သွန်သင်ခြင်း လေးထောင့်ကွက် ၉ခ
ဘာကြောင့် ၁၉၁၉ ခုနှစ် ဖြစ်ရသလဲ
၁၉၁၉ ခုနှစ်မှာ ဘုရားလူမျိုးဟာ မဟာဗာဗုလုန် အချုပ်အနှောင်ကနေ လွတ်မြောက်လာတယ်လို့ ဘာကြောင့် ပြောရသလဲ။ ကျမ်းစာပရောဖက်ပြုချက်နဲ့ သမိုင်းအထောက်အထားတွေက ဒီလိုကောက်ချက် ချစေတယ်။
၁၉၁၄ ခုနှစ်မှာ ကောင်းကင်မှာ ဘုရင်အဖြစ် ယေရှု စတင်နန်းထိုင်ကြောင်း၊ စာတန့်စနစ်ရဲ့ နောက်ဆုံးကာလ အစပြုကြောင်း ကျမ်းစာပရောဖက်ပြုချက်နဲ့ သမိုင်းက ဖော်ပြတယ်။ ဘုရင် ဖြစ်လာတဲ့အခါ ယေရှု ဘာလုပ်ခဲ့သလဲ။ မြေကြီးပေါ်က ကျေးကျွန်တွေကို မဟာဗာဗုလုန်လက်အောက်ကနေ ချက်ချင်း လွတ်မြောက်စေခဲ့သလား။ ၁၉၁၄ ခုနှစ်မှာ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ခန့်အပ်ပြီး ရိတ်သိမ်းခြင်းလုပ်ငန်းကြီးကို စတင်ခဲ့သလား။—မ. ၂၄:၄၅။
မဟုတ်ပါဘူး။ “ဘုရားသခင်ရဲ့ အိမ်တော်ကို အရင်ဆုံး တရားစီရင်လိမ့်မယ်” လို့ တမန်တော် ပေတရု ရေးသားခဲ့တာ သတိရပါ။ (၁ ပေ. ၄:၁၇) အလားတူ ဝတ်ပြုရာအိမ်တော်ကို သားတော် “ပဋိညာဉ်တမန်” နဲ့အတူ ယေဟောဝါ ကြွလာမယ့်အချိန်အကြောင်း ပရောဖက် မာလခိ ကြိုဟောခဲ့တယ်။ (မာလ. ၃:၁-၅) ဒါဟာ သန့်စင်ခြင်းနဲ့ စစ်ဆေးခြင်းကာလ ဖြစ်ပါမယ်။ ဒီပရောဖက်ပြုချက်ဆိုင်ရာ ဖော်ပြချက်တွေက သမိုင်းနဲ့ ကိုက်ညီရဲ့လား။
ကိုက်ညီပါတယ်။ အရင်တုန်းက ကျမ်းစာကျောင်းသားတွေလို့ ခေါ်တဲ့ ယေဟောဝါသက်သေတွေအတွက် ၁၉၁၄ ကနေ ၁၉၁၉ ခုနှစ် အစောပိုင်းကာလဟာ စစ်ဆေး၊ သန့်စင်ရာကာလ၊ ခက်ခဲတဲ့ကာလ ဖြစ်ခဲ့တယ်။ ၁၉၁၄ ခုနှစ်မှာ မြေကြီးပေါ်က ဘုရားကျေးကျွန်များစွာဟာ မျှော်လင့်ထားသလို လောကစနစ်အဆုံး ရောက်မလာလို့ စိတ်ပျက်ခဲ့ကြတယ်။ ဘုရားလူမျိုးကို တက်တက်ကြွကြွ ဦးဆောင်ခဲ့တဲ့ စီတီရပ်စယ် သေဆုံးချိန် ၁၉၁၆ ခုနှစ်မှာတော့ ပိုလို့တောင် စိတ်ပျက်ခဲ့ကြတယ်။ ညီအစ်ကို ရပ်စယ်ကို အတော်လေး ခင်တွယ်သူတွေက ညီအစ်ကို ရပ်စယ်နေရာ ဆက်ခံမယ့် ဂျိုးဇက် ရပ်သဖော့ကို အကြီးအကျယ် ကန့်ကွက်ခဲ့ကြတယ်။ စိတ်ဝမ်းကွဲမှုတွေ ပေါ်ပေါက်လာပြီး ၁၉၁၇ ခုနှစ်မှာ အဖွဲ့အစည်း ပြိုကွဲလုမတတ် ဖြစ်ခဲ့တယ်။ ၁၉၁၈ ခုနှစ်မှာတော့ ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ သွေးထိုးမှုကြောင့် ညီအစ်ကို ရပ်သဖော့နဲ့ အပေါင်းပါ ခုနစ်ယောက် ရုံးတင်ခံရပြီး မတရား စီရင်ခံရလို့ ထောင်ကျခဲ့တယ်။ ဘရွတ်ကလင် ဌာနချုပ်လည်း ပိတ်လိုက်ရတယ်။ မဟာဗာဗုလုန်ကနေ ဘုရားလူမျိုး မလွတ်မြောက်သေးတာ ရှင်းနေပါတယ်။
ဒါပေမဲ့ ၁၉၁၉ ခုနှစ်မှာ ဘာဖြစ်ခဲ့သလဲ။ အခြေအနေတွေ ရုတ်ခြည်း ပြောင်းလဲသွားတယ်။ နှစ်အစောပိုင်းမှာ ရပ်သဖော့နဲ့ အပေါင်းပါတွေ ထောင်က လွတ်လာတယ်။ လုပ်ငန်းတွေ ပြန်လည်ပတ်တယ်။ အချိန်တိုအတွင်းမှာပဲ သမိုင်းဝင် အစည်းအဝေးကြီးတစ်ခု ကျင်းပဖို့ စီစဉ်ကြတယ်။ ရွှေခေတ် (အခု နိုးလော့!) ဂျာနယ်သစ်လည်း ထုတ်ဝေတော့မယ်။ ဂျာနယ်သစ်ကို အမှုဆောင် ကင်ပိန်းတွေအတွက် ရည်ရွယ်ထားတယ်။ ဒါ့အပြင် အမှုဆောင်လုပ်ငန်းကို ဖွဲ့စည်းဖို့၊ တိုးချဲ့ဖို့ အသင်းတော်တိုင်းမှာ အကြီးအကဲတစ်ယောက်စီ ခန့်အပ်တယ်။ အဲဒီနှစ်မှာပဲ ဟောပြောခြင်းလုပ်ငန်းကို ဖွဲ့စည်းရာမှာ ကူညီပေးမယ့် ဘူလက်တင် (အခု ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်) ကို ထုတ်ဝေခဲ့တယ်။
ဘာဖြစ်ခဲ့သလဲ။ ခရစ်တော်က မိမိလူတွေကို မဟာဗာဗုလုန် သုံ့ပန်းဘဝကနေ လွတ်မြောက်စေခဲ့တယ်။ သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်ကို ခန့်အပ်တယ်။ ရိတ်သိမ်းခြင်းလုပ်ငန်းလည်း လုပ်ဆောင်နေပြီ။ ၁၉၁၉ ခုနှစ်ကစပြီး အံ့ဖွယ်ကောင်းလောက်အောင် လုပ်ငန်း တိုးတက်လာတယ်။