မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၉​က

ယေဟောဝါဆီက ကောင်းချီးတွေ ဆောင်ကြဉ်းပေးတဲ့ မြစ်ရေများ

ယေဟောဝါဆီက ကောင်းချီးတွေ ဆောင်ကြဉ်းပေးတဲ့ မြစ်ရေများ

ယေဟောဝါ​ဆီက စီးဆင်းလာတဲ့ ကောင်းချီးတွေ​အကြောင်း ပုံဖော်​ဖို့ “မြစ်၊” “ရေ” ဆိုတဲ့ ဝေါဟာရ​တွေ သုံးထားတဲ့ ကျမ်းပိုဒ်​တချို့ကို သုံးသပ်​ကြည့်ပါ။ ဒီ​ကျမ်း​မှတ်တမ်းတွေ ဖတ်​ရတဲ့အခါ ယေဟောဝါ ကောင်းချီး​ပေးတဲ့ နည်းလမ်း​တွေ​အကြောင်း သိရလို့ အလွန်​အားရှိ​ကြတယ်။ ဘယ်လို​နည်းနဲ့လဲ။

ယောလ ၃:၁၈။ ဗိမာန်တော် သန့်ရှင်း​ရာ​ဌာနတော်​ကနေ စမ်းရေ စီး​ထွက်​လာတယ်လို့ ပရောဖက်ပြုချက်​က ဖော်ပြတယ်။ ခြောက်သွေ့တဲ့၊ “ရှားပင်​တွေ ပေါက်​တဲ့ ချိုင့်ဝှမ်း” ထဲ စီးဝင်​သွားတယ်။ ဒါကြောင့် မ​သီးပွင့်​တဲ့​မြေ​ကို သီးပွင့်စေဖို့ မြစ်ရေ စီးဆင်းတာကို ယောလ​နဲ့ ယေဇကျေလ​တို့ မြင်​တွေ့ခဲ့တယ်။ ဒီ​ဖြစ်ရပ် နှစ်ခုစလုံး​မှာ မြစ်ရေဟာ ယေဟောဝါရဲ့ အိမ်တော် (ဗိမာန်တော်) ထဲ​ကနေ စီး​ထွက်​လာတယ်။

ဇာခရိ ၁၄:၈။ ဂျေရုဆလင်​မြို့တော်​ကနေ “အသက်ရေ” စီးဆင်းတာကို ပရောဖက် ဇာခရိ မြင်တယ်။ ရေ​တစ်ဝက်​က ပင်လယ်သေ (အရှေ့​ပင်လယ်) ထဲ၊ ကျန်​တစ်ဝက်​က မြေထဲပင်လယ် (အနောက်​ပင်လယ်) ထဲ စီးဝင်​တယ်။ ဂျေရုဆလင်​မြို့ဟာ ‘ဘုရင်မင်းမြတ် (ယေဟောဝါ​ဘုရား) ရဲ့ မြို့တော်’ ဖြစ်တယ်။ (မ. ၅:၃၅) တစ်ကမ္ဘာလုံးကို ယေဟောဝါ အုပ်စိုး​မ​ယ်​ဆိုတာကို မြို့တော်​အကြောင်း ဇာခရိ ဖော်ပြချက်​က သတိ​ရစေတယ်။ ပရဒိသုမှာ နေထိုင်ကြမယ့် သစ္စာရှိ​လူသား​အုပ်စု​နှစ်စု (ကြီးစွာသောဒုက္ခ​ကနေ လွတ်မြောက်​လာ​သူတွေနဲ့ ရှင်ပြန်ထမြောက်​လာ​သူတွေ) ကို ယေဟောဝါ ကောင်းချီး​ပေးမှာ​ဖြစ်ကြောင်း မြစ်ရေ​အကြောင်း ဒီ​ပရောဖက်ပြုချက်​ကနေ ကျွန်တော်တို့ နားလည်ခဲ့​တာ​ကြာပြီ။

ဗျာဒိတ် ၂၂:၁၊ ၂။ ယေဇကျေလ မြင်ခဲ့တဲ့​မြစ်​နဲ့ အလွန်​ဆင်တူတဲ့ ပုံဆောင်​မြစ်ကို တမန်တော် ယောဟန် မြင်ခဲ့တယ်။ ဒါပေမဲ့ မြစ်ရေဟာ ဗိမာန်တော်​ကနေ မဟုတ်ဘဲ ယေဟောဝါရဲ့ ရာဇ​ပလ္လင်​ကနေ စီးထွက်လာတာ​ပါ။ ဒါကြောင့် ဒီ​စိတ်အာရုံ​က ဇာခရိ စိတ်အာရုံ​လို​ပဲ အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​ကနေ ရ​လာမယ့် ကောင်းချီးတွေ​အကြောင်း အလေးပေး​ပုံ​ရတယ်။

ယေဟောဝါရဲ့ အုပ်ချုပ်မှု​ကနေ ရရှိမယ့် ကောင်းချီးတွေ​နဲ့ ယေဇကျေလ စိတ်အာရုံပါ မြစ်ရေ​ကနေ ရမယ့် ကောင်းချီးတွေ မသိမသာ​လေး​ပဲ ကွာတယ်။ ကောင်းချီး​အားလုံး ယေဟောဝါ​ဆီက လာပြီး သစ္စာရှိ​လူသား​အားလုံး​ဆီ စီးဆင်း​တ​ယ်။

ဆာလံ ၄၆:၄။ ဒီ​ကျမ်းချက်ဟာ ဝတ်ပြု​ကိုးကွယ်မှုနဲ့ အုပ်ချုပ်မှု ကဏ္ဍ​နှစ်ခုစလုံး​နဲ့ သက်ဆိုင်ပုံ​ရ​ကြောင်း သတိပြုပါ။ နိုင်ငံတော်​နဲ့ အုပ်ချုပ်မှုကို ကိုယ်စားပြုတဲ့ “ဘုရားသခင်ရဲ့ မြို့တော်” ကို​ရော စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ကိုယ်စားပြုတဲ့ “အမြင့်ဆုံး ဘုရားသခင်ရဲ့ ခမ်းနား​သန့်ရှင်းတဲ့ တဲတော်” ကို​ပါ မြစ်ရေ​က ဝမ်းမြောက်မှု ဆောင်ကြဉ်း​ပေးတယ်။

ခြုံငုံ​သုံးသပ်​လိုက်တဲ့အခါ သစ္စာရှိ​လူသားတွေကို ယေဟောဝါ နည်းလမ်း​နှစ်သွယ်​နဲ့ ကောင်းချီး​ပေးမယ်​ဆိုတာ ဒီ​ကျမ်းချက်တွေ​က ယုံကြည်​စိတ်ချ​စေတယ်။ ပထမ၊ ဘုရား​အုပ်ချုပ်မှု​ကနေ၊ ဒုတိယ၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် ဘုရား​အစီအစဉ်​ကနေ ကျွန်တော်တို့ ထာဝစဉ် အကျိုး​ခံစား​ကြပါလိမ့်မယ်။ ဒါကြောင့် ထာဝရ​အသက်​ရဖို့ ယေဟောဝါ​ဘုရားနဲ့ သားတော်​တို့ မေတ္တာပါပါ ပြင်ဆင်​ပေးထားတဲ့ “အသက်ရေ” ကို ဆက်သောက်​သုံး​နေကြပါ​စို့။—ယေ. ၂:၁၃။ ယော. ၄:၁၀