ရှင်းလင်းချက်

ရှင်းလင်းချက်
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ
  1. ၁။   မဟာဗာဗုလုန်ကို ခွဲခြားသိနိုင်ပုံ

  2. ၂။  မေရှိယ ဘယ်အချိန် ပေါ်ထွန်းမလဲ

  3. ၃။  သွေးပါဝင်တဲ့ ကုသနည်းများ

  4. ၄။  ခွဲနေခြင်း

  5. ၅။  ပွဲနေ့နဲ့ အခမ်းအနားများ

  6. ၆။  ကူးစက်ရောဂါများ

  7. ၇။  စီးပွားရေးနဲ့ ဥပဒေရေးရာကိစ္စများ

 ၁။ မဟာဗာဗုလုန်ကို ခွဲခြားသိနိုင်ပုံ

“မဟာဗာဗုလုန်” ဆိုတာ မှားယွင်းတဲ့ဘာသာကို တင်စားမှန်း ဘယ်လို သိနိုင်သလဲ။ (ဗျာဒိတ် ၁၇:၅) ဒီအချက်တွေကို သုံးသပ်ကြည့်ပါ။

  • နိုင်ငံတကာမှာ ဩဇာလွှမ်းနေတယ်။ မဟာဗာဗုလုန်ဟာ “လူအုပ်တွေ၊ လူမျိုးတွေ” ပေါ် ထိုင်ပြီး “ကမ္ဘာပေါ်က ဘုရင်တွေကို အုပ်စိုး” တယ်လို့ ဖော်ပြထားတယ်။​—ဗျာဒိတ် ၁၇:​၁၅၊ ၁၈

  • နိုင်ငံရေး၊ စီးပွားရေးအင်အားစု မဖြစ်နိုင်ဘူး။ သူ ဖျက်ဆီးခံရချိန်မှာ “ကမ္ဘာ့အုပ်စိုးရှင်တွေ၊” “ကုန်သည်တွေ” အသက်ရှင် ကျန်ရစ်လို့ပါ။​—ဗျာဒိတ် ၁၈:​၉၊ ၁၅

  • ဘုရားကို ဂုဏ်ဖျက်တယ်။ ငွေကြေး၊ အကျိုးအမြတ်တွေ ရဖို့ အစိုးရတွေနဲ့ မိတ်ဖွဲ့တဲ့အတွက် သူ့ကို ပြည့်တန်ဆာလို့ ခေါ်ထားတယ်။ (ဗျာဒိတ် ၁၇:​၁၊ ၂) လူမျိုးအားလုံးကို လမ်းလွဲစေတယ်။ သူ့ကြောင့် လူများစွာ သေဆုံးခဲ့ရတယ်။​—ဗျာဒိတ် ၁၈:​၂၃၊ ၂၄

သင်ခန်းစာ ၁၃၊ အချက် ၆ သို့

 ၂။ မေရှိယ ဘယ်အချိန် ပေါ်ထွန်းမလဲ

၆၉ သီတင်း အကုန်မှာ မေရှိယပေါ်ထွန်းမယ်လို့ ကျမ်းစာ ကြိုဟောတယ်။​—ဒံယေလ ၉:၂၅ ကို ဖတ်ပါ။

  • ၆၉ သီတင်းက ဘယ်အချိန်မှာ စသလဲ။ ဘီစီ ၄၅၅ မှာ စတယ်။ အဲဒီနှစ်မှာ ဂျေရုဆလင်မြို့ကို “ထူထောင်ပြီး ပြန်တည်ဆောက်” ဖို့ ဘုရင်ခံနေဟမိ ရောက်လာတယ်။​—ဒံယေလ ၉:၂၅။ နေဟမိ ၂:​၁၊ ၅-၈

  • ၆၉ သီတင်းက ဘယ်လောက် ကြာသလဲ။ ကျမ်းစာကြိုဟောချက်တချို့မှာ တစ်ရက်ကို တစ်နှစ်ဆိုပြီး တွက်လေ့ရှိတယ်။ (တောလည်ရာ ၁၄:၃၄။ ယေဇကျေလ ၄:၆) ဒီတွက်နည်းအရ တစ်သီတင်းဟာ ခုနစ်နှစ် ဖြစ်တယ်။ ဒီကြိုဟောချက်ပါ ၆၉ သီတင်းဟာ (၆၉ x ၇) ၄၈၃ နှစ် ဖြစ်တယ်။

  • ၆၉ သီတင်းက ဘယ်အချိန် ပြီးဆုံးသလဲ။ ဘီစီ ၄၅၅ ကစပြီး ၄၈၃ နှစ်ကို ရေတွက်လိုက်ရင် အေဒီ ၂၉ ကို ရောက်တယ်။ a အဲဒီနှစ်ဟာ ယေရှု နှစ်ခြင်းခံပြီး မေရှိယဖြစ်လာတဲ့နှစ်ပဲ။​—လုကာ ၃:​၁၊ ၂၊ ၂၁၊ ၂၂

သင်ခန်းစာ ၁၅၊ အချက် ၅ သို့

 ၃။ သွေးပါဝင်တဲ့ ကုသနည်းများ

လူနာရဲ့သွေးကို ပြန်သုံးတဲ့ ကုသနည်းတွေ ရှိတယ်။ သွေးလှူတာ၊ မခွဲစိတ်ခင်မှာ ကိုယ့်သွေးကို ထုတ်ပြီး လှောင်ထားတဲ့ ကုသနည်းမျိုးကိုတော့ ခရစ်ယာန်တွေ လက်မခံကြဘူး။​—တရားဟောရာ ၁၅:၂၃

ကုသနည်းတချို့ကိုတော့ လက်ခံနိုင်တယ်။ သွေးစစ်တာ၊ ကျောက်ကပ်ဆေးတာ၊ သွေးကျဲစေတာ၊ ကိုယ်ခန္ဓာကထွက်တဲ့သွေးကို သန့်စင်ပြီး ပြန်သွင်းပေးတာ b ဒါမှမဟုတ် နှလုံးအဆုတ်စက် အသုံးပြုတာတို့ ဖြစ်တယ်။ ကုသနည်း၊ ဆေးစစ်မှု၊ လက်ရှိ ကုသမှုတွေမှာ ကိုယ့်သွေးကို ဘယ်လိုသုံးမလဲဆိုတာ ခရစ်ယာန်တစ်ဦးစီ ဆုံးဖြတ်ရမယ်။ ဆရာဝန်တစ်ယောက်နဲ့တစ်ယောက် ကုသနည်း မသိမသာ ကွာခြားနိုင်တယ်။ ဒါကြောင့် ခွဲစိတ်တာ၊ ဆေးစစ်တာ၊ ကုသတာတွေ မလုပ်ခင် ကိုယ့်သွေးကို ဘယ်လို သုံးမလဲဆိုတာ အသေအချာသိအောင် လုပ်သင့်တယ်။ အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

  • ကိုယ့်သွေးကို ခန္ဓာကိုယ်ပြင်ပ လွှဲပြောင်းထားပြီး သွေးစီးဆင်းမှု ခဏရပ်တန့်နေမယ်ဆိုရင်ကော။ ဒီသွေးကို ကိုယ့်ရဲ့အစိတ်အပိုင်း ဖြစ်နေသေးတယ်လို့ သဘောထားသလား။ ဒါမှမဟုတ် “မြေပေါ် သွန်ပစ်” ဖို့လိုတယ်လို့ ကိုယ့်သိစိတ်က ပြောနေသလား။​—တရားဟောရာ ၁၂:​၂၃၊ ၂၄

  • ဆေးကုသချိန်အတွင်း ခန္ဓာကိုယ်ကထွက်တဲ့ သွေးကို သန့်စင်ပြီး တိုက်ရိုက် ပြန်သွင်းမယ်ဆိုရင်ကော။ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ် အနှောင့်အယှက် ဖြစ်မလား။ ဒါမှမဟုတ် ဒီကုသမှုကို လက်ခံမလား။

သင်ခန်းစာ ၃၉၊ အချက် ၃ သို့

 ၄။ ခွဲနေခြင်း

လင်မယားတွေ ခွဲနေဖို့ ကျမ်းစာ အားမပေးဘူး။ ခွဲနေလိုက်လို့ နောက်အိမ်ထောင်ပြုခွင့် ရှိတယ်လို့လည်း မဆိုလိုဘူး။ (၁ ကောရိန္သု ၇:​၁၀၊ ၁၁) ဒါပေမဲ့ ခရစ်ယာန်တချို့ ခွဲနေလို့ရတဲ့အခြေအနေတွေ ရှိတယ်။

  • တမင်တကာ မထောက်ပံ့ခြင်း။ ခင်ပွန်းက မိသားစုကို မထောက်ပံ့တဲ့အတွက် စားဝတ်နေရေး အလွန်ခက်ခဲတဲ့အထိ ဖြစ်နေတယ်။​—၁ တိမောသေ ၅:၈

  • အပြင်းအထန် ရိုက်ပုတ်ခြင်း။ ကျန်းမာရေး ထိခိုက်တဲ့အထိ၊ အသက်အန္တရာယ်ရှိတဲ့အထိ နှိပ်စက်တယ်။​—ဂလာတိ ၅:​၁၉-​၂၁

  • ယေဟောဝါကို ဝတ်မပြုနိုင်အောင် လုံးဝ တားဆီးခြင်း။ ယေဟောဝါကို လုံးဝ ဝတ်မပြုနိုင်အောင် အိမ်ထောင်ဖက်က တားဆီးတယ်။​—တမန်တော် ၅:​၂၉

သင်ခန်းစာ ၄၂၊ အချက် ၃ သို့

 ၅။ ပွဲနေ့နဲ့ အခမ်းအနားများ

ခရစ်ယာန်တွေဟာ ယေဟောဝါ မနှစ်သက်တဲ့ ပွဲနေ့တွေမှာ မပါဝင်ကြဘူး။ ဒါပေမဲ့ တခြားသူတွေ ပွဲနေ့လုပ်ချိန်မှာ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ်နဲ့အညီ ဆုံးဖြတ်ရမယ်။ အောက်ပါနမူနာတွေကို သုံးသပ်ပါ။

  • တစ်ယောက်ယောက်က ပွဲနေ့ နှုတ်ဆက်စကား ဆိုတယ်။ “ကျေးဇူးတင်ပါတယ်” လို့ ရိုးရိုးလေး ပြန်ပြောနိုင်တယ်။ သူပိုသိချင်တယ်ဆိုရင် ဘာကြောင့် ပွဲနေ့တွေ မကျင်းပရသလဲဆိုတာ ရှင်းပြပေးနိုင်တယ်။

  • သက်သေခံ မဟုတ်တဲ့ အိမ်ထောင်ဖက်က ပွဲနေ့မှာ ဆွေမျိုးတွေနဲ့အတူ စားသောက်ဖို့ ဖိတ်ခေါ်တယ်။ ကိုယ့်သိစိတ်က သွားဖို့ လက်ခံရင် မှားယွင်းတဲ့ ဓလေ့ထုံးစံတွေမှာတော့ ပါဝင်မှာ မဟုတ်ကြောင်း ကြိုရှင်းပြထားနိုင်တယ်။

  • ပွဲတော်ရာသီမှာ အလုပ်ရှင်က အပိုဆုကြေး ပေးတယ်။ အပိုဆုကြေးကို ငြင်းသင့်သလား။ မဖြစ်မနေ ငြင်းရမယ်လို့ မဆိုလိုဘူး။ အလုပ်ရှင်က ပွဲနေ့အတွက် ရည်ရွယ်ပြီး ပေးတာလား။ ကိုယ့်ကြိုးစားမှုအတွက် ကျေးဇူးတင်လို့ ပေးတာလား။

  • ပွဲတော်ရာသီမှာ တစ်ယောက်ယောက် လက်ဆောင်ပေးတယ်။ လက်ဆောင်ပေးသူက “မင်း ဒီပွဲ မလုပ်မှန်း ငါသိပါတယ်။ ဒါပေမဲ့ ယူလိုက်ပါ” ဆိုပြီး ပြောလာနိုင်တယ်။ စေတနာနဲ့ ပေးတာလည်း ဖြစ်နိုင်တယ်။ ကိုယ့်ယုံကြည်ခြင်းကို စမ်းသပ်ချင်လို့လား၊ ပွဲနေ့မှာ ပါဝင်စေချင်လို့လား။ ဒီအချက်တွေကို သုံးသပ်ပြီးတဲ့နောက် လက်ဆောင်ကို လက်ခံသင့်မသင့် ကိုယ်တိုင် ဆုံးဖြတ်ပါ။ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ကိုယ့်ရဲ့အမှားအမှန်သိစိတ် ကြည်လင်ပြီး ယေဟောဝါကို သစ္စာရှိချင်ကြပါတယ်။​—တမန်တော် ၂၃:၁

သင်ခန်းစာ ၄၄၊ အချက် ၁ သို့

 ၆။ ကူးစက်ရောဂါများ

ကျွန်တော်တို့က လူတွေကိုချစ်လို့ တခြားသူတွေဆီ ရောဂါမကူးစက်အောင် သိပ်သတိထားကြတယ်။ ကိုယ့်မှာ ကူးစက်ရောဂါ ရှိနေတယ်၊ တခြားသူတွေကို ကူးစက်စေနိုင်တယ်လို့ ယူဆရင် အလွန်သတိထားကြပါမယ်။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုပြီး ကျမ်းစာ မိန့်မှာထားလို့ပါ။​—ရောမ ၁၃:​၈-၁၀

ကူးစက်ရောဂါရှိသူဟာ ဒီမိန့်မှာချက်ကို ဘယ်လို လိုက်နာနိုင်သလဲ။ သူဟာ လူတွေကို ချစ်ခင်တွယ်တာမှုပြတဲ့အနေနဲ့ ဖက်တာ၊ နမ်းတာတွေ မလုပ်သင့်ဘူး။ တချို့က ကိုယ့်မိသားစုကို ကာကွယ်ချင်လို့ အိမ်ကို အလည်လာဖို့ မဖိတ်ခေါ်ရင် စိတ်မဆိုးသင့်ဘူး။ နှစ်ခြင်းမခံခင်မှာလည်း အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးဆီ ကိုယ့်အခြေအနေကို အကြောင်းကြားထားသင့်တယ်။ ဒါမှ တခြားနှစ်ခြင်းခံမယ့်သူတွေကို အကာအကွယ်ဖြစ်စေမယ့် အစီအစဉ်တွေ လုပ်နိုင်မယ်။ ကူးစက်ရောဂါရှိနိုင်သူဟာ မပိုးပန်းခင်မှာ ဆန္ဒအလျောက် ဆေးစစ်ထားသင့်တယ်။ ဒါဟာ ‘ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ကြောင်း၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြောင်း’ ပြရာရောက်တယ်။​—ဖိလိပ္ပိ ၂:၄

သင်ခန်းစာ ၅၆၊ အချက် ၂ သို့

 ၇။ စီးပွားရေးနဲ့ ဥပဒေရေးရာကိစ္စများ

ငွေကြေးကိစ္စ၊ စီးပွားရေးကိစ္စတွေမှာ ခရစ်ယာန်အချင်းချင်း ဖြစ်နေရင်တောင် သဘောတူညီချက်မှန်သမျှကို စာချုပ်စာတမ်း လုပ်တာက ပြဿနာတွေကို ရှောင်နိုင်တယ်။ (ယေရမိ ၃၂:​၉-၁၂) တစ်ခါတလေ ခရစ်ယာန်အချင်းချင်း ငွေကြေးနဲ့ တခြားကိစ္စတွေမှာ သဘောထားကွဲလွဲမှုလေးတွေ ရှိနိုင်တယ်။ အဲဒီအခါ သက်ဆိုင်သူတွေနဲ့သာ ချက်ချင်း ပြေလည်အောင် ဖြေရှင်းသင့်တယ်။

လိမ်လည်မှု၊ အသရေဖျက်မှုတို့လို ကြီးလေးတဲ့ကိစ္စတွေကို ဘယ်လို ဖြေရှင်းမလဲ။ (မဿဲ ၁၈:​၁၅-၁၇ ကို ဖတ်ပါ။) လိုက်နာသင့်တဲ့ အဆင့်သုံးဆင့်ကို ယေရှု ပေးထားတယ်။

  1. ၁။ ပြဿနာဖြစ်နေတဲ့သူအချင်းချင်း ပြေလည်အောင် ဖြေရှင်းပါ။​—အခန်းငယ် ၁၅ ကို ကြည့်ပါ။

  2. ၂။ မပြေလည်ရင် အသင်းတော်ထဲက ရင့်ကျက်သူတစ်ဦး၊ နှစ်ဦးကို ခေါ်သွားပါ။​—အခန်းငယ် ၁၆ ကို ကြည့်ပါ။

  3. ၃။ ဒီနည်းနဲ့ မပြေလည်ရင် အကြီးအကဲတွေကို အကူအညီတောင်းပါ။​—အခန်းငယ် ၁၇ ကို ကြည့်ပါ။

အများအားဖြင့် ကိုယ့်ညီအစ်ကိုတွေကို တရားမစွဲသင့်ဘူး။ ယေဟောဝါနဲ့ အသင်းတော်ကို နာမည်ပျက်စေနိုင်လို့ပဲ။ (၁ ကောရိန္သု ၆:​၁-၈) ဒါပေမဲ့ ကလေးအုပ်ထိန်းခွင့်၊ မယားစရိတ်၊ အာမခံလျော်ကြေး တောင်းတာ၊ ကွာရှင်းတာ၊ ဒေဝါလီခံတာ၊ ခံဝန်ချုပ်နဲ့လွတ်တာတို့လို တရားရုံးမှာပဲ ဖြေရှင်းရမယ့်ကိစ္စတွေ ရှိနိုင်တယ်။ ခရစ်ယာန်တစ်ဦးဟာ အဲဒီကိစ္စတွေကို တရားရုံးမှာ အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းတာက ကျမ်းစာအကြံဥာဏ်ကို ချိုးဖောက်ရာ မရောက်ဘူး။

မုဒိမ်းမှု၊ ကလေး မတော်မတရားပြုခံရမှု၊ တိုက်ခိုက်ခံရမှု၊ ခိုးမှုကြီး၊ လူသတ်မှုစတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုကို လောကအာဏာပိုင်တွေဆီ တိုင်ကြားခြင်းက ကျမ်းစာအကြံဥာဏ်ကို ချိုးဖောက်ရာ မရောက်ဘူး။

သင်ခန်းစာ ၅၆၊ အချက် ၃ သို့

a ဘီစီ ၄၅၅ ကနေ ဘီစီ ၁ အထိ ၄၅၄ နှစ်။ ဘီစီ ၁ ကနေ အေဒီ ၁ အထိ တစ်နှစ်။ (သုညနှစ် မရှိဘူး။) အေဒီ ၁ ကနေ အေဒီ ၂၉ အထိ ၂၈ နှစ်။ စုစုပေါင်း ၄၈၃ နှစ် ဖြစ်တယ်။

b ဒီကုသနည်းအကြောင်း သိချင်တယ်ဆိုရင် ကင်းမျှော်စင်၊ အောက်တိုဘာ ၁၅၊ ၂၀၀၀ ခုနှစ်ထုတ် “စာရှုသူများထံမှ မေးခွန်းလွှာ” မှာကြည့်ပါ။