မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅၇

ကြီးလေးတဲ့အပြစ် လုပ်မိရင်ကော

ကြီးလေးတဲ့အပြစ် လုပ်မိရင်ကော

သင်ဟာ ယေဟောဝါဘုရားကို အလွန်ချစ်ပြီး ဘုရားစိတ်ထိခိုက်စေမယ့်အရာကို ရှောင်ဖို့ ကြိုးစားပေမဲ့ တစ်ခါတလေ အမှားလုပ်မိနိုင်တယ်။ ကြီးလေးတဲ့အပြစ်တွေတောင် လုပ်မိနိုင်တယ်။ (၁ ကောရိန္သု ၆:​၉၊ ၁၀) အဲဒီအခါ ယေဟောဝါက သင့်ကို ချစ်နေဆဲပဲ၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်၊ ကူညီပေးချင်တယ်ဆိုတာ သတိရပါ။

၁။ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရဖို့ ဘာလုပ်ရမလဲ။

ယေဟောဝါကို ချစ်တဲ့သူတွေဟာ ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ အလွန်ဝမ်းနည်းကြတယ်။ ဒါပေမဲ့ “မင်းတို့ရဲ့အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင် နှင်းပွင့်လို ဖြူဖွေးသွားမယ်” ဆိုတဲ့ ယေဟောဝါရဲ့ကတိကြောင့် စိတ်သက်သာရာ ရကြတယ်။ (ဟေရှာယ ၁:၁၈) စစ်မှန်တဲ့နောင်တ ရမယ်ဆိုရင် ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်ပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့ နောင်တရသလဲ။ လုပ်မိတဲ့အပြစ်အတွက် အကြီးအကျယ် ဝမ်းနည်းတယ်၊ အပြစ်ဆက်မလုပ်တော့ဘဲ ယေဟောဝါဆီက ခွင့်လွှတ်မှုရဖို့ အသနားခံတယ်။ အပြစ်လုပ်မိစေတဲ့ မှားယွင်းတဲ့ အတွေး၊ အကျင့်တွေကို ပြုပြင်ပြောင်းလဲပြီး ယေဟောဝါရဲ့ သန့်ရှင်းတဲ့စံနှုန်းအတိုင်း နေထိုင်ဖို့ အစွမ်းကုန် ကြိုးစားတယ်။​—ဟေရှာယ ၅၅:​၆၊ ၇ ကို ဖတ်ပါ။

၂။ ကျွန်တော်တို့ အပြစ်လုပ်မိတဲ့အခါ အကြီးအကဲတွေကတစ်ဆင့် ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ “အသင်းတော် အကြီးအကဲတွေကို ခေါ်ပါ” လို့ ယေဟောဝါ မိန့်မှာတယ်။ (ယာကုပ် ၅:​၁၄၊ ၁၅ ကို ဖတ်ပါ။) ဒီအကြီးအကဲတွေဟာ ယေဟောဝါနဲ့ သိုးတော်စုကို ချစ်တဲ့သူတွေ ဖြစ်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာစေဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်ကြတယ်။​—ဂလာတိ ၆:၁

ကျွန်တော်တို့ ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ အကြီးအကဲတွေ ဘယ်လို ကူညီကြသလဲ။ အကြီးအကဲ နှစ်ယောက်၊ သုံးယောက်က ကျမ်းစာကို အခြေခံပြီး ပြုပြင်တည့်မတ်ပါလိမ့်မယ်။ အပြစ်ထပ်မလုပ်စေဖို့ လက်တွေ့ကျ အကြံပြုချက်တွေ၊ အားပေးစကားတွေ ပြောပါလိမ့်မယ်။ ဘုရားရေးရာမှာ ပြန်ကျန်းမာလာချိန်အထိ ခရစ်ယာန်လုပ်ဆောင်မှုတချို့မှာ မပါဝင်ဖို့ ကန့်သတ်ထားနိုင်တယ်။ အပြစ်ကျူးလွန်သူ နောင်တမရဘူးဆိုရင် နှင်ထုတ်ပါလိမ့်မယ်။ အပြစ်ပြုသူရဲ့ အန္တရာယ်ရှိတဲ့သြဇာကနေ အသင်းတော်ကို ကာကွယ်ဖို့အတွက်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ ယေဟောဝါပေးတဲ့ အကူအညီကို တန်ဖိုးထားလေးမြတ်ပါ။

၃။ အပြစ်ဝန်ခံခြင်းက ဘုရားရေးရာမှာ ပြန်ကျန်းမာစေ

ကျွန်တော်တို့ အပြစ်လုပ်မိတိုင်း ယေဟောဝါကို စိတ်ထိခိုက်စေတဲ့အတွက် အပြစ်ကို ဝန်ခံသင့်တယ်။ ဆာလံ ၃၂:၁-၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အပြစ်ကို ဖုံးကွယ်ထားမဲ့အစား ယေဟောဝါဆီ ဘာကြောင့် ဝန်ခံရမလဲ။

ယေဟောဝါဆီ အပြစ်ဝန်ခံတဲ့အပြင် အကြီးအကဲတွေဆီ အကူအညီတောင်းတဲ့အခါ စိတ်သက်သာရာရကြတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • ဒီဗီဒီယိုမှာ ယေဟောဝါဆီ ကန်နွန် ပြန်လှည့်လာအောင် အကြီးအကဲတွေ ဘယ်လို ကူညီပေးသလဲ။

အကြီးအကဲတွေကို အမှန်အတိုင်း၊ ပွင့်ပွင့်လင်းလင်း ပြောဖို့လိုတယ်။ ကူညီပေးဖို့ အသင့်ရှိနေသူတွေ ဖြစ်လို့ပါ။ ယာကုပ် ၅:၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျွန်တော်တို့ အမှန်အတိုင်း ပြောတဲ့အခါ အကြီးအကဲတွေ ကူညီပေးရတာ ဘာကြောင့် လွယ်ကူသလဲ။

အပြစ်ဝန်ခံပါ။ အကြီးအကဲတွေကို အမှန်အတိုင်း ပြောပါ။ ယေဟောဝါရဲ့ မေတ္တာပါတဲ့ အကူအညီကို လက်ခံပါ

၄။ နှင်ထုတ်ခြင်းက အကူအညီဖြစ်စေပုံ

ကြီးလေးတဲ့အပြစ် လုပ်တဲ့သူဟာ ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်နာဖို့ ငြင်းဆန်နေမယ်ဆိုရင် အသင်းတော်မှာ ဆက်ရှိနေလို့ မရဘူး။ သူ နှင်ထုတ်ခံရမယ်။ သူနဲ့ အပေါင်းအသင်း မလုပ်ကြဘူး၊ စကားတောင် မပြောကြဘူး။ ၁ ကောရိန္သု ၅:၆၊ ၁၁ နဲ့ ၂ ယောဟန် ၉-၁၁ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • တဆေးဟာ မုန့်ညက်ကို ဖောင်းကြွစေသလို နောင်တမရတဲ့ အပြစ်လုပ်သူနဲ့ ပေါင်းတာက အသင်းတော်ကို ဘယ်လို ထိခိုက်စေသလဲ။

နှင်ထုတ်ခံရတာက နာကျင်စေပေမဲ့ အမြင်မှန် ရစေတယ်။ ဒါကြောင့် နှင်ထုတ်ခံရသူများစွာဟာ နောက်ပိုင်းမှာ အသင်းတော်ဆီ ပြန်လှည့်လာကြတယ်။ (ဆာလံ ၁၄၁:၅) ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • ဒီဗီဒီယိုမှာ နှင်ထုတ်ခြင်းက ဆိုနီယာကို ဘယ်လို အကူအညီ ဖြစ်စေခဲ့သလဲ။

နှင်ထုတ်ခြင်း အစီအစဉ်က

  • ယေဟောဝါရဲ့ နာမည်ကို ဘယ်လို ဂုဏ်တင်သလဲ။

  • ယေဟောဝါဟာ အကျိုးသင့်အကြောင်းသင့်ရှိပြီး မေတ္တာရှိမှန်း ဘယ်လို ဖော်ပြသလဲ။

၅။ နောင်တရတဲ့အခါ ယေဟောဝါ ခွင့်လွှတ်ပေး

လူတစ်ဦး နောင်တရတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲဆိုတာ နားလည်ဖို့ ယေရှုက ပုံဥပမာတစ်ခု ပေးပြီး ရှင်းပြတယ်။ လုကာ ၁၅:၁-၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီပုံဥပမာက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။

ယေဇကျေလ ၃၃:၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • နောင်တရခြင်းမှာ ဘယ်အရေးကြီးတဲ့အချက် ပါဝင်သလဲ။

သိုးထိန်းလိုပဲ ယေဟောဝါက မိမိရဲ့သိုးတွေကို အလွန်ဂရုစိုက်

လူတချို့ အဆို။ “အကြီးအကဲတွေဆီ အပြစ်ဝန်ခံလိုက်ရင် နှင်ထုတ်ခံရမှာပေါ့။”

  • အဲဒီလို ယူဆနေသူကို သင် ဘယ်လို ရှင်းပြမလဲ။

အနှစ်ချုပ်

ကြီးလေးတဲ့အပြစ် လုပ်မိပေမဲ့ အမှန်တကယ် ဝမ်းနည်းပြီး အပြစ်ဆက်မလုပ်တော့ဘူးဆိုရင် ယေဟောဝါ ခွင့်လွှတ်ပါလိမ့်မယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေဟောဝါဆီ ဘာကြောင့် အပြစ်ဝန်ခံသင့်သလဲ။

  • ကျွန်တော်တို့ရဲ့အပြစ် ခွင့်လွှတ်ခံရဖို့ ဘာလုပ်ရမလဲ။

  • ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ ဘာကြောင့် အကြီးအကဲတွေဆီ အကူအညီတောင်းသင့်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဟေရှာယ ၁:၁၈ မှာ ဖော်ပြထားတဲ့ ယေဟောဝါရဲ့ကရုဏာကို ခံစားရသူတစ်ဦးအကြောင်း ကြည့်လိုက်ပါ။

ယေဟောဝါရဲ့ ကရုဏာကို ယုံကြည်စိတ်ချ (၅:၀၂)

နှင်ထုတ်ခြင်းအစီအစဉ်က ပါဝင်ပတ်သက်နေသူအားလုံးအတွက် ဘယ်လို အကျိုးရှိစေနိုင်သလဲ။

“နှင်ထုတ်ခြင်းက ဘာကြောင့် မေတ္တာပါ အစီအစဉ်ဖြစ်” (ကင်းမျှော်စင် မေ ၁၅၊ ၂၀၁၅)

နှင်ထုတ်ခြင်းအစီအစဉ်အကြောင်း သက်သေခံမဟုတ်သူကို ဘယ်လို ရှင်းပြနိုင်သလဲ လေ့လာပါ။

“ယေဟောဝါသက်သေတွေဟာ မိမိတို့အသင်းသားတွေကို ကြဉ်ထားတာမျိုး ရှိပါသလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

အမှန်တရားကနေ လမ်းလွဲခဲ့သူတစ်ဦး ယေဟောဝါဆီ ပြန်လှည့်လာပုံကို “ယေဟောဝါဆီ ပြန်လှည့်လာဖို့ လိုနေပြီ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

“ကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်” (ကင်းမျှော်စင် ဧပြီ ၁၊ ၂၀၁၂)