မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၁

“‘ယေဟောဝါ စံမြန်းရာမြို့’ လို့ နာမည်တွင်လိမ့်မယ်”

“‘ယေဟောဝါ စံမြန်းရာမြို့’ လို့ နာမည်တွင်လိမ့်မယ်”

ယေဇကျေလ ၄၈:၃၅

အာရုံစိုက်​ရာ။ မြို့တော်​နဲ့ အလှူ​မြေကွက်​တို့ရဲ့ အဓိပ္ပာယ်

၁၊ ၂။ (က) သီးသန့်​ဖယ်ထား​ရမယ့် မြေကွက်​က ဘာလဲ။ (စာအုပ်​မျက်နှာဖုံး​ပုံကို ကြည့်ပါ။) (ခ) စိတ်အာရုံ​က ပြည်နှင်ခံတွေကို ဘာ​အာမခံ​သလဲ။

သီးသန့်​ဖယ်ထား​ရမယ့် မြေကွက်​တစ်​ကွက်​အကြောင်း နောက်ဆုံး စိတ်အာရုံမှာ ယေဇ​ကျေလ သိလိုက်​ရတယ်။ သီးသန့်​ဖယ်ထားတဲ့ မြေကွက်ဟာ အစ္စရေး​မျိုးနွယ်​တွေ​အတွက် အမွေမြေ မဟုတ်ဘူး။ ယေဟောဝါ​အတွက် အလှူ​မြေကွက် ဖြစ်တယ်။ စိတ်ဝင်စားစရာ နာမည်​နဲ့​မြို့​အကြောင်းကိုလည်း ဒီ​စိတ်အာရုံ​ကနေ သိရတယ်။ ပြည်နှင်ခံ​တွေ မိမိတို့​မြတ်နိုး​တဲ့ မွေးရပ်မြေ​ကို ပြန်လာတဲ့​အခါ ယေဟောဝါ အတူ​ရှိနေမယ်​ဆိုတဲ့ အရေးကြီးဆုံး အချက်ကို စိတ်အာရုံရဲ့ ဒီ​အပိုင်း​က အာမခံတယ်။

အလှူ​မြေကွက်​အကြောင်း ယေဇကျေလ အသေးစိတ် ဖော်ပြတယ်။ ယေဟောဝါကို အမှန်တကယ် ဝတ်ပြု​ကိုးကွယ်သူ​ကျွန်တော်တို့​အတွက် အဓိပ္ပာယ် ပြည့်ဝ​လှတဲ့ ဒီ​မှတ်တမ်း​ကို လေ့လာ​ဆန်းစစ်​ကြည့်ကြစို့။

‘မြို့တော် အပါအဝင် သန့်ရှင်းတဲ့ အလှူ​မြေကွက်’

၃။ ယေဟောဝါ သီးသန့်​ဖယ်ထားတဲ့ မြေကွက်​မှာ ဘယ်​အပိုင်း​ငါး​ပိုင်း ပါသလဲ။ ဒီ​အပိုင်း​တွေ​က ဘာ​အတွက်​လဲ။ (‘ဖယ်ထား​ရမယ့် အလှူ​မြေကွက်’ လေးထောင့်ကွက်​ကို ကြည့်ပါ။)

အထူး​မြေကွက်ဟာ မြောက်ဘက်​ကနေ တောင်ဘက်​ကို အတောင် ၂၅,၀၀၀ (ရှစ်မိုင်)၊ အရှေ့ဘက်ကနေ အနောက်ဘက်​ကို အတောင် ၂၅,၀​၀​၀ ရှိတယ်။ ဒီ​စတုရန်း​ပုံ​မြေကွက်​ကို “အလှူ​မြေကွက်​တစ်ခုလုံး” ဆိုပြီး ခေါ်ထားတယ်။ မြေကွက်​ကို အလျား​လိုက် သုံးပိုင်း ပိုင်း​ထားတယ်။ အပေါ်ပိုင်းကို လေဝိ​အမျိုးသားတွေ​အတွက်၊ အလယ်ပိုင်း​ကိုတော့ ဗိမာန်တော်​နဲ့ ပုရောဟိတ်တွေ​အတွက် သီးသန့်​ဖယ်​ထားတယ်။ ဒီ​အပိုင်း​နှစ်ပိုင်းဟာ “သန့်ရှင်းတဲ့ အလှူ​မြေကွက်” ဖြစ်လာတယ်။ အောက်ပိုင်း​က မြေကွက်ငယ် ဒါမှမဟုတ် “ကျန်​မြေကွက်” ဟာ “အထွေထွေ သုံးဖို့” ဖြစ်တယ်။ ဒီ​မြေကွက်​က မြို့တော်​အတွက်ပါ။—ယေဇ. ၄၈:၁၅၊ ၂၀

၄။ ယေဟောဝါ​အတွက် အလှူ​မြေကွက် မှတ်တမ်းကနေ ဘာသင်ခန်းစာ ယူ​နိုင်သလဲ။

ယေဟောဝါ​အတွက် အလှူ​မြေကွက်​အကြောင်း ဒီ​မှတ်တမ်းကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။ ယေဟောဝါ​က အလှူ​မြေကွက်​အတွက် ဦးဆုံး နေရာ​သတ်မှတ်ပြီး​နောက်မှ မျိုးနွယ်​တွေ​အတွက် နေရာ​သတ်မှတ်​ပေးခဲ့တယ်။ အလှူ​မြေကွက်​ကို အဓိက​ဦးစား​ထားရမယ်​ဆိုတာ ဒီ​အချက်​က ဖော်ပြ​နေတယ်။ (ယေဇ. ၄၅:၁) အရေးကြီးမှု​အလိုက် မြေကွက်တွေ နေရာ​ချထား​ပုံ​ကနေ ပြည်နှင်ခံ​တွေ များစွာ သင်ယူ​ခဲ့​ကြ​မှာ သေချာ​ပါတယ်။ သူတို့​အသက်တာမှာ ယေဟောဝါရဲ့ ဝတ်ပြုရေး​ကို ပထမ​နေရာ ထား​ကြရမယ်။ ဒီနေ့လည်း ဘုရားသခင့်​စကားတော် လေ့လာခြင်း၊ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်ခြင်း၊ ဟောပြောခြင်း​စတဲ့ ဘုရားရေးရာ လုပ်ငန်း​ဆောင်​တာတွေကို အရေးကြီးဆုံး​အရာတွေ​အဖြစ် ကျွန်တော်တို့ သဘောထား​ကြတယ်။ မှန်ကန်တဲ့ ဦးစားထားရာ​တွေ ချ​ခြင်းနဲ့​ပတ်သက်ပြီး ယေဟောဝါကို တုပ​မ​ယ်​ဆိုရင် နေ့စဉ်​အသက်တာမှာ ဝတ်ပြုရေး​ကို အဓိက​ထား​ကြ​မှာ ဖြစ်တယ်။

“မြေကွက်​အလယ်မှာ မြို့တော် ရှိရမယ်”

၅၊ ၆။ (က) မြို့တော်​မြေ​နေရာကို ဘယ်သူတွေ ပိုင်​သလဲ။ (ခ) မြို့တော်ဟာ ဘာကို မ​ရည်ညွှန်း​ဘူး​လဲ။ ဘာကြောင့်လဲ။

ယေဇကျေလ ၄၈:၁၅ ကိုဖတ်ပါ။ “မြို့တော်” နဲ့ မြို့​ပတ်လည်​က မြေ​နေရာဟာ ဘာ​အတွက်​လဲ။ (ယေဇ. ၄၈:၁၆-၁၈) မြို့တော် “မြေ​နေရာကို . . . အစ္စရေး​တစ်မျိုးလုံး ပိုင်​လိမ့်မယ်” ဆိုပြီး စိတ်အာရုံ​ထဲမှာ ယေဇကျေလ​ကို ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ယေဇ. ၄၅:၆၊ ၇) ဒါကြောင့် မြို့တော်​နဲ့ မြို့​ပတ်လည်​က မြေ​နေရာဟာ “ယေဟောဝါ​အတွက် . . . ဖယ်ထားတဲ့” “သန့်ရှင်းတဲ့ အလှူ​မြေကွက်“ နဲ့ မဆိုင်​ဘူး။ (ယေဇ. ၄၈:၉) ဒီ​အချက်ကို မှတ်ထား​ပြီး မြို့တော် နေရာချ​ပုံ​ကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ​ကို ဆန်းစစ်​ကြရအောင်။

မြို့တော်​အကြောင်း​ကနေ သင်ခန်းစာ​တွေ သင်ယူ​နိုင်ဖို့ အရင်ဆုံး ဒီ​မြို့တော်ဟာ ဘာ​မဖြစ်နိုင်ဘူး​ဆိုတာ သိထား​ရမယ်။ ဒီ​မြို့တော်ဟာ ဗိမာန်တော် တည်ရှိရာ ပြန်လည်​တည်ထောင်​ထားတဲ့ ဂျေရုဆလင်​မြို့ကို ရည်ညွှန်း​တာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ။ ယေဇကျေလ စိတ်အာရုံ​ထဲ​က မြို့တော်​မှာ ဗိမာန်တော် မရှိလို့ပါ။ ပြန်လည်​တည်ထောင်​ထားတဲ့ အစ္စရေး​ပြည်​က တခြား​မြို့​တစ်မြို့​ကို ရည်ညွှန်းတာလည်း မဟုတ်ဘူး။ ဘာကြောင့်လဲ။ ပြည်တော်ပြန်​တွေ ဒါမှမဟုတ် သားစဉ်မြေးဆက်​တွေ​က စိတ်အာရုံပါ အသွင်အပြင်​တွေ ရှိတဲ့ မြို့​မျိုး မတည်ဆောက်ခဲ့ကြ​လို့​ပါ။ ဒါ့အပြင် ကောင်းကင်ဆိုင်ရာ မြို့တော်​ကို ရည်ညွှန်းတာလည်း မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ။ မြင့်မြတ်တဲ့ ဝတ်ပြုရေး​အတွက် အဆောက်အအုံတွေကို အထူး​သီးသန့် မြေနေရာ​ပေါ် တည်ဆောက်လေ့​ရှိတယ်။ စိတ်အာရုံပါ မြို့တော်​ကို​တော့ “လူအများ​နဲ့​ဆိုင်တဲ့ [မသန့်ရှင်းတဲ့] မြေ” ပေါ်မှာ တည်ဆောက်​ထားလို့ပါ​ပဲ။—ယေဇ. ၄၂:၂၀

၇။ ယေဇကျေလ မြင်ခဲ့တဲ့ မြို့တော်​က ဘာလဲ။ ဘာကို ရည်ညွှန်း​ပုံ​ရသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

ဒါဆိုရင် ယေဇကျေလ မြင်ခဲ့တဲ့ မြို့တော်​က ဘာလဲ။ တိုင်းပြည်​အကြောင်း ဖော်ပြတဲ့ စိတ်အာရုံ​ထဲမှာ​ပဲ မြို့တော်​ကို ယေဇကျေလ မြင်​တွေ့ခဲ့တယ်​ဆိုတာ သတိရပါ။ (ယေဇ. ၄၀:၂။ ၄၅:၁၊ ၆) တိုင်းပြည်​ဆိုတာ ပုံဆောင်​ပြည်​ကို ရည်ညွှန်းတယ်​ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ ဒါကြောင့် မြို့ဟာလည်း ပုံဆောင်​မြို့ကို ရည်ညွှန်း​တာ​ပဲ ဖြစ်ရမယ်။ “မြို့တော်” ဆိုတဲ့ စကားက ဘာကို ဆိုလိုသလဲ။ အုပ်စု​တစ်စု​အနေနဲ့ လူတွေ အတူတကွ စနစ်တကျ ဖွဲ့စည်း​နေထိုင်တာကို ဆိုလိုတယ်။ ယေဇကျေလ မြင်ခဲ့တဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ စတုရန်း​ပုံ​မြို့ဟာ ကောင်းမွန်​တဲ့ စီမံခန့်ခွဲမှု​တစ်ခုကို ရည်ညွှန်း​ပုံ ရတယ်။

၈။ စီမံခန့်ခွဲမှု ဘယ်လောက် ပျံ့နှံ့​သက်ရောက်​သလဲ။ ဘာကြောင့်လဲ။

စီမံခန့်ခွဲမှု ဘယ်လောက် ပျံ့နှံ့​သက်ရောက်​သလဲ။ ယေဇကျေလ စိတ်အာရုံ​အရ မြို့တော်​က ပုံဆောင်​ပြည်​အတွင်း စီမံခန့်ခွဲ​တ​ယ်။ ဒါကြောင့် ဒီ​စီမံခန့်ခွဲမှု​က မျက်မှောက်ခေတ် ဘုရား​လူမျိုး လုပ်ဆောင်မှုတွေ​အပေါ် အကျိုး​သက်ရောက်​နေတယ်။ လူအများ​နဲ့​ဆိုင်တဲ့၊ မသန့်ရှင်းတဲ့​မြေပေါ် မြို့တော် တည်ဆောက်​ထားတယ်​ဆိုတဲ့ အချက်​က ဘာကို ဖော်ပြသလဲ။ မြို့တော်ဟာ ကောင်းကင်ဆိုင်ရာ စီမံခန့်ခွဲမှု​ကို ရည်ညွှန်း​တာ မဟုတ်ဘဲ ပုံဆောင်​ပရဒိသုမှာ နေထိုင်သူ​အားလုံးရဲ့ အကျိုး​အတွက် လုပ်ဆောင်​ပေးနေတဲ့ မြေကြီးဆိုင်ရာ စီမံခန့်ခွဲမှု​ကို ရည်ညွှန်း​ကြောင်း သတိ​ရစေတယ်။

၉။ (က) မျက်မှောက်ခေတ် မြေကြီးဆိုင်ရာ စီမံခန့်ခွဲမှု​ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထား​သလဲ။ (ခ) အနှစ်​တစ်ထောင်​အတွင်း ယေရှု ဘာလုပ်မလဲ။

မြေကြီးဆိုင်ရာ စီမံခန့်ခွဲမှု​ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထား​သလဲ။ ယေဇကျေလ စိတ်အာရုံမှာ မြို့တော်​ကို ဦးစီး​ဦးဆောင်​သူကို “အကြီးအမှူး” လို့ ခေါ်ထားတယ်။ (ယေဇ. ၄၅:၇) အကြီးအမှူး​က လူတွေကို ကြီးကြပ်​ပေးတယ်။ ဒါပေမဲ့ အကြီးအမှူးဟာ ပုရောဟိတ် မဟုတ်သလို လေဝိ​အမျိုးသားလည်း မဟုတ်ဘူး။ ဒါက ဒီနေ့​အချိန်မှာ အသင်းတော်ကို ကြီးကြပ်​ပေးနေတဲ့ ဘိသိက်ခံ မဟုတ်​သူတွေ​အကြောင်း စဉ်းစားမိ​စေတယ်။ “တခြားသိုး​တွေ” ကို ဂရုစိုက်​စောင့်ရှောက်​ပေးတဲ့ သိုးထိန်းတွေဟာ ခရစ်တော်ရဲ့ ကောင်းကင်​အစိုးရ​အောက် နှိမ့်ချမှု ရှိတဲ့ မြေကြီးဆိုင်ရာ​ကျေးကျွန်တွေ ဖြစ်ကြတယ်။ (ယော. ၁၀:၁၆) လာမယ့် အနှစ်​တစ်ထောင်​အတွင်း အရည်အချင်း​ရှိတဲ့ အကြီးအကဲ “မင်းညီမင်းသား​တွေ” ကို “ကမ္ဘာမြေ​တစ်ခွင်မှာ” ယေရှု ရွေးချယ်​ခန့်အပ်​ပါလိမ့်မယ်။ (ဆာ. ၄၅:၁၆) သူတို့က အနှစ်​တစ်ထောင်​အတွင်း ကောင်းကင်​နိုင်ငံတော်ရဲ့ ညွှန်ကြားမှု​အောက် ဘုရား​လူမျိုး ကောင်းကျိုး​အတွက် ဂရုစိုက်​စောင့်ရှောက်​ပေး​ကြပါလိမ့်မယ်။

“ယေဟောဝါ စံမြန်း​ရာ​မြို့”

၁၀။ မြို့တော်​ရဲ့ နာမည်က ဘာလဲ။ ဒီနာမည်က ဘာ​အာမခံချက် ပေး​သလဲ။

၁၀ ယေဇကျေလ ၄၈:၃၅ ကိုဖတ်ပါ။ မြို့တော်​နာမည်က “ယေဟောဝါ စံမြန်း​ရာ​မြို့” ဖြစ်တယ်။ ယေဟောဝါ ရှိနေတယ်​လို့ ခံစား​ရစေတဲ့​မြို့ ဖြစ်ကြောင်း ဒီ​နာမည်က အာမခံတယ်။ ယေဇကျေလ​ကို အလယ်​ဗဟိုမှာ တည်ရှိ​နေတဲ့ မြို့တော်​ကို ပြတာ​ဟာ ယေဟောဝါ​က ‘မင်းတို့နဲ့ တစ်ဖန် အတူ​စံမြန်း​မယ်’ လို့ ပြည်နှင်ခံတွေကို မိန့်ဆို​နေတဲ့​သဘော ဖြစ်တယ်။ အားရှိစရာ ကောင်း​လိုက်​လေ​ခြင်း။

၁၁။ မြို့တော်​နဲ့ အဓိပ္ပာယ် ပြည့်ဝ​လှတဲ့ နာမည်​အကြောင်း ယေဇကျေလ စိတ်အာရုံ​ကနေ ဘာသင်ခန်းစာ​တွေ ယူ​နိုင်သလဲ။

၁၁ ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ဒီ​အပိုင်း​ကနေ ဘာသင်ခန်းစာ​တွေ ယူနိုင်သလဲ။ လက်ရှိ​အချိန်မှာ​ကော ထာဝစဉ်​မှာပါ မြေကြီးပေါ်​က သစ္စာရှိ​ကျေးကျွန်တွေနဲ့​အတူ ယေဟောဝါ စံမြန်း​မှာ ဖြစ်ကြောင်း မြို့တော်​လို စနစ်တကျ ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲမှု​နာမည်က စိတ်ချ​စေတယ်။ အဓိပ္ပာယ်​ပြည့်ဝ​လှတဲ့ နာမည်က အရေးကြီး အမှန်တရားကို အလေး​ပေးတယ်– မြို့တော် အုပ်ချုပ်ခွင့်​အာဏာကို ဘယ်​လူသားကို​မှ ပေးအပ်မှာ မဟုတ်ဘူး။ မေတ္တာ​ပါတဲ့၊ အကျိုးသင့်အကြောင်းသင့်​ရှိတဲ့ နည်းလမ်းတော်တွေကို ဖော်ပြဖို့ မြို့တော်ဟာ ယေဟောဝါရဲ့ အသုံးတော်ခံ ဖြစ်မယ်။ ဥပမာ၊ တိုင်းပြည်​ကို စီမံခန့်ခွဲ​သူတွေ စိတ်ကြိုက်​ခွဲဝေ​ဖို့ ယေဟောဝါ အခွင့်မပေး​ထားဘူး။ “နိမ့်ကျ​သူ” တွေ အပါအဝင် ကျေးကျွန်တွေကို ဘုရားကိုယ်တိုင် ပေးထားတဲ့ အမွေမြေ၊ ပိုင်ဆိုင်ခွင့်​တွေကို စီမံခန့်ခွဲ​သူတွေ လေးစား​ကြဖို့ ယေဟောဝါ မျှော်လင့်တယ်။—ပညာ. ၁၉:၁၇။ ယေဇ. ၄၆:၁၈။ ၄၈:၂၉

၁၂။ (က) မြို့တော်​ရဲ့ ထူးခြားတဲ့ အသွင်အပြင်​က ဘာလဲ။ ဘာကို ဖော်ပြသလဲ။ (ခ) စိတ်အာရုံရဲ့ ဒီ​အပိုင်း​က ခရစ်ယာန် ကြီးကြပ်မှူးတွေ​အတွက် ဘာ​အရေးကြီး သတိပေး​ချက် ပေး​သလဲ။

၁၂ “ယေဟောဝါ စံမြန်း​ရာ​မြို့” ရဲ့ နောက်ထပ် ထူးခြားတဲ့ အသွင်အပြင်​က ဘာလဲ။ ရှေးခေတ်​မြို့တွေမှာ အကာအကွယ် ရဖို့ မြို့တံခါး နည်း​နိုင်သမျှ နည်းနည်းနဲ့ တည်ဆောက်လေ့​ရှိပေမဲ့ ဒီ​မြို့တော်​မှာ​တော့ တံခါး ၁၂ ပေါက်​တောင် ရှိတယ်။ (ယေဇ. ၄၈:၃၀-၃၄) မြို့တော်​ရဲ့ စီမံခန့်ခွဲ​သူတွေဟာ ဘုရား​ကျေးကျွန်​အားလုံး​အတွက် ချဉ်းကပ်​ရလွယ်​ကူ​သူတွေ၊ ကူညီ​ပေးဖို့ အသင့်ရှိ​သူတွေ ဖြစ်ကြောင်း များပြား​လှတဲ့ တံခါး​အရေအတွက် (စတုရန်း​ပုံ​မြို့​ရဲ့ တစ်ဖက်တစ်ချက်​မှာ တံခါး​သုံးခု​စီ ရှိနေခြင်း) က ဖော်ပြ​တယ်။ မြို့တော်​မှာ တံခါး ၁၂ ပေါက် ရှိနေတာ​က “အစ္စရေး​တစ်မျိုးလုံး” အတွက် လမ်းဖွင့်​ထားကြောင်း အလေး​ပေးတယ်။ (ယေဇ. ၄၅:၆) မြို့ထဲ​ကို အလွယ်တကူ ဝင်ရောက်​နိုင်တယ်​ဆိုတဲ့​အချက်​က ခရစ်ယာန် ကြီးကြပ်မှူးတွေ​အတွက် အရေးကြီး သတိပေး​ချက်​ပါပဲ။ ခရစ်ယာန်​ကြီးကြပ်မှူးတွေ​အနေနဲ့ ပုံဆောင်​ပရဒိသု​အတွင်း နေထိုင်သူ​အားလုံး​အတွက် ချဉ်းကပ်​ရ လွယ်ကူ​သူတွေ၊ ကူညီ​ပေးဖို့ အသင့်ရှိ​သူတွေ ဖြစ်ဖို့ ယေဟောဝါ အလိုရှိတယ်။

ခရစ်ယာန် ကြီးကြပ်မှူးတွေဟာ ချဉ်းကပ်ရ လွယ်ကူသူတွေ၊ ကူညီဖို့ အသင့်ရှိသူတွေ ဖြစ်ကြ (စာပိုဒ် ၁၂ ကို ကြည့်ပါ)

ဘုရား​လူမျိုး​က “ကိုးကွယ်​ဖို့ လာ” ကြ​ပြီး “မြို့တော်​မှာ အလုပ်လုပ်”

၁၃။ လူတွေ ပုံစံ​အမျိုးမျိုးနဲ့ အမှုဆောင်မယ့်အကြောင်း ယေဟောဝါ​ ဘယ်လို​ ဖော်ပြထား​သလဲ။

၁၃ တိုင်းပြည် ခွဲဝေခြင်း​အကြောင်း စိတ်အာရုံမှာပါတဲ့ ယေဇကျေလ​ရဲ့​ အသေး​စိတ်​ ထပ်ဆင့်​ ဖော်ပြ​ချက်​တွေ​ကို သိရဖို့ ယေဇကျေလ​ခေတ်​ကို​ ပြန်သွား​ကြည့်ရအောင်။ လူတွေ ပုံစံ​အမျိုးမျိုးနဲ့ အမှုဆောင်​နေကြကြောင်း​ ယေဟောဝါ​ ဖော်ပြ​တယ်။ “သန့်ရှင်း​ရာ​ဌာန​တော်​မှာ အမှုဆောင်” တဲ့ ပုရောဟိတ်တွေက ပူဇော်သက္ကာတွေ ဆက်သ​ကြရမယ်၊ ယေဟောဝါ​အတွက် အမှုဆောင်​ကြရ​မယ်။ “ဗိမာန်တော်​မှာ​ အမှုဆောင်” တဲ့​ လေဝိ​အမျိုးသားတွေ​က “ဗိမာန်​တော်​လုပ်ငန်း​နဲ့ အဲဒီမှာ​လုပ်ရမယ့်​ တာဝန်​အားလုံး​ကို . . . လုပ်ဆောင်” ရမှာ​ ဖြစ်တယ်။ (ယေဇ. ၄၄:၁၄-၁၆။ ၄၅:၄၊ ၅) ဒါ့အပြင် လုပ်သားတွေက မြို့တော်​အနီး​နား​မှာ အလုပ်လုပ်​နေ​ကြရမယ်။ ဒီ​လုပ်သားတွေ​က ဘယ်သူတွေလဲ။

၁၄။ မြို့အနီး​နား​ရှိ လုပ်သားတွေ​က ကျွန်တော်တို့ကို ဘာ​အကြောင်း သတိ​ရစေ​သလဲ။

၁၄ မြို့တော်​အနီး​နားက လုပ်သား​တွေဟာ “အစ္စရေး​မျိုးနွယ် အားလုံး” ထဲ​က ဖြစ်တယ်။ သူတို့​မှာ ကူညီ​ထောက်မပေး​ရမယ့်​တာဝန် ရှိတယ်။ “မြို့တော်​မှာ အလုပ်​လုပ်တဲ့​သူတွေ စား” ဖို့ သီးနှံ​တွေ စိုက်ပျိုး​ကြရမယ်။ (ယေဇ. ၄၈:၁၈၊ ၁၉) ဒီ​အစီအစဉ်​က ဒီနေ့ ကျွန်တော်တို့ ရထားတဲ့ အခွင့်ထူး​တစ်ခုခုကို သတိ​ရစေ​သလား။ သတိ​ရစေ​ပါတယ်။ ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတော်​တွေ၊ ယေဟောဝါ ခန့်အပ်ထား​တဲ့ “လူအုပ်ကြီး” ထဲ​က ဦးဆောင်နေသူ​တွေကို ထောက်မ​ဖို့ ဒီနေ့ ပုံဆောင်​ပရဒိသု​အတွင်း နေထိုင်သူ​အားလုံးမှာ အခွင့်အရေး ရှိတယ်။ (ဗျာ. ၇:၉၊ ၁၀) ထောက်မ​နိုင်တဲ့ အဓိက​နည်း​ကတော့ သစ္စာရှိ​ကျွန်​ဆီက လာတဲ့ ညွှန်ကြားချက်​တွေ​အတိုင်း လိုလိုလားလား ပူးပေါင်း​ဆောင်ရွက်ခြင်း​ပါပဲ။

၁၅၊ ၁၆။ (က) ယေဇကျေလ စိတ်အာရုံ​ကနေ နောက်ထပ် ဘယ်​အသေးစိတ်​အချက်​တွေ သိရသလဲ။ (ခ) ဘယ်​အလားတူ လုပ်ဆောင်မှုတွေမှာ ကျွန်တော်တို့ ပါဝင်ခွင့် ရှိသလဲ။

၁၅ ယေဇကျေလ စိတ်အာရုံမှာ အမှုဆောင်​လုပ်ငန်း​နဲ့​ပတ်သက်ပြီး သင်ယူနိုင်တဲ့ နောက်ထပ် အသေးစိတ် ဖော်ပြချက် ပါတယ်။ ဘာများ​လဲ။ နေရာ​နှစ်​နေရာ (ဗိမာန်တော် ရင်ပြင်​နဲ့ စားကျက်မြေ) မှာ လေဝိ​အနွယ် မဟုတ်တဲ့ ၁၂ နွယ်​သားတွေ အလုပ်လုပ်​မယ့်​အကြောင်း​ ယေဟောဝါ​ ဖော်ပြ​တယ်။ ဒီ​နေရာတွေမှာ ဘာ​လုပ်ကြ​သလဲ။ ဗိမာန်တော်​ရင်ပြင်မှာ အစ္စရေး​မျိုးနွယ်​တိုင်း​က ယေဟောဝါကို “ကိုးကွယ်​ဖို့​လာ” ကြတယ်။ ပူဇော်သက္ကာ ဆက်သ​ကြတယ်။ (ယေဇ. ၄၆:၉၊ ၂၄) စားကျက်မြေ​မှာ​တော့ ထွန်ယက်စိုက်ပျိုးခြင်း​အားဖြင့် မြို့တော်​ကို ထောက်မ​ကြတယ်။ ဒီ​လုပ်သားတွေရဲ့ စံနမူနာ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၆ ဒီနေ့လည်း ယေဇကျေလ စိတ်အာရုံ​ထဲ​က လုပ်သားတွေရဲ့ လုပ်ဆောင်မှုမျိုးမှာ ပါဝင်ဖို့ “လူအုပ်ကြီး” မှာ အခွင့်အရေး ရှိတယ်။ လူအုပ်ကြီး​က ချီးမွမ်းခြင်း ပူဇော်သက္ကာ ဆက်သခြင်း​အားဖြင့် “ဗိမာန်တော်မှာ” ယေဟောဝါကို ကိုးကွယ်တယ်။ (ဗျာ. ၇:၉-၁၅) ဟောပြောခြင်း၊ ခရစ်ယာန် အစည်းအဝေးတွေမှာ မှတ်ချက်​ပေးခြင်း၊ သီချင်း သီဆိုခြင်း​အားဖြင့် ချီးမွမ်းခြင်း ပူဇော်သက္ကာ ဆက်သ​နေ​ကြတယ်။ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်ခြင်း​ဟာ အဓိက​တာဝန်​ဖြစ်တယ်လို့ ရှုမြင်​ကြတယ်။ (၁ ရာ. ၁၆:၂၉) ဒါ့အပြင် ဘုရား​ကျေးကျွန်များ​စွာ​က လက်တွေ့ကျ နည်းလမ်း အမျိုးမျိုးနဲ့ ဘုရား​အဖွဲ့အစည်း​ကို ထောက်မ​နိုင်ကြတယ်။ ဥပမာ၊ နိုင်ငံတော်​ခန်းမ၊ ဌာနခွဲ​အဆောက်အအုံ ဆောက်လုပ်ရေး၊ ပြုပြင်​ထိန်းသိမ်းရေး​နဲ့ ယေဟောဝါ​အဖွဲ့အစည်းရဲ့ တခြား​စီမံကိန်း​များစွာမှာ ကူညီ​ထောက်မ​ကြတယ်။ တချို့က စီမံကိန်း​တွေကို ထောက်မဖို့ ငွေကြေးလှူဒါန်း​ကြတယ်။ ထွန်ယက်​စိုက်ပျိုးခြင်း​နဲ့​တူတဲ့ ဒီ​အရာတွေကို “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်​ပြီး” လုပ်ဆောင်​ကြတယ်။ (၁ ကော. ၁၀:၃၁) “အဲဒီလို​ပူဇော်သက္ကာတွေကို” ယေဟောဝါ “နှစ်သက်” ကြောင်း သိထားတဲ့​အတွက် တာဝန်တွေကို ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန်သန် ထမ်းဆောင်ကြတယ်။ (ဟီ. ၁၃:၁၆) ဒီ​အခွင့်ထူး​တွေ​ကနေ အကျိုး အပြည့်အဝ ရယူ​နေရဲ့လား။

ယေဇကျေလ ဖော်ပြချက်ပါ မြို့ဂိတ်တံခါး အတွင်းအပြင်ပတ်လည် လုပ်ဆောင်မှု အမျိုးမျိုးကနေ ဘာသင်ခန်းစာတွေ သင်ယူနိုင်သလဲ (စာပိုဒ် ၁၄-၁၆ ကို ကြည့်ပါ)

“ကောင်းကင်သစ်​နဲ့ မြေကြီး​သစ်​ကို ကျွန်တော်တို့ စောင့်မျှော်​နေကြ”

၁၇။ (က) ယေဇကျေလ စိတ်အာရုံရဲ့ ဘယ်​အကြီးစား ပြည့်စုံမှု​ကို အနာဂတ်မှာ တွေ့မြင်ကြ​ရမလဲ။ (ခ) အနှစ်​တစ်ထောင်​အတွင်း မြို့တော်​နဲ့​တူတဲ့ စီမံခန့်ခွဲမှု​ကနေ ဘယ်သူတွေ အကျိုး​ရမလဲ။

၁၇ အလှူ​မြေကွက်​အကြောင်း ယေဇကျေလ စိတ်အာရုံရဲ့ အကြီးစား ပြည့်စုံမှု​ကို အနာဂတ်မှာ တွေ့မြင်ကြ​ရဦး​မလား။ တွေ့မြင်ကြ​ရပါမယ်။ သုံးသပ်​ကြည့်ပါ– တိုင်းပြည်ရဲ့ အလယ်​ဗဟိုမှာ “သန့်ရှင်းတဲ့ အလှူ​မြေကွက်” ကို ယေဇကျေလ တွေ့ခဲ့တယ်။ (ယေဇ. ၄၈:၁၀) အလားတူပဲ အာမဂေဒုန်​အပြီးမှာ ကမ္ဘာမြေရဲ့ ဘယ်​နေရာမှာပဲ နေထိုင်​ပါစေ ကျွန်တော်တို့နဲ့​အတူ ယေဟောဝါ ရှိနေမယ်။ (ဗျာ. ၂၁:၃) အနှစ်​တစ်ထောင်​အတွင်း မြို့တော်​လို စနစ်တကျ ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲမှုဟာ ကမ္ဘာတစ်ခွင် ပျံ့နှံ့​သွားပါမယ်။ ဘုရား​လူမျိုးရဲ့ အကျိုး​အတွက် ဂရုစိုက်​စောင့်ရှောက်​ပေးဖို့ ခန့်အပ်ခံ​ရသူတွေ​က “မြေကြီး​သစ်” (လူ့​ဘောင်​သစ်) မှာ ပါဝင်​သူ​တိုင်း​ကို လမ်းညွှန်ချက်၊ ညွှန်ကြားချက်​တွေ မေတ္တာပါ​စွာ ပေးပါလိမ့်မယ်။—၂ ပေ. ၃:၁၃

၁၈။ (က) မြို့တော်​နဲ့​တူတဲ့ စီမံခန့်ခွဲမှုဟာ ဘုရားသခင့်​အုပ်ချုပ်မှု​နဲ့ လိုက်လျောညီထွေ ဖြစ်မယ်လို့ ဘာကြောင့် စိတ်ချ​နိုင်သလဲ။ (ခ) မြို့တော်​ရဲ့ နာမည်က ဘယ်အချက်ကို အာမခံ​သလဲ။

၁၈ မြို့တော်​လို စနစ်တကျ ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲမှုဟာ ဘုရားသခင့်​အုပ်ချုပ်မှု​နဲ့ တစ်ပြေးညီ ဖြစ်မယ်လို့ ဘာကြောင့် စိတ်ချ​နိုင်သလဲ။ တံခါး ၁၂ ပေါက်​ပါတဲ့ မြေကြီးဆိုင်ရာ​မြို့တော်ဟာ ခရစ်တော်ရဲ့ တွဲဖက်​အုပ်ချုပ်သူ ၁၄၄,၀​၀​၀ နဲ့ ဖွဲ့စည်းထားတဲ့​ ဂျေရု​ဆလင်​မြို့​သစ် (တံခါး ၁၂ ပေါက်​ပါတဲ့ ကောင်းကင်ဆိုင်ရာ​မြို့တော်) ကို ထင်ဟပ်​တ​ယ်​လို့ ကျမ်းစာမှာ ရှင်းလင်းစွာ ဖော်ပြ​ထားလို့ပါ။ (ဗျာ. ၂၁:၂၊ ၁၂၊ ၂၁-၂၇) မြေကြီးဆိုင်ရာ စီမံခန့်ခွဲမှုဟာ ကောင်းကင်​ရှိ ဘုရား​နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်​အားလုံး​နဲ့ တစ်ထပ်တည်း ဖြစ်မယ်​ဆိုတာကို ဒီ​အချက်​က ဖော်ပြတယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုဟာ ပရဒိသုမှာ ထာဝစဉ် တည်တံ့​တိုးပွား​နေမှာ ဖြစ်ကြောင်း “ယေဟောဝါ စံမြန်း​ရာ​မြို့” ဆိုတဲ့ နာမည်က ကျွန်တော်တို့​ယောက်​တိုင်း​ကို ယုံကြည်​စိတ်ချ​စေတယ်။ ကျွန်တော်တို့​အတွက် တကယ့်ကို လှပတဲ့​အနာဂတ် စောင့်ကြို​နေ​ပါတယ်။