မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကိုကျေးဇူးတင်ခြင်း—အချိန်ပြည့်လုပ်ငန်းဖြင့်!

ယေဟောဝါကိုကျေးဇူးတင်ခြင်း—အချိန်ပြည့်လုပ်ငန်းဖြင့်!

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​ကို​ကျေးဇူး​တင်​ခြင်း—အချိန်ပြည့်​လုပ်ငန်း​ဖြင့်!

စတန်လီ အီး. ရေး​နို​လ်ဒ်စ် ပြောပြ​သည်

ကျွန်တော့်​ကို အင်္ဂလန်​နိုင်ငံ လန်ဒန်​မြို့မှာ ၁၉၁၀ ပြည့်နှစ်​တုန်း​က မွေးဖွားခဲ့တယ်။ ပထမ​ကမ္ဘာ​စစ်​ပြီး​နောက် ဝက်​စ်​ဘား ရီး​လေး​လို့​ခေါ်​တဲ့ ဝေ့လ်ဒ်ရှိုင်း​ယား​ရွာ​ငယ်​လေး​ကို ကျွန်တော့်​မိဘတွေ ပြောင်း​သွားခဲ့​ကြတယ်။ လူငယ်​တစ်ယောက်​အနေ​နဲ့ ‘ဘုရားသခင်​ဟာ ဘယ်သူလဲ’ လို့ ကျွန်တော်​မကြာခဏ​စဉ်းစား​ခဲ့​ဖူး​တယ်။ ဘယ်သူမှ​ကျွန်တော့်​ကို မပြောပြ​နိုင်​ခဲ့​ဖူး​ဘူး။ နောက်ပြီး ကျွန်တော်​တို့​ရပ်ကွက်​လို ဒီလောက်​သေးငယ်​တဲ့​ရပ်ကွက်​လေးမှာ ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​ဖို့ ဘုရားကျောင်း​ငယ် နှစ်ခု​နဲ့ ချာ့ခ်ျ​ကျောင်း​တစ်​ကျောင်း ဘာကြောင့်​လိုအပ်​တယ်​ဆိုတာ​ကို အဖြေရှာ​မရခဲ့​ဘူး။

ဒုတိယ​ကမ္ဘာ​စစ်​မစ​ခင် လေးနှစ်​အလို​ဖြစ်​တဲ့ ၁၉၃၅ ခုနှစ်​မှာ ကျွန်တော့်​ညီ​ဒစ်ခ်​နဲ့​အတူ တဲ​ထိုး​အပျော်ခရီး​ထွက်​ဖို့ အင်္ဂလန်​တောင်ပိုင်း​ကမ်းခြေ​မှာ​ရှိတဲ့ ဝေး​မော​က်သ်​မြို့ကို ကျွန်တော်​တို့​စက်ဘီး​စီး​သွားခဲ့​ကြတယ်။ သည်းသည်းမဲမဲ​ရွာ​နေတဲ့​မိုး​သံ​ကို တဲ​ထဲမှာ​ထိုင်ပြီး​နားထောင်​နေရင်း ဘာ​ဆက်လုပ်​ရမလဲ​လို့ စဉ်းစား​နေတဲ့​အချိန်​မှာ လူကြီး​တစ်ယောက် ရောက်လာ​ပြီး ကျမ်းစာ​လေ့လာ​ဖို့ အထောက်အကူ​ပြု​တဲ့​စာအုပ်​သုံး​အုပ်—ဘုရားသခင့်​စောင်းတော်၊ အလင်း ၁ နဲ့ အလင်း ၂—ကို​ကမ်း​လှမ်း​ခဲ့တယ်။ အပျင်း​ပြေ​ဖတ်​ဖို့ အဲ့​ဒါတွေကို ဝမ်းသာ​အားရ​နဲ့ ကျွန်တော်​လက်ခံ​ယူခဲ့တယ်။ ဖတ်​ရတာတွေကို ကျွန်တော်​ချက်ချင်း​သဘောကျခဲ့​ပေမဲ့ ကျွန်တော့်​အသက်တာ​ရော ကျွန်တော်​ညီ​ရဲ့​အသက်တာကို​ပါ အဲ့​ဒါက လုံးဝ​ပြောင်းလဲ​စေ​လိမ့်​မည်​ဆိုတာ ကျွန်တော်​မသိခဲ့ဘူး။

အိမ်​ပြန်​ရောက်တဲ့အခါ ကျွန်တော်​တို့​ရဲ့​ရွာ​ထဲမှာ​နေတဲ့ ကိတ် ပါ​စ​န်​ဟာ ဒီလို​ကျမ်းစာ​စာပေ​မျိုး​တွေ​ကို​ဝေငှ​တဲ့​အကြောင်း အမေ​ပြောပြ​ခဲ့တယ်။ အသက်​အတော်​ကြီး​နေပေမဲ့ ပြန့်ကျဲ​နေတဲ့​ကျွန်တော်​တို့​ရပ်ကွက်​က လူတွေ​ဆီ​ကို မော်တော်​ဆိုင်ကယ်​လေး​နဲ့ သူ​လည်ပတ်​သွားတဲ့​အတွက် သူ့ကို​လူသိ​များတယ်။ သူ့​ဆီ​ကျွန်တော်​အလည်သွား​တော့ သူက ဝမ်းမြောက်​ဝမ်းသာ​နဲ့​ပဲ ဖန်ဆင်း​ခြင်း​နဲ့ ဘဏ္ဍာ​လို့​ခေါ်​တဲ့​စာအုပ်​တွေ​အပြင် ကင်းမျှော်စင်​အသင်းရဲ့​တခြား​စာပေ​စာတမ်း​တွေ​ကိုလည်း ကျွန်တော့်​ကို​ပေး​ခဲ့တယ်။ သူဟာ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်တယ်​လို့​လည်း ကျွန်တော့်​ကို​ပြောပြ​တယ်။

အဲ့ဒီ​စာအုပ်​တွေ​ကို ကျွန်တော့်​ရဲ့​ကျမ်းစာ​နဲ့​တွဲ​ဖတ်​ပြီး​တဲ့​နောက် ယေဟောဝါ​ဟာ စစ်မှန်​တဲ့​ဘုရားသခင်​ဖြစ်တယ်​ဆိုတာ​ကို​သိလာပြီး ကိုယ်တော်​ကို ကျွန်တော်​ဝတ်ပြု​ကိုးကွယ်​ချင်​ခဲ့တယ်။ ဒါ​ကြောင့် ချာ့ခ်ျ​ကနေ​နုတ်ထွက်​စာ​တင်​လိုက်ပြီး ဂျွန်​နဲ့ အဲလစ် မူ​ဒီ​တို့​ရဲ့​အိမ်မှာ​ကျင်းပ​တဲ့ ကျမ်းစာ​သင်တန်း​တွေ​ကို စပြီး​တက်​တော့​တယ်။ သူတို့က ကျွန်တော်​တို့​နဲ့ အနီးဆုံး​မြို့​ဖြစ်​တဲ့ ဝက်​စ်​ဘား​ရီး​မှာ​နေကြ​တယ်။ အစည်းအဝေးတွေမှာ ကျွန်တော်​တို့အားလုံး​ပေါင်း ခု​နစ်​ယောက်​ပဲ​ရှိတယ်။ စည်းဝေး​မစ​ခင်​နဲ့​အပြီးမှာ ကိတ် ပါ​စ​န်​က အော်​ဂ​င်​တီး​ပြီး ကျွန်တော်​တို့​က ဘုရားသခင်​နိုင်ငံတော်​သီချင်းတွေကို အားရပါးရ​အတူ​စု​ဆို​ခဲ့​ကြတယ်။

အစောပိုင်း​နေ့ရက်​များ

တကယ့်​အရေးကြီးတဲ့​အချိန်​မှာ ကျွန်တော်​တို့​အသက်​ရှင်​နေကြ​ရတယ်ဆိုတာ ထင်ရှား​ပြီး မဿဲ ၂၄:၁၄ မှာ​ပရောဖက်ပြု​ထား​တဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်​အရမ်း​ပါဝင်​ချင်​ခဲ့တယ်။ ဒါ​ကြောင့် ကျွန်တော်​ဆေးလိပ်​ဖြတ်လိုက်​တယ်၊ လက်ဆွဲအိတ်​တစ်လုံး​ဝယ်ပြီး ကြီးမြတ်​တဲ့​ဘုရားသခင် ယေဟောဝါ​ထံ ကိုယ့်​ကိုယ်ကို​အပ်နှံ​ခဲ့တယ်။

၁၉၃၆ ဩဂုတ်​လမှာ ကင်းမျှော်စင်​အသင်းရဲ့​ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်​ဟာ “အာမဂေဒုန်” အကြောင်း​ဟောပြောဖို့ စကော့တလန်​ပြည်၊ ဂ​လက်​စ်​ဂို​မြို့ကို လည်ပတ်​ရောက်ရှိ​ခဲ့တယ်။ ဂ​လက်​စ်​ဂို​မြို့ဟာ မိုင် ၄၀၀ လောက်​ဝေး​ပေမဲ့ အဲ့ဒီ​အစည်းအဝေး​ကို​သွားပြီး နှစ်ခြင်း​ခံ​ဖို့ ကျွန်တော်​စိတ်​ဆုံးဖြတ်​လိုက်တယ်။ ကျွန်တော့်​မှာ ပိုက်ဆံ​နည်းနည်း​ပဲ​ရှိတဲ့​အတွက် စကော့တလန်​ပြည် နယ်စပ်​မြို့​ဖြစ်​တဲ့ ကာ​လို​င်​အဲလ်​အထိ ကျွန်တော့်​စက်ဘီး​ကို ရထား​ပေါ်​တင်​သွားပြီး အဲ့ဒီ​ကနေ မြောက်ဘက်​ကို​မိုင် ၁၀၀ စက်ဘီး​နင်း​သွားခဲ့တယ်။ အပြန်ခရီး​တစ်လျှောက်​လုံး​နီးပါး​ကို​တော့ စက်ဘီး​စီး​ပြန်​ခဲ့​ရတဲ့​အတွက် အရမ်း​ပင်ပန်း​ခဲ့​ပေမဲ့ ဝိညာဉ်​ရေး​ဘက် ခွန်အား​အပြည့်​ရှိခဲ့တယ်။

အဲ့ဒီ​အချိန်​ကစပြီး အနီးအနား​ရွာ​တွေ​ကလူ​တွေ​ဆီ ကျွန်တော့်​ရဲ့​ယုံကြည်ခြင်းကို​သွား​ပြောပြ​တိုင်း စက်ဘီး​နဲ့​သွားခဲ့တယ်။ အဲ့ဒီ​အချိန်တုန်းက သက်သေခံ​တစ်ယောက်စီ​မှာ အိမ်ရှင်​တွေ​ဖတ်​ဖို့​အတွက် ကျမ်းစာ​နဲ့​ဆိုင်​တဲ့​သတင်း​တစ်ခု​ပါ​တဲ့ သက်သေခံ​ကတ်ပြား​တစ်ခုစီ​ရှိကြတယ်။ အသင်းမ​ဥက္ကဋ္ဌ​ရဲ့ ကျမ်းစာ​ဟောပြောချက်တွေကို အသံသွင်း​ထား​တဲ့​ဓာတ်ပြား​တွေ​ကိုလည်း ဖွင့်ပြဖို့ ဓာတ်စက်​တွေ​ကို​သယ်သွား​ခဲ့​ကြတယ်။ ပြီး​တော့ ယေဟောဝါသက်သေ​တွေ​ဖြစ်တယ်​ဆိုတာ​ကို​ဖော်ပြ​တဲ့ မဂ္ဂဇင်း​လွယ်အိတ် *ကိုလည်း အမြဲ​သယ်​ခဲ့​ကြတယ်။

စစ်​ကာလ​တွင် ရှေ့ဆောင်​ခြင်း

ကျွန်တော့်​ညီ​က ၁၉၄၀ ပြည့်နှစ်​မှာ နှစ်ခြင်း​ခံ​ခဲ့တယ်။ ၁၉၃၉ ခုနှစ်​မှာ ဒုတိယ​ကမ္ဘာ​စစ်​စ​ဖြစ်​ခဲ့​ပြီး အချိန်ပြည့်​ဟောပြောသူတွေ အရေးတကြီး​လိုအပ်​နေတာကို ကျွန်တော်​တို့​နှစ်ယောက်စလုံး သတိပြုမိ​ခဲ့​ကြတယ်။ ဒါ​ကြောင့် ရှေ့ဆောင်​လျှောက်လွှာ​တွေ​ကို ကျွန်တော်​တို့​ဖြည့်​ပြီး​တင်​လိုက်ကြတယ်။ အီး​ဒစ်သ် ပူးလ်၊ ဘတ် ဖား​မား၊ တောမ်​နဲ့ ဒေါ်ရသီ ဘ​ရ​စ်​ဂျစ်၊ ဘား​နာ​ဒ် ဟပ်​ဖ်​တန်​နဲ့ ယုံကြည်ခြင်း​မှာ ကျွန်တော်​တို့အား​ကျ​ခဲ့​ကြ​တဲ့ တခြား​ရှေ့ဆောင်​တွေ​နဲ့​အတူ ဘရစ္စတို​လ်​ရှေ့ဆောင်​အိမ်မှာ​နေဖို့​တာဝန်​ရခဲ့လို့ ကျွန်တော်​တို့​အရမ်း​ဝမ်းသာခဲ့ကြတယ်။

မကြာခင်​မှာပဲ “ယေဟောဝါသက်သေ​မျာ” လို့​ထင်ထင်ရှားရှား​စာတန်း​ရေးထားတဲ့ ဗင်ကား​ငယ်​လေး​တစ်စီး ကျွန်တော်​တို့ကို​လာကြို​တယ်။ ယာဉ်မောင်း​က​တော့ နောက်ပိုင်း တရုတ်​ပြည်​မှာ [ခရစ်ယာန်] သာသနာပြု​တစ်ယောက်​ဖြစ်လာ​ပြီး သူ့ရဲ့​ဟောပြောခြင်း​လုပ်ငန်း​ကြောင့် အဲ့ဒီ​မှာ​ခု​နစ်​နှစ်လုံး​လုံး တစ်ယောက်​ထဲ​အကျဉ်း​ချ​ခံ​ခဲ့​ရတဲ့ စတန်လီ ဂျုံး​စ်​ဖြစ်ပါ​တယ်။

စစ်​ဆက်​ဖြစ်​လေ အိပ်ရေးဝဝ​အိပ်​ရတာ နည်းလာ​လေ​ပဲ။ ကျွန်တော်​တို့​ရှေ့ဆောင်​အိမ် အနီးတစ်ဝိုက်​မှာ ဗုံး​တွေ​ကျ​ပေါက်ကွဲ​တဲ့​အတွက် မီးတောက်လောင်​မှာ​ကို အမြဲ​သတိထား​နေကြ​ရတယ်။ တစ်​ညနေခင်း​မှာ သက်သေခံ ၂၀၀ တက်​ခဲ့​တဲ့​စည်းဝေးကြီး​တစ်ခု​ပြီး​လို့ ဘရစ္စတို​လ်​မြို့လယ်​ကနေ အိမ်အထိ လမ်းတစ်လျှောက်​မှာ လေယာဉ်​ပေါ်ကနေ​ပစ်​တဲ့ ဗုံး​တွေ​ကြားထဲ ပြန်သွား​ခဲ့​ကြရတယ်။

နောက်​နေ့​မနက်​မှာ ကျန်​ခဲ့​တဲ့​ပစ္စည်း​တချို့​ကို​ယူဖို့ ဒစ်ခ်​နဲ့​ကျွန်တော် မြို့ထဲ​ကို​ပြန်သွား​ကြတယ်။ ကျွန်တော်​တို့ အရမ်း​အံ​အား​သင့်​သွားတယ်။ ဘရစ္စတို​လ်​မြို့ဟာ ဖရိုဖရဲ​ဖြစ်နေ​တယ်။ မြို့လယ်ခေါင်​တစ်ခုလုံး​ဟာ အစိတ်စိတ်အမြွှာမြွှာ​ဖြစ်နေ​ပြီး မီးလောင်​ခံ​ထား​ရတယ်။ ကျွန်တော်​တို့​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ရှိခဲ့တဲ့ ပါ​ခ်​လမ်းမကြီး​ဟာ မီးခိုး​တွေ​ထွက်​နေတဲ့ အုတ်​အကျိုးအပဲ့​ပုံ​တွေ​ဖြစ်နေ​တယ်။ ဒါပေမဲ့ သက်သေခံ​တစ်ယောက်မှ မသေ​ခဲ့၊ ဒဏ်ရာ​မရခဲ့​ဘူး။ ဝမ်းသာစရာက ကျမ်းစာ​စာပေ​စာတမ်း​တွေ​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကနေ အသင်းသားတွေရဲ့​အိမ်တွေကို ဖြန့်ဝေ​ပြီး​သား​ဖြစ်လို့ပဲ။ ဒါတွေ​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​ခဲ့​ကြရတယ်။

မထင်မမှတ်​သော​လွတ်လပ်မှု

စစ်မှုထမ်း​ဖို့ ကျွန်တော့်​ကို​ဆင့်ခေါ်​တဲ့​စာ ရတဲ့​အချိန်​မှာ ဦးစီး​ကြီးကြပ်မှူး​အဖြစ် ကျွန်တော်​အမှုဆောင်​နေရ​တဲ့ ဘရစ္စတို​လ်​အသင်းတော်မှာ ဘုရားသခင့်​အမှုဆောင် ၆၄ ယောက်​ရှိနေပြီ။ တခြား​သက်သေခံ​အတော်များများဟာ သူတို့ရဲ့​ကြားနေ​ရပ်တည်မှုကြောင့် ထောင်ချ​ခံရ​ပြီး ဟောပြောဖို့​ကျွန်တော်​ရဲ့​လွတ်လပ်မှုကို​လည်း ဒီလိုပဲ​ကန့်သတ်​ခံရ​တော့​မယ်​လို့ ထင်​ခဲ့တယ်။ ဒေသခံ​ဘရစ္စတို​လ်​တရားရုံး​မှာ ကျွန်တော့်​အမှုကို​စစ်ဆေး​တဲ့​အချိန်​မှာ အရင်တုန်းက​ထောင်မှူး​ဖြစ်​ခဲ့​သူ ညီအစ်ကို​အန်​သို​နီ ဘာ့ခ်​က ကျွန်တော့်​ကိုယ်စား​အကျိုးဆောင်​ပေး​ခဲ့တယ်။ သူဟာ ကျမ်းစာ​အမှန်တရား​အတွက် သတ္တိရှိရှိ၊ မကြောက်​မ​ရွံ့​ရပ်တည်​တဲ့​သူ​တစ်ယောက်​ဖြစ်​ပြီး သူရဲ့​လျှောက်တင်ချက်​ကောင်း​ကြောင့် အချိန်ပြည့်​ဓမ္မ​အမှုမှာ ဆက်​ပါဝင်​နေရင် စစ်မှုထမ်း​ခြင်း​မှ လုံးဝ​ကင်းလွတ်ခွင့်​ရ​ကြောင်း မမျှော်လင့်​ဘဲ​အစီရင်ခံ​ခဲ့​ရတယ်!

လွတ်လပ်ခွင့်​ရတဲ့​အတွက် ကျွန်တော်​ဝမ်းသာလွန်းလို့ အတတ်နိုင်ဆုံး​ဟောပြောဖို့ ကျွန်တော်​စိတ်ပိုင်းဖြတ်​ခဲ့တယ်။ ဌာနခွဲ​ဦးစီး​ကြီးကြပ်မှူး အဲလ်ဘတ် ရှ​ရိုး​ဒါနဲ့​စကားပြော​ဖို့ လန်ဒန်​ဌာနခွဲရုံး​ကို​အခေါ်​ခံရတဲ့​အခါ ဘာများ​ဖြစ်​မလဲ​လို့ ကျွန်တော်​သိချင်ခဲ့တယ်။ ညီအစ်ကို​တွေ​ကို ကူညီ​အားပေးဖို့ အပတ်​တိုင်း အသင်းတော်​တစ်ခုစီ​ကို​လည်ပတ်​ရတဲ့ နယ်လှည့်​ကြီးကြပ်မှူး​အဖြစ် ယောက်​ရှိုင်း​ယား​ပြည်နယ်​မှာ သွား​အမှုဆောင်ဖို့ ဖိတ်ခေါ်​ခံရတဲ့​အခါ ကျွန်တော်​တအံ့တသြ​ဖြစ်​ခဲ့​တာ​ကို မြင်ယောင်​ကြည့်​ပါ။ အဲ့ဒီ​တာဝန်​ထမ်းဆောင်​ဖို့ ကျွန်တော့်​မှာ​အရည်အချင်း​မရှိဘူးလို့ ခံစား​ရပေမဲ့ သွားဖို့​အတွက် ကျွန်တော့်​မှာ​ဘာ​အနှောင့်အယှက်​မှ​မရှိခဲ့ဘူး။ ဒါ​ကြောင့် ယေဟောဝါ​ရဲ့​ညွှန်ကြားချက်​ကို ကျွန်တော်​လက်ခံ​ပြီး ဝမ်းသာ​အားရ​နဲ့​သွားခဲ့တယ်။

ဟပ်​ဒါ​ဖီးလ်ဒ်​မှာ​ကျင်းပ​တဲ့ အစည်းအဝေးကြီး​တစ်ခု​မှာ အဲလ်ဘတ် ရှ​ရိုး​ဒါက ကျွန်တော့်​ကို ညီအစ်ကို​တွေ​နဲ့ မိတ်ဆက်​ပေး​ခဲ့​ပြီး ၁၉၄၁ ဧပြီလ​မှာ ကျွန်တော်​ဟာ တာဝန်​သစ်​ကို​လက်ခံခဲ့တယ်။ အဲ့ဒီ​ချစ်စရာ​ကောင်း​တဲ့​ညီအစ်ကို​တွေ​ကို သိခွင့်​ရတာဟာ တကယ့်ကို​ရွှင်လန်း​အားရစရာ​ပဲ! သူတို့ရဲ့​မေတ္တာနဲ့​ကြင်နာ​မှု​က ယေဟောဝါ​မှာ တစ်ဦး​ကို​တစ်ဦး​ချစ်​ပြီး ကိုယ်တော်​ကို​အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြုကြတဲ့ လူမျိုးတစ်မျိုး​ရှိတယ်ဆိုတာ​ကို ပို​ပြီး​လေးမြတ်​လာ​စေ​ခဲ့တယ်။—ယောဟန် ၁၃:၃၅

လုပ်ငန်းတော်​ထပ်ဆင့်​အခွင့်အရေး​များ

အမှတ်တရ​ဖြစ်​ခဲ့​ရတဲ့ ငါး​ရက်​တာ​ပြည်လုံးကျွတ်​စည်းဝေးကြီး​ကို ၁၉၄၁ ခုနှစ်​မှာ လက်​စ​တာ​မြို့ ဒီ မော်​န်​ဖော့​တ်​ခန်းမ​မှာ ကျင်းပ​ခဲ့တယ်။ အစားအစာကို​ခွဲတမ်း​နဲ့​ရပြီး သယ်ယူ​ပို့ဆောင်​ရေး ကန့်သတ်​ထားပေမဲ့ တနင်္ဂနွေ​နေ့မှာ တက်ရောက်သူ ၁၂,၀၀၀ အထိ​ရှိခဲ့တယ်; ဒါတောင် အဲ့ဒီ​အချိန်တုန်းက နိုင်ငံ​အတွင်းမှာ သက်သေခံ ၁၁,၀၀၀ ကျော်​လောက်​ပဲ​ရှိတာ။ အသင်းမ​ဥက္ကဋ္ဌ​ရဲ့ အသံသွင်း​ထား​တဲ့​ဟောပြောချက်တွေကို ဖွင့်ပြ​ပေး​ခဲ့​ပြီး ကလေး​များ​ဆို​တဲ့​စာအုပ်​ကို ထုတ်ဝေ​ခဲ့တယ်။ အဲ့ဒီ​စည်းဝေးကြီး​ဟာ ဒုတိယ​ကမ္ဘာ​စစ်​အတွင်းမှာ​ကျင်းပ​ခဲ့​တဲ့ ဗြိတိန်​မှာ​ရှိတဲ့​ယေဟောဝါ​လူမျိုးတော်ရဲ့ သီအိုကရက်တစ်​သမိုင်း​မှတ်တိုင်​တစ်ခု အမှန်​ဖြစ်​ခဲ့တယ်။

ဒီ​စည်းဝေးကြီး​ပြီး​လို့ သိပ်​မကြာခင်​မှာ လန်ဒန်​ဗေသလ​မိသားစုနဲ့​အတူ​အမှုဆောင်ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ ထုပ်ပိုး​ရေး​ဌာန​မှာ​နဲ့ နောက်တော့ အသင်းတော်​တွေ​နဲ့​ပတ်သက်​တဲ့ ကိစ္စရပ်​တွေ​ကို​ကိုင်တွယ်​တဲ့​ရုံးခန်း​မှာ ကျွန်တော်​အလုပ်လုပ်​ခဲ့​ရတယ်။

နေ့ရောညပါ လေကြောင်း​တိုက်ခိုက်မှု​ကို ဗေသလ​မိသားစု​ပါ​ခံ​နေရ​ပြီး အဲ့ဒီ​မှာ​အမှုဆောင်​နေတဲ့ တာဝန်ခံ​ညီအစ်ကို​တွေ​ကိုလည်း အာဏာပိုင်တွေ​က မပြတ်​စစ်ဆေး​နေတယ်။ ပ​ရိုက်​စ် ယူ​ဇ်၊ ယူး​ဝါ့တ် ချီ​တီ​နဲ့ ဖရန့်ခ် ပ​လက်​ထ်​တို့အားလုံး​ဟာ သူတို့ရဲ့​ကြားနေ​ရပ်တည်မှုကြောင့် ထောင်ချ​ခံရ​ပြီး နောက်ဆုံး​တော့ အဲလ်ဘတ် ရှ​ရိုး​ဒါဟာ အမေရိကန်​ပြည်ထောင်စု​ကို ပြည်နှင်ခံ​ခဲ့​ရတယ်။ ဒီ​အခက်အခဲ​တွေ​ကြား​မှာပဲ အသင်းတော်​တွေ​နဲ့ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​တွေ​ကို ဆက်​ပြီး​ကောင်းကောင်း​ဂရုစိုက်​ထိန်းသိမ်း​ပေး​နိုင်​ခဲ့​ကြတယ်။

ဂိလဒ်​ကျောင်း​သို့!

၁၉၄၅ မှာ​စစ်​ပြီး​တဲ့​အခါ ဂိလဒ်​ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်း​မှာ [ခရစ်ယာန်] သာသနာပြု​သင်တန်းတက်​ဖို့ ကျွန်တော်​လျှောက်လွှာတင်​ခဲ့​ပြီး ၁၉၄၆ ခုနှစ်၊ ရှစ်​ကြိမ်​မြောက်​သင်တန်းကို တက်ခွင့်​ရခဲ့တယ်။ တိုနီ အက်​တ​ဝိဒ်၊ စတန်လီ ဂျုံး​စ်၊ ဟ​ယ်​ရ​ယ်လ်ဒ် ကင်း၊ ဒေါ​န် ရန်​ဒဲလ်၊ စတန်လီ ဝူ့ဒ်​ဘ​န်​အပါအဝင် ကျွန်တော်​တို့​အတော်များများကို ကော်​န​ဝါး​နယ် ဖော​အီး​ငါးဖမ်း​ဆိပ်ကမ်း​မြို့လေး​ကနေ ရေကြောင်း​ခရီး​နဲ့​ထွက်ခွာ​ဖို့ အသင်းမ​က​စီစဉ်​ပေး​ခဲ့တယ်။ ဒေသခံ​သက်သေခံ​တစ်ယောက်​က ကြွေမှုန့် ကုန်တင်​သင်္ဘော​ငယ်​ပေါ်မှာ နေရာ​ယူပြီး လက်မှတ်​ကြို​ဝယ်ထား​ပေး​ခဲ့တယ်။ ကျွန်တော်​တို့​ရဲ့​နေရာ​ထိုင်း​ခင်း​က အရမ်း​ကျဉ်း​ကျုတ်​ပြီး သင်္ဘော​ကုန်းပတ်​ဟာ အမြဲလိုလို​ရေ​စို​နေတယ်။ နောက်ဆုံး ဖီလဒဲလ်ဖီးယား​ဆိပ်ကမ်း​မြို့ကို ရောက်တော့​မှ ကျွန်တော်​တို့​စိတ်သက်သာ​ကြ​ရတော့တယ်!

ဂိလဒ်​ကျောင်းဝင်း​ဟာ နယူးယောက်​အနောက်ပိုင်း၊ လ​န်​စင်း​တောင်ပိုင်း​ရဲ့ တကယ်​လှပတဲ့​နေရာမှာ​ရှိပြီး အဲ့ဒီ​မှာ​ကျွန်တော်​ရရှိခဲ့တဲ့ သင်တန်းကို ကျွန်တော်​အရမ်း​တန်ဖိုး​ထားခဲ့​တယ်။ ကျွန်တော်​တို့​သင်တန်း​မှာပါတဲ့​သူတွေကတော့ ၁၈ နိုင်ငံ​က​လာတဲ့ သင်တန်းသားတွေ—နိုင်ငံ​ရပ်​ခြား​ကနေ ဘုရားသခင်​အမှုဆောင်​ဒီလောက်​များများ​ကို အသင်းမ​က ပထမ​ဆုံး​အကြိမ်​ပါဝင်​စေနိုင်​ခဲ့​တဲ့​သူတွေ—ဖြစ်​ပြီး ကျွန်တော်​တို့အားလုံး ရင်းနှီးတဲ့​မိတ်ဆွေ​တွေ​ဖြစ်လာ​ခဲ့တယ်။ ကျွန်တော့်​ရဲ့​အခန်းဖော် ဖင်လန်​နိုင်ငံ​က​လာတဲ့ ကာ​လယ် စာ​လ်ဗာ​ရာ​နဲ့ ပေါင်းသင်း​ရတာကို ကျွန်တော်​အရမ်းပျော်​ခဲ့တယ်။

အချိန်ကုန်​မြန်​ပြီး ငါး​လ​ပြည့်​တော့ အသင်းမ​ဥက္ကဋ္ဌ နေသန် အိပ်ခ်ျ. နောရ်​က ကျွန်တော်​တို့ကို ဒီ​ပ​လို​မာ​လက်မှတ်​ပေးဖို့​နဲ့ တာဝန်ကျ​တဲ့​နေရာကို​ပြောပြ​ဖို့ ဌာနချုပ်​ကနေ ရောက်​လာတယ်။ အဲ့ဒီ​အချိန်တုန်းက ကျောင်းဆင်း​ပွဲ​အခမ်းအနား​မှာ မ​ကြေညာ​မချင်း ကျောင်းသား​တွေ​ဟာ သူတို့​သွားရမယ့်​နေရာကို မသိ​ခဲ့​ကြဘူး။ ကျွန်တော်​ကျ​တော့ လန်ဒန်​ဗေသလ​ကို​ပြန်​ပြီး ကျွန်တော့်​ရဲ့​အလုပ်ကို​ဆက်​လုပ်ဖို့ တာဝန်​ပေးအပ်​ခံ​ခဲ့​ရတယ်။

လန်ဒန်​သို့​ပြန်ရောက်

ဗြိတိန်​မှာ စစ်​ပြီး​ကာလ​နှစ်တွေ​ဟာ အရမ်း​ခက်ခဲ​ခဲ့တယ်။ စက္ကူ​အပါအဝင် အစားအစာ​နဲ့ တခြား​လိုအပ်ရာ​တွေ​ကို ခွဲတမ်း​နဲ့​ဆက်​ပြီး​ထုတ်ပေး​ခဲ့တယ်။ ဒါပေမဲ့ အဆင်ပြေ​ကြ​ပြီး ယေဟောဝါ​ရဲ့​နိုင်ငံတော်​အကျိုး​စီးပွား​တွေ တိုးတက်​ခဲ့​ပါ​တယ်။ ဗေသလမှာ အလုပ်လုပ်​ရတဲ့​အပြင် ခရိုင်​နဲ့ တိုက်နယ်​အစည်းအဝေးတွေမှာ အမှုဆောင်ခဲ့​ရပြီး အိုင်ယာလန်​ရှိ​အသင်းတော်​အချို့​ပါ​အပါအဝင် အသင်းတော်တွေကို လည်ပတ်​ခဲ့​ရတယ်။ အဲရစ်​ခ် ဖရော့စ်​နဲ့ ဥရောပ​က​တခြား​ညီအစ်ကို​ညီအစ်မ​တွေ​ကို တွေ့ဆုံ​ရတာ၊ နာဇီ​ချွေး​တပ်​စခန်း​တွေ​မှာ ကြောက်ရွံ့​ထိတ်လန့်စရာတွေ ကြုံတွေ့​ခဲ့​ကြ​ရတဲ့ သက်သေခံချင်း​တွေ​ရဲ့ သစ္စာ​တည်ကြည်မှု​အကြောင်းကို သိရှိ​ခဲ့​ရတာ အခွင့်အရေးကြီး​တစ်ခု​လည်း ဖြစ်​ခဲ့တယ်။ ဗေသလ​လုပ်ငန်းဟာ အမှန်တကယ်​ပဲ​အခွင့်ထူး​တစ်ခု​ဖြစ်​ခဲ့တယ်။

လန်ဒန်​မြောက်ပိုင်း​လောက်​မှာ​ရှိတဲ့ ဝက်​တ်​ဖော့​ဒ်​မြို့မှာ အထူး​ရှေ့ဆောင်​အဖြစ်​အမှုထမ်း​နေတဲ့ ဂျုံး ဝက်​ဘ်​ကို ကျွန်တော်​သိကျွမ်း​ခဲ့​တာ ဆယ်နှစ်​ရှိပါ​ပြီ။ ၁၉၅၂ မှာ​ကျွန်တော်​တို့ လက်ထပ်​လိုက်ကြတယ်။ ကျွန်တော်​တို့​နှစ်ယောက်စလုံး အချိန်ပြည့်​လုပ်ငန်းမှာ ဆက်​ပါဝင်​ချင်​ကြ​တဲ့​အတွက် ဗေသလ​က​ထွက်​ပြီး​တဲ့​နောက် တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် ကျွန်တော့်​ကို​တာဝန်​ပေး​လို့ အရမ်း​ဝမ်းသာ​ခဲ့​ကြ​ရတာပေါ့။ ကျွန်တော်​တို့​ရဲ့ ဦးဆုံး​တိုက်နယ်​က​တော့ စက်​စပ်​စ်​စီရင်​စု​နဲ့ ဟဲမ့်ရှိုင်း​ယာ​နယ်၊ အင်္ဂလန်​တောင်ပိုင်း​ကမ်းရိုးတန်း​တစ်လျှောက်​ဖြစ်တယ်။ အဲ့ဒီ​အချိန်တုန်းက တိုက်နယ်​လုပ်ငန်းဟာ မလွယ်ကူ​ခဲ့​ဘူး။ ဘတ်စကား၊ စက်ဘီး၊ ခြေကျင်​နဲ့​ခရီး​သွားခဲ့​ရတာ​များတယ်။ အသင်းတော်​အများ​ဟာ ရပ်ကွက်​တွေ​ကျယ်ပြော​ပြီး တော​ပိုင်း​ဒေသ​တွေ​များ​ခဲ့တယ်၊ ရောက်​ဖို့​လည်း သိပ်​မလွယ်​ဘူး၊ ဒါပေမဲ့ သက်သေခံ​အရေအတွက်ဟာ တဖြည်းဖြည်း​နဲ့ ဆက်​ပြီး​တိုးတက်လာ​ခဲ့တယ်။

၁၉၅၈ နယူးယောက်​မြို့၌

၁၉၅၇ ခုနှစ်​မှာ ဗေသလ​ကနေ ဒီ​ဖိတ်စာ​ကို ရရှိခဲ့တယ်– “နယူးယောက်​မြို့ ရန်ကီး​အားကစားကွင်း​နှင့် ပိုလို​ကွင်း​တို့​တွင် ၁၉၅၈ ခုနှစ်​တွင်​ကျင်းပ​မည့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​အတွက် ခရီး​သွား​အစီအစဉ်များ​ကို အကူအညီ​ပေး​ရန် ရုံး​သို့​လာနိုင်​မည်​လော။” မကြာခင်​မှာပဲ ဂျုံး​နဲ့​ကျွန်တော်​ဟာ အသင်းမ​က​အထူး​ငှား​ထား​တဲ့​လေယာဉ်​တွေ​နဲ့ သင်္ဘော​တွေ​အတွက် ညီအစ်ကို​တွေ​ရဲ့​လျှောက်လွှာ​တွေနဲ့ အလုပ်​ရှုပ်​နေခဲ့​ရတယ်။ အဲ့​ဒါက တကယ့်ကို​ကျော်ကြား​ခဲ့​တဲ့ မြင့်မြတ်​သော​အလိုတော် အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​အတွက်​ဖြစ်​ပြီး တက်ရောက်သူ​အများဆုံး​ပရိသတ် ၂၅၃,၉၂၂ ယောက်​ရှိခဲ့တယ်။ ဒီ​ခရိုင်​စည်းဝေးကြီး​မှာ ၇,၁၃၆ ယောက် ရေနှစ်ခြင်း​ခံ​ပြီး ယေဟောဝါ​ထံ​အပ်နှံ​ခဲ့​ကြတယ်၊ ကျမ်းစာ​မှာ​မှတ်တမ်းတင်​ခဲ့​တဲ့ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​က သမိုင်းဝင်​အဖြစ်အပျက်​မှာ​ထက် နှစ်ခြင်း​ခံ​သူ​အရေအတွက် နှစ်ဆ​ကျော်​ခဲ့တယ်။—တမန်​တော် ၂:၄၁

၁၂၃ နိုင်ငံ​ကနေ နယူးယောက်​မြို့ကို​ရောက်လာ​တဲ့ ကိုယ်စားလှယ်​တွေ​ကို အကူအညီ​ပေးဖို့​အတွက် စည်းဝေးကြီး​ကို​တက်ရောက်​ဖို့ ကျွန်တော်​တို့ကို ကိုယ်တိုင်​ဖိတ်ခေါ်​ခဲ့​တဲ့ ညီအစ်ကို​နောရ်​ရဲ့​ကြင်နာ​မှု​ကို ဂျုံး​နဲ့​ကျွန်တော် ဘယ်တော့မှ​မေ့​မှာ​မဟုတ်ဘူး။ ဒါဟာ ကျွန်တော်​တို့​နှစ်ယောက်စလုံး​အတွက် ကျေနပ်စရာ​တွေ့ကြုံမှု​တစ်ခု​ဖြစ်​ခဲ့တယ်။

အချိန်ပြည့်​လုပ်ငန်း​၏​ကောင်းချီး​များ

ကျွန်တော်​တို့​ပြန်လာ​ပြီး ကျန်းမာ​ရေး​ပြဿနာ​မဖြစ်​မချင်း နယ်လှည့်​လုပ်ငန်းမှာ ဆက်​ပါဝင်​ခဲ့​ကြတယ်။ ဂျုံး​ကို ဆေးရုံတင်​လိုက်ရ​ပြီး ကျွန်တော်​က​တော့ နည်းနည်း​လေဖြတ်​သွားခဲ့တယ်။ ဒါနဲ့​ကျွန်တော်​တို့ အထူး​ရှေ့ဆောင်​တွေ​အဖြစ်​ပြောင်း​လိုက်​ပေမဲ့ နောက်ပိုင်း​မှာ အရန်​တိုက်နယ်​အဖြစ် အခွင့်အရေး​ပြန်​ရခဲ့တယ်။ နောက်ဆုံး​တော့ အချိန်ပြည့်​လုပ်ငန်း​ကို ဘရစ္စတို​လ်​မှာ ပြန်လာ​လုပ်ကိုင်​နိုင်​ခဲ့​ကြတယ်။ ကျွန်တော့်​ညီ ဒစ်ခ်​နဲ့​သူ့​မိသားစုဟာ အနီးအနား​လေးမှာ​ပဲ​နေတယ်၊ ကျွန်တော်​တို့ မကြာခဏ ရှေးဟောင်း​နှောင်း​ဖြစ်​တွေ​ကို ပြန်​ပြောတတ်​ကြတယ်။

၁၉၇၁ ခုနှစ်​မှာ ကျွန်တော့်​ရဲ့​မျက်လုံးဟာ စ​က္ခု​အာရုံကြော​ပြတ်​သွားတဲ့​အတွက် ပုံမှန်​အခြေအနေ ပြန်​မဖြစ်​တော့​ဘူး။ အဲ့ဒီ​အချိန်​ကစပြီး စာဖတ်​ဖို့ အရမ်း​ခက်​တဲ့​အတွက် ယေဟောဝါ​ရဲ့​တကယ်​ကောင်း​တဲ့​ပြင်ဆင်​ပေး​ချက်​ဖြစ်​တဲ့ ကျမ်းစာ​စာပေ​စာတမ်း​တွေ​ကို အသံသွင်း​ပေး​ထား​တာ​ကို အရမ်း​တန်ဖိုး​ထား​တယ်။ ဂျုံး​နဲ့​ကျွန်တော်​ဟာ အခုထိ​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​တွေ လုပ်​နေတုန်းပဲ၊ နှစ်တွေ​တစ်လျှောက်​မှာ ခု​နစ်​ယောက်​ရှိတဲ့​မိသားစု​တစ်စု​အပါအဝင် လူပေါင်း ၄၀ လောက်​ကို အမှန်တရား​အသိပညာ​ရဖို့ ကူညီပေး​ခွင့်​ရခဲ့တယ်။

လွန်ခဲ့တဲ့​အနှစ် ၆၀ ကျော်​က ကျွန်တော်​တို့​ရဲ့​အသက်တာကို ယေဟောဝါ​ထံ​အပ်နှံ​ခဲ့​တဲ့​အချိန်​မှာ ကျွန်တော်​တို့​ရဲ့​ဆန္ဒ​က အချိန်ပြည့်​လုပ်ငန်းတော်မှာ​ပါဝင်​ပြီး အမြဲ​လုပ်ကိုင်​ကြဖို့​ဖြစ်တယ်။ ကျွန်တော်​တို့​ခံစား​ရတဲ့ ကိုယ်တော်​ရဲ့​ကောင်းမြတ်​ခြင်း​ကို ကျေးဇူး​တင်​ကြောင်း​ပြသ​ရာ​မှာ တစ်ခု​တည်း​သော​နည်း​ဖြစ်​တဲ့ ကြီးမြတ်​တော်​မူ​တဲ့​ယေဟောဝါ​ရဲ့​အမှုတော်ကို ကျွန်တော်​တို့​ဆောင်ရွက်​နိုင်​ဖို့ ခွန်အား​ဆက်​ရှိနေသေး​ခြင်း​နဲ့ ကျွန်တော်​တို့​အတူတူ ပျော်ပျော်ရွှင်ရွှင်​ရှိ​နိုင်​ခဲ့​တဲ့​နှစ်များ​အတွက် ကျေးဇူး​တင်​လိုက်​လေ​ခြင်း!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 ကင်းမျှော်စင်​နှင့် နှစ်သိမ့်မှု (နောက်ပိုင်း​တွင်၊ နိုးလော့!) စာစောင်​များ​ကို​သယ်ဆောင်​ရန် ပခုံး​မှ​လွယ်​ရသော ပိတ်​ဖြင့်​ချုပ်လုပ်​ထား​သည့်​အိတ်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ​စာ]

ဘရစ္စတို​လ်​ရှေ့ဆောင်​အိမ်ရှေ့​တွင် ကျွန်တော့်​ညီ​ဒစ်ခ် (လက်ဝဲ​အစွန်; ဒစ်ခ်​ရပ်နေ) နှင့်​အခြား​ရှေ့ဆောင်​များနှင့်​အတူ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၄၀ ပြည့်နှစ်​က ဘရစ္စတို​လ်​ရှေ့ဆောင်​အိမ်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၅၂ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်​နေ့တွင် စတန်လီ​နှင့် ဂျုံး ရေး​နို​လ်ဒ်စ်​တို့၏​မင်္ဂလာ​နေ့​နှင့် ယနေ့​ပုံ