အာရုံမှာ အခု​လေး​တင် မြင်ခဲ့တယ်။ * အဲဒီ​ပုန်ကန်သူ​တွေ​က အစ္စရေး​ပြည်​ရှိ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ အချက်အချာ​နေရာကို ညစ်ညူး​စေခဲ့​ကြ​ပြီ။ ဗိမာန်တော်မှာ ညစ်ညူး​စေ​ကြ​ရုံ​သာမက ယုဒပြည်​မှာလည်း အကြမ်းဖက်မှု​တွေ ပြည့်လာ​စေ​လို့ အဖတ်ဆယ်​မရတော့ဘူး။ ရွေးချယ်​ထားတဲ့ လူမျိုးရဲ့ လုပ်ရပ်တွေကြောင့် ယေဟောဝါ အကြီးအကျယ် အမျက်ထွက်​ပြီး “ငါ​ဒေါသ​တကြီး အရေးယူမယ်” ဆိုပြီး ယေဇကျေလ​ကို မိန့်ဆိုခဲ့တယ်။—ယေဇ. ၈:၁၇၊ ၁၈

တစ်ချိန်က သန့်ရှင်း​မြင့်မြတ်တယ်လို့ သတ်မှတ်​ခံခဲ့ရ​ဖူး​တဲ့ ဗိမာန်တော်​နဲ့ ဂျေရုဆလင်​မြို့ကို ယေဟောဝါ အမျက်ထွက်​ပြီး ဖျက်ဆီး​တော့​မ​ယ်​ဆိုတာ သိလိုက်​တဲ့အခါ ယေဇကျေလ သိပ်​ဝမ်းနည်း​သွားတယ်။ ‘မြို့ထဲက သစ္စာ​ရှိသူတွေ ဘယ်လို ဖြစ်သွား​မလဲ။ အသက်ချမ်းသာ​ရာ ရ​ကြ​မလား။ ဘယ်လို​နည်းနဲ့လဲ’ ဆိုပြီး ယေဇကျေလ တွေးမိ​နိုင်တယ်။ အဖြေ​အတွက် ယေဇကျေလ သိပ်​မ​စောင့်​လိုက်ရ​ပါဘူး။ ဂျေရုဆလင်​မြို့ကို တရား​စီရင်​မ​ယ့်​သတင်း ကြား​ပြီးတာနဲ့ ကွပ်မျက်​သူတွေကို ဆင့်ခေါ်​တဲ့​အသံ အကျယ်ကြီး​ကိုလည်း ကြားလိုက်​ရတယ်။ (ယေဇ. ၉:၁) သိမ်း​ရုံး​ဖျက်ဆီးမှာ မဟုတ်ဘဲ ရွေးချယ်​စိစစ်​ပြီး ဖျက်ဆီးမယ်​ဆိုတာကို စိတ်အာရုံ​က​တစ်ဆင့် သိလိုက်​ရလို့ ပရောဖက် စိတ်သက်သာ​သွားတယ်။ ထိုက်တန်​သူတွေ အသက်ရှင်​လွတ်မြောက်​ပါလိမ့်မယ်။

လောက​စနစ်ဆိုး အဆုံးတိုင်​တဲ့အခါ ဖျက်ဆီးခြင်းဘေး​ကြီး​ကနေ ဘယ်သူတွေ အသက်ရှင်​လွတ်မြောက်​မလဲ​ဆိုတာ ကျွန်တော်တို့လည်း သိချင်​ကြပါတယ်။ (၁) စိတ်အာရုံမှာ ယေဇကျေလ နောက်ထပ် ဘာ​မြင်ရ​သလဲ။ (၂) ယေဇကျေလ​ခေတ်မှာ စိတ်အာရုံ ဘယ်လို ပြည့်စုံခဲ့​သလဲ။ (၃) ဒီ​ပရောဖက်ပြုချက်​ဆိုင်ရာ စိတ်အာရုံ​က ကျွန်တော်တို့​ခေတ်​အတွက် ဘာ​အဓိပ္ပာယ်​ရှိသလဲ​ဆိုတာတွေကို သုံးသပ်​ကြည့်ကြစို့။

“ဒဏ်ခတ်​ဖျက်ဆီးဖို့ . . . ဆင့်ခေါ်​လိုက်ပါ”

၄။ စိတ်အာရုံမှာ ယေဇကျေလ မြင်ရ၊ ကြားရတဲ့​အရာကို ဖော်ပြပါ။

စိတ်အာရုံမှာ ယေဇကျေလ နောက်ထပ် ဘာ​မြင်ရ၊ ကြားရ​သလဲ။ (ယေဇကျေလ ၉:၁-၁၁ ကို ဖတ်ပါ။) “မြောက်​အရပ်ဘက် မျက်နှာမူ​ထားတဲ့ အထက်​တံခါးပေါက်​ကနေ” လူ​ခုနစ်​ယောက် ထွက်​လာတယ်။ အဲဒီ​တံခါးပေါက်​ဟာ ဘုရားရဲ့ ဝန်တိုစိတ်​ကို ဆွပေး​တဲ့​ရုပ်တု ရှိတဲ့​နေရာ၊ တမ္မုဇ​နတ်ဘုရား​အတွက် အမျိုးသမီး​တွေ ငိုကြွေး​တဲ့​နေရာနား ဖြစ်နိုင်တယ်။ (ယေဇ. ၈:၃၊ ၁၄) လူ​ခုနစ်​ယောက်​က ဗိမာန်တော် အတွင်း​ရင်ပြင်​ထဲ ဝင်​ပြီး ကြေးနီ​ပူဇော်ရာ​ပလ္လင်​ဘေးမှာ ရပ်​ကြတယ်။ ပူဇော်သက္ကာ ဆက်သဖို့​တော့ မဟုတ်ဘူး။ ဗိမာန်တော်မှာ ဆက်သ​တဲ့ ပူဇော်သက္ကာတွေကို ယေဟောဝါ လက်မခံ​တော့​တာ ကြာပြီ။ လူ​ခြောက်ယောက်​က “ရိုက်ခွဲ​စ​ရာ​လက်နက် ကိုယ်စီ ကိုင်ထားတယ်။” ခုနစ်​ယောက်​မြောက်​လူက သိသိသာသာ ကွဲ​ထွက်​နေတယ်။ ချည်ထည် ဝတ်ဆင်​ထားတယ်။ ခါး​မှာ လက်နက် မဟုတ်ဘဲ “စာရေးတော်​မင်​ဘူး” ချိတ်​ထားတယ်။

၅၊ ၆။ မှတ်သား​ခံရသူတွေ​နဲ့​ပတ်သက်ပြီး ဘာ​ကောက်ချက် ချ​နိုင်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

မင်အိုး​ချိတ်​ထား​သူရဲ့ တာဝန်​က ဘာလဲ။ “ဂျေရုဆလင်​မြို့ထဲ သွားပါ။ မြို့ထဲမှာ လုပ်​နေတဲ့ ရွံစရာတွေကြောင့် သက်ပြင်းချ​သူတွေ၊ ညည်းတွား​သူတွေရဲ့ နဖူး​မှာ မှတ်​သားပါ” ဆိုပြီး ယေဟောဝါ​ဆီက တာဝန် ရထားတယ်။ ဖျက်ဆီးခြင်းဘေး​ကနေ သားဦး​တွေ ကယ်တင်​ခံရဖို့ တံခါး​တိုင်​နဲ့ တံခါးထုပ်​ပေါ်မှာ သွေး​သုတ်​ခဲ့​တဲ့ သစ္စာရှိ အစ္စရေး​မိဘတွေ​အကြောင်း ယေဇကျေလ ပြန်တွေး​မိ​နိုင်တယ်။ (ထွ. ၁၂:၇၊ ၂၂၊ ၂၃) ယေဇကျေလ စိတ်အာရုံပါ မင်အိုး​ချိတ်​ထားသူ မှတ်သား​တဲ့ နဖူး​ပေါ်​က အမှတ်​အသားဟာ ဂျေရုဆလင်​မြို့ ပျက်စီးခြင်း​ဘေး​ကနေ အသက်ရှင်​လွတ်မြောက်​မ​ယ့် အမှတ်အသား​များ​လား။

မှတ်သား​ရတဲ့ အကြောင်းရင်းကို ဆန်းစစ်တဲ့​အခါ အဖြေ ရှင်း​လာ​ပါတယ်။ “မြို့ထဲမှာ လုပ်​နေတဲ့ ရွံစရာတွေကြောင့် သက်ပြင်းချ​သူတွေ၊ ညည်းတွား​သူတွေရဲ့ နဖူး​မှာ” မှတ်သား​ဖို့​ဆိုပြီး ဖော်ပြ​ထားတယ်။ မှတ်သား​ခံရသူတွေ​နဲ့​ပတ်သက်ပြီး ဘာ​ကောက်ချက် ချ​နိုင်သလဲ။ တစ်ချက်​အနေနဲ့ သူတို့ဟာ ဗိမာန်တော်​က ရုပ်တု​ကိုးကွယ်ခြင်း​ကြောင့်​သာမက ဂျေရုဆလင်​မြို့မှာ ပြည့်နှက်​နေတဲ့ အကြမ်းဖက်မှု၊ အကျင့်​ယိုယွင်းမှု၊ အကျင့်ပျက်​ခြစားမှု​တွေ​ကြောင့် အကြီးအကျယ် ဝမ်းနည်း​နေ​သူတွေ ဖြစ်တယ်။ (ယေဇ. ၂၂:၉-၁၂) ဒါ့အပြင် သူတို့က ခံစားချက်ကို ဖုံးကွယ်​ထား​ကြ​ပုံ မရဘူး။ စိတ်နှလုံး​ရိုး​ဖြောင့်​သူတွေက တိုင်းပြည်​အတွင်း ဖြစ်ပျက်​နေတာတွေကို ရွံမုန်း​ကြောင်း၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ သစ္စာရှိ​ရှိ ပါဝင်​ကြောင်း အပြောအဆို၊ လုပ်ရပ်တွေ​နဲ့ ပြ​ကြတယ်။ ယေဟောဝါ​က ကရုဏာတော်​ကြောင့် ထိုက်တန်​သူတွေကို ကယ်တင်​ပါလိမ့်မယ်။

၇၊ ၈။ ရိုက်ခွဲ​စ​ရာ​လက်နက် ကိုင်ထား​သူတွေက တာဝန် ဘယ်လို ထမ်းဆောင်​ရမလဲ။ နောက်ဆုံး ရလဒ်​က ဘာလဲ။

ရိုက်ခွဲ​စ​ရာ​လက်နက် ကိုယ်စီ ကိုင်ထားတဲ့ လူ​ခြောက်ယောက်​က​ကော တာဝန်ကို ဘယ်လို ထမ်းဆောင်​ရမလဲ။ မင်အိုး ချိတ်​ထားသူ​နောက် လိုက်သွား​ပြီး နဖူး​မှာ အမှတ်အသား​ပါ​သူတွေက​လွဲလို့ ကျန်တဲ့​လူတိုင်းကို ကွပ်မျက်​ဖို့ ယေဟောဝါ ညွှန်ကြား​နေတာ ယေဇကျေလ ကြားလိုက်တယ်။ “သန့်ရှင်း​ရာ​ဌာနတော်​ကနေ စ​လုပ်ပါ” ဆိုပြီး ယေဟောဝါ ညွှန်ကြားတယ်။ (ယေဇ. ၉:၆) ဒါကြောင့် ကွပ်မျက်​သူတွေက ယေဟောဝါ​အတွက် မသန့်ရှင်း​တော့​တဲ့ ဂျေရုဆလင်​ဗိမာန်တော်​ကနေ အလုပ်​စ​ကြရမယ်။ အယူမှား​ဘုရားတွေဆီ နံ့သာပေါင်း ပူဇော်​နေကြ​တဲ့ “အိမ်တော်​ရှေ့မှာ​ရှိတဲ့ အကြီးအကဲ” ၇၀ ဦးဆုံး ကွပ်မျက်ခံ​ရမယ်။—ယေဇ. ၈:၁၁၊ ၁၂။ ၉:၆

နောက်ဆုံး ရလဒ်​က ဘာလဲ။ “မိန့်မှာ​ထားတဲ့​အတိုင်း လုပ်ပြီးပါပြီ” ဆိုပြီး ယေဟောဝါ​ဆီ မင်အိုး​ချိတ်​ထားသူ သတင်းပို့​တာ​ကို ယေဇကျေလ တွေ့တယ်။ (ယေဇ. ၉:၁၁) ‘ဂျေရုဆလင်​မြို့သား​တွေရဲ့ အခြေအနေ ဘယ်လို ရှိသလဲ။ သစ္စာ​ရှိသူတွေ ဖျက်ဆီးခြင်းဘေး​ကနေ အသက်ရှင်​လွတ်မြောက်​ခဲ့​သလား’ စ​သဖြင့် ကျွန်တော်တို့ တွေးမိ​နိုင်တယ်။

ယေဇကျေလ​ခေတ်မှာ စိတ်အာရုံ ဘယ်လို ပြည့်စုံခဲ့​သလဲ

၉၊ ၁၀။ ဂျေရုဆလင်​မြို့ ဖျက်ဆီးခြင်းဘေး​ကနေ အသက်ရှင်​လွတ်မြောက်​တဲ့ သစ္စာရှိ​သူတချို့​က ဘယ်သူတွေလဲ။ သူတို့နဲ့​ပတ်သက်ပြီး ဘာ​ကောက်ချက် ချ​နိုင်သလဲ။

ရာဇဝင်ချုပ် ဒုတိယစောင် ၃၆: ၁၇-၂၀ ကို ဖတ်ပါ။ ဂျေရုဆလင်​မြို့​နဲ့ ဗိမာန်တော်ကို ဗာဗုလုန်​စစ်တပ် ဖျက်ဆီး​တဲ့ ဘီစီ ၆၀​၇ မှာ ယေဇကျေလ ပရောဖက်ပြုချက် ပြည့်စုံခဲ့​တ​ယ်။ သစ္စာမဲ့ ဂျေရုဆလင်​မြို့​အပေါ် အပြစ်ဒဏ် သွန်းလောင်း​ချိန်မှာ ဗာဗုလုန်​လူမျိုးဟာ “ယေဟောဝါ​လက်ထဲက” အသုံးတော်ခံ “ခွက်” ပ​မာ ဖြစ်ခဲ့တယ်။ (ယေ. ၅၁:၇) အားလုံး သိမ်း​ရုံး​ဖျက်ဆီး​ခံခဲ့ရ​သလား။ မဟုတ်ပါဘူး။ ဗာဗုလုန်တွေ လက်ချက်​နဲ့ လူတချို့ သေ​မှာ မဟုတ်​ကြောင်း ယေဇကျေလ စိတ်အာရုံ​က ကြိုတင်​ဖော်ပြခဲ့တယ်။—က. ၁၈:၂၂-၃၃။ ၂ ပေ. ၂:၉

၁၀ ရေခပ်​အမျိုးသားတွေ၊ အီသီယိုးပီးယား​လူမျိုး ဧဗဒမေလက်၊ ပရောဖက် ယေရမိ၊ အတွင်းရေးမှူး ဗာရုတ် အပါအဝင် သစ္စာ​ရှိသူတွေ အသက်ရှင်​လွတ်မြောက်​ခဲ့​ကြတယ်။ (ယေ. ၃၅:၁-၁၉။ ၃၉:၁၅-၁၈။ ၄၅:၁-၅) သူတို့ဟာ ဂျေရုဆလင်​မြို့ထဲမှာ လုပ်​နေတဲ့ “ရွံစရာတွေကြောင့် သက်ပြင်းချ​သူတွေ၊ ညည်းတွား​သူတွေ” ဖြစ်ရမယ်​လို့ ယေဇကျေလ စိတ်အာရုံ​အရ ကောက်ချက်ချ​နိုင်တယ်။ (ယေဇ. ၉:၄) ဆိုးညစ်​မှု​ကို ငြင်းပယ်​ကြောင်း၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ သစ္စာရှိ​ရှိ ပါဝင်​ကြောင်း ဖျက်ဆီးခြင်းဘေး​မတိုင်ခင် ဖော်ပြခဲ့​ကြ​လို့ ကယ်တင်​ခံ​ခဲ့​ကြရတယ်။

၁၁။ ရိုက်ခွဲ​စ​ရာ​လက်နက် ကိုင်ထားတဲ့ လူ​ခြောက်ယောက်​နဲ့ စာရေးတော်​မင်ဘူး ချိတ်​ထားသူ​က ဘယ်သူတွေကို ကိုယ်စားပြု​သလဲ။

၁၁ သစ္စာရှိ​သူတွေဟာ ကယ်တင်​ခံရဖို့ တကယ့် အမှတ်အသား ရခဲ့​ကြသလား။ ယေဇကျေလ ဒါမှမဟုတ် တခြား​ပရောဖက်​တစ်ယောက်ယောက် ဂျေရုဆလင်​မြို့​တစ်လျှောက် သွားပြီး သစ္စာ​ရှိသူတွေရဲ့ နဖူး​မှာ မှတ်သား​ခဲ့​တဲ့​အကြောင်း မှတ်တမ်း မရှိပါဘူး။ ယေဇကျေလ စိတ်အာရုံ​က ကောင်းကင်ဘုံမှာ ဖြစ်ပျက်​နေတဲ့​အရာကို ဖော်ပြတာ ဖြစ်လို့ လူ့​မျက်စိ​နဲ့ မမြင်နိုင်​ဘူး။ ဒါကြောင့် စာရေးတော်​မင်​ဘူး ချိတ်​ထားသူ၊ ရိုက်ခွဲ​စ​ရာ​လက်နက် ကိုင်ထား​သူ ခြောက်ယောက်​တို့ဟာ ယေဟောဝါရဲ့ အလိုတော် ထမ်းဆောင်ဖို့ အမြဲ​အသင့်ရှိ​နေကြ​တဲ့ သစ္စာရှိ နာမ်ဝိညာဉ်သား​တွေကို ကိုယ်စားပြု​တယ်။ (ဆာ. ၁၀၃:၂၀၊ ၂၁) ယေဟောဝါ​က သစ္စာမဲ့ ဂျေရုဆလင်​မြို့ကို တရား​စီရင်​ဖို့ ကောင်းကင်တမန်တွေကို သုံးပြီး ညွှန်ကြားခဲ့တယ်။ တရား​စီရင်​တဲ့အခါ ကောင်းကင်တမန်တွေ​က သိမ်း​ရုံး​ဖျက်ဆီးမှာ မဟုတ်ဘဲ ရွေးချယ်​စိစစ်​မှာ ဖြစ်ကြောင်း ကယ်တင်​ခံရမယ့်​သူတွေကို နဖူး​မှာ မှတ်သား​ခြင်းက ဖော်ပြတယ်။

ယေဇကျေလ စိတ်အာရုံ​က ကျွန်တော်တို့​ခေတ်​အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

၁၂၊ ၁၃။ (က) ဂျေရုဆလင်​မြို့​အပေါ် ယေဟောဝါ ဘာကြောင့် အမျက်တော် သွန်းလောင်း​ခဲ့သလဲ။ ကျွန်တော်တို့​ခေတ်မှာ အလားတူ ဖြစ်မယ်လို့ ဘာကြောင့် မျှော်လင့်သင့်​သလဲ။ (ခ) သစ္စာမဲ့​တဲ့ ဂျေရုဆလင်​မြို့ဟာ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို ပုံဆောင်​သလား။ ရှင်းပြပါ။ (“ဂျေရုဆလင်​မြို့ဟာ အမည်ခံ​ခရစ်ယာန်​ ဘာသာ​ကို ပုံဆောင်​သလား” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၂ “ဒီ​လောက တည်​ချိန်​ကနေ အခုထိ မဖြစ်ဖူးသေးတဲ့၊ နောင်လည်း ဖြစ်မှာ​မဟုတ်တဲ့ ကြီးစွာသောဒုက္ခ” ကို မကြာခင် ကျွန်တော်တို့ ရင်ဆိုင်​ကြ​ရတော့မယ်။ (မ. ၂၄:၂၁) အဲဒီ​အချိန်ကို စောင့်မျှော်​ရင်း မေးခွန်း​တချို့ ပေါ်လာတယ်– ဖျက်ဆီးခြင်းဘေး​ဟာ ကြုံသလို မဟုတ်ဘဲ ရွေးချယ်​စိစစ်​ပြီး ဖြစ်မလား။ ယေဟောဝါကို စင်ကြယ်​စွာ ဝတ်ပြု​ကိုးကွယ်သူ​တွေ ကယ်တင်ခြင်း​အတွက် တစ်နည်းနည်းနဲ့ မှတ်သား​ခံရ​မလား။ ယေဇကျေလ စိတ်အာရုံပါ မင်အိုး​ချိတ်​ထားသူ​နဲ့​ပတ်သက်ပြီး မျက်မှောက်ခေတ် ပြည့်စုံချက် ရှိသလား။ အဖြေကတော့ ရွေးချယ်​စိစစ်​မယ်။ မှတ်သား​ခံရမယ်။ ပြည့်စုံချက် ရှိမယ်။ ဘာကြောင့် ဒီလို​ကောက်ချက် ချ​နိုင်သလဲ။ အဖြေ သိဖို့ ယေဇကျေလ စိတ်အာရုံ​ကို ပြန်​ကြည့်ကြရအောင်။

၁၃ ရှေး​ဂျေရုဆလင်​မြို့​အပေါ် ယေဟောဝါ အမျက်တော် သွန်းလောင်း​ရတဲ့ အကြောင်းရင်းကို မှတ်မိ​ပါသလား။ ယေဇကျေလ ၉:၈၊ ၉ (ဖတ်ပါ။) မှာ ပြန်​ကြည့်ပါ။ လာမယ့် ဖျက်ဆီးခြင်းဘေး​ဟာ “အစ္စရေး​အကြွင်းအကျန်​တွေ” ရဲ့ အဆုံး ဖြစ်မလား​ဆိုပြီး ယေဇကျေလ စိုးရိမ်​တဲ့အခါ ယေဟောဝါ​က တရား​စီရင်​ရတဲ့ အကြောင်းရင်း​လေးချက်​ကို ဖော်ပြခဲ့တယ်။ ပထမ၊ အစ္စရေး​လူမျိုးရဲ့ “အပြစ်” ဟာ “အင်မတန် ကြီးလေးတယ်။” * ဒုတိယ၊ ယုဒပြည်မှာ “သွေး​ချောင်း​စီး​နေတယ်။” တတိယ၊ ယုဒပြည်ရဲ့ မြို့တော် ဂျေရုဆလင်​မှာ “အကျင့်ပျက်​ခြစားမှု​တွေ အပြည့်​ပဲ။” စတုတ္ထ၊ လူတွေက သူတို့ရဲ့ အကျင့်ဆိုးတွေကို ယေဟောဝါ “မမြင်​ပါဘူး” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စား​နေ​ကြတယ်။ စဉ်းလဲ​ဖောက်ပြန်တဲ့၊ အကြမ်းဖက်​တဲ့၊ အကျင့်ပျက်​တဲ့၊ သစ္စာမဲ့​တဲ့ ဒီနေ့ လောက​ကိုလည်း ဒီ​အကြောင်းရင်း​တွေ​ကြောင့်​ပဲ ယေဟောဝါ တရား​စီရင်ပါ​လိမ့်မယ်။ “ပြောင်းလဲခြင်း​မရှိ” တဲ့ ယေဟောဝါဟာ ယေဇကျေလ​ခေတ်​ကလို​ပဲ ဖြောင့်မတ်တဲ့ အမျက်​ဒေါသ ထွက်​မှာ သေချာ​ပါတယ်။ (ယာ. ၁:၁၇။ မာလ. ၃:၆) ဒါကြောင့် မျက်မှောက်ခေတ်မှာ မင်အိုး​ချိတ်​ထားသူ​နဲ့ ရိုက်ခွဲ​စ​ရာ​လက်နက် ကိုင်ထားတဲ့ လူ​ခြောက်ယောက်​အတွက် အလုပ်​တာဝန် ရှိမယ်လို့ ယူဆ​နိုင်ပါတယ်။

ရိုက်ခွဲစရာလက်နက် ကိုင်ထားတဲ့ လူခြောက်ယောက်မှာ မကြာခင် လုပ်ဆောင်ရမယ့်တာဝန် ရှိ (စာပိုဒ် ၁၂၊ ၁၃ ကို ကြည့်ပါ)

၁၄၊ ၁၅။ ဖျက်ဆီးခြင်း မတိုင်ခင် လူတွေကို ယေဟောဝါ သတိပေး​ကြောင်း ဘယ်​ဥပမာ​တွေ​က ဖော်ပြသလဲ။

၁၄ မျက်မှောက်ခေတ်မှာ ယေဇကျေလ စိတ်အာရုံ ဘယ်လို ပြည့်စုံ​နေသလဲ။ အတိတ်တုန်း​က စိတ်အာရုံ ပြည့်စုံခဲ့​ပုံကို ပြန်​ကြည့်မယ်​ဆိုရင် လက်ရှိ​နဲ့ အနာဂတ်မှာ ဖြစ်ပျက်​လာမယ့်​အရာတွေ​အကြောင်း သင်ယူနိုင်တယ်။ ယေဇကျေလ ပရောဖက်ပြုချက် ပြည့်စုံမှု​တွေ​မှာ တွေ့မြင်ခဲ့တဲ့၊ တွေ့မြင်​ရမယ့် အချက်တချို့ကို သုံးသပ်​ကြည့်ပါ။

၁၅ ယေဟောဝါ​က ဖျက်ဆီးခြင်း​မတိုင်ခင် လူတွေကို သတိ​ပေးတယ်။ ဒီ​စာအုပ် အခန်း ၁၁ မှာ တွေ့ခဲ့​တဲ့​အတိုင်း ယေဟောဝါ​က ယေဇကျေလ​ကို “အစ္စရေး​အမျိုး​အတွက် ကင်းစောင့်” အဖြစ် ခန့်ခဲ့တယ်။ (ယေဇ. ၃:၁၇-၁၉) ဖျက်ဆီးခြင်းဘေး​အကြောင်း ဘီစီ ၆၁၃ က​စပြီး အစ္စရေးတွေကို ယေဇကျေလ ရှင်းရှင်းလင်းလင်း သတိ​ပေးခဲ့တယ်။ ဟေရှာယ၊ ယေရမိ အပါအဝင် တခြား​ပရောဖက်တွေလည်း ဂျေရုဆလင်​မြို့​အပေါ် ကျရောက်​တော့​မ​ယ့် ဘေးဆိုး​အကြောင်း သတိပေး​ကြေညာခဲ့တယ်။ (ဟေရှာ. ၃၉:၆၊ ၇။ ယေ. ၂၅:၈၊ ၉၊ ၁၁) ဒီနေ့​အချိန်မှာ ယေဟောဝါ​က ခရစ်တော်​က​တစ်ဆင့် ဘိသိက်ခံ​ကျေးကျွန်​အုပ်စုလေးကို သုံးပြီး စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်သူ အိမ်သူအိမ်သား​တွေကို ကျွေးမွေး​နေတယ်။ ဒါ့အပြင် အလျင်အမြန် ချဉ်းကပ်​လာ​နေတဲ့ ကြီးစွာသောဒုက္ခ​အကြောင်း တခြား​သူတွေကို သတိပေး​နေတယ်။—မ. ၂၄:၄၅

၁၆။ ယေဟောဝါရဲ့ ကျေးကျွန်တွေက အသက်ရှင်​လွတ်မြောက်​မ​ယ့်​သူတွေကို မှတ်သား​သလား။ ရှင်းပြပါ။

၁၆ ကယ်တင်​ခံရမယ့်​သူတွေကို ယေဟောဝါရဲ့ ကျေးကျွန်တွေ မ​မှတ်သား​ပါဘူး။ ဂျေရုဆလင်​မြို့​တစ်လျှောက် ကိုယ်တိုင် သွားပြီး ကယ်တင်​ခံရမယ့်​သူတွေကို မှတ်သား​ဖို့ ယေဇကျေလ မိန့်မှာ​မခံရ​ကြောင်း သတိပြုပါ။ အလားတူပါပဲ မျက်မှောက်ခေတ် ယေဟောဝါရဲ့ လူမျိုးဟာ ကယ်တင်​ခံထိုက်​သူတွေကို မှတ်သား​ဖို့ တာဝန်ပေး​မခံရ​ဘူး။ ခရစ်တော်ရဲ့ အိမ်သူအိမ်သား​တွေ​အနေနဲ့ ဟောပြောဖို့ တာဝန်​တော့ ပေးအပ်​ခံ​ထား​ရတယ်။ ဘုရား​နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း၊ ဒီ​လောက​စနစ်ဆိုးရဲ့ အဆုံး အလျင်အမြန် ချဉ်းကပ်​လာ​နေ​ကြောင်း ထက်ထက်သန်သန် သတိပေးခြင်း​အားဖြင့် တာဝန်ကို အလေးအနက်​ထား​ကြတယ်။ (မ. ၂၄:၁၄။ ၂၈:၁၈-၂၀) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​လာဖို့ စိတ်​ရိုး​ဖြောင့်​သူတွေကို ကူညီပေး​ခွင့် ရထား​ကြတယ်။—၁ တိ. ၄:၁၆

၁၇။ အနာဂတ်မှာ မှတ်သား​ခံရဖို့ ယောက်​တိုင်း အခု ဘာလုပ်​ကြ​ရမလဲ။

၁၇ ရောက်လာတော့မယ့် ဖျက်ဆီးခြင်းဘေး​မှာ အသက်ရှင်​လွတ်မြောက်​ဖို့ ယောက်​တိုင်း​က ကိုယ့်​ယုံကြည်ခြင်းကို အခု သက်သေထူ​ရမယ်။ အစောပိုင်းမှာ လေ့လာ​ခဲ့​သလိုပဲ ဘီစီ ၆၀​၇၊ ဂျေရုဆလင်​မြို့ ပျက်စီးခြင်း​ဘေး​ကနေ အသက်ရှင်​လွတ်မြောက်​သူတွေဟာ ဆိုးညစ်​မှု​ကို ငြင်းပယ်​ကြောင်း၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ သစ္စာရှိ​ရှိ ပါဝင်​ကြောင်း ဖျက်ဆီးခြင်း​မတိုင်ခင် ပြခဲ့​ကြတယ်။ ဒီနေ့လည်း အလားတူပါပဲ။ ဖျက်ဆီးခြင်းဘေး မတိုင်ခင်​မှာ ဒီ​လောက ဆိုးညစ်​မှု​တွေ​ကြောင့် ယောက်​တိုင်း “သက်ပြင်းချ၊” “ညည်းတွား” ကြရမယ်။ ဝမ်းနည်းပူဆွေး​ကြရမယ်။ ကိုယ့်​ခံစားချက်ကို ဖုံးကွယ်​မထား​ဘဲ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ သစ္စာရှိ​ရှိ ပါဝင်​ကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ပြ​ရမယ်။ ဘယ်လို​နည်းနဲ့လဲ။ ဟောပြောခြင်း​လုပ်ငန်းကို လက်ခံ​​တုံ့ပြန်​ရမယ်။ ခရစ်ယာန်​အရည်အသွေးတွေ ဆ​က်​တင်ပြ​ရမယ်။ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​တဲ့ အထိမ်းအမှတ်​အဖြစ် နှစ်ခြင်း​ခံရမယ်။ ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိ​ရှိ ကူညီ​ထောက်မ​နေရမယ်။ (ယေဇ. ၉:၄။ မ. ၂၅:၃၄-၄၀။ ဧ. ၄:၂၂-၂၄။ ၁ ပေ. ၃:၂၁) အခု​အချိန်မှာ ဒီလိုလုပ်​ဆောင်​နေ​သူတွေ၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်သူ​တွေ​အဖြစ် ကြီးစွာသောဒုက္ခ​ထဲ ဝင်ရောက်​သူတွေ​ပဲ မှတ်သား​ကယ်တင်​ခံကြ​ရမယ်။

၁၈။ (က) ထိုက်တန်​သူတွေကို ယေရှု​ခရစ် ဘယ်​အချိန်မှာ ဘယ်လို မှတ်သား​မလဲ။ (ခ) သစ္စာရှိ ဘိသိက်ခံ​တွေ မှတ်သား​ခံရဖို့ လိုသလား။ ရှင်းပြပါ။

၁၈ ထိုက်တန်​သူတွေ မှတ်သား​ခြင်း​ကို ကောင်းကင်ဘုံ​ကနေ လုပ်ဆောင်မယ်။ ယေဇကျေလ​ခေတ်မှာ ကောင်းကင်တမန်တွေ​က ကယ်တင်​ခံရမယ့် သစ္စာ​ရှိသူတွေကို မှတ်သား​ဖို့ တာဝန်​ရခဲ့တယ်။ မျက်မှောက်ခေတ် ပြည့်စုံမှုမှာ စာရေးတော်​မင်​ဘူး ချိတ်ထား​သူဟာ လူမျိုး​အားလုံးရဲ့ တရားသူကြီး​အနေနဲ့ “ဘုန်းတန်ခိုးနဲ့ လာ” မ​ယ့် ယေရှု​ခရစ်ကို ကိုယ်စားပြု​တ​ယ်။ (မ. ၂၅:၃၁-၃၃) မှားယွင်းတဲ့ ဘာသာရေး​ကို ဖျက်ဆီး​ပြီးနောက် ကြီးစွာသောဒုက္ခ​အတွင်း ယေရှု ကြွလာ​မ​ယ်။ * အဲဒီ​အရေးကြီးတဲ့​အချိန်၊ အာမဂေဒုန် မစ​ခင်​လေးမှာ ယေရှု​က လူတွေကို သိုး​နဲ့ ဆိတ်​အဖြစ် တရား​စီရင်​မ​ယ်။ “လူအုပ်ကြီး” ဟာ သိုး​အဖြစ် စီရင်​မှတ်သား​ခံရမယ်။ ဒါက “ထာဝရ​အသက် ရ” မယ်​ဆိုတာကို ဖော်ပြတယ်။ (ဗျာ. ၇:၉-၁၄။ မ. ၂၅:၃၄-၄၀၊ ၄၆) သစ္စာရှိ ဘိသိက်ခံ​တွေ​ကော။ အာမဂေဒုန်​မှာ ကယ်တင်​ခံရဖို့ မှတ်သား​ခံ​စ​ရာ မလိုဘူး။ မသေဆုံးခင် ဒါမှမဟုတ် ကြီးစွာသောဒုက္ခ မစ​ခင်မှာ နောက်ဆုံး​တံဆိပ် ခတ်​ခံရမယ်။ အာမဂေဒုန် မစခင် တစ်ချိန်ချိန်မှာ ကောင်းကင်ကို ခေါ်ဆောင်​ခံရမယ်။—ဗျာ. ၇:၁-၃

၁၉။ ဒီ​လောက​စနစ်ကို တရား​စီရင်​တဲ့အခါ ယေရှုနဲ့အတူ ဘယ်သူတွေ ပါဝင်​မလဲ။ (“သက်ပြင်းချ​ခြင်း၊ ညည်းတွား​ခြင်း၊ မှတ်သား​ခြင်း၊ ရိုက်ခွဲခြင်း—ဘယ်​အချိန်​လဲ၊ ဘယ်လို​လဲ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၉ ကောင်းကင်ဘုရင် ယေရှု​ခရစ်​နဲ့ ကောင်းကင်​စစ်တပ်​က ဒီ​စနစ်ကို တရားစီရင်​မယ်။ ယေဇကျေလ စိတ်အာရုံမှာ ချည်ထည် ဝတ်ဆင်​ထား​သူရဲ့ မှတ်သား​ခြင်း​လုပ်ငန်း မပြီးမချင်း ရိုက်ခွဲ​စ​ရာ​လက်နက် ကိုင်ထားတဲ့ လူ​ခြောက်ယောက်​က ဖျက်ဆီးခြင်း​လုပ်ငန်း မစ​ဘူး။ (ယေဇ. ၉:၄-၇) အလားတူ လာမယ့် ဖျက်ဆီးခြင်း​ဘေးဟာလည်း လူတွေကို သိုး​နဲ့ ဆိတ်​အဖြစ် ယေရှု မှတ်သား​ပြီးမှ စတင်မယ်။ အာမ​ဂေဒုန်​စစ်ပွဲ​အတွင်း ယေရှု​က တွဲဖက်​ဘုရင် ၁၄၄,၀​၀​၀ နဲ့ ကောင်းကင်တမန်တွေ ပါဝင်တဲ့ ကောင်းကင်​စစ်တပ်​ကို ဦးဆောင်​ပြီး ဆိုးညစ်​တဲ့ ဒီ​လောက​ကို ဖျက်ဆီးပစ်မယ်။ ဖြောင့်မတ်ခြင်း တည်နေရာ ကမ္ဘာသစ်​ထဲ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်သူတွေကို ခေါ်ဆောင်​သွားမယ်။—ဗျာ. ၁၆:၁၄-၁၆။ ၁၉:၁၁-၂၁

၂၀။ စာရေးတော်​မင်​ဘူး ချိတ်​ထားသူ​အကြောင်း ယေဇကျေလ စိတ်အာရုံ​ကနေ နှစ်သိမ့်မှု ဖြစ်စေတဲ့ ဘာသင်ခန်းစာ​တွေ ရသလဲ။

၂၀ စာရေးတော်​မင်​ဘူး ချိတ်​ထားသူ​အကြောင်း ယေဇကျေလ စိတ်အာရုံ​ကနေ နှစ်သိမ့်မှု ဖြစ်စေတဲ့ သင်ခန်းစာ​တွေ လေ့လာ​ရလို့ သိပ်​ကျေးဇူးတင်​ကြတယ်။ ဖြောင့်မတ်​သူတွေကို ဆိုးညစ်သူ​တွေ​နဲ့​အတူ ယေဟောဝါ သိမ်း​ရုံး​ဖျက်ဆီးမှာ မဟုတ်​ကြောင်း အပြည့်အဝ ယုံကြည်​စိတ်ချ​နိုင်ပါတယ်။ (ဆာ. ၉၇:၁၀) ကယ်တင်ခြင်း​အတွက် အနာဂတ်မှာ မှတ်သား​ခံရဖို့ အခု ဘာ​လုပ်ရမယ်​ဆိုတာ ကျွန်တော်တို့ သိကြတယ်။ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်သူ​တွေ​အနေနဲ့ ကျွန်တော်တို့​က သတင်းကောင်း ကြေညာခြင်း၊ စာတန့်​လောကရဲ့ ဆိုးညစ်​မှု​ကြောင့် သက်ပြင်းချ၊ ညည်းတွား​သူတွေကို သတိပေး​ခြင်း​လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ဖို့ စိတ်ပိုင်းဖြတ်​ထား​ကြတယ်။ “ထာဝရ​အသက် ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့​သူတွေ” ကို စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ကျွန်တော်တို့နဲ့​အတူ ပါဝင်​လာဖို့ ကူညီပေး​ခွင့် ရထား​ကြတယ်။ ဒီ​နည်း​အားဖြင့် ဘုရားသခင့်​ဖြောင့်မတ်ခြင်း တည်နေရာ ကမ္ဘာသစ်​ထဲ အသက်ရှင်​လွတ်မြောက်​ဖို့ သူတို့ မှတ်သား​ခံရကြ​မ​ယ်။—တ. ၁၃:၄၈

^ အပိုဒ်၊ 1 ဗိမာန်တော်မှာ လုပ်​နေတဲ့ ရွံ​စရာတွေ​အကြောင်း ယေဇကျေလ စိတ်အာရုံ​ကို ဒီစာအုပ် အခန်း ၅ မှာ ဆွေးနွေးခဲ့​တ​ယ်။

^ အပိုဒ်၊ 13 ရည်ညွှန်းချက်​တစ်ခု​အရ “အပြစ်” လို့ ဘာသာ​ပြန်ဆိုတဲ့ ဟီဘရူး​နာမ်​က “ဖောက်ပြန်မှု” ဆိုတဲ့ သဘော​သက်ရောက်တယ်။ “ဘုရား​ရှေ့မှာ စာရိတ္တ ပျက်ပြားမှု၊ ဆိုးယုတ်မှု​ကို ဖော်ပြဖို့ အမြဲ အသုံးပြုတဲ့ ဘာသာရေး​ဝေါဟာရ” ဖြစ်တယ်လို့ ရည်ညွှန်းချက်​နောက်​တစ်ခုမှာ ဆိုထားတယ်။

^ အပိုဒ်၊ 18 မဟာ​ဗာဗုလုန် ပျက်စီးခြင်း​ဟာ မှားယွင်းတဲ့ ဘာသာရေး အသင်းသား​အားလုံး သေဆုံးခြင်း​ကို ဆိုလို​ပုံ​မရဘူး။ အဲဒီအချိန်မှာ ဓမ္မဆရာ​တချို့​တောင် မှားယွင်းတဲ့ ဘာသာရေး​ကို စွန့်ပြီး လုံးဝ မပတ်သက်​ခဲ့​ဖူး​ပါဘူး​လို့ ပြော​ကြ​လိမ့်မယ်။—ဇာ. ၁၃:၃-၆