သင်ခန်းစာ ၃၆

အရာရာမှာ ရိုးသားပါ

အရာရာမှာ ရိုးသားပါ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ရိုးသားတဲ့သူကို လူတိုင်း မိတ်ဖွဲ့ချင်ကြတယ်။ ယေဟောဝါကလည်း မိမိရဲ့မိတ်ဆွေတွေကို ရိုးသားစေချင်တယ်။ မရိုးသားသူတွေ ပြည့်နေတဲ့ လောကကြီးမှာ ရိုးသားဖို့ မလွယ်ဘူး။ ဒါပေမဲ့ အရာရာမှာ ရိုးသားတဲ့အခါ ဘာအကျိုးခံစားရမလဲ။

၁။ ရိုးသားရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။

ရိုးသားတာက ယေဟောဝါကို ချစ်ကြောင်း၊ လေးစားကြောင်း ဖော်ပြရာရောက်တယ်။ ယေဟောဝါက ကျွန်တော်တို့ စဉ်းစားသမျှ၊ လုပ်သမျှ သိတယ်။ (ဟီဘရူး ၄:၁၃) ရိုးသားဖို့ ကြိုးစားနေတာကိုလည်း သိတယ်၊ လေးမြတ်တယ်။ “ယေဟောဝါဟာ စဉ်းလဲသူကို ရွံရှာတယ်။ ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်” လို့ ကျမ်းစာက ဆိုတယ်။​—ပညာအလိမ္မာ ၃:၃၂

၂။ နေ့စဉ်အသက်တာမှာ ရိုးသားနိုင်တဲ့ နည်းတချို့က ဘာလဲ။

“အချင်းချင်း မှန်သောစကားကိုပဲ ပြော” ဖို့ ယေဟောဝါ လိုလားတယ်။ (ဇာခရိ ၈:​၁၆၊ ၁၇) ဘာကို ဆိုလိုသလဲ။ မိသားစု၊ အလုပ်ဖော်၊ ညီအစ်ကို/မတွေ၊ အစိုးရအာဏာပိုင်တွေနဲ့ စကားပြောတဲ့အခါ ကျွန်တော်တို့ မလိမ်ကြဘူး၊ မမှန်တဲ့အချက်အလက်တွေ မပေးကြဘူး။ ရိုးသားသူဟာ မခိုးဘူး၊ ကလိမ်မကျဘူး။ (ပညာအလိမ္မာ ၂၄:၂၈ နဲ့ ဧဖက် ၄:၂၈ တို့ကို ဖတ်ပါ။) အခွန်တွေကို မှန်မှန်ကန်ကန် ပေးဆောင်ကြတယ်။ (ရောမ ၁၃:​၅-၇) “အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူ” ကြတယ်။​—ဟီဘရူး ၁၃:၁၈

၃။ ရိုးသားခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာလဲ။

ရိုးသားတယ်ဆိုတဲ့ နာမည်ကောင်း ရထားလို့ ကျွန်တော်တို့ကို တခြားသူတွေ ယုံကြည်စိတ်ချကြတယ်။ အသင်းတော်မှာ အေးချမ်းလုံခြုံစေတယ်၊ မိသားစုလို ခံစားစေတယ်။ အမှားအမှန်သိစိတ် ကြည်လင်တယ်။ ဒါ့အပြင် ရိုးသားမှုက ‘ကယ်တင်ရှင် ဘုရားသခင်ရဲ့ သွန်သင်ချက်ကို တင့်တယ်စေနိုင်တယ်။’ တခြားသူတွေ ယေဟောဝါကို ဝတ်ပြုချင်စိတ် ရှိလာစေနိုင်တယ်။​—တိတု ၂:၁၀

ရှာဖွေလေ တွေ့ရှိလေ

ရိုးသားမှုက ယေဟောဝါနဲ့ သင့်အပေါ် သက်ရောက်မှုရှိပုံ၊ ဘဝကဏ္ဍအသီးသီးမှာ ရိုးသားနိုင်ပုံကို လေ့လာကြည့်ပါ။

၄။ ရိုးသားမှုကို ယေဟောဝါ နှစ်သက်

ဆာလံ ၄၄:၂၁ နဲ့ မာလခိ ၃:၁၆ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါ မသိအောင် ဖုံးထားနိုင်တယ်လို့ ဘာကြောင့် မယူဆသင့်သလဲ။

  • မလွယ်တဲ့အခါမှာတောင် အမှန်အတိုင်း ပြောမယ်ဆိုရင် ယေဟောဝါ ဘယ်လို ခံစားရမယ် ထင်သလဲ။

ကလေးတွေ အမှန်အတိုင်း ပြောတဲ့အခါ မိဘတွေ ပျော်တယ်။ ကျွန်တော်တို့ အမှန်အတိုင်း ပြောတဲ့အခါ ယေဟောဝါ ပျော်တယ်

၅။ အချိန်တိုင်းမှာ ရိုးသားပါ

အမြဲရိုးသားဖို့ မဖြစ်နိုင်ဘူးလို့ လူများစွာ ယူဆကြတယ်။ ဘာကြောင့် အချိန်တိုင်း ရိုးသားသင့်သလဲ သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ

ဟီဘရူး ၁၃:၁၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါအခြေအနေတွေမှာ ရိုးသားနိုင်ပုံကို သုံးသပ်ပါ။

  • မိသားစုမှာ။

  • အလုပ်နဲ့ ကျောင်းမှာ။

  • တခြားအခြေအနေတွေမှာ။

၆။ ရိုးသားမှုက အကျိုးရှိစေ

ရိုးသားတဲ့အတွက် အခက်ကြုံရနိုင်တယ်။ ဒါပေမဲ့ ရိုးသားခြင်းဟာ အကောင်းဆုံး ဘဝလမ်းစဉ်ပါပဲ။ ဆာလံ ၃၄:၁၂-၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ရိုးသားမှုက ဘဝမှာ ဘာအကျိုးရှိစေသလဲ။

  1. က။ ရိုးသားတဲ့ ဇနီးမောင်နှံတွေ အိမ်ထောင်ရေးသာယာ

  2. ခ။ ရိုးသားတဲ့ လုပ်သားကို အလုပ်ရှင် ယုံကြည်စိတ်ချ

  3. ဂ။ ရိုးသားတဲ့ နိုင်ငံသားက အစိုးရအရာရှိတွေရှေ့ နာမည်ကောင်းရ

လူတချို့ အဆို။ “နည်းနည်းပါးပါး လိမ်တာ မမှားပါဘူး။”

  • လိမ်လည်မှုမှန်သမျှကို ယေဟောဝါ မုန်းတယ်လို့ ဘာကြောင့် ထင်သလဲ။

အနှစ်ချုပ်

ယေဟောဝါက မိမိရဲ့ မိတ်ဆွေတွေကို ပြောဆိုပြုမူလေသမျှမှာ ရိုးသားစေချင်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ရိုးသားနိုင်တဲ့ နည်းတချို့က ဘာလဲ။

  • ယေဟောဝါ မသိအောင် ဖုံးထားနိုင်တယ်လို့ ဘာကြောင့် မယူဆသင့်သလဲ။

  • အချိန်တိုင်းမှာ ဘာကြောင့် ရိုးသားချင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

သားသမီးတွေကို ရိုးသားဖို့ ဘယ်လို သင်ပေးနိုင်သလဲ။

အမှန်အတိုင်း ပြောပါ (၁:၄၄)