သင်ခန်းစာ ၄၈

အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ

အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

မိတ်ဆွေရင်းချာတွေဟာ ကိုယ်အဆင်ပြေနေချိန်မှာ ပိုပျော်ရွှင်စေသလို အခက်အခဲကြုံချိန်မှာလည်း ခွန်အားရှိစေနိုင်တယ်။ ဒါပေမဲ့ လူတိုင်း မိတ်ဆွေကောင်း ဖြစ်မှာတော့ မဟုတ်ဘူးလို့ ကျမ်းစာ သတိပေးတယ်။ ဒါဆိုရင် မိတ်ဆွေကောင်းတွေကို ဘယ်လို ရွေးချယ်မလဲ။ အောက်ပါမေးခွန်းတွေကို သုံးသပ်ကြည့်ပါ။

၁။ မိတ်ဆွေတွေက ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလိုပါပဲ။ လူမှုမီဒီယာမှာဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ကိုယ်ပေါင်းတဲ့သူတွေရဲ့ အကျင့်စရိုက်တွေက ကိုယ့်ဆီ ကူးစက်လာနိုင်တယ်။ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာ ရှိလာမယ်။ လူမိုက်[ယေဟောဝါကို မချစ်သူတွေ]နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၃:၂၀) ယေဟောဝါကို ချစ်တဲ့ မိတ်ဆွေတွေက ယေဟောဝါနဲ့ ပိုရင်းနှီးအောင်၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ကူညီပေးတယ်။ ယေဟောဝါကို မချစ်တဲ့ မိတ်ဆွေတွေကတော့ ကျွန်တော်တို့ကို ယေဟောဝါနဲ့ ဝေးကွာစေနိုင်တယ်။ ဒါကြောင့် မိတ်ဆွေတွေကို ပညာရှိရှိ ရွေးချယ်ဖို့ ကျမ်းစာ အားပေးတယ်။ ဘုရားကို ချစ်တဲ့သူတွေနဲ့ ပေါင်းရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။ “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေး” နိုင်ကြတယ်။​—၁ သက်သာလောနိတ် ၅:၁၁

၂။ ကျွန်တော်တို့ မိတ်ဆွေရွေးချယ်ပုံက ယေဟောဝါအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။

ယေဟောဝါဟာ အသေအချာ ရွေးချယ်ပြီး မိတ်ဆွေဖွဲ့တယ်။ “ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်။” (ပညာအလိမ္မာ ၃:၃၂) ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ရင် ယေဟောဝါ ဘယ်လို ခံစားရမလဲ။ အလွန်စိတ်ပျက်မှာပဲ။ (ယာကုပ် ၄:၄ ကို ဖတ်ပါ။) ဒါပေမဲ့ မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်မယ်၊ ဘုရားနဲ့ ရင်းနှီးအောင် ကြိုးစားမယ်၊ ဘုရားကို ချစ်တဲ့သူတွေနဲ့ ပေါင်းမယ်ဆိုရင် ယေဟောဝါ ပျော်ရွှင်မယ်။ ကျွန်တော်တို့လည်း ဘုရားရဲ့မိတ်ဆွေ ဖြစ်ခွင့်ရမယ်။​—ဆာလံ ၁၅:​၁-၄

ရှာဖွေလေ တွေ့ရှိလေ

မိတ်ဆွေ ရွေးပေါင်းဖို့ ဘာကြောင့် အရေးကြီးသလဲ၊ ကိုယ့်ဘဝကို ကောင်းကျိုးပြုမယ့်သူတွေနဲ့ ဘယ်လို မိတ်ဖွဲ့နိုင်သလဲ ဆန်းစစ်ပါ။

၃။ မကောင်းတဲ့အပေါင်းအသင်းကို ရှောင်ပါ

ဘုရားနဲ့ ဘုရားစံနှုန်းကို မချစ်သူတွေဟာ မကောင်းတဲ့အပေါင်းအသင်းတွေ ဖြစ်တယ်။ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • မကောင်းတဲ့အပေါင်းအသင်းတွေကို ဘယ်လို ပေါင်းမိသွားနိုင်သလဲ။

၁ ကောရိန္သု ၁၅:၃၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဘယ်သူတွေဟာ သင့်အတွက် မကောင်းတဲ့အပေါင်းအသင်း ဖြစ်နိုင်သလဲ။ ဘာကြောင့်လဲ။

ဆာလံ ၁၁၉:၆၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • မိတ်ဆွေကောင်း ဟုတ်မဟုတ် ဘယ်လို သိနိုင်သလဲ။

သစ်သီးပုပ်တစ်လုံးကြောင့် ကျန်တာအားလုံး ပုပ်သွားနိုင်။ မကောင်းတဲ့အပေါင်းအသင်းတစ်ဦးကြောင့် သင် ဘယ်လို ထိခိုက်နိုင်သလဲ

၄။ အသက်အရွယ်၊ အခြေအနေ မတူသူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်

ရှေးခေတ် အစ္စရေးအမျိုးသား ဒါဝိဒ်နဲ့ ယောနသန်အကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ သူတို့က အသက်အရွယ်၊ အခြေအနေ မတူပေမဲ့ အလွန်ရင်းနှီးကြတယ်။ ၁ ရှမွေလ ၁၈:၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ရွယ်တူတန်းတူတွေနဲ့ပဲ မိတ်ဖွဲ့ရမယ်လို့ ဘာကြောင့် မဆိုလိုသလဲ။

ရောမ ၁:၁၁၊ ၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါကိုချစ်တဲ့ မိတ်ဆွေတွေဟာ အချင်းချင်း ဘယ်လို အားပေးနိုင်ကြသလဲ။

ဗီဒီယိုထဲက ညီအစ်ကိုဟာ ထင်မှတ်မထားတဲ့နေရာတွေမှာ မိတ်ဆွေ ဘယ်လိုရှာတွေ့သွားသလဲ ရှုစားပါ။ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီဗီဒီယိုမှာ အာကီးလ်ရဲ့ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး မိဘတွေ ဘာကြောင့် စိတ်ပူသလဲ။

  • အာကီးလ် ဘာကြောင့် သူတို့နဲ့ ပေါင်းဖြစ်သွားသလဲ။

  • အထီးကျန်စိတ်ကို သူ ဘယ်လို အနိုင်ယူခဲ့သလဲ။

၅။ မိတ်ဆွေကောင်း ဖွဲ့နိုင်ပုံ

မိတ်ဆွေကောင်း ရှာတွေ့နိုင်ပုံ၊ ကိုယ်တိုင် မိတ်ဆွေကောင်း ဖြစ်နိုင်ပုံကို လေ့လာကြည့်ပါ။ ဗီဒီယို ဖွင့်ပါ

ပညာအလိမ္မာ ၁၈:၂၄ ၂၇:၁၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • မိတ်ဆွေကောင်းတွေ အချင်းချင်း ဘယ်လို ကူညီကြသလဲ။

  • သင့်မှာ အဲဒီလို မိတ်ဆွေကောင်း ရှိသလား။ မရှိရင် ရှိအောင် ဘယ်လို လုပ်နိုင်သလဲ။

ဖိလိပ္ပိ ၂:၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • မိတ်ဆွေကောင်း ရှိနိုင်ဖို့ ကိုယ်တိုင်လည်း မိတ်ဆွေကောင်း ဖြစ်ဖို့ လိုတယ်။ ဘယ်လို လုပ်နိုင်မလဲ။

မိတ်ဆွေကောင်း ရဖို့ ကိုယ်တိုင် မိတ်ဆွေကောင်း ဖြစ်ရမယ်

လူတချို့ အဆို။ “အဲဒီလိုသာ ရွေးနေရင်တော့ ပေါင်းစရာ ရှိတော့မှာ မဟုတ်ဘူး။”

  • သင်ကော ဘယ်လို ထင်သလဲ။

အနှစ်ချုပ်

အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်တဲ့အခါ ယေဟောဝါ ပျော်ရွှင်သလို ကိုယ်တိုင်လည်း အကျိုးခံစားရတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ကျွန်တော်တို့ မိတ်ဆွေရွေးချယ်ပုံက ယေဟောဝါအတွက် ဘာကြောင့် အရေးကြီးသလဲ။

  • ဘယ်မိတ်ဆွေမျိုးကို ရှောင်သင့်သလဲ။

  • မိတ်ဆွေကောင်းတွေနဲ့ ပိုရင်းနှီးအောင် ဘယ်လို လုပ်နိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အွန်လိုင်းမှာ မိတ်ဆွေဖွဲ့တာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ။

လူမှုဆက်သွယ်ရေးကွန်ရက်ကို ပညာရှိရှိ အသုံးပြုပါ (၄:၁၂)