ဘဝတွင်​ရည်ရွယ်ချက်​သူ​မ တွေ့ ရှိခဲ့

ဘဝတွင်​ရည်ရွယ်ချက်​သူ​မ တွေ့ ရှိခဲ့

ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ​မှတ်တမ်း

ဘဝတွင်​ရည်ရွယ်ချက်​သူ​မ တွေ့ ရှိခဲ့

ယေရှု​က မိမိ၏​သိုး​ကို​မိမိ​သိကြောင်း​ဆို​သည်။ (ယောဟန် ၁၀:၁၄) လူတစ်ဦး​သည် နှလုံး​ကောင်း​နှင့် ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်း​ကို​ချစ်​လျှင် ထို​သူသည် ယေရှု​နောက်လိုက်​များ​သို့ ဆွဲဆောင်​ခံရ​မည်။ ထိုသို့​သော​သူသည် ဘယ်ဂျီယံ​ရှိ​အမျိုးသမီး​တစ်ဦး​ကဲ့သို့ ဘဝ​ရည်ရွယ်ချက်ကို တွေ့ရှိ​မည်​ဖြစ်သည်။ သူမ၏​အကြောင်း​ကား​ဤသို့–

“ယေဟောဝါသက်သေ​များ ကျွန်မ​တံခါး​ကိုလာ​ခေါက်​တဲ့​အခါ ကျွန်မ​ဟာ​အတော် စိတ်ဓာတ်ကျ​နေပြီး ကိုယ့်​ဘဝကို အဆုံးစီရင်​လိုက်​ဖို့ စဉ်းစား​နေခိုက်​ဖြစ်တယ်။ ဒီ​ဖျားနာ​နေတဲ့ ကမ္ဘာကြီး​ရဲ့ ပြဿနာ​တွေ​ကို ဖြေရှင်းချက်​နဲ့​ပတ်သက်ပြီး သက်သေခံ​ပြော​တာ​ကို ကျွန်မ​နှစ်ခြိုက်​တယ်၊ ဒါ​ပေ​မယ့် ဘုရား​ပါဝင်​ပတ်သက်​မယ် ဆိုတာ​ကို​တော့ မကြိုက်ဘူး။ ကျွန်မ​ဘုရားကျောင်း​မ​တက်တာ ရှစ်နှစ်​ရှိပြီ၊ အဲ့ဒီ​မှာ တွေ့ရ​တဲ့ ဟန်ဆောင်မှု​တွေ​ကို မုန်း​လို့​ဘဲ။ သက်သေခံတွေ​ကျ​တော့၊ သူတို့​ပြော​တာ​တွေ​မှာ အမှန်တရား​တွေ့ရ​ပြီး၊ နောက်ဆုံး​တော့ ဘုရားမ​ပါ​ဘဲ နေရ​တာ​ခက်တယ်​ဆိုတာ ကျွန်မ​သဘောပေါက်​လာတယ်။

“အကြိမ်​အနည်းငယ်​သာ လည်ပတ်ကြ​ပြီး​နောက် သက်သေခံတွေ​နဲ့ အဆက်ပြတ်​သွားတာ ဝမ်းနည်းစရာ​ဘဲ။ ကျွန်မ​ညှိုးငယ်​မိတယ်။ ကျွန်မ တစ်ရက်​ကို​စီးကရက် နှစ်​ဘူး​သောက်​ပြီး မူးယစ်​ဆေးဝါး​ကို​တောင် ပြန်​ပြီး​သုံးစွဲ​မိတယ်။ သေဆုံး​သွားတဲ့ အဖိုး​နဲ့​ဆက်သွယ်​ချင်​တာ​နဲ့ နတ်ဆိုး​တွေ​နဲ့ ပတ်သက်​ခဲ့​ပြန်​တယ်။ ရလဒ်အနေနဲ့ ည​မှာ​တစ်ယောက်​ထဲ​ရှိနေတုန်း နတ်ဆိုး​ရဲ့​တိုက်ခိုက်မှု​ခံရတဲ့​အခါ ကျွန်မ​ဖြင့်​ကြောက်​လိုက်​လေ​ခြင်း။ အဲ့​ဒါ​လပေါင်း​များစွာ ခံ​ခဲ့​ရတယ်။ ညနေ​တိုင်း​ဘဲ ကျွန်မ​တစ်ယောက်​ထဲ​ရှိနေ​ရမှာ​ကို ထိတ်လန့်​နေခဲ့တယ်။

“ဒါနဲ့၊ တစ်နေ့​တော့ ခါ​တိုင်း​သွားတဲ့​လမ်းမ​ဟုတ်​ဘဲ အခြား​တစ်​လမ်း​နဲ့ လမ်းလျှောက်ထွက်​ရင်း အတော်​ကြီးမား​တဲ့ အဆောက်အအုံ​နေရာကို ရောက်​လာတယ်။ အံ့သြ​စွာ​ပဲ လူအုပ်ကြီး​ကို​တွေ့ရ​တယ်။ အနီးကပ်​ကြည့်​တော့၊ ယေဟောဝါသက်သေ​တွေ ခန်းမ​ဆောက်​နေတာ တွေ့ခဲ့​ရတယ်။ သက်သေခံတွေ ကျွန်မ​အိမ်ကို လည်ပတ်​ခဲ့​တာ သတိရ​မိ​ခဲ့​ပြီး ကမ္ဘာ​တစ်ခုလုံး ဒီ​လူတွေ​လို နေနိုင်​ကြ​ရင် ဘယ်လောက်​ကောင်း​လိုက်​လေ​မလဲ လို့​စဉ်းစားမိ​ခဲ့​တယ်။

“ကျွန်မ​အိမ်ကို သက်သေခံတွေကို ပြန်​ပြီး​သိပ်​လည်ပတ်​စေ​ချင်​တဲ့​အတွက် ခန်းမ​မှာ​အလုပ်​လုပ်နေတဲ့ သူတချို့​ကို​ကျွန်မ စကားပြော​ခဲ့​တယ်။ ဘုရားသခင်​ထံ​ကို ကျွန်မ​ဆုတောင်း​ခဲ့​ပြီး ဆယ်ရက်​ကြာ​တဲ့​အခါ ကျွန်မ​ကို​ဦးဆုံး​တွေ့ခဲ့​တဲ့​သူဟာ တံခါးဝ​မှာ​ရောက်​လာတယ်။ သူက ကျမ်းစာ​သင်အံမှု ဆက်လုပ်​ရအောင်​လို့ ပြော​ခဲ့​တယ်၊ ကျွန်မ​လည်း ပျော်ရွှင်စွာ​ဘဲ သဘောတူခဲ့​တယ်။ ချက်ချင်း​ဘဲ သူက​ခန်းမ​မှာ စည်းဝေး​တက်​ဖို့​ဖိတ်တယ်။ ကျွန်မ​လက်ခံခဲ့တယ်။ အဲ့ဒီ​လို မြင်ကွင်း​မျိုး ကျွန်မ​တစ်ခါ​မှ မမြင်​ခဲ့​ဖူး​ပါ​လား။ တစ်ဦး​ကိုတစ်​ဦး တကယ်​ချစ်​ပြီး ပျော်ရွှင်​တဲ့​လူတွေကို အကြာကြီး​ရှာ​ခဲ့​လိုက်ရ​တာ။ ခု​တော့​သူတို့ကို တွေ့ခဲ့​ရပြီ​လေ။

“အဲ့ဒီ​ကစပြီး စည်းဝေး​အားလုံး​ကို တက်​ခဲ့​တယ်။ သုံး​ပတ်​လောက်​ကြာပြီး​တဲ့​နောက် ဆေးလိပ်​သောက်​တဲ့ အကျင့်ဆိုး​ကို ရပ်ခဲ့တယ်။ နက္ခတ်​စာအုပ်​တွေ၊ စာတန်​ဆိုင်ရာ​တေးသီချင်း​ခွေ​တွေ လွှင့်ပစ်​ခဲ့​တယ်၊ နတ်ဆိုးတွေဟာ ကျွန်မ​ကို​သူတို့​ဆုပ်ကိုင်​ထားမှု​တွေ လျော့​လာပြီ​ဆိုတာ ကျွန်မ​ခံစား​ရတယ်။ ကိုယ့်​အသက်တာကို ယေဟောဝါ​ရဲ့ သမ္မာကျမ်းစာ စံချိန်​များနဲ့​အညီ ပြုပြင်​လိုက်တယ်၊ သုံးလ​ကြာ​တဲ့​အခါ သတင်းကောင်းကို စ​ဟော​တော့​တယ်။ ခြောက်​လ​ကြာ​တော့ နှစ်ခြင်း​ခံ​ခဲ့​တယ်။ နှစ်ခြင်း​ခံ​ပြီး​နှစ်​ရက်မှာ အရန်ရှေ့ဆောင် စ​လုပ်ခဲ့တယ်။

“ကျွန်မ​အပေါ် ပြု​လုပ်ပေးခဲ့​တဲ့ ကောင်း​တဲ့​အရာအားလုံး​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​မိ​ပါ​တယ်။ ကျွန်မ​ရဲ့​ဘဝဟာ နောက်ဆုံး​တော့ ရည်ရွယ်ချက်​တစ်ခု ရှိနေပြီ။ မှန်တယ်၊ ယေဟောဝါ​ရဲ့​နာမ​ဟာ​ကျွန်မ လုံခြုံမှု​နဲ့ ကာကွယ်​မှု​တွေ့ရ​တဲ့ ခိုင်ခံ့​တဲ့​ရဲတိုက်​ပါ​ဘဲ။ (သု၊ ၁၈:၁၀) ဆာလံ ၈၄:၁၀ မှာ​ဆာလံဆရာ ရေးထား​ခဲ့​သလို ကျွန်မ​တကယ်​ဘဲ ခံစား​ရတယ်– ‘တန်​တိုင်း​တော်​တို့​အတွင်း​၌ နေသော​တစ်ရက်​သည် အခြား​အရပ်၌ နေသော​အရက်​တစ်ထောင်​ထက်​သာ၍ ကောင်း​ပါ​၏။ မတရားသော သူ၏​နေရာ၌ နေရ​သော​အခွင့်​ထက် အကျွန်ုပ်၏ ဘုရားသခင့်​အိမ်တော်၌ တံခါး​စောင့်​အရာ​ကို အကျွန်ုပ်​သာ၍ နှစ်သက်ပါ​၏။’”

နှလုံး​နူးညံ့​သော အမျိုးသမီး​တစ်ဦး ဘဝတွင်​ရည်ရွယ်ချက် တွေ့ခဲ့​ရသည်။ ယေဟောဝါ​ကို နှလုံး​ကောင်း​ဖြင့်​ရှာဖွေသူ မည်သူ​မဆို​လည်း​တွေ့​နိုင်​ပါ​သည်။