သင်ခန်းစာ ၁၆

ယေရှု ကမ္ဘာပေါ်ရှိချိန် လုပ်ဆောင်ခဲ့ရာများ

ယေရှု ကမ္ဘာပေါ်ရှိချိန် လုပ်ဆောင်ခဲ့ရာများ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ယေရှုကို ဘာမှမစွမ်းဆောင်နိုင်တဲ့ မွေးကင်းစလေး၊ ပညာရှိ ပရောဖက်၊ သေဆုံးခါနီးလူဆိုပြီး လူအများ ယူဆကြတယ်။ ဒါပေမဲ့ ကမ္ဘာပေါ် ယေရှုရဲ့ အသက်တာအကြောင်း ဆန်းစစ်မယ်ဆိုရင် ပိုသိလာနိုင်တယ်။ ယေရှု လုပ်ခဲ့တဲ့ အရေးကြီးဆုံးအရာတွေ၊ အဲဒါတွေက သင့်အတွက် အကျိုးရှိစေပုံတို့ကို ဒီသင်ခန်းစာမှာ သုံးသပ်ပါမယ်။

၁။ ယေရှုရဲ့ အဓိကအလုပ်က ဘာလဲ။

ယေရှုရဲ့ အဓိကအလုပ်က ‘ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောခြင်း’ ဖြစ်တယ်။ (လုကာ ၄:၄၃ ကို ဖတ်ပါ။) လူ့ပြဿနာအားလုံးကို ဖြေရှင်းပေးမယ့် နိုင်ငံတော် တစ်နည်းအားဖြင့် အစိုးရကို ဘုရားတည်ထောင်တော့မယ်ဆိုတဲ့ သတင်းကောင်း ဟောခဲ့တယ်။ a ဒီသတင်းကောင်းကို သုံးနှစ်ခွဲတိုင်တိုင် ကြိုးစားပမ်းစား ဟောပြောခဲ့တယ်။​—မဿဲ ၉:၃၅

၂။ ယေရှု ဘာကြောင့် အံ့ဖွယ်အမှုတွေ လုပ်ခဲ့သလဲ။

‘ဘုရားသခင်က ယေရှုကိုသုံးပြီး တန်ခိုးတွေ၊ ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေ’ လုပ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (တမန်တော် ၂:၂၂) ယေရှုက ဘုရားပေးတန်ခိုးနဲ့ လေမုန်တိုင်းကို ငြိမ်သက်စေတယ်။ လူထောင်နဲ့ချီကို ကျွေးမွေးတယ်။ ဖျားနာသူတွေကို ကျန်းမာစေတယ်။ လူသေကိုတောင် အသက်ပြန်ရှင်စေတယ်။ (မဿဲ ၈:​၂၃-၂၇။ ၁၄:​၁၅-၂၁။ မာကု ၆:၅၆။ လုကာ ၇:​၁၁-၁၇) ဒီအံ့ဖွယ်အမှုတွေက ယေရှုဟာ ဘုရား စေလွှတ်လိုက်သူဖြစ်မှန်း သိစေတယ်။ လူ့ပြဿနာအားလုံးကို ယေဟောဝါ ဖြေရှင်းနိုင်စွမ်း ရှိကြောင်းကိုလည်း ဖော်ပြတယ်။

၃။ ယေရှုရဲ့ အသက်ရှင်နေထိုင်ပုံကနေ ဘာသင်ယူနိုင်သလဲ။

ယေရှုဟာ ယေဟောဝါကို အရာရာမှာ နာခံတယ်။ (ယောဟန် ၈:၂၉ ကို ဖတ်ပါ။) ဆန့်ကျင်မှုတွေကြားမှာ ဖခင်လုပ်စေချင်တာကို အသက်သေဆုံးချိန်အထိ သစ္စာရှိရှိ လုပ်ဆောင်တယ်။ ဒါက လူတွေဟာ အခက်အခဲကြားမှာတောင် ဘုရားသခင်ကို အမှုဆောင်နိုင်တယ်ဆိုတာ သိစေတယ်။ ဒီနည်းနဲ့ ယေရှုက “သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်။”​—၁ ပေတရု ၂:၂၁

ရှာဖွေလေ တွေ့ရှိလေ

ယေရှု သတင်းကောင်း ဟောခဲ့ပုံ၊ အံ့ဖွယ်အမှုတွေ လုပ်ခဲ့ပုံအကြောင်း သုံးသပ်ပါ။

၄။ ယေရှု သတင်းကောင်း ဟောခဲ့

ယေရှုဟာ ဖုန်ထူတဲ့လမ်းမှာ မိုင်ရာနဲ့ချီ ခြေကျင်လျှောက်ပြီး လူများနိုင်သမျှ များများကို သတင်းကောင်း ဟောတယ်။ လုကာ ၈:၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေရှုက မိမိဆီလာတဲ့ လူအုပ်ကိုပဲ ဟောသလား။

  • လူတွေကို ရှာတွေ့ဖို့ ယေရှု ဘယ်လို ကြိုးစားသလဲ။

မေရှိယ သတင်းကောင်း ဟောမယ်ဆိုပြီး ဘုရား ကြိုဟောထားတယ်။ ဟေရှာယ ၆၁:၁၊ ၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကြိုဟောချက်ကို ယေရှု ဘယ်လို ပြည့်စုံစေသလဲ။

  • ဒီသတင်းကောင်းကို အခုခေတ် လူတွေကြားဖို့ လိုမယ် ထင်ပါသလား။

၅။ ယေရှု အဖိုးတန် သင်ခန်းစာတွေ သင်ပေးခဲ့

ယေရှုက ဘုရားနိုင်ငံတော် သတင်းကောင်း ဟောတဲ့အပြင် လက်တွေ့ကျ သင်ခန်းစာတွေလည်း သင်ပေးတယ်။ နာမည်ကျော် တောင်ပေါ် ဒေသနာထဲက နမူနာတချို့အတွက် မဿဲ ၆:၁၄၊ ၃၄ နဲ့ ၇:၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်တွေမှာ ယေရှု ဘယ်လက်တွေ့ကျ အကြံဉာဏ် ပေးသလဲ။

  • ဒီအကြံဉာဏ်ဟာ အခုခေတ်မှာ အသုံးဝင်မယ်လို့ ထင်ပါသလား။

၆။ ယေရှု အံ့ဖွယ်အမှုတွေ လုပ်ခဲ့

ယေဟောဝါက ယေရှုကို အံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့တန်ခိုး ပေးခဲ့တယ်။ နမူနာအနေနဲ့ မာကု ၅:၂၅-၃၄ ကို ဖတ်ပါ။ ဒါမှမဟုတ် ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီဗီဒီယိုထဲက ရောဂါသည်အမျိုးသမီး ဘာကို ယုံသလဲ။

  • ဒီအံ့ဖွယ်အမှုမှာ ဘယ်အချက်ကို သဘောကျပါသလဲ။

ယောဟန် ၅:၃၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ယေရှုအကြောင်း ဘာသက်သေထူသလဲ။

စိတ်ဝင်စားစရာအချက်

ကမ္ဘာပေါ် ယေရှုရဲ့ အသက်တာအကြောင်း မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်း လေးစောင်မှာ မှတ်တမ်း တင်ထားတယ်။ ခရစ်ဝင်ကျမ်းရေးသူတွေက ယေရှုအကြောင်း မတူညီတဲ့ အသေးစိတ်အချက်တွေ ရေးခဲ့တယ်။ ဒါတွေက ယေရှုရဲ့အသက်တာကို ရုပ်လုံးပေါ်စေပြီး စိတ်ဝင်စားစရာ ဖြစ်စေတယ်။

  • မဿဲ

    ပထမခရစ်ဝင်ကျမ်းကို ရေးခဲ့တယ်။ ယေရှုရဲ့ သွန်သင်ချက်၊ အထူးသဖြင့် ဘုရားနိုင်ငံတော်အကြောင်း အလေး ပေးတယ်။

  • မာကု

    အတိုဆုံး ခရစ်ဝင်ကျမ်းကို ရေးခဲ့တယ်။ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေ ပါတယ်။

  • လုကာ

    ဆုတောင်းခြင်း အရေးကြီးပုံ၊ အမျိုးသမီးတွေကို ယေရှု ပြုမူဆက်ဆံပုံကို အလေးပေးတယ်။

  • ယောဟန်

    မိတ်ဆွေရင်းတွေ၊ တခြားသူတွေနဲ့ ယေရှု ပြောတဲ့စကားတွေ ပါတဲ့အတွက် ယေရှုရဲ့ ပင်ကိုစရိုက်ကို သိစေတယ်။

လူတချို့ အဆို။ “ယေရှုဟာ သာမန် လူကောင်းတစ်ယောက်ပါပဲ။”

  • သင်ကော ဘယ်လို ထင်ပါသလဲ။

အနှစ်ချုပ်

ယေရှုက ဘုရားနိုင်ငံတော်အကြောင်း ဟောတယ်။ အံ့ဖွယ်အမှုတွေ လုပ်တယ်။ ယေဟောဝါကို အရာရာမှာ နာခံတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ကမ္ဘာပေါ်ရှိနေချိန် ယေရှုရဲ့ အဓိကအလုပ်က ဘာလဲ။

  • ယေရှုလုပ်တဲ့ အံ့ဖွယ်အမှုတွေက ဘာကို သက်သေထူသလဲ။

  • ဘယ်လက်တွေ့ကျ သင်ခန်းစာတွေကို ယေရှု သင်ပေးသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ယေရှု အမှုဆောင်ချိန် အဓိက ဖြစ်ရပ်များ သက္ကရာဇ်စဉ်အလိုက် ဖော်ပြချက်ကို ကြည့်ပါ။

“ယေရှုရဲ့ မြေကြီးအသက်တာ အဓိက ဖြစ်ရပ်များ” (ကမ္ဘာသစ်ဘာသာပြန်ကျမ်း နောက်ဆက်တွဲ က၇)

a ဘုရားနိုင်ငံတော်အကြောင်း အသေးစိတ်ကို သင်ခန်းစာ ၃၁-၃၃ မှာ ဆွေးနွေးပါမယ်။