မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ကျွန်ုပ်တို့စိတ်နှလုံးထက် သာ၍ကြီးမြတ်

ယေဟောဝါသည် ကျွန်ုပ်တို့စိတ်နှလုံးထက် သာ၍ကြီးမြတ်

ယေဟောဝါ​သည် ကျွန်ုပ်​တို့​စိတ်နှလုံး​ထက် သာ၍​ကြီးမြတ်

“ကြောက်ရွံ့​သော​သူ . . . ကို​ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] နှစ်သက်​တော်​မူ​၏” ဟူ၍ ဆာလံဆရာ​ရေးသားခဲ့​သည်။ မှန်​ပါ​၏၊ ဖန်ဆင်း​ရှင်​သည် မိမိ၏​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို လူသား​ကျေးကျွန်​အသီးသီး ကြိုးစား​ထောက်ခံကြ​သည်ကို တွေ့ရှိ​ခြင်း​၌ အားရ​ရွှင်လန်း​သည်။ ဘုရားသခင်​သည် ကိုယ်တော်​၏​သစ္စာစောင့်သိ​သူများကို ကောင်းချီး​ပေး​၍ အားပေး​သည့်​အပြင် စိတ်ဓာတ်​ကျနေ​ချိန်​များ​တွင် နှစ်သိမ့်​ပေး​ပါ​သည်။ ကိုယ်တော့်​အား​ဝတ်ပြုသူ​များသည် မစုံလင်သူ​များ​ဖြစ်​ကြသည်​ကို ကိုယ်တော်​သိ​သောကြောင့် သူတို့​ထံ​မှ ကိုယ်တော်​မျှော်လင့်​ရာ​များသည် လက်တွေ့ကျ​သည်။—ဆာလံ ၁၄၇:၁၁

ယေဟောဝါ​သည် ကိုယ်တော်​၏​ကျေးကျွန်​အများစု​အပေါ် အား​ကြီးသော​မေတ္တာ​ရှိသည်​ကို ယုံကြည်​ရန် အခက်အခဲ​မရှိ​ချေ။ သို့သော် အချို့​သည် မိမိတို့၏​အားနည်းချက်များ​ကြောင့် မိမိတို့ကို ယေဟောဝါ​ဘယ်တော့မှ​ချစ်​နိုင်​မည်​မဟုတ်​ဟု ထင်မှတ်​ကာ အလွန်အမင်း​စိုးရိမ်​ပူပန်​နေ​ပုံ​ရသည်။ “ကျွန်တော့်​ရဲ့​အပြစ်​က​များ​လွန်းလို့ ကျွန်တော့်​ကို ယေဟောဝါ​ချစ်​နိုင်​မှာ​မဟုတ်ဘူး” ဟု​သူတို့​နိဂုံး​ချုပ်​ကြ​ပေမည်။ ကျွန်ုပ်​တို့အားလုံး​မှာ အခါ​အား​လျော်​စွာ အပျက်သဘောထား​ရှိကြပါ​၏။ သို့ရာတွင် အချို့​သည် ကိုယ့်​ကိုယ်ကို​တန်ဖိုး​မရှိ​ဟု ခံစား​နေရ​ခြင်း​ကို အမြဲ​ရင်ဆိုင်​တိုက်လှန်​နေရပုံ​ရှိသည်။

စိတ်ပျက်​အားလျော့ခြင်း

ကျမ်းစာ​ခေတ်​မှ သစ္စာရှိ​သူများစွာ​တို့သည် စိတ်ပျက်​အားလျော့​မှု​ကို အကြီးအကျယ်​ခံစား​ခဲ့​ကြ​ရ​ဖူး​၏။ ယောဘသည် အသက်ရှင်​ရခြင်းကို ငြီးငွေ့​ခဲ့​ပြီး ဘုရားသခင်​သည် မိမိ​အား​စွန့်ပယ်​ထားပြီ​ဟု ခံစား​ခဲ့​သည်။ ရှမွေလ​မိခင်​ဖြစ်လာ​သူ ဟန္န​သည် တစ်ချိန်က ကလေး​မရ​သည့်​အတွက် လွန်​စွာ​ဝမ်းနည်း​ကြေကွဲ​ကာ ရှိုက်ကြီးတငင်​ငိုကြွေး​ခဲ့​သည်။ ဒါဝိဒ်​သည် “မချိမဆံ့ ဝေဒနာ​ခံ” ခဲ့​ရပြီး၊ ဧပဖြောဒိတ်​သည် မိမိ၏​နာမကျန်း​မှု​သတင်း​ကြောင့် ညီအစ်ကို​များ ဝမ်းနည်း​ကြေကွဲ​ခဲ့​ကြ​ရသည်ကို စိတ်မကောင်း​ဖြစ်​ခဲ့​သည်။—ဆာလံ ၃၈:၆သတင်းကောင်း; ၁ ဓမ္မ​ရာဇဝင် ၁:၇၊ ၁၀; ယောဘ ၂၉:၂၊ ၄၊ ၅; ဖိလိပ္ပိ ၂:၂၅၊ ၂၆

ယနေ့ ခရစ်ယာန်​များ​ကော။ ဖျားနာခြင်း၊ အိုမင်း​ရင့်ရော်​ခြင်း သို့​မဟုတ် အခြား​ကိုယ်ရေးကိုယ်တာ​အခြေအနေ​များ​ကြောင့် မြင့်မြတ်​သော​လုပ်ငန်းတော်​၌ မိမိတို့​ပြုလုပ်​လိုသမျှ​အတိုင်း မပြု​လုပ်နိုင်​သူ​အချို့​ရှိ​ပေမည်။ ယင်းကြောင့် ယေဟောဝါ​နှင့် သူတို့၏​ယုံကြည်သူချင်း​များ​အပေါ် တာဝန်​ပျက်ကွက်​နေသည်​ဟု ထင်မှတ်​ကြ​ပေမည်။ သို့​မဟုတ် ယေဟောဝါ​သည် ပြီး​ခဲ့​သော​အမှား​များ​ကို ခွင့်လွှတ်​သည်ကို သံသယဝင်​ကာ ကိုယ့်​ကိုယ်ကို​အမြဲ​အပြစ်တင်​နေ​သူ​အချို့​ရှိ​ပေမည်။ အခြားသူများ​မှာ​မူ ခက်ခဲ​သည့်​မိသားစု​နောက်ခံ​များ​ရှိခဲ့​သောကြောင့် မိမိတို့​သည့်​ချစ်​ရန်​မထိုက်​ဟု ထင်​ကောင်း​ထင်​နေကြ​ပေမည်။ မည်သို့​ဖြစ်​နိုင်​မည်​နည်း။

အချို့​တို့သည် မေတ္တာ​တရား​မဟုတ်ဘဲ တစ်ကိုယ်ကောင်း​ဆန်​မှု၊ ငေါ့​တော့​တော့​စကားပြော​ဆို​မှု၊ စိုးရိမ်​ကြောက်ရွံ့​မှု​တို့​ဖြင့် စိုးမိုး​သော​မိသားစု​များ​ကြား ကြီးပြင်း​လာ​သူများ​ဖြစ်​ကြသည်။ သူတို့သည် မိမိတို့ကို အလွန်​မေတ္တာပြ​သော၊ ချီးမွမ်း​အားပေး​ရန် အခွင့်အရေး​အမြဲ​ရှာ​သော၊ အသေးအဖွဲ​အပြစ်​များ​ကို လျစ်လျူရှုပြီး ကြီးမားသော​အပြစ်​များ​ကို​ပင် ခွင့်လွှတ်​ရန်​အသင့်ရှိ​သော၊ မိသားစု​တစ်စုလုံး လုံခြုံမှု​ရှိသည်​ဟု​ခံစား​စေသည့် နွေးထွေး​သော​မေတ္တာကို​တင်ပြသော ဖခင်​တစ်ဦး​ကို ဘယ်​သောအခါ​မျှ မသိ​ရှိခဲ့​ရ​ဘဲ​ဖြစ်​ပေမည်။ သူတို့သည် မေတ္တာ​မှု​ရှိသည့်​မြေကြီးသား​ဖခင် တစ်ခါမျှ​မရှိခဲ့​သောကြောင့် မေတ္တာရှင် ချစ်ခင်မှု​ရှိသော​ကောင်းကင်​ခမည်းတော်​ရှိသည်​ဟူသော​အချက်​ကို သဘောပေါက်​ရန် ခက်ခဲ​ကြ​ပေမည်။

ဥပမာ၊ ဖရစ်ဇ်​က ဤသို့​ရေးသားခဲ့​သည်– “ကျွန်တော့်​အဖေရဲ့​မေတ္တာ​မရှိတဲ့​အပြုအမူတွေ​ဟာ ကျွန်တော့်​ရဲ့​ကလေး​ဘဝ၊ လူငယ့်​ဘဝကို အကြီးအကျယ်​လွှမ်းမိုး​ခဲ့တယ်။ * ကျွန်တော့်​ကို အဖေ တစ်ခါ​မှ​မ​ချီးမွမ်း​ခဲ့​ဖူး​ဘူး၊ အဖေနဲ့​တစ်ခါ​မှ မ​ရင်းနှီး​ခဲ့​ဖူး​ဘူး။ တကယ်တော့ အဖေ့ကို အချိန်တိုင်း​လို​လို ကျွန်တော်​ကြောက်​နေခဲ့​ရတယ်။” ရလဒ်​ကား၊ ယခု​အသက် ၅၀ ကျော်​နေပြီ​ဖြစ်သော​ဖရစ်ဇ်​သည် ယခု​ထိ​သိမ်ငယ်​သည်​ဟု​ခံစား​နေရ​ဆဲ​ပင်။ ထို့​ပြင် မာဂရက်​က ဤသို့​ရှင်းပြသည်– “ကျွန်မ​မိဘတွေက ခပ်​စိမ်း​စိမ်း​နေ​တတ်ကြ​ပြီး မေတ္တာ​မပြ​ကြဘူး။ ကျွန်မ​ကျမ်းစာ​သင်​တဲ့​အခါမှာ မေတ္တာ​ရှိတဲ့​ဖခင်​တစ်ယောက်​ဟာ ဘယ်လို​နေမယ်​ဆိုတာ​ကို မြင်ယောင်​ကြည့်​ဖို့​ခဲယဉ်း​ခဲ့တယ်။”

မည်သည့်​အကြောင်းကြောင့်​ပင်​ဖြစ်ပါစေ၊ ထိုသို့​သော​ခံစားချက်​များ​ကြောင့် ဘုရားသခင့်​အမှုတော်ကို ကျွန်ုပ်​တို့​ထမ်းဆောင်ခြင်း​သည် တစ်ခါတစ်ရံ မေတ္တာ​ကြောင့်​အဓိက​မဟုတ်ဘဲ များသောအားဖြင့် အပြစ်ရှိ​ခြင်း၊ သို့​မဟုတ် ကြောက်ရွံ့​ခြင်း​ကြောင့် လှုံ့ဆော်​ခံရ​၍​ဖြစ်​နိုင်​သည်။ ကျွန်ုပ်​တို့၏​အတတ်နိုင်ဆုံး​လုပ်ဆောင်မှု​သည် ဘယ်​သောအခါ​မျှ ကျေနပ်မှု​ရှိ​ပုံ​မ​ပေါက်​တော့​ချေ။ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ယုံကြည်သူချင်း​များ​အလို​နှင့်​တွေ့​လို​စိတ်​က ကျွန်ုပ်​တို့​လုပ်ချင်​သလော​က်​မ​လုပ်နိုင်​ဟု ခံစား​စေ​ပေမည်။ ရလဒ်​ကား၊ ရည်မှန်းချက်​များ​မပြည့်မီ​နိုင်​၍ ကိုယ့်​ကိုယ်ကို​အပြစ်တင်​ကာ စိတ်ပျက်​အားလျော့​လာ​စေ​ပေမည်။

အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ယေဟောဝါ​သည် မည်မျှ​သဘောထားကြီး​ကြောင်း မိမိကိုယ်ကို​သတိပေး​နှိုးဆော်​ဖို့ လို​ကောင်း​လို​ပေမည်။ အဆိုပါ​မေတ္တာပါ​ရှိသော ဘုရားသခင့်​ဂုဏ်ရည်တော်​ကို သိ​နားလည်ခဲ့​သူ​မှာ တမန်​တော်​ယောဟန်​ဖြစ်သည်။

“ဘုရားသခင်​သည် ငါ​တို့၏​စိတ်နှလုံး​ထက် သာ၍​ကြီးမြတ်​သည်”

စီ.အီး. ပထမ​ရာစု​အဆုံးပိုင်း​တွင် ယောဟန်​သည် သူ၏​ယုံကြည်သူချင်း​များ​ထံ ဤသို့​စာရေး​ခဲ့​သည်– “ထိုသို့​ချစ်​လျှင်၊ ကိုယ်တိုင်​သမ္မာတရား​နှင့်​ဆိုင်​သည်ကို ကိုယ်​သိရ​၍၊ ဘုရားသခင့်​ရှေ့တော်၌ ကိုယ်​စိတ်နှလုံး​ကို သက်သာ​စေ​ကြလိမ့်မည်။ အကြောင်း​မူ​ကား၊ ကိုယ်​စိတ်နှလုံး​သည် ကိုယ်ကို​အပြစ်တင်​လျှင်၊ ဘုရားသခင်​သည် ငါ​တို့၏​စိတ်နှလုံး​ထက် သာ၍​ကြီးမြတ်​သည်​ဖြစ်၍၊ အလုံးစုံ​တို့ကို​သိတော်မူ​သည်ကို ငါ​တို့​သိ​ကြ​၏။” ယောဟန်​သည် ဤ​စကား​များ​ကို အဘယ်ကြောင့် ရေးခဲ့​ရသနည်း။—၁ ယောဟန် ၃:၁၉၊ ၂၀

ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​သည် သူ၏​စိတ်နှလုံး​၌ မိမိကိုယ်ကို​အပြစ်တင်​နေနိုင်​ကြောင်း ယောဟန်​ကောင်းစွာ​သိခဲ့​သည်။ ယောဟန်​ကိုယ်တိုင် ဤသို့​သော​ခံစားချက်​များ ရှိ​ကောင်း​ရှိခဲ့​ဖူး​မည်။ ယောဟန်​သည် ခက်ထန်​သော​စိတ်​ရှိသည့်​လူငယ်​တစ်ဦး​အနေ​ဖြင့် အခြား​သူများ​နှင့်​ဆက်ဆံ​ရာ​တွင် ကြမ်းတမ်း​လွန်း​သည့်​အတွက် ယေရှု၏​ဆုံးမမှု​ကို မကြာခဏ​ခံ​ခဲ့​ရသည်။ မှန်ပါသည်၊ ယောဟန်​နှင့်​သူ၏​အစ်ကို​ယာကုပ်တို့​ကို ယေရှု​က “မိုးကြိုး​သားများ​ဟု​ဆိုလို​သော ဗောနေရဂက်​အမည်သစ်” ကို​ပေး​ခဲ့​သည်။—မာကု ၃:၁၇သ​မာ; လုကာ ၉:၄၉-၅၆

နောက်​အနှစ် ၆၀ ကျော်​သောအခါ ယောဟန်​သည် ရင့်ကျက်​တည်ငြိမ်​လာ​ကာ မျှတမှု​ရှိသော၊ မေတ္တာ​နှင့် ကရုဏာ​ရှိသော ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​လေ​၏။ နောက်ဆုံး​အသက်ရှင်​ကျန်ရစ်​သော တမန်​တော်​အနေ​ဖြင့် သူ၏​မှုတ်သွင်းခံ​ပထမ​စာစောင်​ကို ရေးခဲ့​ချိန်​တွင် ယေဟောဝါ​သည် ကိုယ်တော်​၏​ကျေးကျွန်​အသီးသီး​၏ အသေးအဖွဲ​အပြစ်​တိုင်း​ကို အရေးမယူ​ကြောင်း သူသိ​ရှိလာ​ခဲ့​သည်။ ယင်းအစား၊ ကိုယ်တော်​သည် လှိုက်လှဲ​နွေးထွေး​သော၊ သဘောထားကြီး​သော၊ ရက်ရော​သော၊ ကြင်နာ​ထောက်ထား​သော​သူ​ဖြစ်၍ ကိုယ်တော်​အား​ချစ်​မြတ်နိုး​ကာ အမှန်တရားဖြင့်​ကိုးကွယ်​သူအား​လုံး​ကို နှစ်နှစ်ကာကာ​ချစ်တတ်​သည့် ဖခင်​တစ်ဦး​ဖြစ်သည်။ ‘ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏’ ဟု​ယောဟန်​ရေးသားခဲ့​သည်။—၁ ယောဟန် ၄:၈

ယေဟောဝါ​၏​အမှုတော်ကို ကျွန်ုပ်​တို့​ဆောင်ရွက်ခြင်း​ကြောင့် ကိုယ်တော်​ဝမ်းမြောက်

ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​မွေးရာပါ​အားနည်းချက်များ​နှင့် ချွတ်ယွင်းချက်​များ​ကို သိရှိ​သောကြောင့် ၎င်းတို့ကို​ထည့်​စဉ်းစား​ပေး​သည်။ “ငါ​တို့​ကိုယ်ခန္ဓာ​ကို​သိတော်မူ၏။ ငါ​တို့သည် မြေမှုန့်​ဖြစ်​ကြောင်းကို အောက်မေ့​တော်​မူ​၏” ဟု​ဒါဝိဒ်​ရေးခဲ့​သည်။ ကျွန်ုပ်​တို့၏​လက်ရှိ​အနေအထား​သည် ကျွန်ုပ်​တို့​နောက်ခံ​ကြောင့်​ဖြစ်သည်​ကို ယေဟောဝါ​သိတော်မူ​သည်။ အမှန်​မှာ၊ ကျွန်ုပ်​တို့​ကိုယ်ကို​ကျွန်ုပ်​တို့​သိ​သည်ထက် ကိုယ်တော်​က​ကျွန်ုပ်​တို့ကို သာ၍​သိ​သည်။—ဆာလံ ၁၀၃:၁၄

ကျွန်ုပ်​တို့​အများစု​သည် ကွာခြား​လို​ကြသော်လည်း ကျွန်ုပ်​တို့၏​မစုံလင်မှု​များ​ကို မ​ကျော်လွှား​နိုင်​ကြောင်း ကိုယ်တော်​သိ​သည်။ “ငါသည် ကျင့်​ချင်​သော​အကျင့်ကောင်း​ကို​မကျင့်၊ မကျင့်​ချင်​သော​အကျင့်ဆိုး​ကို​ကျင့်​၏” ဟု​ရေးခဲ့​သော တမန်​တော်​ပေါလု​နှင့် ကျွန်ုပ်​တို့၏​အခြေအနေ​ကို နှိုင်းယှဉ်​နိုင်​သည်။ ကျွန်ုပ်​တို့အားလုံး​သည် အလားတူ​အခက်အခဲ​ကို ကြိုးစား​တွန်းလှန်​လျက်​ရှိသည်။ အချို့​ကိစ္စ​များ​၌ ယင်းသည် ကိုယ့်​ကိုယ်ကို​အပြစ်တင်​သော စိတ်နှလုံး​ကို ဖြစ်ပေါ်​စေနိုင်​သည်။—ရောမ ၇:၁၉

ဤ​အချက်​ကို အစဉ်​သတိရပါ– ကျွန်ုပ်​တို့​ကိုယ်ကို​ရှုမြင်ပုံ​ထက်​ကျွန်ုပ်​တို့ကို ယေဟောဝါ​ရှုမြင်ပုံ​က ပို​၍​အရေးကြီး​သည်။ ကိုယ်တော့်​အလိုတော်နှင့်​တွေ့​ရန် ကျွန်ုပ်​တို့၏​ကြိုးစား​မှု​ကို တွေ့ရှိ​ရသည့်​အခါတိုင်း ကိုယ်တော်​သည် ကျေနပ်​အားရ​မှု​လောက်​သာ​မဟုတ်ဘဲ ရွှင်လန်း​ပါ​သည်။ (သု. ၂၇:၁၁) ကျွန်ုပ်​တို့၏​ဆောင်ရွက်​ရာ​များသည် ကျွန်ုပ်​တို့​ရှေ့တွင် ဘာမျှ​မဟုတ်သော်လည်း ကျွန်ုပ်​တို့၏​တလိုတလား​ရှိ​မှု​နှင့် ရည်ရွယ်ချက်​ကောင်း​တို့သည် ကိုယ်တော်​အား အားရ​ရွှင်လန်း​စေ​သည်။ ကျွန်ုပ်​တို့​ပြီးမြောက်​ရာ​များ​ကို​ကျော်​၍ ကိုယ်တော်​ကြည့်မြင်​သည်; ကျွန်ုပ်​တို့​ပြုလုပ်​လို​ရာ​များ​ကို ပိုင်းခြား​သိမြင်​သည်; ကျွန်ုပ်​တို့၏​လိုအင်ဆန္ဒ​များ​ကို သိရှိ​တော်​မူ​၏။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို သိမြင်​နိုင်​သည်။—ယေရမိ ၁၂:၃; ၁၇:၁၀

ဥပမာ၊ ယေဟောဝါသက်သေ​များစွာတို့သည် ရှက်ကြောက်​၍ စကား​နည်း​ပြီး ထင်ပေါ်​လို​သူများ​မဟုတ်​ကြ​ချေ။ ဤသို့​သော​သူများ​အတွက် တစ်အိမ်​မှ​တစ်အိမ် သတင်းကောင်း​ဟောပြောကြ​ရခြင်း​သည် ကြောက်မက်​ဖွယ်​စိန်ခေါ်ချက်​တစ်ခု​ဖြစ်​နိုင်​သည်။ သို့​တိုင် ဘုရားသခင့်​အမှုတော်ကို ထမ်းဆောင်​ရန်​နှင့် အိမ်နီးချင်း​ကို​ကူညီပေး​ရန် လှုံ့ဆော်​ခံရ​ခြင်း​ကြောင့် ရှက်ကြောက်​သူများ​ပင် အိမ်နီးချင်း​များ​ကို ချဉ်းကပ်​ပြီး သမ္မာကျမ်းစာ​အကြောင်း​ပြောပြ​တတ်လာ​ကြသည်။ ဤသို့​သော​သူများ​က မိမိတို့သည် ပြီးမြောက်​အောင်မြင်မှု​မရှိ​ဟု​ခံစား​ကြ​ရ​၍ ပျော်ရွှင်မှု​လျော့နည်း​သွားပေ​မည်။ သူတို့၏​ဟောပြောခြင်း​လုပ်ငန်း​သည် အကျိုးမရှိ​ဟု သူတို့​ထင်မှတ်​ပေမည်။ သို့ရာတွင် ဤသို့​သော​သူများ ကြိုးစား​အားထုတ်​ပြီး အမှုတော်​ဆောင်​သည့်​အတွက် ယေဟောဝါ​အမှန်တကယ်​အားရ​ရွှင်လန်း​ပါ​၏။ ထို့​ပြင် သူတို့​ကြဲ​ခဲ့​သော အမှန်တရား​မျိုးစေ့​များသည် မည်သည့်​အချိန်၊ မည်သည့်​နေရာတွင် အညှောက်​ထွက်၍ ကြီးထွား​ကာ အသီးများ​သီး​လာ​မည်​ကို သေချာ​မသိနိုင်​ချေ။—ဒေ. ၁၁:၆; မာကု ၁၂:၄၁-၄၄; ၂ ကောရိန္သု ၈:၁၂

အခြား​သက်သေခံ​များသည် နာတာရှည်​ရောဂါ​ဖြစ်နေ​သည်၊ သို့​မဟုတ် အိုမင်းမစွမ်း​ဖြစ်​ချေ​ပြီ။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် အစည်းအဝေး​များ​ကို​မှန်မှန်​တက်ရောက်ခြင်း​သည် ဤ​သူများ​အတွက် ခက်ခဲ​နိုင်​သည်။ အိုမင်းမစွမ်း​မှု​သည် သူတို့ကို ဟန့်တား​ထား​သော်လည်း ဟောပြောခြင်း​လုပ်ငန်း​နှင့်​ဆိုင်သော ဟောပြောချက်​တစ်ခု​ကို ကြားနာ​ခြင်း​ဖြင့် ယခင်​က သူတို့​လုပ်ဆောင်ခဲ့​ရာ​များနှင့် ယခု​ပင်​ပြုလုပ်​လို​ရာ​များ​ကို အမှတ်​ရစေ​ပေမည်။ ဤသို့​သော​သူများ​သည် အကြံပေး​ချက်​ကို လိုက်လျှောက်​လို​သလော​က် မလိုက်လျှောက်​နိုင်​ကြသော​ကြောင့် မိမိမှာ​အပြစ်ရှိ​သည်​ဟု​ခံစား​ကြ​ရ​ပေမည်။ သို့ရာတွင် ယေဟောဝါ​သည် သူတို့၏​သစ္စာစောင့်သိမှု​နှင့် ခံနိုင်ရည်​ရှိ​မှု​တို့ကို အမှန်ပင်​တန်ဖိုး​ထား​ပါ​သည်။ ကိုယ်တော်​သည် သူတို့​သစ္စာစောင့်သိ​သမျှ​ကာလပတ်လုံး သူတို့၏​သစ္စာရှိ​မှတ်တမ်း​ကို ဘယ်​သောအခါ​မျှ​မေ့​မည်​မဟုတ်​ချေ။—ဆာလံ ၁၈:၂၅; ၃၇:၂၈

“ကိုယ်​စိတ်နှလုံး​ကို သက်သာ​စေ”

ယောဟန်​သည် အိုမင်း​လာသော​အခါ ဘုရားသခင်​၏​သဘောထားကြီး​မှု​ကို များစွာ​သဘောပေါက်ခဲ့​ပါ​မည်။ “ဘုရားသခင်​သည် ငါ​တို့၏​စိတ်နှလုံး​ထက် သာ၍​ကြီးမြတ်​သည်” ဟု​သူ​ရေးခဲ့​သည်ကို သတိရပါ။ ထို့​ပြင် “ကိုယ်​စိတ်နှလုံး​ကို သက်သာ​စေ” ရန်​ကျွန်ုပ်​တို့ကို ယောဟန်​အားပေးခဲ့​သည်။ အဆိုပါ​စကား​ဖြင့် အဘယ်အရာကို သူ​ဆိုလို​ခဲ့​သနည်း။

ဗိုင်း​၏​ဓမ္မဟောင်း​နှင့်​ဓမ္မသစ်​ကျမ်း​စကားလုံး​များ​ဆိုင်ရာ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​အရ “သက်သာ​စေ” သည်ကို​ပြန်ဆို​ထားသော ဂရိ​ကြိယာ​သည် “သွေးဆောင်ခြင်း၊ သိမ်းသွင်း​ခြင်း သို့​မဟုတ် ဖျောင်းဖျခြင်း၊ တိုက်တွန်းခြင်း” ဟု​အဓိပ္ပာယ်​ရသည်။ တစ်နည်း​အားဖြင့်၊ ကျွန်ုပ်​တို့​စိတ်နှလုံး​ကို​သက်သာ​စေဖို့​အတွက် ကျွန်ုပ်​တို့ကို ယေဟောဝါ​ချစ်​မြတ်နိုး​သည်​ဟု ယုံကြည်​စိတ်ချ​ရန် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို​ဖျောင်းဖျ​ပြီး တိုက်တွန်း​ရန်လို​သည်။ မည်သို့​အားဖြင့်​နည်း။

ဤ​ဆောင်းပါး​၏​အစပိုင်း​တွင် ဖော်ပြ​ထားသော ဖရစ်ဇ်​သည် ယေဟောဝါသက်သေ​များ​၏​အသင်းတော်​တစ်ခု​တွင် ၂၅ နှစ်​ကျော်​တိုင် အကြီးအကဲ​တာဝန်​ထမ်းဆောင်​ခဲ့​၍ ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း​ဖြင့် မိမိသည် ယေဟောဝါ​၏​မေတ္တာ​ခံစား​နေရ​ကြောင်း စိတ်ချ​နိုင်၏။ “ကျမ်းစာ​နဲ့ ကျွန်တော်​တို့​ရဲ့​စာပေ​တွေ​ကို အသေအချာ မှန်မှန်​လေ့လာ​တယ်။ အဲဒါ​က အတိတ်ကို တနုံ့နုံ့​တွေး​မနေ​စေ​တော့​ဘဲ ဝမ်းသာစရာ​ကောင်း​တဲ့​အနာဂတ်​ကို ကွင်းကွင်းကွက်ကွက်​မြင်သာအောင် ထောက်ကူ​ပေး​တယ်။ တစ်ခါ​တ​လေ အတိတ်​ဖြစ်ရပ်​တွေ​က ကျွန်တော့်​ကို​လွှမ်းမိုး​လာပြီး ကျွန်တော့်​ကို ဘုရားသခင်​ဘယ်လိုနည်းနဲ့​မှ ချစ်​နိုင်​မှာ​မဟုတ်ပါဘူးလို့ ခံစား​လာ​စေတယ်။ ဒါပေမဲ့ မှန်မှန်​လေ့လာမှု​က ကျွန်တော့်​ရဲ့​စိတ်နှလုံး​ကို ခိုင်ခံ့​စေတယ်၊ ယုံကြည်ခြင်း​တိုးပွား​စေ​တဲ့​အပြင် ရွှင်လန်း​ပြီး​မျှတတဲ့​သဘောထား​ရှိဖို့ ထောက်ကူ​ပေး​တာ​ကို ကျွန်တော်​တွေ့ရှိ​ရတယ်။”

မှန်​ပါ​၏၊ ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် စဉ်းစား​တွေးတောခြင်း​တို့သည် ကျွန်ုပ်​တို့၏​လက်ရှိ​အနေအထား​ကို ပြောင်းလဲ​ပေး​မည်​မဟုတ်​ချေ။ သို့​တိုင် ကျွန်ုပ်​တို့၏​အနေအထား​အပေါ် ကျွန်ုပ်​တို့၏​ရှုမြင်ပုံကို ပြောင်းလဲ​ပေး​နိုင်​ပါ​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ အချက်အလက်​များ​ကို​နှလုံး​သွင်း​ခြင်း​သည် ကိုယ်တော်​စဉ်းစား​သကဲ့သို့​စဉ်းစား​ရန် ထောက်ကူ​ပေး​၏။ ထို့​ပြင် လေ့လာမှု​သည် ဘုရားသခင်​၏​သဘောထားကြီး​မှု​ကို တိုး​သိ​နားလည်စေ​နိုင်​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကလေး​ဘဝက​အခြေအနေ​အတွက် ကျွန်ုပ်​တို့ကို​အပြစ်မတင်​ကြောင်း၊ အိုမင်းမစွမ်း​ဖြစ်မှု​အတွက်​လည်း အပြစ်​မမြင်​ကြောင်း ကျွန်ုပ်​တို့​တဖြည်းဖြည်း​သဘောပေါက်​လာနိုင်​သည်။ ကျွန်ုပ်​တို့​အများစု​ထမ်းရွက်​နေရ​သော​ဝန်—စိတ္တ​ပိုင်း​ဆိုင်ရာ သို့​မဟုတ် ကာယပိုင်း​ဆိုင်ရာ—များသည် များသောအားဖြင့် ကျွန်ုပ်​တို့​ကြောင့်​မဟုတ်​သည်ကို ကိုယ်တော်​သိ​သည့်​အတွက် ယင်းကို မေတ္တာပါ​ရှိ​စွာ​ထည့်​စဉ်းစား​ပေး​သည်။

အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သော မာဂရက်​နှင့်​ပတ်သက်​၍​ကော။ ယေဟောဝါ​ကို​သူသိ​ရှိလာပြီး​နောက် ကျမ်းစာ​လေ့လာခြင်း​က သူ့​အတွက် အကျိုးများစွာ​ရှိခဲ့​သည်။ ဖရစ်ဇ်​နည်းတူ ဖခင်​အပေါ် သူ၏​ကြည့်မြင်​ပုံ​ကို ပြုပြင်​ပြောင်းလဲ​ခဲ့​ရသည်။ ဆုတောင်းခြင်း​သည် လေ့လာမှု​မှ​သိရှိ​ခဲ့​ရာ​များ​ကို တစ်စု​တစ်​ပေါင်း​တည်း​ဖြစ်လာ​စေရန် မာဂရက်​ကို ကူညီပေး​ခဲ့​သည်။ “မေတ္တာ​ရှိတဲ့​ဖခင်​ထက် မေတ္တာ​ရှိတဲ့​မိတ်ဆွေတွေနဲ့ ပို​ပြီး​အထိအတွေ့​များ​ခဲ့​တဲ့​အတွက် ယေဟောဝါ​ကို ရင်းနှီးတဲ့​မိတ်ဆွေ​တစ်ဦး​အနေ​နဲ့ ဦးဆုံး​မှတ်ယူ​နိုင်​ခဲ့တယ်။ တဖြည်းဖြည်း​နဲ့ ယေဟောဝါ​ကို ကျွန်မ​ရဲ့​ခံစားချက်​တွေ၊ သံသယတွေ၊ စိုးရိမ်မှု​တွေ​နဲ့ အခက်အခဲ​တွေ ပြောပြ​တတ်​လာတယ်။ ဆုတောင်း​ပြီး ကိုယ်တော်​နဲ့​ခဏ​ခဏ​စကားပြော​ခဲ့တယ်၊ တစ်ချိန်တည်း​မှာပဲ မှန်​စီ​ရွှေ​ချ​အတတ်ပညာ​လို ကိုယ်တော်​နဲ့​ပတ်သက်​တဲ့ ကျွန်မ​သိရှိ​လာခဲ့တဲ့​အကြောင်းအရာ​အသစ်တွေ​ကို စုစည်း​နိုင်​ခဲ့တယ်။ အချိန်​အတော်ကြာ​တဲ့​အခါ ယေဟောဝါ​ကို ကျွန်မ​ရဲ့​မေတ္တာ​ရှိတဲ့​ဖခင်​လို​ယူမှတ်​ဖို့ အခု အခက်အခဲ​မရှိတော့တဲ့​အထိ တိုးတက်​လာတယ်” ဟု​မာဂရက်​က​ပြောပြ​သည်။

စိုးရိမ်မှု​ရှိသမျှ​မှ​ကင်းလွတ်

ဆိုးညစ်[မှု]တည်ရှိ​နေ​သ၍ စိုးရိမ်မှု​များ​မှ​ကင်းလွတ်​ရန် မည်သူမျှ​မမျှော်လင့်​နိုင်​ချေ။ ခရစ်ယာန်​အချို့​သည် စိုးရိမ်စိတ်​များ သို့​မဟုတ် မိမိကိုယ်ကို​သံသယ​ဖြစ်မှု ထပ်ခါတလဲ​လဲ​ဖြစ်ပေါ်​ကာ စိတ်ဓာတ်ကျ​ကြ​ပေမည်။ သို့ရာတွင် ယေဟောဝါ​၏​လုပ်ငန်းတော်​အပေါ် ကျွန်ုပ်​တို့​ထား​ရှိသည့် ရည်ရွယ်ချက်​ကောင်း​နှင့် ကြိုးစား​မှု​တို့ကို ကိုယ်တော်​သိ​ရှိကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်၏။ ကိုယ်တော်​၏​နာမတော်​ကို​ထောက်၍ ကျွန်ုပ်​တို့​ပြ​သော​မေတ္တာကို ဘယ်​သောအခါ​မျှ ကိုယ်တော်​မေ့လျော့​မည်​မဟုတ်​ချေ။—ဟေဗြဲ ၆:၁၀

နီးကပ်​နေပြီ​ဖြစ်သော မေရှိယနိုင်ငံတော်​အောက်​မြေကြီး​သစ်​တွင် သစ္စာရှိ​သူအပေါင်း​တို့သည် စာတန့်​စနစ်​၏​ဝန်ထုပ်ဝန်ပိုး​များ​မှ လွတ်မြောက်​မည်​ဟု မျှော်လင့်​နိုင်​ပါ​သည်။ တကယ့်​သက်သာမှု​ပါ​တကား! ထို​အခါ ယေဟောဝါ​သည် မည်မျှ​သဘောထားကြီး​ကြောင်းကို ပို​၍​ထင်ရှား​စွာ​ပင် ကျွန်ုပ်​တို့​မြင်တွေ့ရ​လိမ့်​မည်။ ၎င်း​အချိန်​မတိုင်မီ “ဘုရားသခင်​သည် ငါ​တို့၏​စိတ်နှလုံး​ထက် သာ၍​ကြီးမြတ်​သည်​ဖြစ်၍၊ အလုံးစုံ​တို့ကို​သိတော်မူ​သည်ကို” ကျွန်ုပ်​တို့အားလုံး စိတ်ချ​ကြ​စို့​လေ။—၁ ယောဟန် ၃:၂၀

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 အမည်များ​ပြောင်း​ထား​သည်။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ကြမ်းတမ်း​ခက်ထန်​သည့်​အာဏာရှင် မဟုတ်၊ လှိုက်လှိုက်လှဲလှဲ​ရှိပြီး သဘောထားကြီး​ကြီး​နှင့် စာနာ​ထောက်ထား​တတ်သော​ဖခင်​တစ်ဦး​ဖြစ်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာခြင်း​သည် ကိုယ်တော်​စဉ်းစား​သကဲ့သို့ စဉ်းစား​ရန် ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး